ဆောင်းပါး

တတိယအကြိမ် ၂၁ ရာစု ပင်လုံကို အနီးကပ် ကြည့်ရှုခြင်း (၂)

Want create site? Find Free WordPress Themes and plugins.

မြောက်ပိုင်း ၇ ဖွဲ့

မြောက်ပိုင်း ၇ ဖွဲ့သည် ယခုချိန်အထိ နိုင်ငံရေးအရ ဆွေးနွေး ဖြေရှင်းသည့် ဖြစ်စဉ်အတွင်း ပါဝင်နိုင်ခြင်း မရှိသေးပေ။

မြောက်ပိုင်း ၇ ဖွဲ့ မပါဘဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ပြီးပြည့်စုံမည် မဟုတ်သကဲ့သို့ စစ်ပွဲများကိုလည်း ရပ်တန့် နိုင်မည် မဟုတ်ပေ။ မြောက်ပိုင်းအဖွဲ့များ၏ စုစုပေါင်း လက်နက်ကိုင် အင်အားမှာ တပြည်လုံးရှိ တိုင်းရင်းသား လက် နက် ကိုင် အင်အား၏ ၈၀ ရာခိုင်နှုန်း ရှိနေပေရာ မြောက်ပိုင်းအဖွဲ့များ ပြဿနာကို ဖြေရှင်းရေးသည် ငြိမ်းချမ်းရေး အတွက် အရေးပါသည်။

မြောက်ပိုင်း ၇ ဖွဲ့မှာ “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)၊ ရက္ခိုင့် တပ်မတော် (AA)၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) တို့ ဖြစ်ကြသည်။

၂၀၁၇ နှစ်ဆန်းပိုင်းက အဆိုပါ မြောက်ပိုင်းအဖွဲ့များသည် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) ဟူ၍ မြောက်ပိုင်း မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းပြီး အစိုးရ၊ တပ်မတော်တို့နှင့် ဆွေးနွေးရေးအား တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူ စာချုပ် (NCA) မဟုတ်သော လမ်းကြောင်းမှ သွားမည်ဟု ထုတ်ပြန် ကြေညာခဲ့သည်။

တတိယ အကြိမ် ၂၁ ရာစု ပင်လုံ အစည်းအဝေးသို့ တက်ရောက် လာသော UWSA အဖွဲ့

မြောက်ပိုင်း မဟာမိတ်အဖွဲ့ FPNCC အား စတင်ဖွဲ့စည်းကတည်းက ယနေ့အထိ အစိုးရနှင့် တပ်မတော်က အသိ အမှတ် မပြု ခဲ့ပေ။

ထို့ပြင် အဆိုပါ မြောက်ပိုင်း ၇ ဖွဲ့ထဲမှ KIA/TNLA/MNDAA/AA အဖွဲ့ ၄ ဖွဲ့အား အကြမ်းဖက် အဖွဲ့များအဖြစ် သတ်မှတ် ရန် တပ်မတော်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး ပါတီ) တို့က ပြည်သူ့ လွှတ် တော် တွင် တင်သွင်းလာခဲ့ရာ မဲခွဲ၍ ရှုံးနိမ့် သွားခဲ့သော်လည်း တပ်မတော်နှင့် ကြံ့ခိုင်ရေး ပါတီ အများစုရှိသော ရှမ်းပြည်နယ် လွှတ်တော်တွင် တင်သွင်း အတည်ပြုနိုင်ခဲ့သည်ကို တွေ့ရသည်။

သို့ဖြစ်ရာ ၂၀၁၇ ခုနှစ်အတွင်း မြောက်ပိုင်းအဖွဲ့များနှင့် တင်းမာမှုမြင့်တက်ခဲ့သည်ဟု ဆိုရပါမည်။

၂၀၁၇ ခုနှစ် ဇူလိုင်လ အတွင်း ကျင်းပသည့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံသို့ တရုတ်၏ ညှိနှိုင်းမှုအရ မြောက်ပိုင်း အဖွဲ့များ လာတက်သည်။

FPNCC အနေဖြင့်သာ ဆွေးနွေးမည်ဆိုသည့် မြောက်ပိုင်း ၇ ဖွဲ့သည် တရုတ်၏ ညှိုနှုင်းမှုကြောင့် တဖွဲ့ချင်း ဖိတ်ကြား သည် ကို လက်ခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် KIA/SSPP/UWSA/NDAA အဖွဲ့ ၄ ဖွဲ့နှင့် AA/TNLA/MNDAA အဖွဲ့ ၃ ဖွဲ့ ဟူ၍ နှစ်ဖွဲ့ခွဲ တွေ့ဆုံခဲ့ရသည်။

သို့သော် တပ်မတော် ခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံခဲ့ခြင်း မရှိသကဲ့သို့ ညီလာခံသို့ လာရောက်သော်လည်း ဆက်ဆံ ရေး များ က မာမာထန်ထန် ရှိနေသည်ကို တွေ့ရသည်။

၂၀၁၇ ဒုတိယပင်လုံသို့ လာရောက်ပြီး နောက်ပိုင်းတွင်လည်း တိုးတက်မှု သိသိသာသာ မတွေ့ရသည့်ပြင် ၂၀၁၇ နှစ်ကုန်ပိုင်း နှင့် ၂၀၁၈ ခု နှစ်ဆန်းပိုင်းတွင် မြောက်ပိုင်း ၄ ဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

တွေ့ဆုံမှုများ

သို့ရာတွင် ၂၀၁၇ နှစ်ကုန်ပိုင်းနှင့် ၂၀၁၈ နှစ်ဆန်းပိုင်းတွင် တွေ့ဆုံမှုအချို့ရှိခဲ့သည်။ UWSA နှင့် NDAA (မိုင်းလား) တို့ အား နယ်စပ်ဒေသ ဖွံ့ဖြိုးရေးခေါင်းစီး အောက်တွင် နယ်စပ်ဒေသဝန်ကြီး ခေါင်းဆောင်၍ ၂၀၁၇ နှစ်ကုန်ပိုင်းတွင် သွား ရောက် တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံမှုတွင် ငြိမ်းချမ်းရေး ကော်မရှင် (PC) မှ တာဝန်ရှိသူများ ပါဝင်ခဲ့သည်။

၂၀၁၈ ခုနှစ်အစောပိုင်းတွင် KIA ကိုယ်စားလှယ် အဖွဲ့နှင့် တပ်မတော် ခေါင်းဆောင်များ တရုတ်ပြည်တွင် တွေ့ဆုံ ခဲ့ သကဲ့သို့ PC မှ တာဝန်ရှိသူများလည်း UWSA ခေါင်းဆောင်များနှင့် တရုတ်ပြည်တွင် တွေ့ဆုံခဲ့သည်။ ထို့ပြင် SSPP ဌာနချုပ်သို့လည်း PC မှ တာဝန်ရှိသူများ သွားရောက်တွေ့ဆုံခဲ့သည်။

ဆိုရလျှင် MNDAA/TNLA/AA အဖွဲ့ ၃ ဖွဲ့မှ လွဲ၍ ကျန် ၄ ဖွဲ့အား တွေ့ဆုံခဲ့ပြီး NCA လက်မှတ် ထိုးလာစေရန် PC မှ ရည်ရွယ်ခဲ့သည်ကို တွေ့ရသည်။
အကဲခတ်များကမူ မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့အား ခွဲထုတ်ရန် ကြိုးစားမှု အဖြစ် ရှုမြင် ခဲ့ကြသည်။

မြောက်ပိုင်း ၇ ဖွဲ့နှင့် တရုတ်

၂၀၁၁ ခုနှစ် မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စတင်စဉ်ကပင် တရုတ် အစိုးရသည် အာရှရေးရာ အထူးသံတမန် တဦး ခန့်အပ်ပြီး မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လေ့လာသူအဖြစ် နီးနီးကပ်ကပ် ပါဝင်ခဲ့သည်။

တရုတ် အာရှ ရေးရာ အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန်

၂၀၁၅ ခုနှစ် NCA လက်မှတ်ရေးထိုးရာတွင် မြောက်ပိုင်းအဖွဲ့များ တဖွဲ့မှပါဝင်ခြင်း မရှိသည့်အပြင် ၂၀၁၆ ခုနှစ် နှစ်ကုန် ပိုင်း ၌ မြောက်ပိုင်း တရုတ်နယ်စပ် တလျှောက် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားပြီးနောက် တရုတ်တို့သည် မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် တက်ကြွစွာ ပါဝင်လာသည်ကို တွေ့ရသည်။

ထိုအချိန်ကစ၍ တရုတ်သံတမန်သည် မြောက်ပိုင်းအဖွဲ့များကို NCA ထိုးရန် တရားဝင် စတင် တိုက်တွန်း လာသည်ကို တွေ့ ရသည်။

တရုတ်တို့သည် NCA နှင့်ပတ်သက်ပြီး အစိုးရနှင့်တပ်မတော် ကိုင်စွဲထားသည့် လမ်းကြောင်းဖြစ်၍ ထိုးသင့်သည် ဟု ယူဆသည်လော သို့မဟုတ် မြန်မာပြည် ငြိမ်းချမ်းရေး အဖြေရှာနိုင်သည်ဟု ယူဆ၍လော သို့မဟုတ် NCA သည် မည်သို့ ပင် အားနည်းချက် ရှိသည်ဖြစ်စေ စမှတ် တခုအဖြစ် ကိုင်ဆွဲသင့်သည်ဟု ယူဆ၍လော ဆိုသည်ကတော့ မသဲကွဲပေ။

သို့သော် ထိုသို့ တရုတ်သံတမန်က NCA ထိုးရန် ဖိဖိစီးစီး တိုက်တွန်း နေစဉ်မှာပင် ၂၀၁၇ နှစ်ဆန်း၌ FPNCC ခေါ် မြောက် ပိုင်း မဟာမိတ် ၇ ဖွဲ့ ထွက်ပေါ် ခဲ့သည်ကလည်း အံ့သြစရာပင် ဖြစ်သည်။

ထိုအဖွဲ့နှင့်ပတ်သက်၍ အနောက်တိုင်း ဝေဖန် သုံးသပ်သူများက တရုတ် သြဇာအောက်တွင် ဖွဲ့စည်းသော အဖွဲ့ အစည်း ဟု လည်းကောင်း၊ အနောက်တိုင်းနှင့် နီးစပ်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) မှ အဖွဲ့များကို ဆွဲထုတ်လိုက်သည့် လုပ်ဆောင်ချက်ဟု လည်းကောင်း ကြည့်မြင်ကြသည်။

မြောက်ပိုင်း ၇ ဖွဲ့သည် တပ်မတော်နှင့် စစ်ရေးပဋိပက္ခ ပြင်းထန်နေစဉ်တွင် နယ်မြေချင်း ဆက်စပ်နေသည့် အဖွဲ့များ၊ NCA နဲ့ပတ်သက်၍ မကြေလည်သည့် အဖွဲ့များ စုစည်းမိခြင်း ဖြစ်သကဲ့သို့ တရုတ်တို့နှင့် နီးနီးစပ်စပ် ဆက်စပ်နေ သည် ကတော့ အမှန်ပင်ဖြစ်သည်။

FPNCC သည် နိုင်ငံရေး မဟာမိတ်သာဖြစ်ပြီး စစ်ရေး မဟာမိတ်မဟုတ်ဟု ဆိုသော်လည်း မြောက်ပိုင်း ၄ ဖွဲ့မှာ စစ်ရေး အရ ပူးတွဲတိုက်ခိုက်နေပြီး UWSA နှင့်မူ စစ်လက်နက်ခဲယမ်း ရယူမှုနှင့် ဆက်စပ် ပတ်သက်မှုရှိသည်ဟု အကဲ ခတ်များက သုံးသပ်ကြပါသည်။

FPNCC သည် တပ်ပေါင်းစု တရပ်အနေနှင့် ရပ်တည်ပြီး NCA မဟုတ်သည့် လမ်းကြောင်းဖြင့် အစိုးရနှင့် ဆွေးနွေး သွားမည် ဆိုသော်လည်း ၂၀၁၇ ခုနှစ် နှစ်လယ်တွင် ကျင်းပသည့် ဒုတိယ ပင်လုံ၌ FPNCC အနေနှင့် မဟုတ်သော် လည်း တဖွဲ့ချင်း ဖိတ်ကြားမှုကို တက်ရောက် ခဲ့ရသည်။

တတိယ အကြိမ် ၂၁ ရာစု ပင်လုံ အစည်းအဝေးသို့ တက်ရောက် လာသော ဗိုလ်ချုပ်မှူကြီး မင်းအောင်လှိုင်

ထိုကဲ့သို့ တက်ရောက်ရခြင်းမှာ တရုတ်၏ တိုက်တွန်းမှုထက်ပိုသော ဖိအား ပေးမှုကြောင့်ဟု အကဲခတ်များက ဆိုကြ သည်။ တဖက်ကလည်း တရုတ်တို့သည် အစိုးရနှင့်ညှိနှိုင်းပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟို ဌာန (NRPC) မှ ၇ ဖွဲ့လုံးသို့ တဖွဲ့ချင်းစီ ဖိတ်စာအား ယူဆောင် ပေးနိုင်ခဲ့သည်။

တတိယပင်လုံနှင့် တရုတ်၏ပါဝင်မှု

၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်း တရုတ် မြန်မာ နယ်စပ်တွင် တိုက်ပွဲများ ဖြစ်ပွားလာပြီးနောက် အထူးသဖြင့် မူဆယ် တိုက်ပွဲ ပြီးနောက် တရုတ်သည် မြောက်ပိုင်း နယ်စပ်အရေးတွင် ပို၍တက်ကြွစွာ ပါဝင်လာသည်ကို တွေ့ရသည်။ နယ်စပ်တွင် တိုက်ပွဲများ ရပ်တန့်ရန် တပ်မတော်ကိုလည်း ဆွေးနွေးပြောဆိုမှုများ ရှိသကဲ့သို့ မြောက်ပိုင်း ၇ ဖွဲ့အား တိုက်ပွဲများ ရပ် တန့်ရန် ဖိအားပေး တောင်းဆိုလာခဲ့သည်။

တရုတ်တို့အနေနှင့် နယ်စပ်တွင် တိုက်ပွဲများ ဖြစ်ပွားသည်ကို တွေ့မြင်ကြောင်း ပြန်ဖြစ်လာလျှင် တိတိကျကျ တုံ့ပြန် မည် ဖြစ်သည်ဟု တရုတ်တို့က ပြောဆိုလာသည်ကို တွေ့ရပေသည်။

တချိန်တည်းတွင် မြောက်ပိုင်းအဖွဲ့များနှင့် လည်းကောင်း၊ အစိုးရ၊ တပ်မတော်တို့နှင့် လည်းကောင်း ညှိနှိုင်းမှုများပြု လုပ် လာခဲ့ပြီး တတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံသို့ မြောက်ပိုင်းအဖွဲ့များ ရှောရှောရှုရှု တက်ရောက် လာခဲ့ကြ သည်။

တဆက်တည်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုကာကွယ်ရေး ဦးစီးချုပ်တို့သည် မြောက်ပိုင်းအဖွဲ့များကို ၂ ဖွဲ့ခွဲ၍ တွေ့ဆုံခဲ့သည်ကို တွေ့ရသည်။ မြောက်ပိုင်းအဖွဲ့များသည် ၇ ဖွဲ့လုံး တွေ့ရေးကို ဦးစွာ ရပ်ခံခဲ့သော်လည်း နောက်ဆုံးတွင် နှစ်ဖွဲ့ခွဲ၍ တွေ့သည်ကို လက်ခံခဲ့ရသည်မှာ တရုတ်၏ ပါဝင် ပတ်သက်မှုကြောင့်ဟု ဆိုနိုင်သည်။

မြောက်ပိုင်း အဖွဲ့ဝင် တဖွဲ့ ဖြစ်သည့် KIA အဖွဲ့မှ ဗိုလ်ချုပ် ဂွန်မော်

တတိယအကြိမ် ၂၁ ရာစုပင်လုံတွင် တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျံနှင့် အာရှရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော့ရှန် စသည့် သံတမန် နှစ်ဦးနှင့် အဖွဲ့ဝင် ၅၀ ခန့်ဖြင့် အင်ပြည့်အားပြည့် ပါဝင် ဆောင်ရွက်သွားသည်ကို တွေ့ ရ သည်။ တဖက်ကလည်း မြောက်ပိုင်း ၇ ဖွဲ့၏ နေထိုင် စားသောက်ရေး၊ သွားလာရေး၊ လုံခြုံရေး တို့ကို တရုတ်တို့က အပြည့်အဝ ကောင်းမွန်စွာ တာဝန်ယူထားပြီး တဖက်ကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် မြောက်ပိုင်းအဖွဲ့များ ပါဝင်ရေး အတွက် တွန်းအား ပေးနေခဲ့သည်။

တရုတ်တို့ မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်တွင် တက်ကြွစွာပါဝင်လာသည်မှာ တရုတ်တို့၏ One Belt, One Road (OBOR) အကျိုးစီးပွားကြောင့် ဖြစ်သည် ဆိုသည်ကို ရှင်းလင်းစွာမြင်နိုင်သည်။

လက်ရှိအချိန်တွင် တရုတ်တို့၏ သဘောထားမှာ မြောက်ပိုင်း ၇ ဖွဲ့အား NCA ထိုးရန် တောင်းဆိုထားပြီး ကျန်ပြဿနာ များကို နိုင်ငံရေးဆွေးနွေးပွဲတွင် ဖြေရှင်းကြရန် လိုလားသည်။

နယ်စပ်တလျှောက် တိုက်ပွဲများဖြစ်ပွားပြီး OBOR ထိခိုက်သည်ကို တရုတ်တို့ လက်ခံနိုင်မည် မဟုတ်သကဲ့သို့ မြောက် ပိုင်း အဖွဲ့များ NCA မထိုးဘဲ ဆန့်ကျင်သည့် ကိစ္စအား တရုတ်အနေနှင့် လက်ခံမည် မဟုတ်ဟု တရုတ်တို့က အတိ အလင်း ဆိုပါသည်။

တရုတ်တို့၏ လှုပ်ရှားမှုမှ တွေ့ရသည်မှာ မြောက်ပိုင်းအဖွဲ့များ NCA လက်မှတ် ရေးထိုးရေးအား ၂၀၁၈ ခုနှစ် နှစ်မကုန်ခင် မျော်မှန်း ဆောင်ရွက်သွားလိုပုံ ရသည်။

တရုတ် သမ္မတ ရှီကျင့်ဖျင် သည် OBOR နှင့်ပတ်သက်၍ နားလည်မှု စာချွန်လွှာ (MOU) လက်မှတ် ရေးထိုးရန် ယခု နှစ်ကုန်ပိုင်းတွင် မြန်မာပြည်သို့ လာရောက်မည်ဟု သတင်းများ ထွက်ပေါ်နေရာ ထိုကာလနှင့် တပြိုင်တည်း ပြီးမြောက် အောင် စဉ်းစားထားပုံရသည်။

ထို့ပြင် မြောက်ပိုင်းဒေသ နယ်စပ်တလျှောက် ငြိမ်းချမ်းရေးကိုလည်း ၃ နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ခါ ၎င်းတို့ ၏ OBOR စီမံကိန်းနှင့် ချိန်ကိုက် အကောင်အထည် ဖော်ရန် ရည်ရွယ်ထားသည်ဟု ခန့်မှန်း သုံးသပ်ရသည်။

တပ်ချုပ် မိန့်ခွန်းပါ နိုင်ငံရေး ဆွေးနွေးမှုများအား ၂၀၂၀ တွင် ပြီးပြတ်အောင် ဆောင်ရွက်သွားမည် ဆိုသည်နှင့် ချိန် သား ကိုက်နေသည်ဟု ဆိုရပါမည်။ ဤသည်မှာ လက်ရှိ တရုတ်တို့၏ စဉ်းစားလှုပ်ရှားမှုဟု ဆိုရပါမည်။

ဤသို့ လုပ်ဆောင်နေသည့် အချိန်ကာလအတွင်း တွေ့ရသည်မှာ တရုတ်တို့ အနေနှင့် မြောက်ပိုင်း အဖွဲ့များ၏ ငြိမ်း ချမ်းရေး ဖြစ်စဉ်တွင် အနောက်အုပ်စုက ပါဝင်ပတ်သက်ခြင်းအား လက်မခံကြောင်း၊ အနောက်အုပ်စု ပါဝင်ပတ်သက် ပါက ရှုပ်ထွေးမှုများ ဖြစ်လာနိုင်ကြောင်း ဆိုသည်။

ဤသို့ကြည့်မြင်ခြင်းမှာ အခြားပယောဂများကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မထိခိုက်ရန် စဉ်းစားသည်ဟု ဆိုနိုင် သော် လည်း ထိုအခြေခံပေါ်မှ အနောက်တိုင်း အဖွဲ့အစည်းများနှင့် ဆက်ဆံခြင်း၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ် ၏ အထူး ကိုယ်စားလှယ် နှင့် မြောက်ပိုင်းမှ အဖွဲ့တချို့တွေ့ဆုံခြင်း တို့အား ကန့်သတ်ခြင်းများ တွေ့မြင်နေရ ပေရာ ထိုဆောင်ရွက်ချက်သည် သင့်လျော်သည့် ဆောင်ရွက်ချက် ဖြစ်မည် မဟုတ်ပေ။

တရုတ် တနိုင်ငံတည်းနှင့် ဆက်ဆံနေသည့် မြောက်ကိုရီးယား သည်ပင် သူ့နိုင်ငံ ပြဿနာ ဖြေရှင်းနိုင်ရန် အမေရိကန် နှင့် တွေ့ဆုံ ဆွေးနွေးနေရသည့် အချိန်တွင် မြောက်ပိုင်းအဖွဲ့များ အနေနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း တရုတ် နှင့်သာ ဆက်ဆံရမည် ဆိုသည့် အချက်သည် သဘာဝ မကျပေ။

တတိယ အကြိမ် ၂၁ ရာစု ပင်လုံ အစည်းအဝေးသို့ တက်ရောက် လာသော နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်

တတိယ ပင်လုံညီလာခံ ကာလအတွင်း တရုတ် သံတမန်နှင့် မြောက်ပိုင်း ၇ ဖွဲ့မှ ခေါင်းဆောင်တချို့ သမ္မတ ရှီကျင့်ဖျင် ၏ စာအုပ်အား ကိုယ်စီကိုင်၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ထားသည်ကို တွေ့ရသည်။ တရုတ် သံတမန်က စာအုပ် လက်ဆောင် ပေးသည်ကို ဓာတ်ပုံ ရိုက်ထားပုံရသည်။

လွန်ခဲ့သော နှစ် ၅၀ ကလည်း မော်စီတုန်း စာအုပ်နီလေးများ ကိုင်ထားသော ဗမာပြည် ကွန်မြူနစ်ပါတီအား တရုတ်တို့ ကူညီခဲ့ဖူးသည်။ အောင်မြင်မှု မရခဲ့ပေ။

မော်စီတုန်းသည် လည်းကောင်း၊ ရှီကျင့်ဖျင်သည် လည်းကောင်း တရုတ်ပြည်၏ ခေါင်းဆောင်ကောင်းများ ဖြစ်သည်မှာ အငြင်းပွားဖွယ် မရှိပေ။ သို့သော် မတူညီသော နိုင်ငံများကြား လုပ်ဆောင်ချက်များအား ပုံတူကူးချ၍ မရပေ။ သီးခြား လက္ခဏာနှင့် ထူးခြားချက်များကို သုံးသပ်ဆောင်ရွက်ရန် လိုအပ်ပါသည်။ သို့မဟုတ်ပါက ဖိနပ်တော်အောင် ဖနောင့် လှီး သကဲ့သို့ အောင်မြင်မှုရမည် မဟုတ်ပေ။

တရုတ်တို့၏ မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ခြင်းမှာ OBOR အကျိုးစီးပွား အတွက် နယ်စပ်ဒေသ တည်ငြိမ်ရေး အတွက် ဖြစ်သည်။

သို့ဖြစ်ရာ စေ့စပ်ညှိနှိုင်းသူအဖြစ် တရုတ်တို့ ပါဝင်မှုအား ငြင်းပယ်ရန် မရှိသော်လည်း တရုတ်တို့ အနေနှင့် ငြိမ်းချမ်းရေး ရရှိရန် လိုအပ်သည့် မြန်မာပြည်၏ ပကတိအခြေအနေ၊ တိုင်းရင်းသား လူမျိုးများ၏ ဆန္ဒသဘောထား နှင့် ရှည်ကြာ သော သမိုင်းဇစ်မြစ်များအား နားလည်အောင် အားထုတ်ရန် လိုအပ်သကဲ့သို့ မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွင် ပါဝင်သည့် အစုအဖွဲ့အသီးသီးမှ Stakeholders များ၏ အမြင်များကို အလေးထားရန် လိုသည်။

တရုတ်တို့သည် စေ့စပ်သူ ညှိနှိုင်းသူ အခန်းကဏ္ဍမှ ပါဝင်ပါက လက်မခံနိုင်စရာ မရှိပေ။ စေ့စပ်ညှိနှိုင်းသူ ဆိုသည်မှာ မိမိ လိုချင်သည့်ရလဒ် အတွက် ပုံဖော်သူ သက်သက်မဟုတ် ဆိုသည်ကို ဂရုပြုရန် လိုအပ်သည်။ နှစ်ဖက်စလုံး၏ အမြင် သဘောထား များကို သေချာစွာ ဂရုပြုနားထောင်ရန် လိုအပ်သည်။ မိမိအကျိုးစီးပွား အခြေခံပေါ်မှ မိမိ လိုချင် သည့်ရလဒ် အမြန်ထွက်စေရန် မလိုလားအပ်သည့် ဖိအားပေးမှုများ ပြုလုပ်ပါက ဆိုးကျိုးများ ထွက်ပေါ်လာနိုင်သည်ကို သတိပြုရန် လိုအပ်ပါသည်။

မည်သို့ပင်ဖြစ်စေ တရုတ်မြန်မာ နယ်စပ် တည်ငြိမ်ရေး အတွက် အပစ်ရပ်ရေးနှင့် နိုင်ငံရေး ဆွေးနွေးမှုများတွင် တလျှောက်လုံး ငြင်းပယ်ခဲ့သော TNLA/AA/MNDAA အဖွဲ့ ၃ ဖွဲ့ ပါဝင်ရေးကို တရုတ်တို့ ရပ်ခံခဲ့ခြင်းသည် ထိုအဖွဲ့ ၃ ဖွဲ့ အတွက်သာမက မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အားလုံးပါဝင်ရေး ရပ်ခံချက်အတွက် အထောက် အကူ ဖြစ်စေခဲ့သည် ကတော့ ငြင်းပယ်ရန် မရှိပေ။

တပ်မတော်နှင့် မြောက်ပိုင်း အဖွဲ့များ

တတိယအကြိမ် ၂၁ ရာစုပင်လုံ တက်ရောက်လာသော မြောက်ပိုင်း ၇ ဖွဲ့အား တပ်ချုပ်နှင့် ဒုချုပ်တို့က အသီးသီး ခွဲ၍ တွေ့ခဲ့ကြပါသည်။

အဖွင့်မိန့်ခွန်း၌ တပ်ချုပ်၏ မိန့်ခွန်းသည် မူအရ တင်းမာသည်ဟု ဝေဖန်မှုများ ရှိနေသော်လည်း မြောက်ပိုင်း ၇ ဖွဲ့နှင့် တွေ့ ဆုံရာတွင် တပ်မတော် ခေါင်းဆောင်များသည် ပျော့ပြောင်းမှု ရှိသည်ဟု မြောက်ပိုင်း အဖွဲ့များက ခံစားရပြီး တလျှောက်လုံး အငြင်းခံခဲ့ရသော အဖွဲ့ ၃ ဖွဲ့အားလည်း လမ်းဖွင့်ပေးလာသည်ဟု ဆိုပါသည်။

UWSA ခေါင်းဆောင် ၂ ဦး ဆေးရုံ တက်ရချိန်တွင်လည်း တပ်မတော် ခေါင်းဆောင်က နွေးထွေးမှုပြခဲ့သည်ဟု ဆိုရ မည်။

သို့ဖြစ်ရာ တတိယ ၂၁ ရာစုပင်လုံ ညီလာခံသို့ မြောက်ပိုင်း အဖွဲ့များ လာရောက်ခြင်းသည် ဒုတိယ အကြိမ်ထက် ပို၍ တိုးတက်မှု ရှိသည်ဟု ဆိုရပါမည်။

ဆက်လက် ဆွေးနွေးရန် လမ်းပွင့်သွားခဲ့ပြီး အခိုင်အမာ ဆွေးနွေးကြရာတွင် အလျှော့အတင်း ပြုလုပ်ပြီး သဘော တူညီမှု ရယူနိုင်ရန်သာ လိုအပ် နေပေတော့သည်။

သို့သော်လည်း ငြိမ်းချမ်းရေးအတွက် လမ်းဖွင့်သည့် တပ်မတော် ခေါင်းဆောင်တို့၏ သဘောထားသည် အောက်ခြေပိုင်း အထိ ရောက်ရှိရန် လိုအပ်ပေသည်။

ဆက်လက် ဖော်ပြပါမည်။

(မောင်မောင်စိုးသည် ဖက်ဒရယ်နှင့်တိုင်းရင်းသားရေးရာ သုတေသီတဦးဖြစ်သည်။)

ဆက်စပ် ဖတ်ရှုရန်တတိယအကြိမ် ၂၁ ရာစု ပင်လုံကို အနီးကပ် ကြည့်ရှုခြင်း (၁)

Did you find apk for android? You can find new Free Android Games and apps.
Loading