ဆောင်းပါး

လူစိမ်းမြင်ရင် ထိတ်လန့်နေရတဲ့ ရှမ်းမြောက်ဒေသက ကျေးရွာများ

Want create site? Find Free WordPress Themes and plugins.

လုံတတ်ရွာလေးက ပလောင်ကလေးတွေကို စာသင်ဖို့ ရောက်လာတဲ့ ဆရာနှစ်ယောက်ကို တရွာလုံးက မတွေ့ချင်ကြပါဘူး။

မြန်မာစာ မတတ်တဲ့ ကလေးတွေကို အခမဲ့ သင်ပေးဖို့ ပလောင်ဘုန်းတော်ကြီးတွေရဲ့ ပညာရေးအစီအစဉ်နဲ့ ရောက်လာတဲ့ ဆရာနှစ်ယောက်က ဒေသခံရွာသားတွေကို မိတ်ဆက်ဖို့ ရွာထဲ သွားလာတဲ့အခါမှာလည်း သူတို့ နှစ်ဦးကို မြင်တာနဲ့ ရွာသူရွာသားတွေ ထွက်ပြေးသွားကြပါတယ်။ တချို့ရွာသားတွေကတော့ အိမ်တံခါးပိတ် လိုက်ကြပါတယ်။

ဆရာတဦးဖြစ်တဲ့ ကိုမိုင်းက “ရွာသားတွေ တအားကြောက်ကြတယ်။ ကျနော်တို့ကို စစ်သားလို့ ထင်ပြီးတော့ ရှောင်နေကြတာတဲ့။ ဒါကို နောက်မှ ကျနော်တို့ ပြန်သိတာ” လို့ ပြောပြပါတယ်။

ဒီအဖြစ်အပျက်ကတော့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မိုင်းယော်ဒေသထဲက လုံတတ်ကျေးရွာ ထဲမှာ ၂၀၁၇ ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် တခုပါ။

ဒီဒေသမှာ လူစိမ်းတွေ ဝင်လာရင် ရွာသူရွာသားတွေ ထင်တာကတော့ ဘိန်းဝယ်မယ့်သူ ဒါမှမဟုတ်ရင်တော့ သူတို့ ကလေးတွေကို စစ်မှုထမ်းခိုင်းဖို့ အဝေးကို ခေါ်သွားမယ့် ရဲဘော်တွေ ဆိုတာပါပဲ။

မိုင်းယော်ကလည်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်သားစုဆောင်းခြင်းဒဏ်ကို ခံနေရတဲ့ ဒေသတွေထဲက တခုဖြစ် ပါတယ်။/ဧရာဝတီ

မိုင်းယော်မြို့နယ်ထဲမှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ အမျိုးသမီး မားအေးဆောင်က “အဲဒီဆရာ နှစ်ယောက်က စာသင်မယ်သာ ပြောတာ၊ မိန်းကလေးလည်း မဟုတ်ဘဲ၊ ယောက်ျားလေးနှစ်ယောက် ရောက်လာတာဆိုတော့ ရွာသားတွေက ဘယ်ယုံမလဲ။ ရွာက ကလေးတွေကို ခေါ်ဖို့ လာတဲ့စစ်သားတွေလို့ပဲ ထင်တော့ အစက ကြောက်ကြတာပေါ့” လို့ ပြောပါတယ်။

ရှမ်းပြည်တိုးတတ်ရေးပါတီ/ရှမ်းပြည် မြောက်ပိုင်းတပ်မတော် (SSPP/SSA)၊ တအာင်းအမျိုးသား လွတ်မြောက် ရေး တပ်မတော် (TNLA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ပြည်သူ့စစ်တပ်ဖွဲ့က စစ်သားတွေ လှည့်လည်သွားလာနေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့နယ် အားလုံးနီးပါးမှာ အလိုမတူဘဲ စစ်သား စုဆောင်း ခံရတာကို ဒေသခံတွေ ကြုံနေရဆဲပါ။

မိုင်းယော်ကလည်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်သားစုဆောင်းခြင်းဒဏ်ကို ခံနေရတဲ့ ဒေသတွေထဲက တခုဖြစ် ပါတယ်။

စစ်သားတွေကို ကြောက်တဲ့ မိုင်းယော်

အသက် ၃၇ နှစ် ခန့်ရှိပြီဖြစ်တဲ့ မားအေးဆောင်က သူ့ဘဝ သက်တမ်းတလျှောက် မြင်တွေ့ခဲ့ရတဲ့ထဲမှာ အိမ်တိုင်ယာရောက် လာခေါ်ပြီး စစ်သား စုဆောင်းခံရလို့ အလိုမတူဘဲ၊ လက်နက်ကိုင်အဖွဲ့တွေဆီ လိုက်သွား ခဲ့ရတဲ့ ပလောင်တွေ အနည်းဆုံး အယောက် ၄၀ လောက် ရှိမယ်လို့ ဆိုပါတယ်။

အသက် ၁၈ နှစ်မပြည့်သေးသူတွေကို စစ်မှုမထမ်းခိုင်းပါဘူးလို့ ပြောဆိုနေကြပေမယ့် တခါတရံမှာ အသက် ၁၈ နှစ် မပြည့်သေးတဲ့ ဆယ်ကျော်သက် ကလေးတွေလည်း စစ်သားအဖြစ် စုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းယော်ဒေသခံ မားအွမ်ကလည်း “ရှမ်းစစ်သားတွေက ကလေးတွေကို စာမသင်ရဘူး၊ စာတတ်ရင် စစ်သား လုပ်ရမယ် ပြောတယ်။ စာသင်သင် မသင်သင် စစ်သားလုပ်ဖို့ လာခေါ်တာလည်း ဒီမှာ အမြဲရှိနေတယ်။ ဒါကြောင့် ကျမတို့ စစ်သားတွေကို မြင်ရင် ကြောက်တယ်။ သူတို့ကို မကြိုက်ဘူး” လို့ ပြောပါတယ်။

မိုင်းယော်မြို့နယ်၊ လွယ်ဆိုရ်ရွာလေးက အစိုးရရဲ့ အခြေခံပညာမူလတန်းကျောင်းမှာ တာဝန်ထမ်းဆောင် နေတဲ့ ဆရာမ ဒေါ်စုစုဌေးကတော့ ဆယ်ကျော်သက် ကလေးတဦးကို ပေါ်တာဆွဲသွားတဲ့အကြောင်း ပြောပြပါတယ်။

ဒေါ်စုစုဌေးက “ကျမစိတ်ထဲမှာ အမြဲမှတ်မိနေတဲ့ ကလေးရှိတယ်။ သူ့နာမည်က အိုက်ကူး။ ၁ တန်း တတ်နေတဲ့ ကလေးပါ။ အိုက်ကူးက စာသိပ်တော်တယ်။ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလောက်က သူ့အစ်ကိုကို ပလောင်စစ်သား တွေက ပေါ်တာဆွဲ သွားတယ်။ သူ့အစ်ကိုမရှိတော့ အိုက်ကူးကို သူ့မိဘတွေက ကျောင်းမထားတော့ဘူး” လို့ ပြောပါတယ်။

မြန်မာစာသင်ဖို့ ခက်ခဲသလို ဘာသာစကားကွဲလွဲမှုကြောင့် ကလေးတွေ ကျောင်းနေ မပျော်ကြတဲ့ ဒေသမှာ သင်သမျှစာကို လိုက်နိုင်ပြီး ကျောင်းမှန်မှန်တက်တဲ့ အိုက်ကူးကို မိဘတွေက လယ်စိုက်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

၂၀၁၈ ခုနှစ်၊ နှစ်စပိုင်းမှာတော့ အိုက်ကူးကို မိဘတွေက အိမ်မှာ မထားတော့ပါဘူး။ သူ့အစ်ကို လိုပဲ စစ်သားတွေ ရောက်လာပြီး ပေါ်တာဆွဲမှာ စိုးလို့ အိုက်ကူးကို ကိုရင်ဝတ်ပေးလိုက်ပြီး လားရှိုးမြို့က ဘုန်းကြီးကျောင်း တကျောင်းကို ပို့လိုက်တာပါ။

ဒေါ်စုစုဌေးက “ကျမ စိတ်မကောင်းဘူး။ အိုက်ကူးကိုလည်း သတိရတယ်။ ဒီကလေးက စာသိပ်တော်တဲ့ ကလေးပါ။ လားရှိုးက ဘယ်ဘုန်းကြီးကျောင်းမှာ ထားလဲလို့ ကျမ လိုက်ရှာသေးတယ်။ သူ့မိဘတွေက သေချာမပြောပြတော့ မတွေ့တော့ဘူး” လို့ ဆိုပါတယ်။

မိုင်းယော်ကို ၂၀၁၆ ခုနှစ်မှ စရောက်လာတဲ့ ဒေါ်စုစုဌေးက ရောက်စတုန်းကတော့ ကလေးငယ်တွေကို စစ်မှုထမ်းခိုင်းဖို့ စုဆောင်းတယ်ဆိုတဲ့ သတင်းတွေကို မယုံကြည်ခဲ့သူပါ။

ကျောင်းလာတဲ့ ကလေးတိုင်းကိုလည်း စစ်သား၊ စစ်မေ၊ ရဲမေဖြစ်ချင်ရင် အသက် ၁၈ နှစ်ပြည့်ပြီး တက္ကသိုလ် ဝင်တန်းအောင်မှ လျှောက်ထားလို့ ရတဲ့ အကြောင်း၊ ငယ်ရွယ်ပြီး ဆယ်ကျော်သက်သာ ရှိသေးတဲ့ ကလေးတွေ က စစ်မှုထမ်းလို့ မရတဲ့ အကြောင်း ရှင်းပြခဲ့ပါသေးတယ်။

သို့ပေမယ့် ၂၀၁၇ ခုနှစ်မှာ မိုင်းယော်ဒေသထဲ ရှမ်းစစ်သားတွေ ပလောင်စစ်သားတွေနဲ့ တပ်မတော်က စစ်သား တွေ ဝင်လာတယ်ဆိုတဲ့ သတင်းကြားတာနဲ့ ဒေသခံတွေက အိမ်တွေကို ပစ်ထားခဲ့ပြီး စားစရာ အနည်းငယ်နဲ့ တောတွေထဲ သွားပုန်းနေကြသလို ဆယ်ကျော်သက် ကလေးတွေနဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ လက်နက်ကိုင် အဖွဲ့တွေက ခေါ်သွားတာကို နဖူးတွေ့ ဒူးတွေ့ ကြုံပြီးနောက်မှာတော့ ဒေသခံတွေ ပြောဆိုတာ တွေကို ဒေါ်စုစုဌေး ယုံကြည်သွားပါတယ်။

စစ်သားအဖြစ် အဓမ္မ စုဆောင်းခံနေရ

လားရှိုးမြို့နယ်ထဲမှာ နေထိုင်တဲ့ ဒေါ်ငွေဖြူက သူ့ရဲ့ သားကြီးကို ၂၀၁၇ ခုနှစ်၊ မေလ လောက်က TNLA တပ်ဖွဲ့တွေ ရောက်လာပြီး ခေါ်သွားတယ်လို့ ဆိုပါတယ်။

ဒေါ်ငွေဖြူက “ပထမတခါ အိမ်ကို လာတယ်။ အမျိုးသားရေးအတွက် စစ်မှုထမ်းရမယ်လို့ သူတို့ အများကြီး ပြောတယ်။ ကျမသားက စိတ်မပါဘူး။ နောက်တခေါက်ကျတော့ လိုက်ရမယ်ဆိုပြီး သူတို့တွေက ယူနီဖောင်းတွေ၊ သေနတ်တွေနဲ့ အတင်းဆွဲခေါ်သွားတာ” လို့ ပြောပါတယ်။

သားကြီးဖြစ်သူကို ကုန်သည်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြီး မိသားစုနဲ့အတူ နေထိုင်တာကိုပဲ မြင်လိုပြီး TNLA စစ်သားအဖြစ် မြင်ချင်ခဲ့တာ မဟုတ်ဘူးလို့လည်း ဒေါ်ငွေဖြူက ပြောရင်း မျက်ရည်တွေ ကျလာပါတယ်။

“ဒီဒေသတွေက အေးချမ်းတာ မဟုတ်ဘူး။ ဒီမှာ လူ့အသက်ဆိုတာလည်း တန်ဖိုးမရှိဘူး။ ကျမက ကျမ သားသမီးတွေကို မိသားစုနဲ့ အသက်ရှည်ရှည် နေစေချင်တယ်။ ခြေပြတ်လက်ပြတ် ဒုက္ခိတဖြစ်မှာ၊ နှိပ်စက်ခံရမှာလည်း ကျမမလိုချင်ဘူး” လို့လည်း ဒေါ်ငွေဖြူက ပြောပါတယ်။

ဒေါ်ငွေဖြူ နေထိုင်တဲ့ လားရှိုးမြို့ကနေ မိုင်အနည်းငယ် ဆက်သွားရင် ရောက်တဲ့ ကွတ်ခိုင်မြို့နယ်နဲ့ သိန္နီ မြို့နယ်တို့ အတွင်းမှာလည်း ဒေသခံ အမျိုးသားနဲ့ အမျိုးသမီးတွေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက နှစ်စဉ် တပ်သားသစ် စုဆောင်းတာတွေ လုပ်ပါတယ်။

ကွတ်ခိုင်မြို့နယ်ထဲမှာနေထိုင်တဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားတဲ့ အမျိုးသားတဦးက “ကချင်ဆို KIA က ခေါ်တယ်၊ ပလောင်ဆို TNLA က လာပြီး စစ်မှုထမ်းခိုင်းမယ်။ အမျိုးသမီးတွေကိုလည်း ခေါ်တယ်။ ဆယ်ကျော် သက် ကလေးတွေလည်း ဆွဲခံရတာပဲ” လို့ ပြောပါတယ်။

စစ်သားစုဆောင်းခံရခြင်းနဲ့ ပတ်သတ်ပြီး ဧရာဝတီကနေ ဒေသခံတွေ၊ မြို့နယ်အသီးသီးက အရပ်ဖက် အဖွဲ့အစည်း အနေနဲ့ လှုပ်ရှားနေတဲ့ လူငယ်တွေကို မေးမြန်းတဲ့အခါမှာ အချက်အလက်တွေနဲ့ သူတို့ဒေသမှာ ကြုံရတဲ့ အကြောင်းတွေကို ပြောပြပေမယ့် အများစုကတော့ သူတို့ နာမည်အရင်းတွေ ဓာတ်ပုံတွေကို မသုံးဖို့ တောင်းဆို ကြပါတယ်။

အဆိုပါ အမျိုးသားက “တိုက်ပွဲတွေ ဖြစ်လာရင် တပ်မတော်ဘက်က လမ်းပြခိုင်းတာ၊ မသင်္ကာရင် နှိပ်စက်တာ ကို ခံရသလို တိုင်းရင်းသားတပ်တွေကလည်း အမျိုးသားရေးတာဝန်ဆိုပြီး စစ်မှုထမ်းခိုင်းတာပဲ။ လူမျိုး မတူရင် သူလျှိုဆိုပြီး နှိပ်စက်မေးမြန်းတာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

အသက် ၃၀ ကျော် အမျိုးသမီး ဒေါ်နန်းအေးက ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတုန်းက နမ့်ခမ်းမြို့ကနေ လားရှိုး မြို့ကို သွားတဲ့ သူ့အမျိုးသားရဲ့ ကားကို လက်နက်ကိုင်အဖွဲ့ တဖွဲ့က တားစီးပြီးနောက် သူ့အမျိုးသားက ဒီကနေ့ထိ အိမ်ပြန် ရောက်မလာတော့ဘူးလို့ ပြောပါတယ်။

“ကျမအမျိုးသားက နမ့်ခမ်း-မူဆယ်-လားရှိုးကို ကားမောင်းတယ်။ ခရီးသည်ပို့တယ်။ အဲဒီနေ့ မနက်က အိမ်က ထွက်သွားပြီး နေ့လယ်လောက်မှာ သူ့သူငယ်ချင်းက ဖုန်းဆက်လာတာ။ စိုင်းရီတော့ ပါသွားပြီတဲ့ ။ သူ့ကို ဖုန်းတွေ တောက်လျှောက်ခေါ်တယ်၊ မရဘူး။ နောက် ၂ ရက်ကြာတော့ သူ့ဖုန်းက ဖွင့်တယ်။ ဒါပေမယ့် သူမဟုတ်ဘူး။ ပလောင်စကားပြောတယ်။ ကျမလည်း နားမလည်ဘူး။ နောက်တော့ ဖုန်းကို စက်ပိတ်လိုက် ကြတယ်” လို့ ဒေါ်နန်းအေးက ဆိုပါတယ်။

ဒေါ်နန်းအေးက ရဲစခန်းကို တိုင်ကြားထားပေမယ့် ဒီနေ့ထိ သတင်းမရတော့သလို၊ သူ့အမျိုးသားရဲ့ သူငယ်ချင်း ကားသမားတွေဆီက ကြားရတဲ့ သတင်းကတော့ လက်နက်ကိုင် တပ်ဖွဲ့တွေက ဖမ်းခေါ်ပြီး သတ်ပစ်လိုက်ပြီ ဆိုတာပါပဲ။

ဘယ်အဖွဲ့က သူ့အမျိုးသားကို ဖမ်းခေါ်သွားတယ်ဆိုတာကိုတော့ ဒေါ်နန်းအေး မသိပါဘူး။

ဒေါ်နန်းအေးက “ကျမမှာ ၄ နှစ်နဲ့ ၇ နှစ် သမီးနှစ်ယောက်နဲ့ တယောက်တည်း ရုန်းကန်နေရတယ်။ ကျမ အမျိုးသား အသက်ရှင်နေပါစေလို့ ကျမအမြဲ ဆုတောင်းတယ်။ သူများတွေကတော့ ခုချိန်လောက်ဆို စိုင်းရီ အသက်မရှင် လောက်တော့ဘူးတဲ့” လို့လည်း ပြောပါတယ်။

တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်တဲ့ ကာလတွေမှာဆိုရင် တပ်သားသစ် စုဆောင်းမှုတွေ ပိုများတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဝေးလံခေါင်ဖျားတဲ့ ရွာလေးတွေမှာ နေထိုင်တဲ့ မိဘတွေက သူတို့ သားသမီးတွေကို တပ်သားသစ် စုဆောင်းတဲ့ အထဲ ခေါ်ခံရမှာ စိုးရိမ်တာကြောင့် မြို့မှာ ကျောင်းတက်ဖို့ ပို့ထားတာတွေ လုပ်ကြသလို၊ ဆင်းရဲနွမ်းပါးတဲ့ မိသားစု အများစုကတော့ သားယောက်ျားလေးတွေကို လားရှိုး၊ မန္တလေး၊ ရန်ကုန်မြို့က ဘုန်းကြီးကျောင်း တွေကို ကိုရင်စည်းပေးပြီး ပို့လိုက်ကြပါတယ်။

အရပ်သားတွေကို စစ်မှုထမ်းခိုင်းတဲ့ စနစ်

အရပ်သားတွေကို တပ်သားသစ်အဖြစ် လာရောက်စုဆောင်းတဲ့ အခါမှာ လမ်းမှာ ဖမ်းဆီးခေါ်ဆောင် သွားတာမျိုး ရှိသလို တချို့ကလည်း ညသန်းခေါင် အိမ်မှာ အိပ်နေရင်း လာရောက် ခေါ်ဆောင်သွားခြင်း ခံရတာမျိုး ဖြစ်ကြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လှုပ်ရှားသွားလာနေကြတဲ့ KIA၊ TNLA ၊ SSPP ၊ RCSS တပ်ဖွဲ့ဝင်တွေ အားလုံးက အရပ်သားတွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးကြသလို အရပ်သားတချို့ကတော့ ၎င်းတို့ စိတ်ဆန္ဒအရ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ထဲကို အလိုအလျောက် ဝင်ရောက်ကြတာတွေလည်း ရှိပါတယ်။

KIA အရာရှိများရဲ့ ပြောဆိုချက်အရ ကချင်လူမျိုးတိုင်းက တအိမ်တယောက် အမျိုးသားရေးတာဝန်အရ ၂ နှစ် စစ်မှုထမ်း တာဝန် ထမ်းဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

KIA က သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ တပ်သားသစ် စုဆောင်းဖို့ ဖမ်းခံရသူများ ကို အသက် ၁၈ နှစ် ပြည့်မပြည့်၊ ကျန်းမာရေး ကောင်းမကောင်း၊ မိသားစုဝင်ထဲ KIA မှာ အမှုထမ်းနေသူ ရှိမရှိ ပြန်စိစစ်ပြီး သတ်မှတ်ချက်နဲ့ မကိုက်ညီရင် ပြန်လွှတ်ပေးတယ်လို့ ဧရာဝတီကို ၂၀၁၈ ခုနှစ်၊ မတ်လက ပြောဆိုထား ပါတယ်။

မိသားစုတစုမှာ တဦးတည်းသော သားဖြစ်ပါကလည်း KIA က ပြန်လွှတ်ပေးတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားပါတယ်။

သို့ပေမယ့် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ တရုံကျေးရွာအတွင်းမှာ KIA က လူ ၂၀ ကျော်ကို စစ်သား စုဆောင်း တုန်းကတော့ အမျိုးသားအိမ်ထောင်ဦးစီး ဖြစ်သူက မိသားစုစားဝတ်နေရေးအတွက် ရှာဖွေ ကျွေးမွေးနေရလို့ စစ်မှုမထမ်း နိုင်ကြောင်း ငြင်းဆိုခဲ့တာကြောင့် အဲဒီအမျိုးသားအစား သမီးဖြစ်သူကို KIA က ဖမ်းဆီး သွားခဲ့ ပါတယ်။

KIA က ကချင်လူမျိုးတွေကိုသာ စစ်မှုထမ်းရမယ်လို့ ဆိုပေမယ့် အလုပ်အကိုင်ရှားပါးမှုကြောင့် အညာဒေသ၊ အောက်မြန်မာပြည်ကနေ တရုတ်-မြန်မာနယ်စပ်က စိုက်ပျိုးရေးခြံတွေမှာ အလုပ်လာလုပ်ကိုင် ကြသူတွေကို လည်း စစ်သားစုတယ်ဆိုပြီး အစုလိုက်အပြုံလိုက် ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။

TNLA ကတော့ တအာင်းစစ်မှုထမ်းဥပဒေအရ အိမ်တအိမ်မှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသား ၂ ဦးထက် ပိုရှိရင် TNLA အတွင်း ဝင်ရောက်စစ်မှုထမ်းရမှာ ဖြစ်ပြီး ကျန်းမာရေးမကောင်းသူတွေနဲ့ တက္ကသိုလ် တက်နေသူများ ကို စစ်မှုမထမ်းခိုင်းကြောင်း သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေအနက် TNLA က ပလောင်လူမျိုးတွေ နေထိုင်တဲ့ ရွာတွေနားမှာ ပြည်သူ့စစ်တပ်ဖွဲ့တွေ ဘိန်းစိုက်ပျိုးရင် ဘိန်းပင်တွေကို လိုက်လံဖျက်ဆီးတာမျိုးတွေနဲ့ ဘိန်းစွဲနေတဲ့ ပလောင်လူမျိုးတွေကို ဘိန်းဖြတ်ပေးတာတွေကို လုပ်ပေးတာတွေလည်း ရှိပါတယ်။

TNLA ဒုဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တာခူးလန်းက “ကျနော်တို့ကတော့ အတင်းအဓမ္မ မကောက်ဘူး။ ဖြည်းဖြည်းချင်း ရှင်းပြတယ်။ အိမ်မှာနေရင် မင်းဘယ်လိုဖြစ်တယ်ပေါ့။ ဘိန်းစွဲရင်လည်း ခေါ်သွားပြီး ဘိန်းဖြတ်ပေးတယ်။ ဒီလိုမျိုးတွေပဲ လုပ်ပါတယ်” လို့ ပြောပါတယ်။

ပလောင် (တအာင်း) လူမျိုး အိမ်တအိမ်မှာ အသက် ၁၈ နှစ်ပြည့်ပြီး သားယောက်ျား သန်သန်မာမာ နှစ်ဦးရှိရင် တဦးက TNLA မှာ စစ်မှုထမ်းရမှာ ဖြစ်ပြီး တဦးတည်းရှိရင်တော့ မထမ်းဆောင်ခိုင်းဘူးလို့ ဗိုလ်မှူးချုပ် တာခူးလန်းက ပြောပါတယ်။

ဗိုလ်မှူးချုပ်တာခူးလန်းက “၂ ယောက်မှာ တယောက်က ကိုရင်ဝတ်တယ်၊ မသန်စွမ်းဖြစ်တယ်၊ ထောင်ကျတယ် ဆိုရင် ကျန်တယောက်ကိုလည်း မကောက်ဘူး။ ၂ ယောက်စလုံး သန်သန်မာမာပေမယ့် တယောက်က ပညာရေးဝန်ထမ်း၊ ကျောင်းဆရာ ဆိုလည်း မကောက်ဘူး။ သန်သန်မာမာ ပြည့်ပြည့်စုံစုံ ၂ ယောက် ရှိရင်တော့ တယောက်က ထမ်းဆောင်ရမယ်” လို့ ဆိုပါတယ်။

TNLA က စစ်မှုထမ်းဖို့ တပ်သားသစ်စုဆောင်းရာမှာ ပလောင် (တအာင်း) လူမျိုးတွေကိုပဲ ရွေးချယ်ခေါ်ဆောင် ပေမယ့် တခြား ရှမ်းလက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ SSPP နဲ့ RCSS တို့ကတော့ ပလောင်လူမျိုးတွေကို စစ်မှု ထမ်းခိုင်း နေတယ်လို့ ဗိုလ်မှူးချုပ် တာခူးလန်းနဲ့ ဒေသခံတွေက ပြောပါတယ်။

“ရှမ်းမြောက်မှာက အဖွဲ့စုံကောက်တယ်။ SSPP၊ KDA၊ မန်ပန်ပြည်သူ့စစ်တွေလည်း ကောက်တော့ ကျနော်တို့ ပလောင်လူမျိုးတွေက ခပ်များများ ခံနေရတယ်” လို့လည်း ဗိုလ်မှူးချုပ် တာခူးလန်းက ဆိုပါတယ်။

SSPP နဲ့ RCSS အဖွဲ့အစည်းတွေရဲ့ တပ်သားသစ်စုဆောင်းတဲ့ စနစ်ကိုတော့ ဧရာဝတီက သီးခြား အတည် ပြုချက် ရယူမေးမြန်းနိုင်ခြင်း မရှိပါဘူး။

သို့ပေမယ့် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ RCSS တပ်သားသစ် စုဆောင်းတာကြောင့် အရပ်သားတွေ အစုလိုက် အပြုံလိုက် ထွက်ပြေးလာတဲ့ ဖြစ်ရပ်တွေ ၂၀၁၇ ခုနှစ်မှာ ရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ကလည်း ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းပန်မြို့နယ်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် အမျိုးသား ၄ ဦး အပါအဝင် အရပ်သား ၅၀ ခန့်ကို RCSS က တပ်သားသစ်အဖြစ် စုဆောင်းခဲ့တာကြောင့် NLD ဘက်က ပြန်လွှတ်ပေးဖို့ တောင်းဆို ညှိနှိုင်းခဲ့ရာမှာ ပြန်လွှတ်ပေးတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။

တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က သတင်းမှတ်တမ်းနဲ့ သုတေသနတာဝန်ခံ လွေးပိုးကမီခေးလ်က “အရပ်သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာက တပ်မတော်ရော တိုင်းရင်းသား လက်နက်ကိုင်ရော နှစ်ဖက်စလုံးမှာ ရှိပါတယ်” လို့ ပြောပါတယ်။

လွေးပိုးကမီခေးလ်က အရပ်သားတွေအနေနဲ့ အလိုမတူပဲ စစ်သားအဖြစ် စုဆောင်းခံရတာနဲ့ အသက်မပြည့် သေးတဲ့ ကလေးငယ်တွေကို စစ်သားအဖြစ် စုဆောင်းတဲ့ သတင်းအချက်အလက်တွေလည်း ရရှိထားတယ်လို့ ဆိုပါတယ်။

လက်နက်ကိုင်များကြောင့် အရပ်သားများ ဝန်ထုပ်ဝန်ပိုးဖြစ်နေ

လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ တပ်သားစုဆောင်းတဲ့အခါမှာ ၎င်းတို့ရဲ့ စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်တွေ အရသာ အရပ်သားတွေကို စုဆောင်းတာလို့ ပြောဆိုကြပြီး အလိုမတူဘဲ စစ်မှုထမ်းဖို့ ဖမ်းဆီး ခေါ်ဆောင်တာတွေနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကိုတော့ ဝန်ခံလေ့ မရှိကြပါဘူး။

၂၀၁၇ ခုနှစ်အတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တွေကို ကွင်းဆင်းပြီး အစီရင်ခံစာတစောင် ထုတ်ပြန် ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က TNLA ၊ RCSS ၊ KIA ၊ SSPP တို့ဟာ ဒေသခံတွေကို အခွန်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ငွေကြေးတောင်းတာ၊ အဓမ္မ တပ်သားသစ် စုဆောင်းတာတွေ နှိပ်စက်ညှဉ်းပန်းတာတွေ အပြင်၊ သူတို့ သဘောထားနဲ့ ဆန့်ကျင်တဲ့ အရပ်သားတွေကို သတ်ဖြတ်ပစ်တာလည်း လုပ်နေကြောင်း အစီရင်ခံ စာထဲမှာ ရေးသားထားပါတယ်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အရပ်သားတွေကို အဓမ္မတပ်သားသစ် စုဆောင်းတာတွေ ဖမ်းဆီးနှိပ်စက် ညှဉ်းပန်းခံရတာတွေကို ရက်စွဲ၊ အချက်အလက်တွေ အတိအကျနဲ့ ဖော်ပြထားပါတယ်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ ၂၀၁၇ ခုနှစ် အစီရင်ခံစာအရလည်း KIA တပ်ဖွဲ့ဝင်တွေက တပ်သားသစ်စုဆောင်းတဲ့အခါ အရပ်သား ၂ ဦးက စစ်မှုမထမ်းလိုတာကြောင့် ရွာလူကြီးတွေ ခေါ်ပြီး ငွေကြေး ပေးကာ ညှိနှိုင်းခဲ့တာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်သားသစ်စုဆောင်းအပြင် ဒေသခံအရပ်သား ဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့ အကြောင်း နောက်တခု ရှိပါသေးတယ်။

KIA၊ TNLA၊ SSPP၊ RCSS တော်လှန်ရေး ရံပုံငွေဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ငွေကြေးတောင်းခံနေကြသလို၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကလည်း ဒေသခံတွေဆီကနေ လမ်းကြေး၊ ဂိတ်ကြေး၊ ဆေးလိပ်ဖိုး၊ ထမင်းဖိုး စတဲ့ ခေါင်းစဉ်တွေနဲ့ ငွေကြေး တောင်းခံလျက် ရှိပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက မြို့ပေါ်မှာ စီးပွားရေး လုပ်ကိုင်နေထိုင်ကြတဲ့ အရပ်သား တွေကို ၅ သိန်းကနေ သိန်းရာချီထိ ငွေကြေးတောင်းခံမှုတွေ ပြုလုပ်သလို တခါတရံမှာလည်း ဆင်းရဲနွမ်းပါး တဲ့ ကျေးရွာနေ ရွာသူရွာသားတွေဆီက စားနပ်ရိက္ခာ တောင်းယူတာမျိုးတွေလည်း ရှိနေပါတယ်။

မန်တုံ၊ နမ့်ဆန်နဲ့ ကျောက်မဲမြို့နယ်က ဒေသခံတွေ တပ်မတော်နဲ့ TNLA တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားတဲ့ အခါမှာ TNLA စစ်သားတွေက ငွေကြေးမကောက်ဘဲ၊ ဆန်အိတ်တွေကို ပေးဖို့၊ ရိက္ခာထောက်ပံ့ပေးဖို့ ရွာသားတွေဆီက တောင်းတာ ကြုံရဖူးတယ်လို့ ပြောပြပါတယ်။

စည်ကားလှတဲ့ တရုတ်-မြန်မာ နယ်စပ်က မူဆယ်မြို့ပေါ်မှာ စီးပွားရေးလုပ်ကိုင်ကြတဲ့ အရပ်သားတွေကိုလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက နှစ်စဉ်ငွေကြေး တောင်းခံ နေကြပါတယ်။

၂၀၁၇ ခုနှစ်အတွင်းမှာ ငွေကြေးကောက်ခံမှုတွေ ပိုများလာပြီး ယခင်က တောင်းခံခြင်း မခံရတဲ့ မူဆယ်မြို့ပေါ် က တည်းခိုခန်းငယ်လေးတွေအထိ KIA က ၎င်းတို့ အုပ်ချုပ်တဲ့ ခရိုင်ထဲမှာ ကျရောက်တယ်ဆိုပြီး ငွေကြေးတောင်းတဲ့ စာတွေ ပို့ပါတယ်။

စီးပွားရေးလုပ်ကိုင်နေတဲ့ အရပ်သားတွေက နိုင်ငံတော်အစိုးရက သတ်မှတ်ထားတဲ့ အခွန်ငွေကို ထမ်းရတဲ့ အပြင် လက်နက်ကိုင်အဖွဲ့တွေက တောင်းတဲ့ ငွေကြေးကိုလည်း ကြောက်ပြီး ပေးဆောင်နေကြရပါတယ်။

မူဆယ်မြို့က ဟိုတယ်လုပ်ငန်းရှင်တဦးက “သွားဆောင်တော့ တရုတ်ပြည်ဘက်က KIA ရုံးကို သွားဆောင် ရတယ်။ ကျနော်တို့မှာ ငွေဆောင်ထားတဲ့ စာရွက် အစိုးရဘက်က တွေ့ရင် မတရားအသင်း ထောက်ပံ့တယ် ဆိုတာတွေ လာမယ်။ မဆောင်ရင်လည်း လက်နက်ကိုင်တွေရဲ့ သေနတ်ကို ကြောက်ရတယ်”လို့ ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက မိမိတို့ လူမျိုးအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူညီမျှရေး အတွက် အစိုးရ၊ တပ်မတော်တို့ကို တော်လှန်ပြီး တိုက်ပွဲ ဝင်နေကြပေမယ့် တဖက်မှာလည်း အရပ်သားတွေ အပေါ် အဓမ္မခိုင်းစေမှုတွေ ရှိနေပါတယ်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းလို ပဋိပက္ခ ဖြစ်နေတဲ့ ဒေသတွေမှာ တပ်မတော်ကပဲ လူ့အခွင့်အရေး ချိုးဖောက်တာ မဟုတ်ပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ကလည်း အရပ်သားတွေ အပေါ် ပြစ်မှုတွေ ကျူးလွန်နေတယ်လို့ ၎င်းရဲ့ ၂၀၁၇ ခုနှစ်ထုတ် အစီရင်ခံစာထဲမှာ ဆိုထားပါတယ်။

ဧရာဝတီက တွေ့ဆုံမေးမြန်းခဲ့တဲ့ အရပ်သား ၄၅ ဦး ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အမျိုးသားရေးအတွက် လှုပ်ရှားမှုတွေ လုပ်တာကို ထောက်ခံပေမယ့် ၎င်းတို့ရဲ့ မိသားစုတွေ တကွဲတပြား ဖြစ်အောင် အလိုမတူပဲ တပ်သားစုဆောင်း တာတွေ ခြိမ်းခြောက်ပြီး ငွေကြေးနဲ့ စားနပ်ရိက္ခာ တောင်းခံ တာတွေကို မလုပ်စေချင်ဘူးလို့ ပြောကြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ငွေကြေးတောင်းခံမှု ၊ အဓမ္မ လူသစ်စုဆောင်းမှု ဒဏ်တွေကို အလိုမတူဘဲ ခါးစည်းခံနေရတဲ့ အရပ်သားတွေ အများအပြား ရှိနေဆဲ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading