ဆောင်းပါး

ပင်လုံ ညီလာခံမှာ တိုင်းရင်းသားတွေ ဘာရလိုက်လဲ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇၀ ကြာ ဖြစ်ပွားနေသော ပြည်တွင်းစစ် ရပ်တန့်နိုင်ရေးနှင့် တန်းတူ ညီမျှရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ သို့မဟုတ် ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပ၍ အဖြေရှာနေကြသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ သို့မဟုတ် ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပလာခဲ့သည်ကို လေ့လာကြည့်ပါက သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဟုဆိုကာ စတင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ခြင်းကြောင့် သမ္မတ ဦးသိန်းစိန် အစိုးရဆီမှ အစိုးရ တာဝန်ကို လက်လွှဲရယူခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရက ၂၁ ရာစု ပင်လုံ ညီလာခံဟု အမည်ပြောင်းလဲကာ ကျင်းပလာခဲ့သည်မှာ ၃ ကြိမ် တိုင်တိုင်ရှိလာပြီး ဖြစ်သည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်အထိ ကျင်းပ၍ ပြီးစီးသွားခဲ့သော ညီလာခံသည် NLD အစိုးရ လက်ထက်တွင် တတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံ ညီလာခံ ဖြစ်သည်။

ဤသို့ ပြည်တွင်းစစ် ရပ်တံ့ရေးနှင့် တန်းတူညီမျှမှုရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အဖြေရှာ နေသည့် ၂၁ ရာစု ပင်လုံ ညီလာခံမှနေ၍ လူနည်းစု နိုင်ငံသား (လူနည်းစု တိုင်းရင်းသား) များ အနေဖြင့် မည်သည့်အရာများ ရရှိခဲ့သနည်းဆိုသည့်မေးခွန်းကို မေးမြန်း ကြည့်မိသည်။

ထိုသို့ မေးမြန်း ကြည့်ရာတွင် လူနည်းစု တိုင်းရင်းသားများက ညီလာခံကို အားမလို အားမရ ဖြစ်ခြင်း၊ တဖြည်းဖြည်း စိတ်ပျက်လာခြင်း၊ တန်းတူ ဆွေးနွေးခွင့် မရခြင်း၊ အဓိက အချက်များ ဆွေးနွေးခွင့် မရရှိခြင်း စသည့် အခြေအနေများဖြင့်သာ အဆုံးသတ်နေကြရကြောင်း တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုင်းရင်း သား နိုင်ငံရေး ပါတီများက ဆိုကြသည်။

ပြီးစီးသွားခဲ့သော တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံတွင် ပြည်ထောင်စု အစိတ်အပိုင်း -၂ အဖြစ် အချက် ပေါင်း ၁၄ ချက်ကို သဘောတူညီမှု ရရှိခဲ့ကြောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲများ ရှေ့ဆက်နိုင်မည့် လမ်းစများ ရရှိခဲ့ ကြောင်း တိုင်းရင်းသားများက ဆိုသည်။

အလားတူ တဆက်တည်းတွင်ပင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဓိက ကျသော အချက်များ ဆွေးနွေးခွင့်မရရှိခြင်းနှင့် ဒုတိယ ညီလာခံက ရရှိခဲ့သော ၃၇ ချက်ထက် ကျော်လွန်စွာ မစွမ်း ဆောင်နိုင်ခဲ့ခြင်းကြောင့် အားရ ကျေနပ်မှု မရှိကြောင်း တိုင်းရင်းသားများက ဆိုသည်။

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) မှ ဒုဥက္ကဋ္ဌ ဦးခိုင်စိုနိုင်အောင်က “ဒီညီလာခံကတော့ ရလဒ် ဒီလောက်တော့ မရဘူး၊ ဒါပေမယ့်လို့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက် ငြိမ်းချမ်းရေးကို ဆက်ပြီးတော့မှ တည်ငြိမ်မှုရှိဖို့ ဆက်သွားနိုင်အောင်၊ အဲဒီ ရလဒ်တော့ ရတယ်။ ထူးထူးထွေထွေ အနှစ်သာရ ရှိတဲ့ ရလဒ်တွေကတော့ မရဘူး” ဟု ပြောသည်။

တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံတွင် စီးပွားရေး ၁ ချက်၊ လူမှုရေး ၇ ချက်၊ နိုင်ငံရေး ၄ ချက်၊ မြေယာ ၂ ချက် စုစုပေါင်း ၁၄ ချက်ကို ပြည်ထောင်စု သဘောတူညီမှု အစိတ်အပိုင်း -၂ အဖြစ် သဘောတူညီချက် ရယူ နိုင်ခဲ့သည်။

အဆိုပါ အချက်များသည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အထောက်အကူ ဖြစ်စေမည့် အဓိက အချက်များ မဟုတ်သည့်အတွက် အားရ ကျေနပ်မှုမရှိကြောင်း တိုင်းရင်းသား နိုင်ငံရေးပါတီ တချို့က ပြောသည်။

UPDJC အတွင်းရေးမှူး အဖွဲ့ဝင်လည်းဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ တွဲဖက်အတွင်း ရေးမှူး (၂) ဦးစိုင်းကျော်ညွန့်က “အကြမ်းဖျဉ်း ပြောရရင်တော့ ဒီညီလာခံကြီးက လုပ်တော့ လုပ်နေတယ်။ ဒါပေမယ့် အရွေ့ ကြီးကြီးကတော့ မဖြစ်သေးဘူးဗျ။ ဖက်ဒရယ်နဲ့ ပတ်သက်ပြီးတော့ တကယ့် အနှစ်သာရရှိတဲ့၊ အရေးအကြီးဆုံး ဖြစ်တဲ့ အစိတ်အပိုင်းတွေကို မဆွေးနွေးဘဲနဲ့ အရေးမပါတာတော့ မဟုတ်ဘူးပေါ့။ အဓိက အရေးမပါတဲ့ ဟာတွေကို အရင် စဆွေးနွေး နေတယ်ဆိုတော့ကာ ကြည့်ရတာတော့ ဒီအတိုင်းပဲ ဆက်သွားရင် တော့ ကြာရှည်မယ့် သဘောရှိပါတယ်” ဟု ပြောသည်။

တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံတွင် အချက် ၁၄ ချက် သဘောတူညီမှု ရရှိခဲ့ပြီး ဒုတိယ အကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံ၌ အချက် ၃၇ ချက် သဘောတူညီမှု ရယူနိုင်ထားသော်လည်း အနှစ်သာရပိုင်းအရ များစွာ ထူးခြားမှု မရှိဟု ၎င်းက ဆိုသည်။

ဦးစိုင်းကျော်ညွန့်က “ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခွင့် ပြုလိုက်ပြီ ဆိုရင် တကယ့် အကြီးကြီးပဲ လေ။ ဒါတကြောင်းတည်းပဲ၊ ဒါပေမယ့် တကြောင်းတည်းက ဖက်ဒရယ်အတွက် အင်မတန် အရေးကြီးတဲ့ အစိတ်အပိုင်းလေ။ အဲဒီတော့ အချက်အလတ် နည်းခြင်း၊ များခြင်းထက် ဒီအချက်အလတ်က ဘာကို ရည်ညွှန်း နေသလဲပေါ့။ ဒီအချက်အလက်ရဲ့ အနှစ်သာရက ပိုအရေးကြီးတယ်လို့ ကျနော်တော့ မြင်တယ်။ အခု ၁၄ ချက်ရော၊ ပြီးခဲ့တဲ့ ၃၇ ချက်ရောက အနှစ်သာရ ပိုင်းမှာတော့ သိပ်ပြီးတော့ ထူးထူးခြားခြား မရှိသေးပါဘူး” ဟု ပြောသည်။

ပြည်ထောင်စု အစိတ်အပိုင်း ၁ နှင့် ၂ ကို သဘောတူညီမှု ရယူနိုင်ခဲ့ပြီး ဖြစ်သော်လည်း တိုင်းရင်းသားများသည် ၎င်းတို့ လိုချင်သည့် အခြေအနေကို မရရှိသေးသကဲ့သို့ ဆွေးနွေးခွင့်လည်း မရှိသေးကြောင်း ဆိုသည်။

တိုင်းရင်းသားများသည် ငြိမ်းချမ်းရေး ဖြစ်စဉ်၏ အဓိက အစိတ်အပိုင်း ဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပိုင်ခွင့်၊ လူနည်းစု တိုင်းရင်းသားများ အခွင့်အရေး၊ အခြေခံ လူ့အခွင့်အရေး စသည့် အချက်များကို ဆွေးနွေးလိုသော်လည်း တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံတွင် ဆွေးနွေးခွင့် မရရှိခဲ့ခြင်းကြောင့် အားရ ကျေနပ်မှုမရှိကြောင်း ပြောကြသည်။

ထို့ပြင် လုံခြုံရေးကဏ္ဍတွင် မည်သည့် အချက်ကိုမှ ဆွေးနွေး အတည်ပြုနိုင်ခြင်း မရှိသေးခြင်းကြောင့် တိုင်းရင်းသား လက်နက်ကိုင်များ အနေနှင့် DDR/SSR ကို မည်သို့ သွားမည်ကို မသိရဘဲ ဖြစ်နေကြောင်း ဦးစိုင်းကျော်ညွန့်က ပြောသည်။

ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ ဦးဆောင် နာယကဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာကမူ “ဆွေးနွေးပွဲတွေက ကျနော်တို့ရဲ့ ရည်မှန်းချက်လေ၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်သွားမယ်။ နောက်တော့ ၂၁ ရာစု ပင်လုံ ဆိုတာလည်း ဆက်သွားမယ်။ သတ်မှတ်ချက်အတိုင်း ၁ နှစ် ၂ ကြိမ်သွားမယ်။ အဲဒါတွေ အားလုံး ကြည့်လိုက်ရင်တော့ ကျနော်တို့ လိုချင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲက သေမသွားဘူးပေါ့ဗျ။ NCA အကောင် အထည် ဖော်မှုကလည်း ရှေ့ကို တလှမ်းတိုးနိုင်တယ်၊ တိုင်းရင်းသားတွေ လိုချင်တာက နိုင်ငံရေး ဆွေးနွေးပွဲပဲ၊ အဲဒီကနေ အဖြေ ထွက်လာမှာပေါ့” ဟု ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံ ညီလာခံကို ၁ နှစ်လျှင် ၂ ကြိမ် (၆ လ တကြိမ် ကျင်းပမည်) ကျင်းပသွားမည်ဟု ပြောဆိုထားသည်။ ထို့နောက် ၂၁ ရာစု ပင်လုံ ညီလာခံကို ၎င်း ဦးဆောင်သော အစိုးရသက်တမ်း မကုန်ခင် ၂၀၁၉ ခုနှစ်အတွင်း နောက်ထပ် ညီလာခံ ၃ ကြိမ်ကို ကျင်းပသွား မည်ဟု ၂၀၁၈ ခုနှစ်၊ ဇူလိုင် ၁၁ ရက်က တတိယအကြိမ် ညီလာခံအဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောသွားခဲ့ သည်။

ထို့ပြင် ၂၀၁၉ ခုနှစ်အတွင်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံမူများကို ရရှိသွား အောင်လည်း ကြိုးပမ်းသွားမည်ဖြစ်ကြောင်းနှင့် NCA လက်မှတ် မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များ ပါဝင်လာနိုင်ရေးနှင့် အလွတ်သဘော တွေ့ဆုံမှုများ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားက တိုင်းရင်းသား လက်နက်ကိုင်များ ထံတွင် ဖြစ်တည်နေသော နိုင်ငံရေး ဆွေးနွေးပွဲများ ရပ်တန့်သွားမည်လားဆိုသည့် စိုးရိမ်နေမှုများ လျော့ကျသွားကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီ (NMSP) မှ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက “တိုင်းရင်းသားတွေ လိုချင်တဲ့ အခွင့်အရေးက အများကြီးပဲ။ အဲဒီတက်မယ့် လှေကားက တဆင့်၊ အခု ၂ ဆင့် ရှိပြီးပေါ့ကွာ။ တိုင်းပြည်က ပြည်ထောင်စု အစိတ်အပိုင်း ၂ ဆင့် ရတယ်ပေါ့။ အများကြီး သွားရဦးမယ်၊ အဲဒီအများကြီး သွားတဲ့အခါမှာ ညီလာခံက ၃ ခါ ရှိဦးမယ်။ အဲဒီ ၃ ခါမှာ ကျနော်တို့ ကောင်းကောင်းနဲ့၊ ပုံစံကျကျနဲ့၊ စနစ်ကျကျနဲ့၊ အပြန်အလှန် လေးစားမှုနဲ့ ပူးပေါင်း ဆောင်ရွက်မှု ရရင်တော့ ကျနော် ထင်တယ်၊ မြန်မြန် ရောက်မယ်” ဟု ပြောသည်။

တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံတွင် ထွက်ပေါ်လာသော သဘောတူညီချက် ၁၄ ချက်အပေါ် တချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တိုင်းရင်းသား နိုင်ငံရေး ပါတီများက အားရ ကျေနပ်မှု မရှိကြသော်လည်း မွန်ပြည်သစ်ပါတီ (NMSP) သည် ၎င်းတို့တင်သွင်းခဲ့သော ကျား/မ တန်းတူရေးဆိုင်ရာ ကိစ္စများ သဘောတူညီချက် ရရှိခဲ့ခြင်းကြောင့် ပီတိဖြစ်နေသည်။

နိုင်အောင်မငေးက “အများကြီးရတာပေါ့။ ဥပမာဆိုရင် ကျနော်တို့ ရေး (မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲက ရလဒ်) ကနေပြီးတော့ တင်ပြထားတာဆိုရင် အားလုံးရတယ်။ ကျား/မ တန်းတူရေး ဆိုင်ရာ ကိစ္စ ၄ ချက်ဆိုရင် ကျနော်တို့ ရေးမှာ တင်ထားတဲ့ ဟာပဲ။ ကျား/မ တန်းတူရေးဆိုင်ရာ ကိစ္စအတွက် တန်းတူမှု ရှိရမယ်၊ ခွဲခြားမှု မရရှိရဘူး၊ ရာခိုင်နှုန်း ၃၀ ပါဝင်မှုကိုလည်း ရှိရမယ်၊ အကာအကွယ် ပေးရေးလည်း ရတယ်၊ နောက်တခုက စွမ်းရည်မြှင့်တင်ရေး၊ ဒါက ကျနော်တို့ ရေးမှာ တင်တဲ့ဟာပေါ့နော်။ နောက်ဆုံး ကျား/မ ခေါင်းစဉ်တွေလည်း တော်တော်ရတယ်” ဟု ပြောသည်။

ရခိုင်အမျိုးသားပါတီ (ANP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံမှ ရရှိသော သဘောတူညီချက် ၁၄ ချက်အနက် စီးပွားရေး ၁ ချက်နှင့် မြေယာ ၂ ချက်သည် တိုင်းရင်းသား ဒေသများအတွက် အင်မတန် အရေးကြီးသည့် အချက်များ ဖြစ်သည့်အတွက် အလွန် အနှစ်သာရ ရှိကြောင်း ပြောသည်။

“ဘာ ရလိုက်လဲဆိုတဲ့ အခါကျတော့ ကျနော့် အမြင်က ၂ ပိုင်း ရှိတယ်ပေါ့နော်။ တခုက ကျနော်တို့ စီးပွားရေးနဲ့ ပတ်သက်တဲ့ အပိုင်း၊ မြေယာနဲ့ ပတ်သက်တဲ့အပိုင်း။ ဒါ စီးပွားရေးနဲ့ မြေယာဆိုတာ ဒီတိုင်းရင်းသား ဒေသတွေ အတွက် ပြည်နယ်တွေမှာ အင်မတန် အရေးကြီးတဲ့ ကိစ္စပဲ။ အဲဒီတော့ ဒီဟာနဲ့ ပတ်သက်ပြီး ကျလာတဲ့ မူ ၃ ချက် ကတော့ တော်တော်လေးကို အနှစ်သာရ ရှိတယ်” ဟု ၎င်းက ပြောသည်။

သို့သော်လည်း ရလာသော သဘောတူညီချက်များသည် မူအားဖြင့်သာ ရှိသေးပြီး လွှတ်တော်သို့ တင်သွင်း အတည်ပြုချက် ရယူပြီးမှသာလျှင် အကောင်အထည် ဖော်နိုင်မည်ဖြစ်သည့်အတွက် လတ်တလော အကောင် အထည် ဖော်နိုင်ဦးမည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ အခြေအနေများသည် တိုင်းရင်းသားများ လိုချင်သည့် အခြေအနေနှင့် တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံမှ ရရှိလာသော အခြေအနေများအကြားက ကွဲပြား ခြားနားမှုများ ဖြစ်သည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အင်အားများအနက် ရာခိုင်နှုန်း ၈၀ ဝန်းကျင်ခန့် ပိုင်ဆိုင် ထားသော တရုတ်-မြန်မာ နယ်စပ် တလျှောက်တွင် အခြေစိုက်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင် မြောက်ပိုင်း ၇ ဖွဲ့သည် တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံသို့ တက်ရောက်လာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တို့နှင့် သီးခြားစီ တွေ့ဆုံ၍ ဆွေးနွေးနိုင်ခဲ့ကြခြင်း ကလည်း မြန်မာ့ ငြိမ်းချမ်းရေးအတွက် အကျိုးရှိစေခဲ့သည်ဟု ရခိုင်တိုင်းရင်းသား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြောသည်။

FPNCC တွင် “ဝ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA)၊ ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မတော် (AA) တို့ ပါဝင်ကြသည်။

အဆိုပါ အဖွဲ့များသည် နိုင်ငံတော် အကြီးအကဲများနှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အလွတ်သဘော ဆွေးနွေးခဲ့ကြပြီး NCA လက်မှတ်ထိုးလာရေးအတွက် တပ်မတော်ဘက်က ပျော့ပြောင်းသည့် သဘောထားများ ရရှိလာသည်ဟု ပြောဆိုကြသည်။

ထို့ကြောင့် လူနည်းစု တိုင်းရင်းသားများသည် တတိယ အကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံမှ မည်သည့် အရေး ကိစ္စများကို ရရှိခဲ့ပြီး မည်သို့သော အခြေအနေများကို မျှော်လင့်ခဲ့သည်ကို မြင်တွေ့နိုင်ပါသည်။

ညီလာခံ ကျင်းပခဲ့စဉ်က ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များ မိန့်ခွန်း (ဝါ) အမှာစကား ပြောကြားရာတွင် သက်ဆိုင်ရာ လူမျိုးတို့၏ ဘာသာ စကားနှင့် ပြောခွင့်ရရေးအတွက် မျှော်လင့်နေကြသည်။

ဤသို့ လူနည်းစု တိုင်းရင်းသား ခေါင်းဆောင်များ မိန့်ခွန်း (ဝါ) အမှာစကား ပြောကြားရာတွင် သက်ဆိုင်ရာ လူမျိုး၏ ဘာသာ၊ စကားဖြင့် ပြောခွင့်ကို နိုင်ငံ့ အကြီးအကဲများက ခွင့်ပြုခဲ့လျှင် တန်းတူရေးနှင့် အမျိုးသား ရင်ကြား စေ့ရေး ဆိုသော အကောင်အထည်ဖော်မှုအပေါ် တဖက်တလမ်းက အထောက်အကူ ဖြစ်စေနိုင်ပါ သည်။

တိုင်းရင်းသားများသည် ဗမာစကားကို ကျွမ်းကျင်စွာ မပြောနိုင်သည့်အတွက် မိန့်ခွန်း (ဝါ) အမှာစကား ပြောရာတွင် အခက်အခဲဖြစ်စေသည်။ ထို့ကြောင့် နောက် ကျင်းပမည့် ၂၁ ရာစု ပင်လုံ ညီလာခံများတွင် သက်ဆိုင်ရာ မိခင် ဘာသာစကားဖြင့် မိန့်ခွန်း (ဝါ) အမှာစကား ပြောခွင့်ရရေး တိုင်းရင်းသားများက မျှော်လင့် လျက်ရှိသည်။

ထို့အပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၉ ခုနှစ်အတွင်း နောက်ထပ် ညီလာခံ ၃ ကြိမ် ကျင်းပသွားရန်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အခြေခံမူများ ရရှိရန် ကြိုးပမ်းသွားမည် ဟု ဆိုထားသည့်အတိုင်း တိုင်းရင်းသားများက ကိုယ်ပိုင် ပြဌာန်းခွင့် အခြေအနေများ၊ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲခွင့် အခြေအနေများအပေါ် ဆွေးနွေးခွင့် ပြုရန် မျှော်လင့်နေကြသည်။

အလားတူ လူနည်းစု တိုင်းရင်းသား အခွင့်အရေး အခြေအနေများ၊ လူ့အခွင့်အရေး အခြေအနေများ၊ လုံခြုံရေး ကဏ္ဍ အခြေအနေများ စသည့် အရေးကိစ္စများကိုလည်း ဆွေးနွေးခွင့် ရရှိရေးနှင့် သဘောတူညီမှု ရယူနိုင်ရန် မျှော်လင့်မိကြောင်း တိုင်းရင်းသားများက ဆိုသည်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က “ဒီညီလာခံကြီးက ပြောရမယ် ဆိုရင် အစိုးရက နာမည်ကောင်းယူ အမြတ်ထုတ်တဲ့ ညီလာခံပဲ ဖြစ်တယ်။ ပြည်သူလူထုနဲ့ ကမ္ဘာကို လိမ်ညာဖို့ လုပ်တဲ့ ညီလာခံပဲ” ဟု ၂၀၁၈ ခုနှစ်၊ ဇူလိုင် ၁၈ ရက်က သျှမ်းသံတော်ဆင့်နှင့် အင်တာဗျူးတွင် ပြောထားသည်။

ထို့အပြင် ညီလာခံသို့ သွားတက်လျှင်လည်း ထိုင်၍ နားထောင်ရုံသာ ရှိပြီး မိမိတို့ဘက်က တင်ပြစရာ မရှိကြောင်း၊ တင်ပြရာတွင်လည်း အစိုးရဘက်က လက်ခံ နားထောင်ခြင်းမရှိကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က ဆွေးနွေးသည့် လုံခြုံရေးကဏ္ဍမှလည်း ဘာမှမရကြောင်း ၎င်းက ဆိုသည်။

ဗိုလ်ချုပ်ကြီး ယွက်စစ်ပြောသလို မဖြစ်ရန် နိုင်ငံ့ ခေါင်းဆောင်များအနေဖြင့် လက်တွေ့ကျသော အခြေအနေ များကို အကောင်အထည် ဖော်ပေးရန် လိုအပ်ပြီး တိုင်းရင်းသားများ ဆွေးနွေးလိုသော အခန်းကဏ္ဍများကို ဆွေးနွေးခွင့် ပြုခြင်းနှင့် သဘောတူညီမှုများ ရယူနိုင်ရေး ကြိုးပမ်းပေးရန် အထူး လိုအပ်သည်။

သို့မှသာလျှင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အခြေခံမူများကို လက်ဝယ် ပိုင်ဆိုင်ခွင့် ရရှိမည် ဖြစ်ကာ လှပသော အနာဂတ် နိုင်ငံတော် တခုကို တည်ဆောက်သွားနိုင်မည် ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading