ဆောင်းပါး

တတိယအကြိမ် ၂၁ ရာစု ပင်လုံကို အနီးကပ် ကြည့်ရှုခြင်း (၁)

Want create site? Find Free WordPress Themes and plugins.

နောက်ကျခဲ့သော ညီလာခံ ဒုတိယ အကြိမ် ပင်လုံ ညီလာခံအပြီး တနှစ်ခန့်ကြာမှ တတိယအကြိမ် ညီလာခံကို ကျင်းပ နိုင်ခဲ့ ပါသည်။

ယခုထက်စော၍ ကျင်းပရန် စီစဉ်ခဲ့ကြသော်လည်း ကျင်းပခြင်းမရှိနိုင်ခဲ့ပေ။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ဆိုင်ရာ သဘောတူ စာချုပ် (NCA) လက်မှတ်ထိုးထားသော တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) များ နှင့် အစိုးရ၊ တပ်မတော်ကြား အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေးနှင့် ပတ်သက်၍ လည်း ကောင်း၊ နိုင်ငံရေး ဆွေးနွေးမှုများမှ သဘောတူညီချက် ရယူမှုတွင် လည်းကောင်း သဘောထား ကွဲလွဲမှုများကြောင့် မကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။

အချိန်ကာလကြာ ညီလာခံ မကျင်းပနိုင်ဘဲဖြစ်နေရာမှ ယခု တတိယအကြိမ်ပင်လုံညီလာခံသည် ငြိမ်းချမ်းရေး လုပ်ငန်း စဉ် အသက်ဆက်ရန် မဖြစ်မနေကျင်းပခဲ့ရသော ညီလာခံဟုဆိုနိုင်သည်။ ညှိနှိုင်းမရသော အရေးပါသည့် နိုင်ငံရေး နှင့် လုံခြုံရေး ကဏ္ဍမှ အရေးကြီးသော အချက်များကို ချန်လှပ်၍ ညှိနှိုင်းရန် လွယ်ကူမည့်ကဏ္ဍနှင့် အချက်အလက်များကို ရွေးထုတ်၍ သဘောတူညီချက် ရယူသည့် ညီလာခံဟု ဆိုရပါမည်။

ဤညီလာခံတွင် လုံခြုံ ရေးကဏ္ဍမှ မည်သည့် သဘောတူညီချက်မှ မပါဘဲ နိုင်ငံရေးကဏ္ဍမှ ၄ ချက်၊ စီးပွားရေး ကဏ္ဍ မှ ၁ ချက်၊ လူမှုရေး ကဏ္ဍမှ ၇ ချက်၊ မြေယာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍမှ ၂ ချက် စုစုပေါင်း ၁၄ ချက် အား သဘောတူညီချက် ရခဲ့သည်။

နိုင်ငံရေးကဏ္ဍ အချက်၄ ချက်တွင် အရေးကြီးသော တိုင်းရင်းသား အခွင့်အရေး ပြဿနာများ မပါဘဲ ကျားမ မခွဲခြား ရေး ပြဿနာကဲ့သို့ သာမန် ဒီမိုကရေစီ ပြဿနာများသာ ပါဝင်သည်။

ထို့ပြင် တိုင်းရင်းသား အခွင့်အရေးနှင့်ညိသော အခြားကဏ္ဍမှ အချက်တချို့လည်း ၂၀၁၈ ခုနှစ် ဇူလိုင် ၉ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အစည်းအဝေးတွင် ချန်လှပ် ထားခဲ့ရ သည်ဟု ဆိုပါသည်။

တတိယပင်လုံ ဖွင့်ပွဲ မိန့်ခွန်းများ ကောက်နုတ်ချက်

ညီလာခံဖွင့်ပွဲ နေ့တွင် ပြောကြားသော အဖွင့်မိန့်ခွန်းများမှ ညီလာခံ အခြေအနေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခြေ အနေ နှင့် ပါဝင်သည့် အစုအဖွဲ့ အသီးသီး၏ သဘောထားများကို တွေ့မြင်နိုင်ပါသည်။

တတိယအကြိမ် ၂၁ ရာစု ပင်လုံ အစည်းအဝေးတွင် မိန့်ခွန်း ပြောနေသော ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ – ဧရာဝတီ)

ဒေါ်အောင်ဆန်းစုကြည် (အစိုးရ)

အစိုးရအဖွဲ့ ခေါင်းဆောင် တဦးအနေနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တခုလုံးအား အကောင်းမြင်ဘက်မှ ကြည့်ရှု ချဉ်းကပ် သုံးသပ် သွားသည်ဟု ဆိုရပါမည်။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပါ အဓိက အချက်များမှာ –

၁။ NCA သည် ပြီးပြည့်စုံခြင်းမရှိဟု ဆိုနိုင်သော်လည်း ငြိမ်းချမ်းရေး အတွက် အစပြုချက်ဟူ၍ NCA နှင့်ပတ်သက်၍ ထပ်မံရပ်ခံ။

၂။ NCA ကို ပြန်လည် သုံးသပ်၍ အလွတ်သဘော ဆွေးနွေးပွဲများ ကြိမ်ဖန်များစွာ ကျင်းပခဲ့ပြီး သဘော တူညီချက် များ ရယူကာ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ထွန်းရေး အရွေ့တခု ဆောင်ရွက်ရန် လှုံ့ဆော်။ (အရင်က လက် မခံသော ဖက်ဒရယ်ကို ယခု လက်ခံလာသည်ကို အကောင်းမြင်ဖို့ လိုသည်ဟုဆို)

၃။ NCA ၏ အသီးအပွင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ၏ ကဏ္ဍကို လေးစားပြီး လက်နက်ကိုင်ပဋိပက္ခ လျှော့ချ နိုင်မှုကို ဆက်လက် ထိန်းသိမ်းရန်။

၄။ NCA မှာ လက်မှတ် မထိုးသေးသော အဖွဲ့များ ပါဝင်ဖို့ လိုအပ်။

၅။ Bilateral ထိုးခြင်း၊ NCA ထိုးခြင်း၊ ပြည်ထောင်စု သဘောတူညီမှု ရယူခြင်းတို့ တဆင့်ပြီးတဆင့် ခရီးပေါက်နေ။ ဝိဝါဒ ကွဲပြားသော အဖြေရှာမှုများနှင့် ထွေပြားလျှင် သော်လည်းကောင်း၊ အားလုံးညှိနှိုင်းပြီးမှ ငြင်းပယ်လျင်သော် လည်းကောင်း ယုံကြည်မှု ပျက်ပြားနိုင်သည်ကို သတိပြုရန်။

၆။ အားလုံးညှိနှိုင်းပြီး အပေးအယူ အလျှော့အတင်းနှင့် စေ့စပ်ညှိနှိုင်းရန်၊ ကွဲလွဲမှုများကို ကျော်လွှားရန်။

၇။ နောက်ဆုံးတွင် မည်သူက ငြိမ်းချမ်းရေး လိုလားသည် မလိုလားသည်ဆိုသည်မှာ ၂၁ ရာစု ပင်လုံ ညီလာခံတွင် ပေါ်လွင်လာမည် ဖြစ်ပြီး ပြည်သူလူထုက စောင့်ကြည့်နေသည်ဟု ဆိုသည်။

တတိယအကြိမ် ၂၁ ရာစု ပင်လုံ အစည်းအဝေးတွင် မိန့်ခွန်း ပြောနေသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဓာတ်ပုံ – ဧရာဝတီ)

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (တပ်မတော်)

တပ်မတော် ခေါင်းဆောင် တယောက်အနေနှင့် တပ်မတော် သဘောထားကို ဖော်ပြသွားသကဲ့သို့ တပ်မတော် ကို လည်း ကာကွယ် ရပ်ခံသွားသည်။

မိန့်ခွန်းပါ အဓိက အချက်များမှာ –

၁။ တိုင်းပြည် ဖွံ့ဖြိုးရန် ငြိမ်းချမ်းရေး လိုအပ်။

၂။ ပြည်တွင်းစစ် တရားခံသည် ကိုလိုနီစနစ် သွေးခွဲအုပ်ချုပ်ရေးမှ အခြေခံ။ နောက်ပိုင်းတွင် နိုင်ငံရေး၊ အယူဝါဒရေး၊ ဘာသာရေးများပေါ်တွင် အခြေခံပြီး လက်နက်ကိုင် ပုန်ကန်မှုများပေါ်လာ။ တပ်မတော်ကြောင့် ပေါ်လာသည်မဟုတ်။

၃။ ၁၉၄၈ ခုနှစ် မေလ ၁၅ ရက်မှာ နုမူ ၁၅ ချက်ထွက်လာပြီး ဗိုလ်နေဝင်း ဥက္ကဋ္ဌလုပ်ပြီး ငြိမ်းချမ်းရေးစတင်။ ၁၉၆၃ ခုနှစ် ဇွန် ၁၁ ရက်မှာ တော်လှန်ရေးကောင်စီက ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့။ ၁၉၈၀-၈၁ မှာလည်း ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများ ပြုလုပ်ခဲ့။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ အဖွဲ့ကြီး ၁၇ ဖွဲ့၊ အဖွဲ့ငယ် ၄၀ နှင့် အပစ်ရပ် ငြိမ်းချမ်းရေးယူ ခဲ့။၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ တွင် ၁/၂၀၁၁ ကြေညာချက် ထုတ်ပြန်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတင်ခဲ့။ ယခုချိန်ထိ ၁၀ ဖွဲ့ NCA ထိုးပြီး။

၄။ လွှတ်တော်က အတည်ပြု ပြီးသည့် NCA ကို EAOs အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးဖို့လို။

၅။ လက်ရှိနိုင်ငံရေးဆွေးနွေးပွဲများတွင် နိုင်ငံရေးပြဿနာများ မပြီးပြတ်ဘဲ ချန်ထားကြသည်များကို ပြီးပြတ်အောင် ဆွေးနွေးဖို့ လိုကြောင်း ။ ၂၀၂၀ ခုနှစ်မှာ ကျင်းပမည့် ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်များ ပြီးပြတ်စေရေး ဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း။ တပ်မတော် အင်အားချိနဲ့၍ ငြိမ်းချမ်းရေး လုပ်နေသည် မဟုတ်ကြောင်း။

၆။ သဘောတူညီချက်ကိုသာ ထိန်းသိမ်းနိုင်ရင် သေနတ်သံထွက်မည် မဟုတ်၍ ကိုယ့်လူကိုယ်ထိမ်းရန် လိုကြောင်း။

၇။ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား အဖွဲ့အစည်းများသည် ၎င်းတို့အား ထောက်ခံသူများကိုသာ ကိုယ်စားပြုကြောင်း၊ တပ်မတော်သည်သာ ပြည်သူလူထု တရပ်လုံးကို ကိုယ်စားပြုကြောင်း။

၈။ အခြေခံဥပဒေ ပြင်ဆင်ရေးအား ဥပဒေပါ ပြဌာန်းချက်များ အတိုင်း ပြုလုပ်ရန်။

၉။ တခုတည်းသော တပ်မတော်တရပ် တည်ဆောက်ပြီး လက်နက်ကိုင် လမ်းစဉ် ချုပ်ငြိမ်းစေရန်။

၁၀။ ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိပြီး အရွေ့တခုအတွက် အချိန်မဆွဲကြရန်။ တည်ငြိမ် အေးချမ်းသော နယ်စပ် ဒေသများဖြစ်စေရန် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

တတိယအကြိမ် ၂၁ ရာစု ပင်လုံ အစည်းအဝေးတွင် တွေ့ရသော KNU မှ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(ဓာတ်ပုံ – ဧရာဝတီ)

ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး

ကရင် အမျိုးသား အစည်းအရုံး (KNU)

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များဘက်မှ အမြင်နှင့် စိုးရိမ်ပူပန်မှုအား ဖော်ပြသွားသည်ကို တွေ့ရသည်။

၁။ EAOs အဖွဲ့၈ ဖွဲ့စတင် လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေး အုတ်မြစ်ချခဲ့။

၂။ အချက် ၃၇ ချက်ပါ ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း ၁ အား ချုပ်ဆိုနိုင်ခဲ့။

၃။ တို့တာဝန် အရေးသုံးပါးကို ရှေးရှုပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှုများပေါ် အခြေခံသည့် ပင်လုံ စိတ်ဓာတ် နှင့် အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အာမခံချက်ရှိသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် အခြေခံသော ပြည်ထောင်စုအား ဆွေးနွေးပွဲရလဒ်နှင့်အညီ တည်ဆောက်သွားရန်။

၄။ ပင်လုံစာချုပ်အရ ပြည်ထောင်စု ဖြစ်ပေါ်လာ။ ပြည်ထောင်စုအား စစ်ရေးဖိအားနှင့် တည်ဆောက်၍ မရနိုင်။ တိုင်းရင်းသားချင်း စည်းလုံးညီညွတ်ရေးကို တိုင်းရင်းသားများကြား လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှု အခြေခံ များပေါ်မှသာ တည်ဆောက်နိုင်။ ယုံကြည်မှု၊ နားလည်မှု၊ စာနာမှုများပေါ်မှသာ တည်ဆောက်နိုင်။

၅။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို မူဘောင်ပြဌာန်းချက်များနှင့်အညီ မကျင်းပနိုင်ခြင်း၊ ဆွေးနွေးသော အကြောင်းအရာများ အပေါ် အမြင်မတူ၍ သတ်မှတ်သည့် အချိန်ကာလအတွင်း ညီလာခံ မကျင်းပနိုင်ခြင်းတို့အား ထောက်ပြ။

၆။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နောက်ပြန်လျှောမကျရန် လိုအပ်သည်ဟု ထောက်ပြသွားပါသည်။

ANP ပါတီမှ ဒေါ်အေးနုစိန်(ဓာတ်ပုံ – ဧရာဝတီ)

ဒေါ်အေးနုစိန်

ရခိုင် အမျိုးသား ပါတီ (ANP)

နိုင်ငံရေးပါတီ အစုအဖွဲ့မှ ပထမဆုံး အဖွင့်မိန့်ခွန်း ပြောခွင့်ရသည့် တိုင်းရင်းသား ပါတီ ဖြစ်သည်။ ပထမနှင့် ဒုတိယ အကြိမ် တို့တွင် ပြည်မမှ ပါတီကြီးများဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) တို့က ပြောခွင့်ရခဲ့ပြီး ယခုအကြိမ်တွင် တိုင်းရင်းသား ပါတီ တခုဖြစ်သည့် ANP ပါတီက ပြောခွင့်ရခဲ့ရာတွင် တိုင်းရင်းသားပါတီတခု၏ အမြင်ကို ကြားသိရသည်။

၁။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေ အောက်တွင် ရခိုင်သည် ပြည်နယ်အဆင့်ပင် မရခဲ့။ ၁၉၇၄ ခုနှစ် အခြေခံဥပဒေတွင် ပြည်နယ် အဆင့် ရခဲ့သော်လည်း ဘာမှမထူးခြားဘဲ ဆင်းရဲမွဲတေခဲ့။

၂။ ANP ပါတီ၏ ရည်မှန်းချက်များမှာ

– စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန်။

– ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသား လူမျိုးစုများ၏အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရန်နှင့် ဖွံ့ဖြိုး တိုးတက်စေရန်။

– ဒီမိုကရေစီစနစ် ဖွံ့ဖြိုးရေး ကြိုးပမ်းဆောင်ရွက်ရန်။

၃။ မြန်မာ့နွေဦးဟ ုပြောရမည့်အချိန်တွင် ပြည်နယ်နှင့်ပြည်မကြား ဖွံ့ဖြိုးမှု မညီမျှခြင်း၊ ပြည်နယ်များတွင် စစ်ဘေးဒဏ် နှင့် ဆင်းရဲနွမ်းပါးမှုဒဏ် ခံနေရ။

၄။ တိုင်းရင်းသားများကို အစွန်းရောက်နေသူများဟု မမှတ်ယူဘဲ ဗမာပါတီကြီးများနှင့် တပ်မတော်၏ သဘောထားကြီး မှု ကို မျှော်လင့်။

၅။ မြန်မာပြည် ငြိမ်းချမ်းရေး ဒီမိုကရေစီရေးတွင် ဖြေရှင်းရန်လိုအပ်နေသည်မှာ ဘင်္ဂါလီမွတ်စလင် ပြဿနာလည်း တခု အပါအဝင် ဖြစ်။ ၎င်းပြဿနာသည် နိုင်ငံသားနှင့် တရားဝင်နေထိုင်မှု ပြဿနာကို ပြတ်ပြတ်သားသား မဖြေရှင်းနိုင်၍ ဖြစ်ပေါ်လာခြင်း ဖြစ်။

၆။ ရခိုင်ပြဿနာဟု ပြောဆိုနေကြသည့် ဘင်္ဂါလီမွတ်စလင် ပြဿနာကို ဖြေရှင်းရာတွင် ပထမအနေနှင့် ရခိုင် တိုင်းရင်း သား များ ၏ မူလအခွင့်အရေး မဆုံးရှုံးရန်လိုအပ်ပြီး ဒုတိယအနေနှင့် ပြဿနာကို ဖြေရှင်းရာမှာ ရခိုင်လူမျိုး များ၏ အသံကို မပစ်ပယ်ရန် နှင့် ရခိုင်လူမျိုးတို့၏ နိုင်ငံရေးကဏ္ဍအား မပစ်ပယ်ရန် အရေးကြီးသည်ဟု ထောက်ပြ သွား ခဲ့သည်။

အဖွင့် မိန့်ခွန်းများအား သုံးသပ်ချက်

အစိုးရအာဘော်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား အကောင်းမြင်ဘက် မှ သုံးသပ်သည်။

NCA အားထပ်မံအတည်ပြုပြီး NCA လုပ်ငန်းစဉ်အတိုင်း နိုင်ငံရေးဆွေးနွေးပွဲ ဆက်လက် ဖော်ဆောင်ရန် အတည်ပြု သည်။ အပေးအယူ အလျှော့အတင်းနှင့် စေ့စပ်ညှိနှိုင်းပြီး ကွဲလွဲမှုများကို ကျော်လွှားခါ ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံ တည်ဆောက်မည်ဟု ဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတွင် ထူးခြားချက်မှာ ၂၁ ရာစု ပင်လုံညီလာခံအတွင်း ငြိမ်းချမ်းရေး မလိုလားသူများ ပေါ်လာနိုင်သည်ဟု ညွှန်းဆို သွားသည်ကို တွေ့ရပြီး ထိုသူများသည် မည်သူမည်ဝါများဖြစ်သည် ဆိုခြင်းကို လည်းကောင်း၊ ထိုသူများကို မည်သို့မည်ပုံ ကျော်လွှား ဖြေရှင်းမည်ဆိုခြင်းကို လည်းကောင်း ဖော်ပြထားခြင်းမရှိပါ။ အနာဂတ်တွင် ကြုံတွေ့ရမည့် ပြဿနာ တရပ်အဖြစ် ရည်ညွှန်းထားသည်ဟု ဆိုရပါမည်။

တပ်မတော်၏ အာဘော်ဖြစ်သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းသည် တပ်မတော်အား ကာကွယ်ပြောဆို သွား သကဲ့သို့ တပ်မတော်၏ သဘောထားကိုလည်း ဖော်ပြသည်ကို တွေ့ရသည်။

ပထမအချက် အနေနှင့် လက်နက်ကိုင်ပဋိပက္ခများသည် တပ်မတော်ကြောင့် ပေါ်ပေါက်လာရခြင်း မဟုတ်ကြောင်း၊ အခြေခံ အားဖြင့် နယ်ချဲ့ကိုလိုနီများ၏ သွေးခွဲ အုပ်ချုပ်မှုကြောင့်ဖြစ်ပြီး နောက်ပိုင်းတွင် နိုင်ငံရေး၊ အယူဝါဒရေး၊ ဘာသာ ရေးနှင့် ပတ်သက်သည့် အခြေခံပေါ်မှ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်လာကြောင်း ရပ်ခံသည်။

သို့သော် နှစ် ၇၀ ကြာ ပြည်တွင်းစစ်တွင် တပ်မတော်သည် အစိုးရတာဝန်ကို နှစ် ၅၀ ကြာ တာဝန်ယူခဲ့သည့်ပြင် လက် ရှိ ၂၀၀၈ အခြေခံ ဥပဒေ အောက်တွင်လည်း တပ်မတော်၏ သီးခြားအခန်းကဏ္ဍ ရှိနေပေရာ တပ်မတော် အနေနှင့် တာဝန်ရှိမှု တာဝန်ယူမှု အပိုင်းနှင့် ပတ်သက်ပြီး ရှောင်လွှဲရန် ခက်ခဲပါသည်။

ဒုတိယအနေနှင့် ပါတီအဖွဲ့အစည်းများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများသည် ၎င်းတို့ ထောက်ခံသူများကိုသာ ကိုယ် စား ပြုပြီး ပြည်သူလူထုကို ကိုယ်စားမပြုဘဲ တပ်မတော်သည်သာ ပြည်သူလူထုကို ကိုယ်စားပြုသည်ဟု ပြောကြား ချက် သည်လည်း အငြင်းပွားဖွယ် ဖြစ်သည်။

ပါတီအဖွဲ့အစည်း၏ ကိုယ်စားပြုမှုကို ငြင်းခုံနိုင်သော်လည်း ဒီမိုကရေစီနည်းနှင့် လူအများစုက ရွေးကောက် တင် မြှောက် လိုက်သော အစိုးရသည် ပြည်သူလူထုအများစုကို ကိုယ်စားပြုသည် ဆိုသည်ကိုတော့ ငြင်းပယ်၍ မရပေ။ ထို့အတူ တပ်မတော်အနေနှင့် ပြည်သူလူထုအား ကိုယ်စားပြုသည် ဆိုခြင်းနှင့် ပတ်သက်၍ ပြည်တွင်း ပြည်ပ လက်ခံ နိုင်သည့် စံနှုန်းများ ရှိရန် လိုအပ်ပေသည်။ သို့ဖြစ်ရာ တပ်မတော်အား ကာကွယ်ပြောဆိုသည်ကို နားလည်၍ ရသော် လည်း အထက်ပါ အချက်နှစ်ချက်သည် အငြင်းပွားဖွယ်ရာဖြစ်ပြီး အများလက်ခံနိုင်ရန် ခက်ခဲပေသည်။

တတိယ အချက်အနေနှင့် တပ်ချုပ်သည် NCA အား ထပ်မံ အတည်ပြု ရပ်ခံပါသည်။ NCA နှင့် ပတ်သက်၍မူ အစိုးရ နှင့် တပ်မတော် တသဘောတည်းဟု ဆိုရပါမည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် NCA သည် အစိုးရနှင့် တပ်မတော် အတွက် မူဝါဒပြဿနာ ဖြစ်နေသကဲ့သို့ ဂုဏ်သိက္ခာပြဿနာလည်း ဖြစ်သည်ဟု ဆိုရပါမည်။

တပ်မတော်၏ သဘောထား ဖော်ပြချက်တွင် စတုတ္ထအချက်သည် ထူးခြားချက်ဖြစ်သည်။ သတိပြုရမည့် အချက်ဖြစ်ပါ သည်။

ထိုအချက်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် သဘောတူညီမှု မရသေးသည်များကို ဆိုင်းငံ့မထားဘဲ ပြီးပြတ်အောင် ဆွေးနွေးရန် တိုက်တွန်းထားပြီး ၂၀၂၀ တွင် ကျင်းပမည့် ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ဆွေးနွေး ညှိနှိုင်းမှုများ ပြီးပြတ်ရန် မျှော်လင့်သည်ကို တွေ့ရသည်။

တပ်မတော်အနေနှင့် နိုင်ငံရေး ဆွေးနွေးပွဲများအား အချိန်အကန့်အသတ်နှင့် လုပ်ဆောင်ရန် သဘောထားသည်ကို တွေ့ ရ သည်။ နိုင်ငံရေးဆွေးနွေးပွဲများကို၂၀၂၀ အထိသာ အချိန် ကန့်သတ်သည်ဟု ဆိုရပါမည်။ ထို့ပြင် တပ်မတော် အနေနှင့် ငြိမ်းချမ်းရေး လုပ်ဆောင်နေသည်မှာ အင်အားချိနဲ့၍မဟုတ်ဟု ဆိုခဲ့ပါသည်။

ဤနေရာတွင် မရှင်းလင်းသည့်အချက်မှာ ၂၀၂၀ တွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအား “ဒုတိယ အကြိမ်” ဟု သုံးစွဲခြင်း ဖြစ်ပါသည်။ လက်ရှိ အကြိမ်ရေတွက်ပုံနှင့် ကွဲလွဲနေသည်ကို တွေ့ရပါသည်။ (PC မှ တာဝန် ရှိသူ တဦးကမူ ညီလာခံအား တနှစ်လျှင် ၂ ကြိမ် ကျင်းပရန် ဆုံးဖြတ်ထားသည်ဖြစ်ရာ ၂၀၂၀ တွင် ကျင်းပမည့် ဒုတိယ အကြိမ် ကျင်းပမည့် ညီလာခံကို ရည်ညွှန်းသည်ဟု ဆိုပါသည်)

EAOs ဘက်မှ သဘောထားဖြစ်သည့် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ၏ တင်ပြချက်မှာ ပထမ အချက်အနေနှင့် မကြာခင်က NCA နှင့် ပတ်သက်၍ သံသယရှိသည့် ကြေညာချက် တစောင်အား ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) က ထုတ်ပြန်ခဲ့သော်လည်း KNU ဥက္ကဌ အနေနှင့် NCA လမ်းကြောင်းပေါ်တွင် အောင်မြင်မှုများ ရရှိကြောင်း ပြောဆိုပြီး NCA အား ထပ်မံ အတည်ပြုပါသည်။ KNU ဥက္ကဌ ၏ NCA နှင့် ပတ်သက်သည့် သဘောထားမှာလည်း အစိုးရ၊ တပ်မတော်တို့နှင့် ကွဲလွဲမှုမရှိဟု ဆိုရပါမည်။

ဒုတိယ အချက်အနေနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို စစ်ရေး ဖိအားဖြင့် မတည်ဆောက်နိုင်ကြောင်း ယုံကြည်မှု၊ နားလည်မှု၊ စာနာမှုများဖြင့်သာ တည်ဆောက်နိုင်မည် ဖြစ်ကြောင်း ဆိုသည်။ တို့တာဝန် အရေးသုံးပါး ကိုလည်း ဖော်ပြသကဲ့သို့ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ကိုလည်း ဖော်ပြပေရာ နှစ်ဖက် စေ့စပ်ညှိနှိုင်း နိုင်ရန် အားသန်သည်ဟု ဆိုရပါမည်။

တတိယ အချက်အနေနှင့် KNU ဥက္ကဌ ၏ မိန့်ခွန်းတွင် ထူးခြားသည်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နောက်ပြန် လျှောကျ မည် ကို စိုးရိမ်ပူပန်သည်ကို တွေ့ရပြီး ရှေ့မတိုးနိုင်သော်မှ နောက်ပြန်လျှောမကျစေရေး အတွက် တိုက်တွန်းသွား သည် ကို တွေ့ရပါသည်။ ဤသို့တိုက်တွန်းသည်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အချိန်မရွေး ရပ်တန့်သွားနိုင်သည်ဟု သူ သိမြင် ခံစားနေရ၍ ဖြစ်ပုံရသည်။

နိုင်ငံရေးပါတီ အစုအဖွဲ့မှ ANP ပါတီ၏ သဘောထားမှာ ၎င်းတို့ ရခိုင်ပြည်နယ်၏ ထူးခြားချက်ကို ပိုမိုထင်ဟပ် ဖော်ပြ သည် ဟု ဆိုရပါမည်။ ဒေါ်အေးနုစိန် မိန့်ခွန်းတွင် အောက်ပါတို့ကို တွေ့ရသည်။

ပထမ အချက် မြန်မာ့နွေဦးဟု ခေါ်ဆိုရမည့် မြန်မာပြည် ဒီမိုကရေစီ အပြောင်းအလဲကာလတွင် ပြည်မနှင့် ပြည်နယ် ကြား ဖွံ့ဖြိုးမှု မညီညာသည့်အပြင် ပြည်နယ်များတွင် စစ်ဒဏ်နှင့် ဆင်းရဲမွဲတေမှုဒဏ် ခံစားနေရသည်ကို ထောက်ပြ သည်ကို တွေ့ရပါသည်။

ဒုတိယ အချက်အနေနှင့် တိုင်းရင်းသားများအား အစွန်းရောက်သူများဟု မသတ်မှတ်ဘဲ ဗမာပါတီကြီးများနှင့် တပ်မတော် ၏ သဘောထားကြီးမှုကို မျှော်လင့်ကြောင်း ဖော်ပြပါသည်။

တတိယ အချက်အနေနှင့် ရခိုင်ပြဿနာဟု ခေါ်ဆိုနေကြသည့် ဘင်္ဂါလီမွတ်စလင် ပြဿနာဖြေရှင်းရာတွင် ရခိုင်တို့၏ အသံအား နားထောင်ရန်နှင့် ရခိုင်တို့၏ နိုင်ငံရေး အခန်းကဏ္ဍအား မပစ်ပယ်ရန် အရေးကြီးကြောင်း ထောက်ပြသွား သည်။

ဤအချက်သည် ဖက်ဒရယ်ဟု ဆိုနေချိန်တွင် ပြည်နယ်သားတို့ ကိုယ်စားပြုမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် လက်တွေ့ ပြဿနာ ကို ထောက်ပြ လိုက်သည်ဟ ုဆိုရပါမည်။

ရခိုင်ပြဿနာဟု ဆိုပြီး ပြဿနာဖြေရှင်းရာတွင် ရခိုင်ကိုယ်စားပြုမှု မပါဝင်ခြင်း၊ ရခိုင်တို့၏ အသံ နားမထောင်ခြင်းနှင့် ပတ်သက်၍ ဖက်ဒရယ်ဟု ဆိုနေခြင်းအား မေးခွန်း ထုတ်လိုက်ခြင်းလည်း ဖြစ်သည်။

ဒေါ်အေးနုစိန် မိန့်ခွန်းနှင့် ပတ်သက်၍ လှုပ်လှုပ်ခတ်ခတ် ဖြစ်သည်။ ထိုနေ့ ညနေပိုင်းတွင် ၎င်းမိန့်ခွန်းပါ သဘောထား မှာ နိုင်ငံရေးပါတီ အစုအဖွဲ့၏ သဘောထား မဟုတ်ကြောင်း၊ မိန့်ခွန်းပါ အကြောင်းအရာများသည်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိကြောင်း ဆိုသည်။

နိုင်ငံရေးပါတီ အစုအဖွဲ့ အတွင်းရေးမှူး စိုင်းကျော်ညွန့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကမူ  နိုင်ငံရေး ပါတီ အစုအဖွဲ့မှ ပါတီများ ရွေးကောက်ခံ ရသည့် ရလဒ်အတိုင်း အလှည့်ကျ ပြောဆိုကြခြင်း ဖြစ်ကြောင်း၊ ယခင် ပထမနှင့် ဒုတိယအကြိမ် တို့တွင် ပြောခဲ့သော NLD နှင့် USDP တို့သည်လည်း ၎င်းတို့ပါတီ သဘောထားကို ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ စတုတ္ထ ပင်လုံတွင် အလှည့်ကျမည့် SNLD သည်လည်း ၎င်းပါတီ၏ သဘောထားကို ပြော မည် သာ ဖြစ်ကြောင်း ပြောဆိုသည်။

ချုပ်၍ ဆိုရလျှင် အစိုးရ၊ တပ်မတော်၊ လက်မှတ် ထိုးထားသော EAOs တို့အနေနှင့် NCA လမ်းကြောင်းအား တသဘော တည်း အခိုင်အမာရပ်ခံပြီး NCA လုပ်ငန်းစဉ်အတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက် သွားမည်ဟု ဆိုပါ သည်။ NCA မထိုးသေးသော အဖွဲ့များအားလည်း NCA လမ်းကြောင်းထဲသို့ ခေါ်ယူ သိမ်းသွင်းသွားမည်ဟုလည်း ဆိုပါ သည်။

ထူးခြားချက်များ အနေနှင့် အစိုးရက ငြိမ်းချမ်းရေး မလိုလားသူများ ပေါ်လာနိုင်သည်ဟု ညွှန်းဆိုသည်ကို လည်း ကောင်း၊ တပ်မတော်က ငြိမ်းချမ်းဆွေးနွေးမှုအား ၂၀၂၀ တွင် ပြီးပြတ်ရန် မျှော်လင့်သည်ဟု အချိန်ပိုင်းခြား သတ်မှတ် ဖော်ပြသည်ကို လည်းကောင်း၊ လက်မှတ်ထိုးထားသော EAOs များက လက်ရှိသွားနေသော ငြိမ်းချမ်းရေး လမ်း ကြောင်း ရပ်တန့်မည်ကို စိုးရိမ်ပူပန်မှု ရှိနေသည်ကို လည်းကောင်း၊ ဖက်ဒရယ်ဟု ဆိုနေပြီး လက်တွေ့တွင် ရခိုင် ပြဿနာ ဖြေရှင်းရာတွင် တွေ့ရှိ နေရသည့် ရခိုင့်အသံနှင့် ရခိုင်နိုင်ငံရေး ကဏ္ဍနှင့် ပတ်သက်ပြီး ANP ပါတီက ဖက်ဒရယ် မေးခွန်း ထုတ်လိုက်သည်ကို လည်းကောင်း တတိယအကြိမ် ညီလာခံဖွင့်ပွဲ နေ့တွင် တွေ့ရှိလိုက်ရပေသည်။

ဆက်လက် ဖော်ပြပါမည်။

(မောင်မောင်စိုးသည် ဖက်ဒရယ်နှင့်တိုင်းရင်းသားရေးရာ သုတေသီတဦးဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading