ဧည့်ခန်း အတွင်းရှိ ပက်လက်ကုလားထိုင်တွင် ထိုင်ရင်း ဦးသော်ကောင်းသည် ရန်ကုန် တက္ကသိုလ် နယ်မြေမှ တက္ကသိုလ် များ ဗဟို စာကြည့်တိုက် (UCL) ရှိ သူ၏ ကျောင်းသားများနှင့် စာအုပ်များ ပြန့်ကျဲနေသော သူ့ရုံးခန်းကို သတိတရ ရှိနေ သည်။
လွန်ခဲ့သောနှစ်က ဦးခေါင်းတွင် ဒဏ်ရာရပြီးနောက် ချော်လဲမည်စိုးသောကြောင့် အသက် ၈၁ နှစ် အရွယ်ရှိပြီ ဖြစ် သော အငြိမ်းစား စာကြည့်တိုက်မှူးနှင့် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နှင့် သုတပညာဌာန ဌာနမှူး ဦးသော်ကောင်း ကို အိမ်အတွင်း တွင်သာ နေရန် ဆရာဝန်က အကြံပြုထားသည်။
ထို့ကြောင့်ပင် သူ၏ အပတ်စဉ် အင်္ဂါနေ့တိုင်း စာကြည့်တိုက်သို့ သွားနေကျ အစီအစဉ်ကို ခေတ္တ ဆိုင်းငံ့ထားရသည်။
“ကျနော် သူတို့ကို သတိရတယ်” ဟုပြောရင်း ကျန်းမာရေး ပြန်လည်ကောင်းလာသည်နှင့် စာကြည့်တိုက်သို့ ပုံမှန် ပြန် လည် သွားရောက်မည်ဟု ဆိုသည်။
ဘီးတပ် ကုလားထိုင်ဖြင့် သွားလာနိုင်သည်ဟု ဆရာဝန်က ပြောသော်လည်း ထိုသို့သွားရန် သူစိတ်မပါပေ။
“ဘီးတပ် ကုလားထိုင် သုံးရတာ တယောက်ယောက်ရဲ့ အကူအညီပါမှဆိုတော့ ရှုပ်တယ်။ ကျနော်အရင်က စာကြည့် တိုက် သွားရင် ကိုယ့်ဘာသာ ကားမောင်းသွားတာ”ဟု ရယ်မောရင်း သူကပြောသည်။
စာကြည့်တိုက် ပညာကို တက္ကသိုလ်အဆင့်တွင် သင်ကြားနိုင်အောင် အားထုတ်ခဲ့မှု၊ ရိုးရာပေစာများကို ထိန်းသိမ်းရန် ကြိုးပမ်းခဲ့မှုနှင့် မြန်မာနိုင်ငံ စာကြည့်တိုက်များ အသင်းကို စတင်တည်ထောင်ခဲ့ခြင်းတို့ကြောင့် ဦးသော်ကောင်းသည် နိုင်ငံတကာတွင် ကျော်ကြားသော မြန်မာ့ စာကြည့်တိုက်ပညာရှင်တဦး ဖြစ်ခဲ့သည်။
သူသည် အိမ်အပြင်သို့ သွားရောက်နိုင်ခြင်း မရှိသော်လည်း အိမ်တွင် အလဟသ အချိန်ကုန်ခံသူ မဟုတ်ပေ။ ၁၉၉၇ ခုနှစ် တွင် အငြိမ်းစားယူပြီးနောက် သူသည် မြန်မာ့သမိုင်း၊ စာပေနှင့် ယဉ်ကျေးမှုတို့ကို သုတေသန ပြုနေပြီး ထို အကြောင်း အရာများ နိုင်ငံတကာမှ ပိုမိုသိရှိနိုင်ရန်အတွက် သူ၏ တွေ့ရှိချက်များကို အင်္ဂလိပ် ဘာသာဖြင့် ရေးသား ခဲ့သည်။
လတ်တလောတွင် သူသည် ၁၇၄၉ ခုနှစ်က တရုတ်နိုင်ငံသို့ မြန်မာသံအဖွဲ့ စေလွှတ်သည့် မှတ်တမ်းပေစာကို စာအုပ် အဖြစ် ထုတ်ဝေနိုင်ရန် တည်းဖြတ်နေသည်။
“ဒီပေစာတွေမှာ သံအဖွဲ့အကြောင်း မှတ်တမ်းတင်ထားတာ တရုတ်နိုင်ငံကို ပေးလိုက်တဲ့ လက်ဆောင်တွေ အထိ အသေးစိတ်တွေ ပါတယ်”ဟု သူက ပြောရင်း ထိုစာတမ်းသည် တရုတ်-မြန်မာ ဆက်ဆံရေး သမိုင်းမှတ်တမ်းကို ပိုမိုပြည့်စုံစေမည် ဟုလည်း ဆိုသည်။
လူလျှောက်နည်းသောလမ်း
တသက်တာ စာကြည့်တိုက်ပညာရှင် ဦးသော်ကောင်းသည် ရန်ကုန်စီးပွားရေးတက္ကသိုလ် စာကြည့်တိုက်တွင် အထက် တန်း စာရေးအဖြစ် စတင် လုပ်ကိုင်ခဲ့သည်။
ထိုစဉ်က သူသည် အသက် ၂၀ သာ ရှိသေးပြီး ရန်ကုန် တက္ကသိုလ်တွင် အင်္ဂလိပ်စာအဓိက နောက်ဆုံးနှစ် ဖြေဆိုပြီး ကာလ ဖြစ်သည်။
၁၉၅၉ ခုနှစ်တွင် ဦးသော်ကောင်း သည် ထိုစဉ်က စာကြည့်တိုက်မှူး ဦးသိန်းဟန် (ဇော်ဂျီ) ၏ လက်ထောက် အဖြစ် ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်တွင် လုပ်ကိုင်ပြီး လန်ဒန် တက္ကသိုလ်မှ University College တွင် စာကြည့်တိုက် မှူး ပညာ ဆည်းပူးခဲ့သည်။
“အဲဒီတုန်းက စာကြည့်တိုက်နဲ့ ပတ်သက်တဲ့ အလုပ်ကို စိတ်ဝင်စားတဲ့သူက မရှိသလောက်ဘဲ”ဟု သူက ပြောသည်။
စာအုပ်စာပေ ချစ်မြတ်နိုးသော မိသားစုတွင် မွေးဖွားလာသည့်အပြင် ငယ်စဉ်ဘဝကပင် အဆစ်အမြစ်ရောင် ရောဂါ ခံစားခဲ့ရသော ဦးသော်ကောင်းသည် စာအုပ်ပုံအလယ်တွင် လူလားမြောက်လာခဲ့သည်။
ကျန်းမာရေး မကောင်းသော သားကို သက်သောင့်သက်သာ ဖြစ်စေရန်အတွက် ပညာရေးဌာနတွင် ညွှန်ကြားရေးဝန် တာဝန် ထမ်းဆောင်နေသော ဖခင် ဦးကောင်းက ဦးသော်ကောင်းကို စာကြည့်တိုက်မှူး ဖြစ်လာစေရန် အားပေးခဲ့ပြီး သူငယ်ချင်းဖြစ်သူ ဇော်ဂျီ ထံတွင် အပ်နှံသည်။
ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်သို့ ဦးသော်ကောင်း ရောက်လာသော အခါ စာကြည့်တိုက်မှူး ဆရာဇော်ဂျီက သူ့ကို ကူညီ စောင့်ရှောက်ခဲ့သည်။
စာကြည့်တိုက်ပညာ လေ့လာလိုက်စားရခြင်း အကြောင်းရင်းကို ပြန်ပြောင်းသတိရရင်း “ကျန်းမာရေး မကောင်းတာ အပြင် ကျနော်ကိုယ်တိုင်ကလည်း စာဖတ်ရတာ ဝါသနာပါတယ်။ စာကြည့်တိုက်မှူး တယောက်အနေနဲ့ ဆရာဇော်ဂျီ ရဲ့ ဘဝက ဘယ်လောက်တောင်မှ အေးချမ်းတယ်ဆိုတာကို ကျနော် မြင်သိရတယ်။ သူ့ကို မမီပေမယ့် သူ့လိုမျိုးဖြစ်ချင် တယ်။ ဒီ့အပြင် စာကြည့်တိုက်မှူးဆိုတော့ ကိုယ်ဖတ်ချင်တာ ဖတ်လို့ရတယ်”ဟုလည်း ဦးသော်ကောင်းက ပြောသည်။
ယခု နှစ်ပေါင်း ၆၀ ကြာသောအခါ သူလုပ်ခဲ့သည့် အလုပ်အတွက် နောင်တ မရကြောင်း ဦးသော်ကောင်းက ဆိုသည်။
“ဝမ်းနည်းစရာ မရှိတဲ့အပြင် ကျနော်ဟာ သူများမလိုက်တဲ့ လမ်းကိုရွေးခဲ့လို့ ကျနော့်အနေနဲ့ ထိုက်သင့်တဲ့ အောင်မြင်မှု ကို ရခဲ့တယ်”ဟု ရောဘတ်ဖရော့စ် ၏ The Road Not Taken ကဗျာထဲမှ စာသားကို ကိုးကားပြီး ပြောသည်။
အများ မလိုက်တဲ့ လမ်းကို ရွေးခဲ့သောကြောင့် ဦးသော်ကောင်းသည် ထူးခြားသူ ဖြစ်လာကြောင်း အမေရိကန် ကဗျာ ဆရာ ရောဘတ်ဖရော့စ် သဘောတူမည်မှာ သံသယရှိရန် မလိုပေ။
နောက်ဆုံးတွင် သူသည် တက္ကသိုလ်များ ဗဟို စာကြည့်တိုက်၏ စာကြည့်တိုက်မှူး ဖြစ်လာခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အငြိမ်းစား ယူသည်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
သူတာဝန် ထမ်းဆောင်ချိန် ရန်ကုန်တက္ကသိုလ်တွင် စာကြည့်တိုက် ပညာဌာနကို ထူထောင်ခဲ့ပြီး မျိုးဆက်သစ် စာကြည့်တိုက် ပညာရှင်များ မွေးထုတ်ရေး ရည်ရွယ်ချက်ဖြင့် ဆယ်စုနှစ် သုံးခုကြာ သင်ကြားခဲ့သည်။
ယခုအခါတွင် စာကြည့်တိုက်ပညာ သင်တန်းများကို ရန်ကုန်နှင့်မန္တလေး တက္ကသိုလ်များတွင် ဖွင့်လှစ်ထားပြီ ဖြစ်သည်။
စာကြည့်တိုက်တွင် အလုပ်ပါးပြီး စာသင်ကြားခြင်း မပြုသောအခါများတွင် ဦးသော်ကောင်းသည် (သူ၏ လက်ဦးဆရာ ဆရာဇော်ဂျီ စတင်ခဲ့သည့်) ရှားပါးစာအုပ်များ၊ အထူးသဖြင့် ပုရပိုက်နှင့် ပေစာလက်ရေးမူများ ရှာဖွေရန် သူ၏ ကျောင်းသား များ နှင့် အတူ နိုင်ငံအနှံ့ ခရီးထွက်လေ့ ရှိသည်။
သူတို့သည် တနိုင်ငံလုံးမှ ဘုန်းတော်ကြီးကျောင်း အိုများနှင့် ကိုယ်ပိုင် စာကြည့်တိုက်များသို့ ရောက်ခဲ့ကြပြီး ဖုန်တက် နေသော ပေစာ လက်ရေးမူများကို စုဆောင်းခဲ့ကြသည်။
ထိုသို့သော ပေစာလက်ရေးမူ အများအပြားမှာ ရာသီဥတုဒဏ်၊ ပိုးမွှားအန္တရာယ်တို့ကြောင့် ပျက်စီးမည့်ဘေး ကျရောက် နေပြီဖြစ်သည်။
ထိုပေစာများ၏ ပိုင်ရှင်က လှူဒါန်းရန် ငြင်းဆန်လျှင် ဦးသော်ကောင်းက ထိုပေစာများကို ဝယ်ယူသည်၊ သို့မဟုတ် ကူးယူသည်။
“တခါတခါကျရင် ပေစာကို ရောင်းဖို့ ပိုင်ရှင်ကို နှစ်နဲ့ချီပြီး စည်းရုံးပြောဆိုနေရတာ။ သူတို့ကလည်း သူတို့ စုဆောင်း ထား တာတွေကို နှမြောကြတာကိုး”ဟု သူက ပြောသည်။
ဦးသော်ကောင်းသည် ဗဟိုစာကြည့်တိုက်တွင် ပေစာနှင့် လက်ရေးစာမူများ ထိန်းသိမ်းရန် အထူးဌာနတခုကို တည် ထောင် နိုင်ခဲ့သည်။
၁၉၉၇ ခုနှစ်တွင် သူအငြိမ်းစား ယူသောအခါ ထိုဌာနတွင် သုတေသီများ အတွက် ရှေးဟောင်း မြန်မာစာပေ သို့မဟုတ် သမိုင်းနှင့် နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ပတ်သက်သော အခြားပညာရပ် ဆိုင်ရာ လက်ရေးစာမူပေါင်း ၁၆၀၀၀ ခန့် စုဆောင်း မိနေပြီ ဖြစ်သည်။
ထိုသို့သော အားထုတ်မှုများကြောင့်ပင် ပညာရပ်ဆိုင်ရာ ဖူကူအိုကာ အာရှယဉ်ကျေးမှု ဆုကို ၂၀၀၅ ခုနှစ်တွင် ရရှိခဲ့ သည်။
“ဦးသော်ကောင်းသည် အထူးသဖြင့် မြန်မာနိုင်ငံနှင့် အာရှ စာကြည့်တိုက်ပညာ နယ်ပယ်တွင် မြန်မာပြည်နှင့် ပတ်သက် လျှင် ထိပ်တန်း ပညာရှင် ဖြစ်ပြီး အဖိုးတန် ပေစာနှင့် လက်ရေးစာမူများ ထိန်းသိမ်း အသုံးချနိုင်ရေး အတွက် များစွာ အကျိုးဆောင်နိုင်ခဲ့သည်”ဟု ဆုရွေးချယ်ရေး အဖွဲ့၏ မှတ်ချက်တွင် ဖော်ပြထားသည်။
ဖူကူအိုကာ ဆုရရှိခဲ့သည့် မြန်မာနိုင်ငံမှ အခြားပညာရှင်များတွင် သမိုင်းဆရာ ဒေါက်တာ သန်းထွန်းနှင့် ဒေါက်တာ သန့်မြင့်ဦးတို့ ပါဝင်သည်။
ဦးသော်ကောင်း ရရှိသော အခြားနိုင်ငံတကာ ဆုများတွင်လည်း သူသည် UK စာကြည့်တိုက် အသင်း၏ အရှေ့တောင် အာရှမှ ပထမဆုံး ဂုဏ်ထူးဆောင် အဖွဲ့ဝင် ဖြစ်လာခဲ့ပြီး အနောက် ဆစ်ဒနီ တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ဒေါက်တာ ဘွဲ့ကို လည်း လက်ခံ ရရှိခဲ့သည်။
“ကျနော်တော်လို့ ဒီဆုတွေရခဲ့တယ်လို့ ကျနော်မထင်ဘူး။ ကံကောင်းလို့ပါ”ဟု သူက နှိမ့်ချစွာပြောသည်။
မြန်မာနိုင်ငံတွင် မွေးဖွားခဲ့ခြင်းနှင့် သူ၏ မိဘများနှင့် လက်ဦးဆရာ ဆရာဇော်ဂျီ တို့ထံမှ အားပေး ထောက်ခံမှု ရရှိခဲ့ ခြင်း တို့ကြောင့် လက်ရေးစာမူများကို စုဆောင်းခွင့်၊ စာကြည့်တိုက်နှင့် သုတပညာဌာနကို ထူထောင်ခွင့် ရခြင်းမှာ ကံကောင်းသည်ဟု သူယူဆသည်။
စာကြည့်တိုက် ပညာကို မြှင့်တင်ရန်နှင့် မြန်မာနိုင်ငံ စာကြည့်တိုက် အသင်းကို ထူထောင်ခဲ့နိုင်သည့် အတွက် သူနင့် စိတ်တူကိုယ်တူ ကျောင်းသားများနှင့် ဝန်ထမ်းများကိုလည်း သူကျေးဇူးတင်သည်။
မြန်မာနိုင်ငံမှ စာကြည့်တိုက်များကို အဆင့်မြှင့်နိုင်ရေးနှင့် နိုင်ငံတကာနှင့် ချိတ်ဆက်နိုင်ရေး အတွက် ဦးသော်ကောင်း သည် မြန်မာနိုင်ငံ စာကြည့်တိုက်များ အသင်းကို ၁၉၉၂ ခုနှစ်တွင် တည်ထောင်ခဲ့သည်။
အငြိမ်းစားမယူမီ ဦးသော်ကောင်းသည် အနာဂတ် အီလက်ထရွန်းနစ် စာကြည့်တိုက် စနစ်များတွင် သုံးရန် အတွက် သတင်းနည်းပညာ အခြေခံတတ်မြောက်မှု အစီအစဉ်များ စတင်ခြင်းကိုလည်း ကြီးကြပ် ဆောင်ရွက်ခဲ့သည်။
ယနေ့တွင်မူ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်သည် ရန်ကုန်နှင့် မန္တလေးရှိ တက္ကသိုလ် ၉ ခုက လေ့လာနိုင် သည့် ပညာရပ်ဆိုင်ရာ အီလက်ထရွန်းနစ် ဂျာနယ်များနှင့် အီလက်ထရွန်းနစ် စာအုပ် အများအပြား ပါဝင်သည့် အချက် အလက် သိုမှီးသည့် စနစ်တခုကို တည်ထောင်ထားပြီး ဖြစ်သည်။
နိုင်ငံတဝန်းရှိ တက္ကသိုလ် စာကြည့်တိုက် ၂၃ ခုမှ စာအုပ်စာရင်း ကက်တလောက် များကိုလည်း ထိုအချက်အလက် သိုမှီးသည့် စနစ်တွင် ကြည့်ရှုနိုင်သည်ဟု ဦးသော်ကောင်း၏ ကျောင်းသားဟောင်းဖြစ်ခဲ့သူ လက်ရှိ တက္ကသိုလ်များ ဗဟို စာကြည့်တိုက် စာကြည့်တိုက်မှူး ဒေါ်နီနီနိုင် ၏ အဆိုအရ သိရသည်။
“သူက စာကြည့်တိုက်တွေ တိုးတက်ရေးကို အမြဲလမ်းညွှန် အားပေးတယ်။ ကျမတို့ နိုင်ငံတကာ သင်တန်းတွေ တက်နိုင်တာလည်း ဆရာကြီးကြောင့်ပါ”ဟု ဒေါ်နီနီနိုင်က ပြောသည်။
ပညာရှာသူ တို့ဝိုင်းကူ
ပေစာများကို ရှာဖွေစုဆောင်းခြင်းနှင့် မြန်မာနိုင်ငံတွင် စာကြည့်တိုက်ပညာ တိုးတက်ရေးကို အားပေးခြင်းတို့ အပြင် ဦးသော်ကောင်းသည် ဗဟိုစာကြည့်တိုက်တွင် သုတေသန လာလုပ်သော ပြည်တွင်းပြည်ပ ပညာရှင်များကို ကူညီရာ တွင် နာမည်ကြီးပြီး စာကြည့်တိုက်တွင် သိုမှီးထားသည့် စာအုပ်များနှင့် ပတ်သက်၍ နှံ့စပ်မှုရှိလှသည်ဟု အရှေ့တောင် အာရှ နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိပ်တန်း ကျွမ်းကျင်သူ ရောဘတ်တေလာ က ပြောသည်။
မြန်မာ့ လွတ်လပ်ရေး တိုက်ပွဲတွင် စာရေးဆရာများ၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး သုတေသန လုပ်ရန် ၁၉၈၀ ပြည့် နှစ် များ က မြန်မာနိုင်ငံသို့ မကြာခဏ လာရောက်တတ်သော ဒေါ်အောင်ဆန်းစုကြည် ကို တချို့စာကြည့်တိုက်များ က ကူညီခြင်း မရှိကြောင်း ဦးသော်ကောင်း ကြားသောအခါ ဒေါ်အောင်ဆန်းစုကြည်အား “ကျနော်တို့ဆီကို လာခဲ့၊ ဒီမှာ ပိုစုံ တယ်”ဟု ပြောပြီး လက်ခံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရကျောင်းများတွင် စာကြည့်တိုက် အသုံးပြုသော ယဉ်ကျေးမှု ထွန်းကားရေး အတွက် လွန်ခဲ့သောနှစ် ဇူလိုင်လက တက္ကသိုလ်များ ဗဟို စာကြည့်တိုက်သို့ လာရောက်ခဲ့သေးသည်။
ဦးသော်ကောင်း ဖူကူအိုကာဆု လက်ခံသောအခါ “သူက သုတေသန အတွက် ရှားပါးစာရွက်၊ စာတမ်း လိုအပ်နေတဲ့ သူ။ နိုင်ငံသား ဖြစ်ဖြစ်၊ နိုင်ငံခြားသား ဖြစ်ဖြစ် စာနာကူညီတယ်။ သူကျနော်တို့ကို အမြဲ ကူညီနိုင်ပါစေ”ဟု ဖူကူအိုကာ ဆုရှင် ဖြစ်သည့် ကျော်ကြားသော မြန်မာ သမိုင်းဆရာ ဒေါက်တာ သန်းထွန်းက ရေးသားခဲ့သည်။
၁၉၇၈ ခုနှစ်ကပင် ဦးသော်ကောင်းနှင့် သိကျွမ်းခဲ့သော ရောဘတ်တေလာကလည်း သူ၏ သက်တမ်း ရှည်ကြာလှပြီ ဖြစ်သော မိတ်ဆွေသည် “အရမ်းတော်တဲ့ ပညာရှင်၊ အရမ်းတော်တဲ့ စာကြည့်တိုက်မှူး၊ ရိုးသား နွေးထွေးတဲ့ လူသား” ဖြစ်သည်ဟု ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
အထူးသဖြင့် ၁၉၈၂ ခုနှစ်က တက္ကသိုလ်များ ဗဟို စာကြည့်တိုက်တွင် ၆ လကြာ သုတေသန ပြုစဉ်ကာလကို သူ အမှတ် ရနေသည်။
ထိုကာလအတွင်း ဦးသော်ကောင်း၏ စိတ်ဓာတ်အင်အားနှင့် အလုပ်ကြိုးစားမှုသည် သူ့အတွက် မမေ့နိုင်သော ကျေးဇူး တရားများ ဖြစ်သည်ဟု သူပြောသည်။
၂၀၁၂ ခုနှစ်တွင် ကျရောက်သည့် ဦးသော်ကောင်း၏ ၇၅ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် စာအုပ်တွင် တေလာ က သူ၏ ၁၉၈၇ ခုနှစ်ထုတ် စာအုပ်ဖြစ်သော “The State in Myanmar” စာအုပ်နှင့် မြန်မာနိုင်ငံ အကြောင်း ရေးသား မှု များတွင် ဦးသော်ကောင်း၏ အကူအညီသည် အလွန်အရေးပါသော အခန်းမှ ပါဝင်ခဲ့သည်ဟု ဖော်ပြခဲ့သည်။
“ဦးသော်ကောင်းက ကျနော်ရှာလို့မရတဲ့၊ လိုအပ်တဲ့အချက်အလက်တွေ ရှာပေးတယ်။ မြန်မာ့ နိုင်ငံရေးနဲ့ ယဉ်ကျေးမှု နယ်ပယ်က အရေးပါတဲ့ သူတွေနဲ့ မိတ်ဆက်ပေးတယ်”ဟု တေလာက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
သို့သော် ဦးသော်ကောင်းက “ပညာရှာသူ တို့ဝိုင်းကူ” ဟူသည့် စာကြည့်တိုက်၏ ဆောင်ပုဒ်အတိုင်း စာကြည့်တိုက်မှူး တယောက် လုပ်ရမည့် အလုပ်ကိုသာ လုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“သူတို့ ဘာသိချင်တယ်ဆိုတာ ကျနော့်ကိုပြောရင် ကျနော်သူတို့ကို ရှင်းပြတယ်။ သူတို့ ဘာဖတ်သင့်တယ် ဆိုတာကို ညွန်ပေးတယ်။ ဒါ ကျနော့် အလုပ်ပဲလေ”ဟု သူက ပြောသည်။
အောင်မြင်မှုများ ရှိနေသော်လည်း အသက် ၈၁ နှစ်ရှိပြီ ဖြစ်သော စာကြည့်တိုက်မှူးကြီး ဦးသော်ကောင်းက မြန်မာနိုင်ငံ ၏ စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်မှုသည် အိမ်နီးချင်း သို့မဟုတ် ဒေသတွင်း နိုင်ငံများထက် နောက်ကျနေသည်ဟု ခံစား နေရပြီး တချို့ တက္ကသိုလ် စာကြည့်တိုက်များတွင် စာအုပ်လုံလောက်မှု မရှိသောကြောင့် အစိုးရက ပိုမိုပံ့ပိုးရန် လိုသည် ဟု လည်း ပြောဆိုသည်။
“စာကြည့်တိုက်မှူးတွေရဲ့ စွမ်းရည်ကိုလည်း မြှင့်တင်ဖို့ လိုတယ်”ဟုပြောရင်း သတင်း နည်းပညာခေတ်တွင် စာကြည့် တိုက်မှူး များ၏ တာဝန်များသည် ယခင်ကထက် ပိုမိုနက်နဲလာသည်ကို ထောက်ပြသည်။
ယနေ့ခေတ် စာကြည့်တိုက်မှူးများသည် အနိမ့်ဆုံး အနေအထားတွင်ပင် အီလက်ထရွန်းနစ် အချက်အလက်သိုမှီး စနစ် နှင့် အွန်လိုင်းတွင် အချက်အလက် ရှာဖွေသည့် စနစ်များ မည်သို့ အသုံးပြုရမည်ကို သိရှိရန်လိုကြောင်း သူက ရှင်းပြ သည်။
“အခြေခံ ကျကျပြောရရင် စာကြည့်တိုက်မှူးတွေဟာ သတင်း အချက်အလက်နဲ့ အသုံးပြုသူတွေကြားမှာ ပေါင်းကူးတွေ ဖြစ်နေသေးတယ်”ဟု သူက ပြောသည်။
ထိုသို့ဆိုလျှင် စာကြည့်တိုက်မှူးကောင်း ဖြစ်ရန် မည်သို့ လုပ်ဆောင်ရမည်နည်းဟု မေးရမည် ဖြစ်သည်။
“စာဖတ်ရမယ်၊ ကူညီလိုစိတ် ရှိရမယ်။ ကိုယ်ဖတ်တဲ့စာက ခင်ဗျားအတွက်သာ မဟုတ်ဘဲ၊ တခြားသူတွေကို ကူညီနိုင်ဖို့ ဖြစ်ရမယ်”ဟု ဦးသော်ကောင်းက ရှင်းပြသည်။
ပညာရပ်နယ်ပယ်တွင် ဦးသော်ကောင်းနှင့် ဆက်ဆံခဲ့သူ မည်သူမဆို သူဆိုလိုသည်ကို အတိအကျ နားလည်မည် ဖြစ်ပေ သည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Kyaw Phyo Tha ရေးသားသည့် Librarian-Scholar Took the Road Less Traveled By ကို ဆီလျော်အောင် ဘာသာပြန်သည်။