• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ငြိမ်းချမ်းရေးအတွက် မြောက်ပိုင်းမဟာမိတ်တို့ ဘယ်လမ်းကိုရွေးမလဲ

by နန်းလွင်နှင်းပွင့်
24 July 2018
in ဆောင်းပါး
A A
ပင်လုံညီလာခံသို့တက်ရောက်လာသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ဗိုလ်ချုပ်ဂွမ်မော်  / ထက်ဝေ  / ဧရာဝတီ

ပင်လုံညီလာခံသို့တက်ရောက်လာသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ဗိုလ်ချုပ်ဂွမ်မော် / ထက်ဝေ / ဧရာဝတီ

11.3k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံရဲ့ ဖိအားကြောင့် တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို တက်ရောက်ခဲ့တဲ့ မြောက်ပိုင်း မဟာမိတ်တွေဟာ သူတို့တောင်းဆိုတဲ့ အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးခွင့် ရမလား၊ နေပြည်တော်က တွန်းအားပေးနေတဲ့ NCA လမ်းကြောင်းပေါ်ကိုပဲ တက်လာမလားဆိုတဲ့ ရွေးချယ်ခွင့် နှစ်ခုရဲ့ အရေးကြီးတဲ့ အချိန်ကို ရောက်နေပါပြီ။

အပစ်ရပ်စာချုပ် ချုပ်ဆိုဖို့ တစ်ဆို့နေဆဲ ဖြစ်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ – ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေး ကော်မတီ (FPNCC) အဖွဲ့ဝင်တွေဟာ တရုတ်ရဲ့ ဖိအားကြောင့် နေပြည်တော်ကို ရောက်ခဲ့ကြ ပေမယ့် အစိုးရရဲ့ အပစ်ရပ်စာချုပ် (NCA) ကို လက်ခံလိုက်တာ မဟုတ်ဘဲ သူတို့အဖွဲ့တွင်းမှာ သဘောတူ ထားတဲ့ အပစ်ရပ်စာချုပ်နဲ့ နိုင်ငံရေးဆွေးနွေးဖို့ မူတွေကိုပဲ ကိုင်စွဲပြီး ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

RelatedPosts

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

13 May 2025
1.4k
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.4k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
5k

FPNCC အဖွဲ့ဝင်၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကိုယ်စားလှယ် အကြီးအကဲ ဗိုလ်ချုပ်ဂွန်မော်က နေပြည်တော်ကို လာတဲ့ ခရီးစဉ်က FPNCC အဖွဲ့ဝင်အားလုံးတို့ရဲ့ အရေးကို ဆွေးနွေးဖို့နဲ့ FPNCC မူ အပေါ်မှာ ရပ်တည်ပြီး မျှော်လင့်ချက်တွေနဲ့ လာခဲ့တာလို့ ဆိုပါတယ်။

FPNCC အဖွဲ့ဝင်၊ ရက္ခိုင့်တပ်မတော် (AA) ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင်ကလည်း “ကျနော်တို့ ထွက် လာတာ FPNCC ရဲ့ NCA (FPNCC ရဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်) လမ်းကြောင်းနဲ့ပါ”လို့ ပြောပါတယ်။

နေပြည်တော်နဲ့ မြောက်ပိုင်း ကြားက အပစ်ရပ်သဘောထား ကွဲလွဲမှု

ဇူလိုင်လ ၁၁ ရက်မှာ ဖွင့်ပွဲအခမ်းအနားပြုလုပ်ပြီး ဇူလိုင်လ ၁၆ ရက်ထိ ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုစာချုပ် (NCA) ကနေတဆင့် ဖန်တီးပေးလိုက်တဲ့ အပစ်အခတ်ရပ်စဲရေးတွေကြောင့် လုံခြုံမှုနဲ့ တည်ငြိမ်မှု အသီးအပွင့်တွေကို ရတယ်လို့ ချီးမွှမ်းပြောဆိုခဲ့ပါတယ်။

NCA ကနေ အစပြုတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ပစ်ခတ်တိုက်ခိုက်မှုတွေ လျော့နည်းအောင် အထောက် အကူ ပြုသလို၊ ဘယ်ခေတ်ဘယ်အခါကမှ သမိုင်းကြောင်းတလျှောက်မှာ မပေါ်ပေါက်ခဲ့ဖူးတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို မြင်တွေ့ရပြီး နိုင်ငံရေးသဘောတူညီချက်တွေ ဖြစ်တဲ့ ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်းတွေကိုပါ လက်မှတ်ရေးထိုးနိုင်တဲ့အထိ တိုးတက်နေပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

NCA မထိုးရသေးတဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေကို ရည်ရွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်က “NCA လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေ ငြိမ်းချမ်းရေးအလင်းရောင် ရစေမယ့် ဖြစ်စဉ်မှာ မပါဝင်ကြသေးတဲ့ အင်အားစုတွေ၊ ပုဂ္ဂိုလ်တွေကို ကျမတို့ ပြည်ထောင်စုကြီးအပေါ် စေတနာထား သစ္စာစောင့်ပြီး ပါဝင်လာဖို့ ဖိတ်ခေါ်ပါတယ်”လို့လည်း ပြောဆိုခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း NCA က ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ တုန်းက ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုပြီးသား စာချုပ် ဖြစ်တာကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးက လက်မှတ်ရေးထိုးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

NCA က အမည်အရသာ အပစ်ရပ်စာချုပ် ဖြစ်ပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အခြား တိုင်းရင်းသား အဖွဲ့တွေ တောင်းဆိုနေကြတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ အချက်ကို အခြေခံမူမှာ သတ်မှတ်ထားပြီး ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက် ကြရာမှာ အချိန်မဆွဲဘဲ ရဲရဲဝံ့ဝံ့လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်”လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လိုအပ်တာထက် အချိန်ပိုကြာလာရင် ဘေးပယောဂနဲ့ ဝင်ရောက်စွက်ဖက်မှု၊ ကြိုးကိုင် ခြယ်လှယ်မှုတွေကြောင့် ယုံကြည်မှု တည်ဆောက်ထားတာတွေ အားနည်းသွားနိုင်လို့ ရလဒ် ထွက်တဲ့ အထိ ဆွေးနွေးဖို့ တိုက်တွန်းတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “၂၀၂၀ ပြည့်နှစ်မှာ ကျင်းပပြုလုပ်မယ့် ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအစည်းအဝေးမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးပြတ်စေရေး ဆောင်ရွက် သွားပါလို့ အလေးထား တိုက်တွန်းပြောကြားလိုပါတယ်”လို့လည်း ပြောဆိုပါတယ်။

နေပြည်တော်ကို ရောက်ခဲ့ကြတဲ့ မြောက်ပိုင်း FPNCC အဖွဲ့ဝင်တွေ ထဲက “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်-မိုင်းလားအဖွဲ့ (NDAA) ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA) နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင်လ ၁၁ ရက်မှာ သီးသန့်တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၁၂ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။

FPNCC အဖွဲ့ဝင်တွေထဲက AA ၊ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော်- ကိုးကန့်အဖွ့ဲ (MNDAA) နဲ့ တအာန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကိုတော့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သီးသန့်တွေ့ဆုံပြီး ဇူလိုင်လ ၁၂ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ကြပါတယ်။

တွေ့ဆုံမှုတိုင်းမှာတော့ အစိုးရနဲ့ တပ်မတော်အကြီးအကဲတွေက မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ NCA ထိုးဖို့ ပြောဆိုတာပဲ ဖြစ်ပါတယ်။

တွေ့ဆုံခဲ့တာတွေနဲ့ ပတ်သတ်ပြီး ဗိုလ်ချုပ်ဂွမ်မော်ကတော့ “အဓိက ကတော့ FPNCC ဘက်ကနေ ကျနော်တို့ တင်ထားတဲ့ စာတမ်း ပေါ်မှာ အဓိက ဆက်ပြီး ဆွေးနွေးချင်တဲ့ အကြောင်းကိုပဲ ပြောပါတယ်” လို့ ဆိုပါတယ်။

တရုတ် ဖိအားနဲ့ NCA အပေါ် စိုးရိမ်မှုများ

တရုတ်နိုင်ငံ၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်က “ငြိမ်းချမ်းရေး မရရှိဘူးဆိုရင် တည်ငြိမ် အေးချမ်းမှုအပေါ်မှာ အန္တရာယ်ရှိတယ်။ တရုတ်ဘက်က မြန်မာနိုင်ငံမှာငြိမ်းချမ်းရေး ရရှိဖို့ အစွမ်းကုန် ကူညီနေ ပါတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရရှိမှ တရုတ်မြန်မာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု ရရှိမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်ရဲ့ မဟာဗျူဟာ စီမံကိန်းဖြစ်တဲ့ One Belt One Road ရဲ့ အဓိက ကျတဲ့ တည်နေရာမှာ တည်ရှိနေပါတယ်။

အာရှနိုင်ငံတွေကနေ ဥရောပနိုင်ငံထိ နိုင်ငံပေါင်း ၇၀ ကို ပေါက်မယ့် စီးပွားရေးလမ်းကြောင်းရဲ့ အစိတ်အပိုင်း တွေက မြန်မာနိုင်ငံကို ဖြတ်သန်းသွားမှာပါ။ တရုတ်- မြန်မာ စီးပွားရေးလမ်းတလျှောက်က လက်ရှိမှာ ပဋိပက္ခ ဖြစ်နေတဲ့ မြောက်ပိုင်းမဟာမိတ်တွေရဲ့ နယ်မြေတွေကို ဖြတ်သန်းသွားရမှာပါ။

ဒါ့ကြောင့် မြောက်ပိုင်းအဖွဲ့တွေနဲ့ အစိုးရ၊ တပ်မတော်ကြား အပစ်အခတ်ရပ်စဲရေး မြန်မြန်လုပ်နိုင်ဖို့ ဖိအားပေး တွန်းတွန်းတိုက်တိုက် လုပ်နေတာ ဖြစ်ပါတယ်။

စီးပွားရေးလမ်းကြောင်းတလျှောက် တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်အေးချမ်းဖို့ အတွက်လည်း နယ်စပ်နေရာ တွေမှာ တိုက်ပွဲတွေ မဖြစ်ဖို့ မြောက်ပိုင်းမဟာမိတ်ခေါင်းဆောင် တချို့ကို တရုတ်ပြည်ကို ခေါ်ယူပြီး ဖိအား ပေးတာတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ တတိယအစည်းအဝေး) တက်ရောက်ကြဖို့ကိုလည်း တရုတ်အနေနဲ့ ကြားဝင်တိုက်တွန်းခဲ့သလို နေပြည်တော်ကို လာဖို့ ပြန်ဖို့ လုံခြုံရေး အလုံးစုံကို စီစဉ်ပေးခဲ့တာပါ။

၂၁ ရာစုပင်လုံ တတိယအစည်းအဝေး တက်ဖို့ ဖိတ်စာတွေကိုလည်း တရုတ်ကိုယ်စားလှယ်က တဆင့် မြောက်ပိုင်း ခေါင်းဆောင်တွေကို ပြန်ပေးခဲ့တာ ဖြစ်ပြီး အစည်းအဝေး လာတက်ရောက်တဲ့ အခါမှာ ဆုံးဖြတ်ချက် ပေးနိုင်တဲ့ ထိပ်သီးခေါင်းဆောင်တွေ တက်ဖို့ တပ်မတော်ဘက်က အမှာစကား ပါးတာ ရှိပါတယ်။

နေပြည်တော်ကို ရောက်လာတဲ့အခါမှာလည်း တရုတ်ဘက်က မြောက်ပိုင်းခေါင်းဆောင်တွေရဲ့ ဆွေးနွေးမှု တွေကို မျက်ခြေမပြတ် စောင့်ကြည့် နေခဲ့ပါတယ်။

FPNCC အဖွဲ့ဝင် မြောက်ပိုင်းခေါင်းဆောင်တွေ၊ အစိုးရ၊ တပ်မတော် အကြီးအကဲတွေနဲ့ တွေ့ပြီး တိုင်းမှာ မစ္စတာ ဆွန်ကော့ရှန်နဲ့ တရုတ်သံရုံးကိုယ်စားလှယ်တွေက မြောက်ပိုင်းခေါင်းဆောင်တွေကို သီးသန့် တွေ့ဆုံပြီး ဆွေးနွေးခဲ့တဲ့ အကြောင်းတွေကို မေးမြန်းတာတွေ လုပ်ပါတယ်။

တရုတ်နိုင်ငံက မြန်မာအစိုးရနဲ့ တပ်မတော်တို့ အကောင်အထည်ဖော်နေတဲ့ NCA ကိုပဲ မြောက်ပိုင်းအဖွဲ့တွေ မြန်မြန်ဆန်ဆန် ပါဝင်ရေးထိုးလာဖို့ လိုလားနေပါတယ်။

တရုတ်နိုင်ငံ လိုချင်တာကတော့ သူတို့ရဲ့ မဟာဗျူဟာ စီမံကိန်းလမ်းကြောင်း တည်ငြိမ်ဖို့ မြန်မာအစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်နိုင်ဖို့သာ ဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ဖြစ်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကတော့ အပစ်အခတ်ရပ်စဲရေး ဆိုတာထက် အပစ်ရပ်ပြီးနောက် မိမိတို့ လူမျိုးအတွက်၊ ပြည်နယ်အတွက် တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် အခွင့်အလမ်းတွေကို နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဆွေးနွေး အတည်ပြုနိုင်ရေး ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်းမှာ စစ်အစိုးရ ခေတ်အဆက်ဆက်ကလည်း အပစ်အခတ်ရပ်စဲရေးတွေ၊ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်တာတွေ လုပ်ခဲ့ပြီး နောက်ပိုင်းမှာ တိုင်းရင်းသားခေါင်းဆောင်တွေကို နိုင်ငံရေး ဆွေးနွေးခွင့်နဲ့ တိုင်းရင်းသားပြည်နယ်များက လူမျိုးများ တန်းတူညီမျှမှု မရရှိတာကြောင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ ရတာပါ။

TNLA ဒုဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တာခူးလန်းက နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါမှာ ၂၀၀၅ ခုနှစ်တုန်းက ပလောင်လူမျိုး လက်နက်ကိုင်အဖွဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲခဲ့ပေမယ့် ဒေသဖွံ့ဖြိုးရေးတောင် စစ်အစိုးရက မလုပ်ပေးခဲ့တာကြောင့် ၂၀၁၁ ခုနှစ်မှာ တကြိမ် လက်နက်ပြန်ကိုင် တိုက်ခိုက် ခဲ့ရတဲ့ အကြောင်းကို အဓိက ပြောပြခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်မှူးချုပ် တာခူးလန်းက “ဒေသဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွေ အားလုံး လုပ်ပေးမယ်လို့ ကတိပေးထားတယ်။ ဒါပေမယ့် လက်နက်အပ်ပြီးနောက်မှာ ကျနော်တို့ကို ဘာမှ မလုပ်ပေးဘူး။ တခုမှ ဖြစ်မလာခဲ့ဘူး။ လမ်းတွေ တမိုင်မပြောနဲ့ တထွာတောင် ပြင်ပေးတာ မရှိခဲ့ဘူး။ ကျနော်တို့ ဒေသမှာ ကုန်းကောက်စရာ မရအောင် ပျက်စီးခဲ့တယ်”လို့ ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုပြီး မိမိတို့ လူမျိုးတွေအတွက် တန်းတူညီမျှရေး၊ သယံဇာတ ခွဲဝေရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးတို့ကို ကျယ်ကျယ်ပြန့်ပြန့် မဆွေးနွေးနိုင်မှာကိုလည်း စိုးရိမ်စိတ် ရှိနေကြ တယ်လို့ မြောက်ပိုင်းခေါင်းဆောင်တွေဆီက သိရပါတယ်။

NCA လမ်းခရီး

လက်ရှိမှာ NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ ရှိပါတယ်။

၁၀ ဖွဲ့ထဲမှာ ပါဝင်တဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့ဟာ NCA ထိုးပြီးနောက်မှ တပ်မတော်နဲ့ ပြန်လည်တိုက်ခိုက်ပြီး ယုံကြည်မှု လျော့ပါးလာ တာတွေ ရှိပါတယ်။

မွန်ပြည်သစ်ပါတီ (NMSP) ဆိုရင်လည်း အပစ်ရပ်ချုပ်ဆိုပြီးမှ တပ်မတော်နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) က အင်အားနဲ့ ဝင်ရောက်လာလို့ စခန်းတခုကို ဖယ်ပေးထားရပါတယ်။

NCA ထိုးထားတဲ့ အဖွဲ့ ၁၀ ဖွဲ့က သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်မှာ တကြိမ်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ ၃ ကြိမ် နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျင်းပခဲ့ပြီး ပြည်ထောင်စု သဘောတူညီစာချုပ် အစိတ်အပိုင်း (၂) ခုကို ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်ပေမယ့် အားရ စရာကောင်းတဲ့ ဖက်ဒရယ် အခြေခံမူတွေကိုတော့ ချမှတ်နိုင်ခြင်း၊ ဆွေးနွေးနိုင်ခြင်း မရှိသေးပါဘူး။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကတော့ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်က ချောတိုင်တက်သလို ဖြစ်နေတယ်လို့ ပြောဆိုထားပါတယ်။

NMSP ဒုက္ကဋ္ဌ နိုင်ဟံသာကလည်း “အတိုင်းအတာကတော့ ပြောဖို့ ခက်တယ်။ ရှေ့ကိုတော့ ရွေ့နေတယ်။ ဒါပေမယ့် ခရုသွားလို၊ ပက်ကျိသွားလို အထိုက်အလျောက်တော့ ဖြစ်နေတယ်လို့မြင်တယ်။ သိပ်တော့ မမြန်ဘူး။ နှေးနေတယ်လို့ မြင်တယ်”လို့ ဆိုပါတယ်။

အပစ်ရပ်စာချုပ် ၂ ခု ကွဲလွဲချက်များ

FPNCC ရဲ့ အပစ်ရပ်စာချုပ်မှာ နေပြည်တော်နဲ့ မြောက်ပိုင်း အကြား အပစ်ရပ်လက်မှတ် ထိုးပြီဆိုတာနဲ့ ပထမဆုံး အပစ်ရပ်သတ်မှတ် နယ်နိမိတ်စည်းကြောင်း ဆွဲပြီး သတ်မှတ်ထားတဲ့ နေရာမှာ အမှတ်အသားတွေ စိုက်ထူကြရမယ်လို့ ရေးသားထားပါတယ်။

အပစ်ရပ်နယ်နိမိတ်စည်း သတ်မှတ်ပြီးတဲ့ နောက်မှာတော့ တဖက်က တဖက်ရဲ့ နယ်မြေထဲကို ကျော်ပြီး ဝေဟင်၊ မြေပြင်၊ ရေပြင် အပါအဝင် ထောက်လှမ်းတာ၊ မိုင်းထောင်တာ၊ ဖျက်ဆီးတာ နယ်မြေလုတာနဲ့ ထိုးစစ် ဆင်တာတွေ စတဲ့ စစ်ရေးလှုပ်ရှားမှုတွေ မပြုလုပ်ရဆိုတဲ့ အချက်ပါရှိသလို၊ အပစ်ရပ်နယ်နိမိတ် စည်းရဲ့ ၂ ကီလိုမီတာအတွင်း တပ်စခန်းတွေ ခိုင်ခံ့အောင် ပြုပြင်တာကိုလည်း အပြန်အလှန် တားမြစ်ခွင့် မရှိဘူးလို့ ရေးသားထားပါတယ်။

ဒါ့အပြင် အပစ်ရပ်စည်းရဲ့ ၅ ကီလိုမီတာအတွင်းမှာ ဟောင်ဝစ်ဇာ အမြှောက်တွေ၊ စိန်ပြောင်းတွေ၊ ၁၀၅ မမ အထက် ဗျူဟာမြောက် လက်နက်ကြီးတွေ တပ်ဆင်ထားရင် အားလုံး ဖြုတ်ချ ပေးဖို့နဲ့ လက်နက်ကြီးတွေ တပ်ဆင် ထားတယ်ဆိုရင် နှစ်ဖက်ဆွေးနွေး ညှိနှိုင်းသဘောတူတဲ့ အချိန်ကာလအတွင်းမှာပဲ ဖြုတ်သိမ်း ပေးရမှာလို့ ဆိုထားပါတယ်။

ကျန်တဲ့ နှစ်ဦးနှစ်ဖက် ရန်လိုတဲ့ အပြုအမူ၊ စော်ကားတဲ့ စကားရပ်တွေ မပြောဖို့၊ ဘာသာရေး၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ ဘုရားကျောင်း၊ ယဉ်ကျေးမှု ရိုးရာဓလေ့ ထုံးတမ်းနေရာတွေ၊ လူထုနဲ့ ပတ်သက်တဲ့ နေရာ တွေမှာ တပ်စခန်းမချဖို့ အချက်တွေကတော့ NCA စာချုပ်မှာ ပါတဲ့ အချက်တွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။

FPNCC က စစ်ရေးစစ်ရာနဲ့ ပတ်သက်ပြီး နှစ်ဖက်လိုက်နာရမယ့် အချက်တွေကို အပစ်ရပ်စာချုပ် မှာပဲ အတိအကျ ထည့်ရေးဆွဲထားပါတယ်။ အပစ်ရပ်စာချုပ် ချုပ်ဆိုပြီးရင်လည်း စစ်ဖက်ဆိုင်ရာ ကျင့်ဝတ် စည်းမျဉ်း စည်းကမ်းတွေကို ထပ်ရေးဆွဲဖို့ ပါရှိပါတယ်။

NCA စာချုပ်မှာတော့ အပစ်ရပ်ရေးနဲ့ပတ်သက်လို့ မူတွေကို အသားပေး ရေးဆွဲထားထားပါတယ်။ အပစ်ရပ် စာချုပ် ချုပ်ပြီးမှ နှစ်ဖက်တပ်တွေ အပြန်အလှန်လိုက်နာရမယ့် စစ်ဖက်ဆိုင်ရာ ကျင့်ဝတ် (CoC) ကို သီးသန့်ရေးဆွဲပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) တွေကို ပြည်ထောင်စု၊ ပြည်နယ်၊ ဒေသန္တရအဆင့်ဆင့် ဖွ့ဲစည်းကာ စစ်ဘက်ဆိုင်ရာကိစ္စတွေကို ဆောင်ရွက်ပါတယ်။

NCA မှာတော့ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြန်ဖြစ်ရင် JMC ကော်မတီ အဆင့်ဆင့်က ဖြေရှင်းရမှာ ဖြစ်ပါတယ်။

FPNCC ရဲ့ အပစ်ရပ်စာချုပ် အခန်း (၃)၊ အပိုဒ် ၁၂ မှာတော့ လက်မှတ်ထိုးပြီး နိုင်ငံရေးဆွေးနွေး မှုတွေ မပြီးဆုံးခင်မှာ စစ်ဖက်ဆိုင်ရာ သဘောတူညီမှုတွေကို တဖက်ဖက်က ချိုးဖောက်လိုက်ရင် စာချုပ်က အလိုအလျောက် ပျက်ပြယ်တယ်ဆိုတဲ့ အချက်ကို ထည့်သွင်းထားပါတယ်။

NCA မှာ လစ်ဟာနေတဲ့ အချက်တခုလည်း ရှိနေပါသေးတယ်။

အဲဒါကတော့ ၁၉၈၉ ခုနှစ်ကတည်းက အပစ်ရပ်စာချုပ် ချုပ်ဆိုပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းတွေကို ဦးစီးနေတဲ့ ဝ၊ မိုင်းလားတို့ အတွက် ပါဝင်ခွင့် နေရာ မပါရှိတာပါ။

FPNCC ရဲ့ အပစ်ရပ်စာချုပ်မှာတော့ ဝ၊ မိုင်းလားတို့နဲ့လည်း အပစ်ရပ်နယ်နိမိတ်စည်း သတ်မှတ်ပြီး ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းဖို့နဲ့ စာချုပ်ပါ စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်တွေကို ဖောက်ဖျက်ရင် စာချုပ် ပျက်ပြယ်ကြောင်း ရေးသားထားပါတယ်။

အပစ်ရပ်ပြီးနောက်မှ ပစ်ခတ်မှုနဲ့ ပြဿနာတွေ ပြန်ဖြစ်ရင် ဖြေရှင်းပေးဖို့ ကော်မတီတရပ် ဖွဲ့ဖို့နဲ့ ဆုံးဖြတ်ချက်ကို မနှစ်သက်ပါက နောက်တဆင့် ခုံသမာဓိ ကော်မတီကို တက်ဖို့လည်း FPNCC ရဲ့ အပစ်ရပ်စာချုပ်မှာ ရေးသား ထားပါတယ်။

FPNCC ရဲ့ စာချုပ်မှာ လက်မှတ်ထိုးမယ်ဆိုရင် မြောက်ပိုင်းမဟာမိတ် ခေါင်းဆောင်တချို့ကို အမည်ပျက် စာရင်းနဲ့ ဖမ်းဝရမ်း ထုတ်ထားတဲ့ နိုင်ငံတွေကို စာရင်းပယ်ဖျက်ပေးဖို့ မြန်မာအစိုးရအနေနဲ့ တောင်းဆိုပေးဖို့ လည်း ပါရှိပါတယ်။

FPNCC က သူတို့ရဲ့ အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးလိုပြီး သူတို့ ရေးဆွဲထားတဲ့ နိုင်ငံရေးစာတမ်းကိုပဲ ဆွေးနွေးလိုတယ်လို့ ဆိုထားပါတယ်။

FPNCC ဝင် မြောက်ပိုင်းခေါင်းဆောင်တွေ ရေးဆွဲထားတဲ့ နိုင်ငံရေးစာတမ်းက ဖက်ဒရယ်ထက် မြင့်တဲ့ တောင်းဆိုချက်နဲ့ မျှော်မှန်းချက်တွေ ပါဝင်နေပါတယ်။

မြောက်ပိုင်းမဟာမိတ်တွေရဲ့ အပစ်ရပ်စာချုပ်ကို နေပြည်တော်ဘက်က ယနေ့အချိန်ထိ လက်ခံခြင်း မရှိသလို၊ FPNCC ကိုလည်း အသိအမှတ်ပြုခြင်း မရှိပါဘူး။

FPNCC တဖွဲ့ချင်း အစိုးရနဲ့ ညှိနှိုင်းနေမှုများ

၂၁ ရာစုပင်လုံ တတိယအစည်းအဝေး အပြီး ၄ ရက်မြောက်နေ့မှာ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့တို့ ချင်းမိုင်မှာ သီးသန့်တွေ့ဆုံပြီး အပစ်ရပ် စာချုပ် ချုပ်ဆိုဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

မကြာခင်မှာလည်း ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့က “ဝ”ဒေသကို သွားပြီး UWSA ကို တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် (NCA) ထိုးလာဖို့ ညှိကြဦး မှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးကော်မရှင် အနေနဲ့ အစိုးရ၊ တပ်မတော်တို့ရဲ့ သဘောထားအတိုင်း FPNCC အဖွဲ့ဝင်တွေကို တဖွဲ့ချင်းစီ NCA မှာ ပါဝင်လာဖို့ အလွတ်သဘော တွေ့ဆုံညှိနှိုင်းတာတွေ လုပ်ဆောင်လျက် ရှိပါတယ်။

၂၁ ရာစုပင်လုံ တတိယညီလာခံ မတိုင်မီ ဇူလိုင်လ ပထမပတ်ကလည်း UWSA ကို ငြိမ်းချမ်းရေး ကော်မရှင်က သီးသန့် တွေ့ဆုံခဲ့ပြီး FPNCC ထဲက အဖွဲ့ဝင်တချို့ NCA မှာ လက်မှတ်ထိုးရင် အဟန့်အတား မလုပ်ဖို့ ညှိနှိုင်း တာတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် UWSA ကိုလည်း NCA မှာ ထိုးဖို့ ပြောဆိုတဲ့အခါ UWSA က NCA ကို လက်ခံပေမယ့် လက်မှတ်ထိုးပြီး နောက် ဖြစ်လာမယ့် အခြေအနေတွေကို စိုးရိမ်မှု ရှိတာကြောင့် လိုအပ်တဲ့ ညှိနှိုင်းမှုတွေ၊ သဘောတူညီမှု စာချုပ်တွေ လုပ်ဖို့ ငြိမ်းချမ်းရေး ကော်မရှင်ကို ပြောဆိုထားတယ်လို့ သိရပါတယ်။

ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက “လက်မှတ်ထိုးပြီးနောက်ကိစ္စကို သူတို့ စိုးရိမ်မှု နည်းနည်း ရှိတယ်။ လက်မှတ်ထိုးလိုက်ပြီးရင် ဘယ်လိုဖြစ်လာမလဲဆိုတဲ့ အပေါ်မှာ စိုးရိမ်မှုတွေ ရှိနေသေးတယ် လို့ ယူဆတယ်။ NCA ကိုတော့ တော်တော်လေး လက်ခံလာပြီလို့ ပြောလို့ရတယ်” လို့ ဆိုပါတယ်။

ဆက်ဆံရေးရုံးတွေ ဖွင့်ပေးဖို့၊ “ဝ” မြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသကို သွားတဲ့ လမ်းတွေကို တရားဝင် ခွင့်ပြု ပေးဖို့နဲ့ NCA ထိုးပြီးမှ မပြေလည်ရင် ပြန်နုတ်ထွက်တာကို ခွင့်ပြုဖို့ UWSA ဘက်က တောင်းဆိုထားတယ်လို့ လည်း သိရပါတယ်။

မိုင်းလားအဖွဲ့ (NDAA) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်ကလည်း NCA ထိုးဖို့ ညှိနှိုင်း နေတယ်လို့ ဆိုပါတယ်။

မြောက်ပိုင်းမဟာမိတ် ခေါင်းဆောင်တချို့ရဲ့ ပြောဆိုချက်အရ မိုင်းလားအဖွဲ့ (NDAA) နဲ့ SSPP တို့ကလည်း NCA ထိုးဖို့ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ သီးသန့် ညှိနှိုင်းမှုတွေ ရှိသလို NCA ထိုးဖို့ ဆုံးဖြတ်ချက် ချထားတာတွေ ရှိတယ်လို့လည်း သိရပါတယ်။

Bilateral စာချုပ်တွေ ထိုးထားတာ မရှိတဲ့ MNDAA၊ TNLA နဲ့ AA တို့ကိုတော့ “လက်နက်ကိုင်လမ်းစဉ်ကို စွန့်ပါသည်”ဆိုတဲ့ သဘောထား ထုတ်ပြန်ချက် ထုတ်ပြီးမှ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် နဲ့ NCA ထိုးတာတွေ လုပ်ဖို့ ငြိမ်းချမ်းရေး ကော်မရှင်က ညှိနှိုင်းနေတယ်လို့ သိရပါတယ်။

“လက်နက်ကိုင်လမ်းစဉ်ကို စွန့်ပါသည်”ဆိုတဲ့ သဘောထား ထုတ်ပြန်ချက်ကို တပ်မတော်ဘက်က ထုတ်ပေး စေလိုတာ ဖြစ်တယ်လို့ TNLA နဲ့ AA အကြီးအကဲတွေက ပြောပါတယ်။

ထုတ်ပြန်ပြီးမှ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် စတဲ့ Bilateral စာချုပ်တွေ ထိုးပြီးမှ အပစ်ရပ်စာချုပ်တခု ကို MNDAA၊ TNLA နဲ့ AA တို့က ထိုးလို့ ရမှာ ဖြစ်ပါတယ်။

FPNCC ဘာရွေးမလဲ

FPNCC အဖွဲ့ဝင်တွေအနေနဲ့ NCA ကို ငြင်းဆိုပြီး သီးသန့် တွေ့ဆုံဆွေးနွေးမှုတွေကလည်း တဖက်မှာ ရှိနေပြန် ပါတယ်။

မေးခွန်းထုတ်စရာ ရှိတာကတော့ FPNCC ဖြစ်လာဖို့ ကမကထ လုပ်ခဲ့တဲ့ UWSA ကသာ အကယ်၍ NCA ထိုးဖို့ အစိုးရနဲ့ ညှိနှိုင်းမှု ပြေလည်သွားခဲ့ရင် FPNCC ဘယ်လို ရှေ့ဆက်မလဲ ဆိုတာပါပဲ။

နိုင်ငံရေးအရ တောင့်တင်းတဲ့ မဟာမိတ်တခုအဖြစ် နှစ်ရှည် ရပ်တည်ခဲ့ပြီး အပစ်ရပ်စာချုပ်ကို အတူတကွ ထိုးမယ်လို့ ရပ်တည်ခဲ့ကြတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဟာလည်း ဦးဆောင်မှု ပြုလုပ်နေတဲ့ KIA ထွက်သွားပြီး နောက်မှာတော့ ပြိုကွဲ သွားခဲ့ပါတယ်။

UNFC ထဲမှာ KIA က မြောက်ပိုင်းမဟာမိတ်အဖွဲ့ထဲ ဝင်ခဲ့ပြီးနောက် စစ်ရေးဖိအားတွေ ကြားမှာ မွန်ပြည်သစ် ပါတီ (NMSP) က NCA ထိုးခဲ့ပါတယ်။ အင်အားသေးငယ်တဲ့ လားဟူဒီမိုကရက်တစ်ပါတီ (LDU) ကတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မလုပ်ပါဆိုတဲ့ သဘောတူညီချက်နဲ့ NCA ထိုးခဲ့ပြီး အင်အား သေးငယ်တဲ့ ဝအဖွဲ့ကတော့ UWSA နဲ့ ပူးပေါင်း သွားပါတယ်။

UNFC အဖွဲ့ဝင်ဖြစ်ခဲ့တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကတော့ NCA ထိုးဖို့ ညှိနှိုင်းနေဆဲ ဖြစ်ပြီး ကျန် ရခိုင်အမျိုးသားကောင်စီ (ANC) ကိုတော့ တပ်အင်အားနည်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၁ ရာစု ပင်လုံ တတိယညီလာခံကိုတောင် ဖိတ်ခေါ်ခြင်း မရှိခဲ့ပါဘူး။

FPNCC အဖွဲ့ဝင် မြောက်ပိုင်းခေါင်းဆောင်တွေ အနေနဲ့လည်း တရုတ်ရဲ့ ဖိအား၊ အစိုးရနဲ့ တပ်မတော်တို့ရဲ့ ၂၀၂၀ မျှော်မှန်းချက်နဲ့ အချိန်ကန့်သတ်မှုတွေ ကြားမှာ ရှေ့ကို ဆက်သွားနိုင်ဖို့ NCA ကို ရွေးမလား၊ FPNCC ရဲ့ အပစ်ရပ်စာချုပ်ကိုပဲ ဆွေးနွေးပေးဖို့ ရွေးမလား ဆိုတာကတော့ ဆုံးဖြတ်ကြရတော့မှာ ဖြစ်ပါတယ်။

FPNCC ဟာ အပစ်ရပ်စာချုပ် ချုပ်ဆိုရေးမှာ ဘယ်လမ်းကို လျှောက်မလဲဆိုတာ ရွေးချယ်ရမယ့် လမ်းဆုံလမ်းခွ တခုကို ရောက်နေပြီ ဖြစ်ပါတယ်။

Your Thoughts …
Tags: ငြိမ်းချမ်းရေးအတွက် မြောက်ပိုင်းမဟာမိတ်တို့ ဘယ်လမ်းကိုရွေးမလဲ
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
မျက်ရည် ခန်းခြောက်တာက မျက်ကပ်မှန် တပ်တဲ့သူတွေမှာရော၊ မတပ်တဲ့သူတွေမှာပါ ဖြစ်လေ့ ရှိကြပါတယ်

မျက်ကပ်မှန် တပ်သူတွေ မျက်ရည်ခန်းခြောက်ခြင်း မဖြစ်အောင် ပြုလုပ်ရမယ့် နည်းလမ်းများ

အဆိုတော် Selena Gomez

ဘောလိဝုဒ်ရုပ်ရှင် ဇာတ်ဝင်တေးတပုဒ် သီဆိုထားတဲ့ Selena Gomez

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate