ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်တာ အခုဆိုရင် နှစ်ပေါင်း ၅၄ နှစ်ရှိပြီ။ ဆရာကြီးတွေ့ချင်မြင်ချင်တဲ့ ငြိမ်းချမ်း ရေး လည်း အခုထိ အစအနလေးတောင် မမြင်ရသေးဘူး။
တပည့်တပမ်းတွေနဲ့ သိုက်သိုက်ဝန်းဝန်း နေချင်လှပါတယ်ဆိုတဲ့ ဆရာကြီးရဲ့ အာသီသ အာလျကို ဘယ်တပည့် ကမှ ဖြည့်စွမ်း မပေးနိုင်ကြဘူး။
“အေး—အေး–ငယ်တုန်းရွယ်တုန်း အလုပ်လုပ်ကြ၊ အိုမင်းမစွမ်း ဖြစ်လာမှတော့ ဘာကမှ အသုံးမကျတော့ဘူး၊ ငယ်တုန်း ရွယ်တုန်း ကိုယ်ကျိုးကိုယ်တာချည်းပဲ မကြည့်နဲ့ ကိုယ့်ပုခုံးပေါ် ရောက်နေတဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းပါ မှ သားကောင်း သမီးကောင်းဖြစ်မှာ၊ နိုင်ငံရေးဆိုတာ သူတပါးအရေး မဟုတ်ဘူး၊ ကိုယ်ရေးကိုယ်တာ ကိစ္စကြီး ပဲ ဟုတ်ကဲ့လား၊ ဘာဖြစ်လို့ ကိုယ်ရေးကိုယ်တာ ကိစ္စလည်းဆိုရင် နိုင်ငံတနိုင်ငံ ကောင်းစားရင် အဲဒီနိုင်ငံမှာ မှီတင်း နေထိုင်ကြတဲ့ တိုင်းသူပြည်သား ကောင်းစားတာပဲ၊ နိုင်ငံမကောင်းရင် တိုင်းသူပြည်သားလည်း ဒုက္ခရောက်ရတာပဲ၊ ဟုတ်ရဲ့လား။ နိုင်ငံကောင်းဖို့ဆိုတာ နိုင်ငံသားတိုင်း တာဝန်ရှိတယ်၊ နိုင်ငံရေးဆိုတာ နိုင်ငံ့အရေးကို ခေါ်တာပဲ၊ နိုင်ငံ့ အရေးကို လုပ်ကိုင်ဆောင်ရွက်ကြဖို့ဟာ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်၊ နိုင်ငံရေးသမားမှ တာဝန်ရှိတာ မဟုတ်ဘူး၊ တိုင်းပြည် နိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ ဘယ်သူမဆို နိုင်ငံအကျိုးဆောင်မှ နိုင်ငံသားပီသမှာ၊ နိုင်ငံကောင်းစားမှာကွဲ့” လို့ ကျနော်တို့ ဆရာကြီးအိမ် ရောက်တဲ့အခါတိုင်း ဆရာကြီးက အဲဒီလိုဆုံးမ စကား ပြောလေ့ရှိတယ်။
ဆရာကြီးက တကောင်း အဘိရာဇာ ကစပြီး သရေခေတ္တရာ၊ ပုဂံ၊ ပါတော်မူတဲ့အထိ သမိုင်းကြောင်းတွေကို အဆက် မပြတ် ပြောလေ့ရှိတယ်။ ပါတော်မူအကြောင်း ပြောတဲ့အခါ အခုပဲ အရှင် ၂ ပါးကို ဖမ်းသွားသလို ခံစားရအောင် ပြော လေ့ ရှိတယ်။ ဆရာကြီး ကိုယ်တိုင်လည်း အတော်ခံစားရပုံပဲ။
ကျနော်တို့က ဆရာကြီးဘေးမှာ ထိုင်ပြီး နားထောင်ကြတယ်၊ ကျနော်က ဆရာကြီးရဲ့ ကွမ်းဆုံလေးထဲကို ကွမ်းသီး၊ ကွမ်း၊ ထုံးတို့ ထည့်ပြီး ထောင်းပေးရတယ်။ ဆရာကြီးက ကွမ်းလေးမြုံလိုက် ပြောလိုက် ထွေးခံထဲ ကွမ်းတံတွေး ထွေး လိုက်နဲ့ ဝိုင်းအလယ်ခေါင်မှာက ဖလယ်ဆုံ နှီးကွမ်းအစ်ကြီး။
ကွမ်းဆုံ ဆိုတာက ကြေးဝါနဲ့လုပ်ထားတဲ့ အဝကား အောက်ရှူး အခေါင်းနဲ့ဆုံပါ။ အဝိုင်း ခြောက်မြှောင့် နှစ်မျိုးရှိတယ်။ အောက်ဘက်မှာ သစ်သား အဆို့ခံထားတယ်။ အဲဒီထဲမှာ ကွမ်း၊ ကွမ်းသီး ထုံး ဆေးတို့ ထည့်ပြီး ရောထောင်းရတယ်။ ထောင်းတဲ့ကျည်ပွေ့က ဝက်အူလှဲ့လိုပုံစံ အဲဒါနဲ့ ညက်အောင်ထောင်းရတယ်။
ထောင်းလို့ညက်တဲ့အခါ အောက်ခံအဖြစ်ဆို့ထားတဲ့ သစ်သားတုံးလေးကို ဆွဲထုတ်လိုက်ရင် ထောင်းထားတဲ့ ကွမ်း ကွမ်းသီး ထုံးဆေးတွေဟာ တခုနဲ့တခုရောသွားပြီး အဝိုင်းထောင့်ကလေးလိုဖြစ်နေတယ်။ အဲဒီတော့မှစားကြတယ်၊ သိပ်ပြီး မဝါးရတော့ဘူးပေါ့။
အသက်အရွယ်ကြီးသူတွေက ကွမ်းကို ညက်နေအောင် ကွမ်းဆုံထဲ ထည့်ထောင်းပြီး ညက်နေမှ ကွမ်းမြုံကြတယ်။ ဒါဟိုရှေးက အမူအကျင့်တခုပဲလို့ ထင်တယ်။ အခုခေတ်မှာတော့ ကွမ်းဆုံကို မတွေ့ရသလောက်ပဲ။ ကွမ်းရာဆိုင်တွေ များနေတော့ မြို့ပေါ်မှာ ကွမ်းအစ် ဆိုတာ မတွေ့တော့သလောက်ပဲ။
ဆရာကြီး အဲဒီလိုပြောတဲ့အခါ ယောင်ပေစူးကလေးကို ငယ်ထိပ်ပေါ် တင်ထုံးထားတဲ့ ပုံရိပ်ကလေး မြင်ယောင်လာပါ တယ်။ မောင်လွန်းကလေးရဲ့ ပုံရိပ်ကို မြင်ယောင်လာပါတယ်။ ဆရာကြီးရဲ့ အပြော အဟောတွေကြောင့် ကျနော် သမိုင်း ကို လေ့လာ ရကောင်းမှန်း သိလာတယ်။
ဆရာကြီးရဲ့ အဟောအပြောတွေက နဂိုစာရေးချစ်စိတ်ကို နိုးကြွအောင် ထိုးဆွပေးခဲ့တယ်။ သတင်းစာသမား ဖြစ်ချင် စိတ် ကို မြှင့်တင်ပေးခဲ့တယ်။ နိုင်ငံရေးသမားဖြစ်ချင်စိတ်၊ ငြိမ်းချမ်းရေး ရလိုစိတ်တွေကို နှိုးဆွပေးခဲ့တယ်။ ဆရာကြီး ကြောင့် စာရေးဖြစ်တယ်။ သတင်းစာလောကထဲ ရောက်ခဲ့တယ်၊ နိုင်ငံရေးသမား ဖြစ်ခဲ့တယ်၊ ငြိမ်းချမ်းရေး လှုပ်ရှားမှု တွေမှာ ပါဝင်ခဲ့တယ်။
ဒါဟာ အင်မတန် ကျေးဇူးတင်ထိုက်တဲ့ အချက်တွေပဲ။ ဆရာကြီးရဲ့ ဒီအပြုအမူတွေ စရိုက်လက္ခတွေဟာ ကျနော့် တယောက်တည်း အပေါ်မှ မဟုတ်ဘူး။ လူတိုင်း အပေါ်ထားတဲ့ စေတနာပဲ၊ ဒါတွေဟာ ဆရာကြီးရဲ့ ပင်ကိုစရိုက် လက္ခဏာ ပေပဲလား မပြောပြတတ်။
ဒါကြောင့် ဆရာ ဒဂုန်တာရာက “ဆရာကြီးကား မြန်မာနိုင်ငံ၏ သက်ရှိ အမျိုးသား လွတ်မြောက်ရေး ရာဇဝင် ကျမ်းကြီး ပင်” လို့ မှတ်တမ်း တင်ခဲ့ပါတယ်။ ဘာကြောင့်လဲ။
ဆရာကြီးဟာ ရှေးအတည်တေက မြန်မာ့သမိုင်း ဖြစ်ရပ်များကို တတ်သိကြေပွန်အောင် လေ့လာ မှတ်သား သင်ကြား နာယူ ရုံသာမက ငယ်စဉ်က သိပေါမင်းကို အင်္ဂလိပ်စစ်တပ်က ဖမ်းဆီးသွားတာကို ကိုယ်တိုင် ကိုယ်ကျ လူငယ်ဘဝက တွေ့မြင် ခဲ့သူဖြစ်တယ်။
၁၉၀၀ ပြည့်နှစ်လောက်က ဝံသာနု လှုပ်ရှားမှုတွေ စတင်ကတည်းက ကိုယ်တိုင် ပါဝင်လှုပ်ရှားခဲ့တယ်။ ၁၉၂၀ ကျောင်း သား သပိတ် အမျိုးသားကောလိပ် ထူထောင်ရာမှာ ပါဝင်ခဲ့တယ်။ နယ်ချဲ့ကိုလိုနီ လက်အောက် ကျွန်သပေါက်ဘဝ ဒီမိုကရေစီရေး လွတ်လပ်ရေး လှုပ်ရှားမှုတွေမှာ ခေါင်းဆောင် ပါဝင်ခဲ့တယ်။
လွတ်လပ်ရေး ရပြီးနောက် ၂ လ ၁၄ ရက်အကြာ ပြည်တွင်းစစ် ဖြစ်ခဲ့တယ်။ ပြည်တွင်းစစ် ဖြစ်လာတဲ့အတွက် ဆရာကြီး ဟာ စစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်ခဲ့တယ်။ အထက်အောက် တောင်မြောက် ဗမာပြည် တနံတလျား လှည့်လည် ဟောပြော သိမ်းသွင်း စည်းရုံးခဲ့တယ်။
ဆရာကြီးဘဝကို ပြောပါဆိုရင် ဗမာ့လွတ်လပ်ရေး သမိုင်းကိုပြောမှ ပြည်စုံမှာဖြစ်တယ်။ ဆရာကြီးရဲ့ ဘဝတခုလုံးဟာ ဗမာပြည် လွတ်လပ်ရေး လှုပ်ရှားမှု စတင် သန္ဓေတည်ကတည်းက ဆရာကြီးရဲ့ သူ့ကျွန်မခံလိုတဲ့ စိတ်ဓာတ်ဟာလည်း ဆရာကြီးရဲ့ ဝိဉာဉ်မှာ တွယ်ပြီး ကိန်းအောင်းခဲ့တယ်လို့ ဆိုနိုင်တယ်။
ဆရာကြီးရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှု၊ ငြိမ်းချမ်းရေး လှုပ်ရှားမှုဟာ ကာယကံမြောက် လှုပ်ရှားခဲ့သလို ဆရာကြီး ကျွမ်းကျင် တတ်မြောက်ခဲ့တဲ့ စာပေနဲ့လည်း နယ်ချဲ့သမားကို ထိုးနှက် တိုက်ခိုက်ခဲ့တယ်။ ငြိမ်းချမ်းရေး စိတ်ဓာတ်ကို နှိုးဆွလံှုံ့ဆော် ပေးခဲ့တယ်။
ဆရာကြီးရဲ့ လှုပ်ရှားမှုတွေ၊ စာပေတွေဟာ အမြဲ ဘက်လိုက်ခဲ့တယ်။ အဲဒီဘက်လိုက်မှုဟာ နယ်ချဲ့သမားဘက် လိုက် တာ မဟုတ်၊ အုပ်စိုးသူ လူတန်းစားဘက်က လိုက်တာမဟုတ်၊ အောက်ခြေလူတန်းစား အလုပ်သမားနဲ့ ကျောင်းသား တွေ ဘက်က အမြဲ လိုက်ပါလေ့ရှိတယ်။
ဆရာကြီးကို ပြည်သူတွေ၊ တပည့်တွေက သံသယ အကင်းဆုံး၊ ယုံကြည် ကိုးစားရဆုံး အဖြူစင်ဆုံး၊ အသန့်ရှင်းဆုံး ခေါင်းဆောင် အဖြစ် သူမတူအောင် လေးစားကြတယ်။ ယုံကြည်ကိုးစား အမြတ်တနိုး တန်ဖိုးထားကြတယ်။
မြန်မာ့ လွတ်လပ်ရေး၊ နိုင်ငံရေးသမိုင်းကို ပြုစုရေးသား ကြတော့မယ်ဆိုရင် ပြည်သူချစ်တဲ့ ပြည်သူ့ ခေါင်းဆောင်ကြီး အဖြစ် ကမ္ပည်းထိုး မှတ်တမ်းတင်ကြရမှာ ဖြစ်တယ်။
မြန်မာစာပေ သမိုင်းကို ပြုစုကြမယ် ဆိုရင်လည်း တိုးတက်တဲ့ ကဗျာ စကားပြေ၊ စာပေ အမွေအနှစ်တို့ကို ချန်ထားရစ် ခဲ့တဲ့ အမျိုးသား စာပေ ခေါင်းဆောင်ကြီး၊ ပြည်သူ့စာပေ ခေါင်းဆောင်ကြီး အဖြစ် ဂုဏ်ပြု မှတ်တမ်း တင်ရမှာ ဖြစ်ပါ တယ်။
ဒီလိုစာပေနဲ့ နိုင်ငံရေး နှစ်ဖြာနှစ်ဝ ပေါင်းကူး ဆက်စပ်ပေးလိုက်တဲ့ ဆရာကြီးရဲ့ ကြီးမြတ်တဲ့ စေတနာ အစဉ်အလာ တွေ ကြောင့် မြန်မာ့စာပေသမိုင်းမှာ အလွန်တရာ ကြီမားမြင့်မြတ်တဲ့ အထွက်အထိပ် နေရာကို ရောက်ရှိခဲ့ခြင်း ဖြစ် တယ်။
ဆရာကြီးကို ဆရာ ဒဂုန်တာရာက “မဟာ သခင် ကိုယ်တော်မှိုင်း” လို့ ကင်ပွန်း တပ်လိုက်ပါတယ်။ ဘာဖြစ်လို့လဲ ဘာကြောင့် မဟာ သခင် ကိုယ်တော်မှိုင်း လို့ ကင်ပွန်း တပ်ရပါသလဲ။ ဆရာကြီးဟာ ဘာဖြစ်လို့ ထူးခြားမြင့်မြတ်တဲ့၊ သူမတူတဲ့နေရာ နိုင်ငံရေးနဲ့ စာပေ ယဉ်ကျေးမှုနေရာတို့မှာ ရောက်ရှိနေပါသလဲ။
ဒီမေးခွန်းတွေကို ဆရာ ဒဂုန်တာရာက ဒီလိုရှင်းပြပါတယ်။
ဆရာကြီးဟာ အဖိနှိပ်ခံပြည်သူတို့ နှစ်ပေါင်းများစွာ အသက်စည်းစိမ် စွန့်လွှတ် အနစ်နာခံလျက် ဆင်နွှဲ တိုက်ပွဲဝင်ခဲ့၊ ဝင်ဆဲ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီးကို ကိုယ်စားပြုခဲ့တဲ့ အတွက်ကြောင့် ဖြစ်ပါ သတဲ့။
ဆရာကြီးဟာ ဒီလို ကျယ်ပြန့်ကြီးမားတဲ့ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲမှာ ကိုယ်တိုင် ပါဝင် ခေါင်းဆောင်ခဲ့တဲ့ အတွက် ကြောင့် ဖြစ်ပါ သတဲ့။
ဆရာကြီးဟာ ၁၉၀၀ ပြည့်လောက်က “ဝံသာနု ကလလရည်ကြည်” တည်စလောက် ကတည်းက အမျိုးသားရေး စိတ်ဓာတ် ရှင်သန်ခဲ့တယ်။ သီပေါ ဘုရင်ကို နယ်ချဲ့စစ်ဗိုလ်တွေ ဖမ်းသွားတာကိုမြင်ပြီး အမျိုးသား လွတ်မြောက်ရေး စိတ်ဓာတ် ကိန်းအောင်း သန္ဓေတည်ခဲ့တယ်လို့ ဆိုခဲ့ပြီ။
၁၉၁၉ ခုနှစ်ရောက်တော့ ဝံသာနု အရေးတော်ပုံဟာ အတော်လေး အရှိန်ရနေပြီ။ အမျိုးသား အချုပ်အချာ အာဏာ ပြန်ရရေး တိုက်ပွဲရဲ့ ပွဲဦးထွက် လှုပ်ရှားမှုအဖြစ် ဘေပုရှိန်တို့ အင်္ဂလန် သွားခဲ့ကြတယ်။ ဒါကို ထောက်ခံ အားပေးတဲ့ အနေနဲ့ ဆရာကြီးက ဒေါင်းဋီကာသစ်ကို ရေးဖွဲ့လိုက်တယ်။
“ခအောင်းကညင် သဖန်းငဲ့ပြင် ထနောင်းပင် တနန်းရယ်တဲ့ ဝနာကဘယံအငူ အပေါင်းဘဝင် ချမ်းစေဖို့ အကောင်းတမင် မှန်းမှန်းပြီး ဒေါင်းအဆင်ဆန်းတွေနဲ့ ပဝါအလံထူ” လို့ ရေးပြီး အင်္ဂလန်သွား ဘေပုရှိန် ကိုယ်စားလှယ် တော်ကြီးများ ကို ဂုဏ်ပြု မှတ်တမ်း တင်ခဲ့တယ်။
၁၉၂၀ ဒီဇင်ဘာ ၅ ရက်နေ့မှာ တနိုင်ငံလုံးက မကြိုက်မနှစ်သက်တဲ့ ရန်ကုန်တက္ကသိုလ် ဥပဒေကို ရန်ကုန် ကောလိပ်နဲ့ ဂျပ်ဆင် ကောလိပ် ကျောင်းသားတွေက သပိတ် မှောက်လိုက်ကြတယ်။ အဲဒီအခါမှာလည်း ဆရာကြီးဟာ ကျောင်း သား တွေ ဘက်က ထောက်ခံအားပေးရင်း ယူနီဗာစတီ ဘွိုင်းကောက်တား မဟာကဗျာ လေးချိုးကြီးကို မျောက်ဋီကာ ထဲမှာ အခုလို ရေးဖွဲ့ခဲ့ပြန်တယ်။
“ဝေးခရီးပေမယ့် အရေးကြီးလျှင်ဖြင့် သွေးနီရာပါစမြဲပေမို့
ဆရာလဲကွာ ပထမအရင် ကနဦးဆီက မြန်မာ့တခွင်မှာ သမ္မတ ရှင်ဘုရင် မလူးခင်ပ
“ထ” ဆင်ထူးကို တမြည်မြည် သင်ခဲ့သမို့ “ထီ” မထင် ကျောင်းတော်သားတွေရဲ့
အမည်အစဉ် ခေါင်းပေါ်ဖျားတွင်မှ မင်းတို့ဆရာကို စာရင်းတို့ကာ ထားလိုက်ကြပေရော့” လို့ ဖွဲ့သီခဲ့တယ်။
၁၉၃၆ ဖေဖော်ဝါရီ ၂၅ ရက်မှာ ကိုနု၊ ကိုအောင်း တို့ကို ကျောင်းထုတ်တာနဲ့ ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ်ကို ဒုတိယအကြိမ် သပိတ်မှောက်လိုက်ကြပါတယ်။ ၁၉၃၆ မေ ၁၀ ရက်မှာ သပိတ်လှန်ခဲ့တယ်။ ကိုနု၊ ကိုအောင်ဆန်း တို့ဟာ ကျောင်းက ပြန်လက်ခံပေမယ့် ကျောင်းပြန်မတက်တော့ဘဲ အမျိုးသားကျောင်းကို ထူထောင်လိုက်တယ်။
ကျောင်းသား ခေါင်းဆောင်တွေ အမျိုးသားကျောင်း ထူထောင်လိုက်တာနဲ့ ပတ်သက်ပြီး ဆရာကြီးက “တက္ကသိုလ် သခင်ကျောင်း” ဘွဲ့ကို သခင်ဋီကာကြီး ထဲမှာ အခုလို သီကုံးခဲ့ပြန်တယ်။
“ရွှေဒေါင်းအိုးဝေ မဂ္ဂဇင်းဆီက အယ်ဒီတာ မောင်ညိုမြ ရဲ့ အပြင်
ဗမာ့အတွက် မရသမျှ ပွက်မကွ ဆိုတဲ့ သမဂ္ဂ ဥက္ကဋ္ဌ မောင်ဘကြမ်းတို့ဘို့
ဓဇဂ္ဂသုတ်အရ သြောင်းတဖွဖွမန်းရာက အောင်ဇယပန်း ညောင်သပြေ နုချိန်မတော့
နောင်မြန်မာ့စာတန်း မောင်ရွှေနုရယ်လို့ အောင်ဇေယျတု မြွက်မဆုံးနိုင်မဲ့ပြင်
တက်ဘုန်းကြီးဆရာ သိန်းဖေကလေးတို့ကိုဖြင့် နောင်သို့တကဲ့ အောင်ဘို့ တပဲ့တွေနဲ့
မောင်တို့ရဲ့ တက္ကသိုလ်သခင်ကျောင်း”လို့ ရေးသား သီကုံးခဲ့ပြန်ပါတယ်။
၁၉၅၀ ပြည့်နှစ်က ဆရာကြီးကို ဖဆပလ အစိုးရ အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ပြီး တလ ၅၀၀ ကျပ် စားစေလို့ ပေးခဲ့ တယ်။ ဆရာကြီးဟာ ဘွဲ့ထူးဂုဏ်ထူး ရာထူး ငွေကြေးနဲ့ မြူဆွယ်ပေမယ့် မယိမ်းမယိုင်ဘဲ ပြည်သူဘက်က မားမား မတ်မတ် ရပ်တည်မယ့် အကြောင်း ရေးဖွဲ့ပါတယ်။
သခင်ဆရာ မော်စတရာတလှဲ့ရယ်လို့ “အလင်္ကာကျော်စွာ” ဘွဲ့ရတဲ့ပြင် တော်စွာရော်စွာနဲ့ မသေသမျှ စားပါစေ
သြော် ဘော်အသပြာမကွဲ့ တလတလ ငွေငါးရာပေး။
တချက်တည်း ပြစ်ပြစ်ခါခါ သစ္စာဖောက်မယ်လို့ သခင်အထင် မရောက်ကြစေနှင့်
မကြောက်မညှာ မှန်ရာလုပ်သူမို့ အနုစုတ် ဂုတ်စုတ် အမြောက်စိန် ဖောက်ချင်လို့ ခွဲသလိုပေါ့
တသုတ်နောက်တကြိမ် ပေါက်ဆိန်ပွဲမှာလ သြော် အသင်းတို့ အပင်းတို့ သတင်းတို့နဲ့
အဆက်မကွာအောင်ဟာ မင်းတို့ဘက်မှသာ ကြဲမဲ့ နွဲ့မဲ့ပြင်။
ဟေ့ တဗိုလ်ထမည့် ညိမြရဲ့ ထင်းခုတ်တော့ဟဲ့
တမင်းတလုတ်ဖြင့် အများတကာနဲ့ စားရမှာမလွဲ။
အဲဒီလို ဆရာကြီးက ထင်းခုတ်စားလဲ ထမင်းတလုတ်ကတော့ အများနဲ့တူစားရမှာပဲလို့ ခပ်ပြောင်ပြောင် ပြတ်ပြတ် ရေးခဲ့ တယ်။
ဆရာကြီးဟာ ၁၉၂၀ ကျောင်းသား သပိတ်ကြီး ကတည်းက ကျောင်းသားတွေအပေါ် သံယောဇဉ်ကြီးခဲ့တယ်။ ထောက်ခံ အားပေးခဲ့တယ်။ ဆုံးမသြဝါဒ ပေးခဲ့တယ်။ သမဂ္ဂ အာဘော် အိုးဝေမဂ္ဂဇင်းမှာလဲ အမြဲမပြတ် နီးပါး ရေးသား ခဲ့တယ်။
၁၉၅၂ ခုနှစ်က အိုးဝေမဂ္ဂဇင်းမှာ “ရန်ကုန် တက္ကသိုလ် အိုးဝေမဂ္ဂဇင်းဘွဲ့” မဟာကဗျာ လေးချိုးကြီးနဲ့ ကျောင်းသား တွေ ညီညွတ်ကြဖို့ နယ်ချဲ့ဆန့်ကျင်ရေး တရုတ်ဖြူ ကျူးကျော်မှု ဆန့်ကျန်ရေး အတွက် သတိပေးရေးဖွဲ့ထားတာကို လည်း ဖော်ပြ လိုက်ပါတယ်။
အိုးဝေ မဂ္ဂဇင်းဘွဲ့
(၁) အကြောင်းအကျိုး တည်းဟူသော၊ အကောင်းအဆိုး အထွေထွေ အချက်အလက် ထိုထိုရှင်းစေဖို့၊ “ဒေါင်းအိုးဝေ” တက္ကသိုလ် မဂ္ဂဇင်းဆီသို့၊ အဆက်ကို မကင်းနိုင်သမို့ သတင်း ပို့လိုက်မည်။
“အိုကွယ်” အထက် နဂိုရ်အရင်းဆီက၊ မပျက်မပြို မယွင်းပေသမို့၊ အသင်းအပင်းဆိုတဲ့ အချင်းချင်းတို့ စရိုက်ညီလို့ အလိုက်အထိုက်ညီ။
(၂) သြော် (LOGIC) လောဂျိတ် ခေတ်ကယ်လို့၊ ကောလိပ်အဖြစ်တွင်ဖြင့် တလောစိတ်ညစ်ဘွယ် ဆရာကြုံသနဲ့၊ ရတနာပုံ အနောက်ဘက်တောင်စဉ် စစ်ကိုင်းတွင်ဖြင့်၊ မောင်ရင်မှိုင်းကြီး ဗိုလ်ဝင်ခံပြီး၊ ဟိုအရင်ယမန် အသက်ရှိသမျှ ကြိုးမပေါ့လို့၊ ဖိုပလ္လင်ပျံမှာ အဂ္ဂိယထိုးရာက၊ အမျိုးဘာသာ ရိုးရာအတွက်ကိုဖြင့်၊ အသက်သေတောင် မသွေမရှောင် ဘူး ဆိုတဲ့၊ ထိုတကဲ့အကောင် သခင်တပဲ့ ကလေးတို့ကိုလ၊ မင်းလောင်း မင်းလျာတွေကို ထမင်းတောင်းကာ ကျွေးခဲ့ တဲ့ ပြင်။
“သြော်” အယူအသန်ဖြင့်၊ ကုလားဖြူနှံမဟဲ့ ကုလားဖြူနှံမဟဲ့နဲ့၊ တဆူဆူ တညံညံတွေကို အလှူခံလို့ မွေးပြီး၊ အင်း ကုလားအရေး စဘို့၊ ဒါးသွေးကြဟဲ့နဲ့၊ အားပေးကာ ဆရာကူညီသဖြင့် မြန်မာဇမ္ဗူဒီ အစစ်တကောင်းဆိုတဲ့ ခေတ် တကောင်း ရဲ့ပြင်၊ မြင်မြင်ကရာကို အတွင်သာ အုပ်အုပ်ပြီး၊ (EMPIRE) အင်ပါယာ လုပ်ချင်တဲ့၊ လူရှုပ်ကောင် နယ်ချဲ့ အပေါင်းကိုဖြင့် ဒေါင်းစမုတ် တလှည့် တည့်အောင်နော်ကွယ်၊ မကောင်းအရုပ် ကုလားဂေါင်းပြုတ်ကရော့လို့၊ မောင်း ထုတ်ခဲ့ပြီ။
(၃) သို့လကွာ၊ အဆင်မတဲ့ချင်တော့၊ “တို့ဗမာ” သခင်အဖွဲ့ဆီက အကြင်တပဲ့ အထွေထွေအလီလီ၊ အဝေမည်စေဖို့ တကိန်ကိန် အမှောင့်မသေး၊ “အိုးကွယ်” (A.B.C) အေဘီစီတွေရဲ့ အိမ်စောင့်ခွေး။
(၄) ခက်ပဲခက်သကွာ ရှက်လဲရှက်စရာပေ၊ လက်ဝဲလကျ်ာ အဖြူအနီ လူတရှင်းတို့ကြောင့်၊ အသင်းအပင်းဆိုတဲ့ အချင်းချင်း တွေတောင် မညီညွတ်မူ၍၊ ပြည်ကျွတ်အောင် အမြီးတထောင်ထောင်နှင့်၊ အသီးသီးဟောင်ဟောင်ပြီး တညီးညီးတပြောင်ပြောင် မီးလောင်တိုက်သွင်းချိန်မို့၊ ယင်းသို့သောအခါမှာ မင်းတို့ကလည်း သြဇာမညောင်းပြန်တော့၊ နေဟောင်း ဇာတိအရင်းပေပေါ့။ ချင်းတွင်းကျေး အညာတခိုက၊ ကလေးရာဇဂြိုဟ်ကိုတောင် တွေးကာ အလိုလို လွမ်းတဲ့ပြင်၊ မစွမ်းနိုင် မသာမယာ ဒုက္ခဖြင့် ဇရာဒုဗ္ဗလအရွယ် ရွံစဖွယ်နှင့်၊ အလွန်မငယ်တဲ့ ၇၇ နှစ် အတွင်းတွင်မှ၊ ကျွန်စာရင်း တဖန်တခါ ပြန်ကာ ရောက်မလားလို့၊ နောက်တီးနောက်ချာ မခန့်စွာ စိတ်ကယ်နှင့်၊ ကြောက်လည်း ကြောက်ခါ လန့်ကာ ထိတ်မိတဲ့ပြင်၊ (အမယ်မင်း) မြန်မာ့ရန်နှစ်ထွေ အရိပ်ပေမို့၊ တိတ်နှင့် နိမိတ်နှင့် အရာတွေးတွေး ပြီး၊ “သြော်” ဗမာမြန်ပြေထိပ်ဆိုတဲ့၊ ဗမာချန်ကေရှိတ်တို့ကြောင့် စိတ်ဖြင့် ဆရာမအေး။ လို့ အိုးဝေ မဂ္ဂဇင်း ဘွဲ့ကို ရေးသားခဲ့ပါတယ်။
ဆရာကြီးဟာ ကျောင်းသားတွေ အပေါ် အင်မတန်စာနာတဲ့ အပြင် ငယ်မူငယ်သွေးနဲ့ မဖောက်မပြန် ဟုတ်တိုင်း မှန်ရာ ကို တည့်တည့်မတ်မတ် လုပ်ကိုင်တတ်တဲ့ အပေါ် လွန်စွာ နှစ်ထောင်း အားရဖြစ်ပြီး ကျောင်းသားတွေရဲ့ တော်တည့် မှန်ကန်တဲ့ လုပ်ငန်းတိုင်းကို အားပေး ထောက်ခံခဲ့ပါတယ်။
ဆရာကြီးဟာ အဲဒီလို အားပေးသလို အိုးဝေမဂ္ဂဇင်းကနေလည်း ဆောင်းပါးတွေ ရေးသားပြီး လမ်းညွှန် သတိပေးခဲ့ပါ တယ်။ ။
စာရေးသူ လှကွန့်သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသော စာနယ်ဇင်း မီဒီယာများတွင် သမိုင်း ဆိုင်ရာများ နှင့် နိုင်ငံရေး ဆိုင်ရာ စာပေများကို ရေးသားနေသူလည်း ဖြစ်ပါသည်။