NSCN-K သည် အိန္ဒိယ – မြန်မာ ၂ နိုင်ငံစလုံးတွင် နေထိုင်နေကြသော နာဂလူမျိုးများကို စုပေါင်းနိုင်ရေးအပြင်၊ နာဂနိုင်ငံ ထူထောင်နိုင်ရေး ကြိုးပမ်းနေသော နာဂလက်နက်ကိုင် အဖွဲ့ဖြစ်သည်။ ထိုအဖွဲ့သည် မြန်မာနိုင်ငံ ပိုင်နက်အတွင်း အခြေစိုက်၍ ထိုရည်မှန်းချက်ကို အကောင်အထည် ဖော်လျက်ရှိသည်။
သို့သော် မြန်မာအစိုးရအား တိုက်ခိုက်ခြင်းဖြင့် ဆောင်ရွက်မှု မရှိပေ။ အိန္ဒိယ အစိုးရကို တိုက်ခိုက်ခြင်းဖြင့် ဖော်ဆောင်နေခြင်းသာ ရှိသည်။
အိန္ဒိယ အစိုးရကို တိုက်ခိုက်ရာတွင် NSCN – K သည် တဖွဲ့တည်းမဟုတ်ဘဲ၊ အိန္ဒိယကို တိုက်ခိုက်နေသည့် မဏိပူရ သူပုန် (ကသည်းသူပုန်) Kangiei Liberation Army(KYKL)၊ People’s Liberation Army (PLA) နှင့် အာသံ သူပုန် United Liberation Front of Assan (ULFA) တို့ကို NSCN-K က ၎င်း လှုပ်ရှား နယ်မြေ အတွင်း အခြေစိုက်ခွင့် ပေးထားပြီး ပူးပေါင်း တိုက်ခိုက်နေသည်ဟု အိန္ဒိယအစိုးရဘက်က ယုံကြည်ထားကြောင်း သိရသည်။
ထို့ပြင် NSCN-K သည် Kangiei Liberation Army(KYKL)၊ United Liberation Front of Assan(ULFA)၊ National Democration Front of Bodoland(NDFB)၊ Kamtapur Liberation Organization(KLO)၊ People’S Revolutionary Party of Kangleipak(PREPAK)၊ United National Libera tion Front(UNLF) တို့ ပါဝင်သော UNLFW-SEA ဆိုသည့် မဟာမိတ်အဖွဲ့ကို ဖွဲ့စည်း၍ အိန္ဒိယနိုင်ငံ အရှေ့မြောက် ဒေသ မတည်မငြိမ် ဖြစ်အောင် လုပ်နေသည့်အပေါ်ကိုလည်း အိန္ဒိယအစိုးရက စိုးရိမ်လျက်ရှိသည်။
ထို့ကြောင့် အိန္ဒိယအစိုးရက NSCN-K ကို မတရားအသင်းအဖြစ် သတ်မှတ်ကာ ပြန်လည် တိုက်ခိုက်နေသလို၊ NSCN-K မှ ခေါင်းဆောင်များဖြစ်သော ဥက္ကဋ္ဌ ဦးခါးငေါ်ကိုညတ် (Khango Konyak) အပါအဝင် ထိပ်ပိုင်း ခေါင်းဆောင် တချို့ကို အိန္ဒိယက အလိုရှိနေသည်။
မြန်မာ့ တပ်မတော်နှင့် NSCN-K အကြား တိုက်ပွဲများသည် နာဂအမျိုးသားရေးရာကောင်စီ(Naga National Council) ကနေ နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN) အဖြစ် ဖွဲ့စည်းခဲ့သည့် ၁၉၈၀ ပြည့်နှစ်မှ ၁၉၉၀ ကျော်အထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နာဂတောင်တန်းများပေါ်တွင် ဖြစ်ပွားခဲ့ကြသည်။
၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင်မူ တိုက်ပွဲများ ရပ်တန့်သွားခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် မြန်မာအစိုးရနှင့် NSCN-K အကြား တိုင်းဒေသကြီးအဆင့် အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး ယနေ့အထိ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိတော့ပါ။
သို့သော် ၂၀၁၈ ခုနှစ်၊ ဇူလိုင် လကုန်ပိုင်းက NSCN-K ၏ ဥက္ကဋ္ဌ ဦးခါးငေါ်ကိုညတ် (Khango Konyak) ကို နယ်မြေ ကန့်သတ်မှုများ ပြုလုပ်လာကြောင်းနှင့် တိုက်ပွဲတခု ဖြစ်ပွားခဲ့ကြောင်း၊ NSCN-K ၏ လဟယ် မြို့နယ် အတွင်းရှိ စခန်း တခု ဆုတ်ပေးလိုက်ရကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။
အဆိုပါ ကိစ္စ မည်သည့်အတွက်ကြောင့် ဖြစ်ပေါ်လာသနည်း ဆိုခြင်းကို သိချင်နေကြသည်။ အဘယ်ကြောင့် ဆိုသော် ကွယ်လွန်သွားပြီး ဖြစ်သော NSCN-K ဥက္ကဋ္ဌဟောင်း ဦးကပ်ပလန် မသေခင် ၂၀၁၅ ခုနှစ်က ရန်ကုန်မြို့အထိ လာရောက်၍ ဆေးကုသခွင့်ကို ဦးသိန်းစိန်အစိုးရက ခွင့်ပြုပေးခဲ့ဖူးခြင်းကြောင့် ဖြစ်သည်။
NSCN-K ၏ ဌာနချုပ်ကို တပ်မတော်က အင်အားဖြည့်၍ ဝိုင်းထားကြောင်း၊ NSCN-K မှ အမာခံ ကေဒါများကို ဖမ်းဆီး၍ အိန္ဒိယဘက်သို့ လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း၊ NSCN-K ဥက္ကဋ္ဌ Khango Konyak ကို တာဂါ တွင်သာ နေရန်၊ တခြားဒေသများသို့ မသွားရန် တပ်မတော်ဘက်က ပြောလာကြောင်း အိန္ဒိယသတင်း ဌာန တချို့နှင့် ပြည်တွင်း သတင်းဌာန တချို့တွင် ဖော်ပြခဲ့ကြသည်။
NSCN-K ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဥက္ကဋ္ဌ ဦးအန်ကန့်က “NSCN-K ဥက္ကဋ္ဌကို တာဂါမှာပဲ နေဖို့၊ ဘယ်မှ မသွားဖို့ ပြောတာတော့ ဟုတ်ပါတယ်။ တိုက်ပွဲကတော့ ကောလာဟလ သတင်းတွေ ဖြစ်မှာပါ။ အခု လောလောဆယ် ဒီမှာ ဘာမှမရှိဘူး။ အမြဲတမ်း တပ်မတော်နဲ့ တွေ့ထိမှု ရှိပါတယ်။ စကား ပြောတာပေါ့လေ။ ကျနော်တို့ အဖွဲ့က ကေဒါတွေကို ဖမ်းမယ် ဆိုတာလည်း မဟုတ်ပါဘူး” ဟု ဆိုသည်။
တချို့ကမူ အိန္ဒိယ အစိုးရ၏ ဖိအားပေးမှုကြောင့်ဟု သုံးသပ်နေကြသလို၊ NCA မထိုးခြင်းကြောင့်လား၊ နာဂ နိုင်ငံ ထူထောင်မည်ဟု ပြောဆိုနေခြင်းကြောင့်လား၊ အကြမ်းဖက်အဖွဲ့ဟု မြန်မာအစိုးရက သတ်မှတ်ထားသော ARSA နှင့် အချိတ်အဆက် မိသွားမည်ကို စိုးရိမ်သည့် အတွက်ကြောင့်လား၊ အိန္ဒိယအစိုးရနှင့် ဆက်ဆံရေး မပျက်စေလိုသည့် အတွက်ကြောင့်လား၊ NSCN-K ၏ နယ်မြေကို ပိုမိုကျယ်ပြန့်လာမည်ကို စိုးရိမ်သည့် အတွက်ကြောင့်လား စသည်ဖြင့် သုံးသပ် ပြောဆိုနေကြသည်။
တိုင်းရင်းသားအရေး သုတေသီ တဦးဖြစ်သူ ဦးမောင်မောင်စိုးကမူ NSCN-K နှင့် တပ်မတော်အကြား ယခု ဖြစ်စဉ်သည် ရှည်ကြာမည့် အခြေအနေ မရှိနိုင်ကြောင်း၊ အိန္ဒိယအစိုးရနှင့် မျက်နှာ မပျက်ချင်သည့်အတွက် ကြောင့်သာ NSCN-K ကို နယ်မြေ ကန့်သတ်ခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။
“တိုက်ပွဲ ပုံစံမျိုးတော့ မဟုတ်ပါဘူး။ သူက ဒီနာဂအဖွဲ့ကို သွားလာမှု ကန့်သတ်တာပေါ့၊ အိန္ဒိယအစိုးရနဲ့လည်း ပြဿနာမဖြစ်အောင် သွားလာမှု ကန့်သတ် တယ်ဆိုတဲ့ဟာမျိုးပဲ ကြားရပါတယ်။ အကန့်အသတ် ရှိလိမ့်မယ် ထင်တယ်။ ဘာကြောင့်ဆို အဓိက နာဂနဲ့ တပ်နဲ့ ကြီးကြီးမားမား ပဋိပက္ခဖြစ်တာ မရှိဘူး။ နောက်တခုက တပ် ကိုလည်း နာဂအဖွဲ့က ဦးတည် တိုက်ခိုက်တာလည်း မရှိဘူး” ဟု ၎င်းက ပြောသည်။
တပ်မတော်သည် NSCN-K ဥက္ကဋ္ဌအား နယ်မြေ ကန့်သတ်မှု လုပ်လာခြင်းသည် ARSA နှင့် အချိတ်အဆက် ရှိသွားမည်ကို စိုးရိမ် ခြင်းကြောင့်လားဆိုသည့် သုံးသပ်မှု တချို့လည်း နိုင်ငံရေး အကဲခတ်သူများအကြား ရှိနေသည်။
၂၀၁၈ ခုနှစ်၊ ဇူလိုင် ၂၆ ရက်က မြန်မာ-အိန္ဒိယ နယ်စပ်၊ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် လုံခြုံရေး ဆောင်ရွက်နေသည့် အာသံရိုင်ဖက်တပ်ကို ARSA က တိုက်ခိုက်မှု တခုဖြစ်ပေါ်ကြောင်း သတင်းထွက်ပေါ် လာခဲ့သည်။
ထိုအဖွဲ့သည် မြန်မာ- အိန္ဒိယ နယ်စပ်တွင် အခြေစိုက် စခန်းများ ဆောက်လုပ်ရန်အတွက် ကြိုးပမ်းနေကြောင်း၊ ပါကစ္စတန်က ထောက်ပံ့ပေးနေကြောင်း အိန္ဒိယအစိုးရက ပြောသည်ဟု အိန္ဒိယ သတင်းဌာနများက ဖော်ပြထား သည်။
ဤအဖွဲ့သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း လွတ်မြောက်နယ်မြေ ထူထောင်ရေးနှင့် ရိုဟင်ဂျာ လူမျိုးအဖြစ် အသိအမှတ် ပြုပေးရေး မြန်မာ့တပ်မတော်နှင့် မြန်မာအစိုးရကို လက်နက်ကိုင် တိုက်ခိုက်၍ တောင်းဆို နေသည့် အဖွဲ့ဖြစ်ရာ အိန္ဒိယဘက်ကို သွားရောက် တိုက်ခိုက်ခြင်းက ထူးဆန်းနေသည်။
ထို့ကြောင့် အာဆာ (ARSA) တိုက်ခိုက်မှု ထွက်ပေါ်လာပြီးနောက် NSCN-K ဥက္ကဋ္ဌကို တာဂါဒေသမှာပင် နေထိုင်ရန်၊ တခြားဒေသသို့ မသွားရန် တပ်မတော်က အကြောင်းကြားလာခြင်းက ARSA နှင့် NSCN-K အကြား အချိတ်အဆက် မိသွားမည်ကို အိန္ဒိယ အစိုးရနှင့် မြန်မာအစိုးရတို့ စိုးရိမ်နေသည့် အတွက်ကြောင့်လားဆိုသော စဉ်းစားမှုများ ထွက်ပေါ်လာခြင်း ဖြစ်နိုင်သည်။
အိန္ဒိယအစိုးရသည် တူညီသော ရန်ဘက်ကို မတူညီသည့် အဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခြင်းက သဘာဝ ကျသည်ဟု ယူဆမှု ရှိသည့်အတွက် ARSA (အိန္ဒိယနယ်စပ်တွင် အခြေစိုက် စခန်းဆောက်နိုင်ရေးအတွက် အိန္ဒိယရှိ အာသံရိုင်ဖယ်တပ်ကို တိုက်ခိုက်နေသူများ) နှင့် NSCN-K (နာဂနိုင်ငံထူထောင်နိုင်ရေး အိန္ဒိယကို တိုက်ခိုက်နေသူများ) ၏ ရန်သူမှာ အိန္ဒိယအစိုးရဖြစ်ရာ တူညီနေခြင်းကြောင့် ချိတ်ဆက်မိမည်ကို စိုးရိမ်နေ နိုင်သည်။
NSCN-K ကို တပ်မတော်က နယ်မြေ ကန့်သတ်ခြင်းသည် မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်နှင့် အိန္ဒိယအစိုးရ အကြား အပြန်အလှန် အကျိုး ဖြစ်ထွန်းစေသည်။ ရခိုင်ပြဿနာကြောင့် မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော် အပေါ် UN နှင့် အနောက်နိုင်ငံများက ဖိအားပေးနေသလို၊ အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်နေရာ အိန္ဒိယ အစိုးရ၏ ထောက်ခံမှုကို လိုအပ်နေသည်။
အလားတူ အိန္ဒိယအစိုးရကလည်း မြန်မာနိုင်ငံ၊ ရခိုင်ဒေသက မတည်ငြိမ်မှုများ အိန္ဒိယနိုင်ငံဘက်သို့ ကူးလာ မည်ကို စိုးရိမ်နေရာ မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်၏ ပူးပေါင်းဆောင်ရွက်မှုကို မျှော်လင့်နေနိုင်သည်။
ဤသို့ဆိုလျှင် အိန္ဒိယအစိုးရအား တိုက်ခိုက်နေသော NSCN-K အား ယခုကဲ့သို့ နယ်မြေ ကန့်သတ်ခြင်းနှင့် နယ်မြေ ကျယ်ပြန့်လာမည့် အခြေအနေကို တားဆီးခြင်းက အပြန်အလှန် အကျိုး ဖြစ်ထွန်းစေမည်။
သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လုပ်ကိုင်ပေးခဲ့သူ တဦးက “အရင် အစိုးရတုန်းက နာဂပြဿနာကို စဉ်းစားတာက ပြည်တွင်းရေး ကိစ္စဖြစ်တယ်လို့ စဉ်းစားတာ၊ အခု အစိုးရက အရင်လို မစဉ်းစားဘူး။ ဦးကပ်ပလန်ကို ရန်ကုန်မှာ ဆေးကုခွင့်တောင် ပေးခဲ့သေးတယ်။ အခု ရခိုင်ကိစ္စကြောင့် အစိုးရရော၊ တပ်မတော်ရော အိန္ဒိယရဲ့ ထောက်ခံမှုကို လိုနေတယ်။ အိန္ဒိယနဲ့ ဆက်ဆံရေး မပျက်ချင်ဘူး၊ အိန္ဒိယနဲ့ တပ်မတော်ကလည်း အရင်ကတည်းက ဆက်ဆံရေး ကောင်းခဲ့တယ်။ အစိုးရကလည်း ဆက်ဆံရေး ကောင်းချင်တယ်။ ဒါကြောင့် နာဂကို အိန္ဒိယသွားတိုက်မှာဆိုလို့ ကန့်သတ်မှုလေး လုပ်လာတာ ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။
မြန်မာအစိုးရသည် NSCN-K ၏ ခွဲထွက်ရေး ကြိုးပမ်းမှုကို မနှစ်သက်သလို၊ မိမိနိုင်ငံအတွင်း နေထိုင်ပြီး အိမ်နီး ချင်း နိုင်ငံတခုကို သွားရောက် တိုက်ခိုက်နေခြင်းကိုလည်း လက်မခံကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာန ညွန်ကြားရေးမှူးချုပ်လည်းဖြစ်၊ သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သူ ဦးဇော်ဌေးက ၂၀၁၈ ခုနှစ်၊ ဇွန် ၁၃ ရက် ဧရာဝတီသတင်းဌာနသို့ ပြောခဲ့ဖူးသည်။
“NSCN-K က သူရဲ့ဟာက အိန္ဒိယဘက်မှာ အဖွဲ့ရှိတယ်။ ဒီဘက်မှာ အဖွဲ့ရှိတယ်။ ကျနော်တို့ နိုင်ငံရဲ့၊ မြန်မာ နိုင်ငံရဲ့ မူဝါဒက ဘာလဲဆိုရင် မြန်မာနိုင်ငံရဲ့ ပိုင်နက်နယ်မြေ နယ်နိမိတ်မှာ အခြေစိုက်ပြီးတော့ အိမ်နီးချင်း နိုင်ငံကို ပြန်ပြီးတော့ တိုက်ခိုက်တာမျိုး ကျနော်တို့ လက်မခံဘူး။ ခွဲထွက်မယ်၊ ခွဲမထွက်ဘူး ဆိုတာကို အာမဘန္တေ ခံဖို့လိုမယ်။ ခွဲထွက်မယ်ဆိုတာကို ကျနော်တို့ လက်မခံနိုင်ဘူး” ဟု ၎င်းက ဆိုသည်။
ဦးဇော်ဌေး၏ မှတ်ချက်ကို ကြည့်လျှင် မြန်မာအစိုးရသည် အိန္ဒိယ အစိုးရနှင့် ဆက်ဆံရေး မပျက်လိုသည်ကို ပေါ်လွင်စေပြီး NSCN-K ၏ လုပ်ငန်းစဉ်ကို မနှစ်သက်ခြင်းကလည်း အိန္ဒိယအစိုးရနှင့် မြန်မာအစိုးရအကြား တူညီနေသည်ကို တွေ့ရသည်။
NSCN-K ဥက္ကဋ္ဌ Khango Konyak ကို စစ်ကိုင်းတိုင်းဒေသကြီး၊ နန်းယွန်းမြို့နယ်၊ တာဂါ ကျေးရွာတွင်ပင် နေထိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက အကြောင်းကြားလာ ခြင်းက တပ်မတော် အနေဖြင့်လည်း အိန္ဒိယအစိုးရနှင့် ဆက်ဆံရေးကောင်းတရပ် တည်ဆောက်နိုင်ရန် ကြိုးပမ်း နေခြင်း ဖြစ်နိုင်သည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လက အိန္ဒိယနိုင်ငံသို့ သွားရောက်၍ အိန္ဒိယဝန်ကြီးချုပ် မိုဒီ အပါအဝင် ကာကွယ်ရေးဝန်ကြီး အာရမ်ဂျတ်တလေနှင့် အမျိုးသား လုံခြုံရေးအကြံပေး အာဂျစ်ဒိုဗယ်လ်တို့ကို တွေ့ဆုံ၍ နယ်စပ် တည်ငြိမ်ရေးကိစ္စများကို ဆွေးနွေး ခဲ့ကြသေးသည်။
အိန္ဒိယနိုင်ငံဘက်က မြန်မာပိုင်နက်အတွင်း အိန္ဒိယနိုင်ငံကို တိုက်ခိုက်နေသော သူပုန်အဖွဲ့များကို အခြေစိုက် ခွင့် မပြုရန်၊ နှစ်နိုင်ငံ ပူးပေါင်း၍ တိုက်ခိုက်ရန်၊ အိန္ဒိယတပ်မတော်က နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ပါက ခွင့်ပြု ပေးရန် စသည်ဖြင့် အမြဲတောင်းဆိုလေ့ ရှိကြောင်း သိရသည်။
ဤသို့ အိန္ဒိယအစိုးရက တောင်းဆိုရခြင်းကလည်း NSCN-K သည် အိန္ဒိယအစိုးရကို တိုက်ခိုက်နေသော အရှေ့ မြောက်ဒေသက သူပုန်အဖွဲ့များကို လှုပ်ရှားနယ်မြေ ပေးထားခြင်းနှင့် UNLFW-SEA ဆိုသော မဟာမိတ်အဖွဲ့ကို ဖွဲ့စည်း၍ ပူးပေါင်းတိုက်ခိုက်နေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်း ကာလတုန်းကမူ အိန္ဒိယ တပ်မတော်သည် မြန်မာပိုင်နက် အတွင်းသို့ ဝင်ရောက်၍ NSCN-K အဖွဲ့ကို တိုက်ခိုက်ခဲ့ဖူးသည်။ ထိုအပေါ် မြန်မာအစိုးရကလည်း ငြင်းဆိုခဲ့ဖူးသည်။
NSCN-K မှ ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန်က “UNLFW-SEA ဝီဇီယားလို့ ခေါ်တယ်။ အဲဝီဇီယားကျတော့ ကျနော်တို့ကျတော့ ဒီဝီဇီယား ထဲမှာရှိတဲ့ လူတွေပေါ့နော်။ အဲဒါ ကျနော်တို့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံး အဲဒီလို စုစည်းပြီးတော့မှ နေထားတာပေါ့လေ။ အဲဒါ ကျစ်ကျစ်လစ်လစ် ကြီးတော့ မဟုတ်ပါဘူး၊ သို့သော်လည်းပဲ တယောက်နဲ့ တယောက်ပေါ့၊ လေးလေးနက်နက် အခက်အခဲ ကြုံလာတဲ့ အခါမှာ ကူညီနိုင်ဖို့ အဲဒီလိုမျိုး ပုံစံနဲ့ ဖွဲ့စည်းထားတာ” ဟု ပြောသည်။
NSCN-K သည် မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်ကို တိုက်ခိုက်ခြင်း မရှိသည့်တိုင် မြန်မာ့တပ်မတော်က နယ်မြေ ကန့်သတ်လာခြင်းနှင့် စခန်းတခုကို တိုက်ခိုက်ခဲ့ခြင်းဖြင့် NSCN-K အပေါ် ကျရောက်လာသော ဖိအား သည် မည်သည့် ဘက်က လာသနည်းဆိုသည့် မေးခွန်းထုတ်မှုများ ရှိလာခဲ့သည်။
NSCN-K ကို နယ်မြေ ကန့်သတ်လာခြင်းအပေါ် တပ်မတော်ကိုသာ မေးရန် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆိုသည်။
တိုင်းရင်းသားအရေး သုတေသီ ဦးမောင်မောင်စိုးက “အိန္ဒိယအဖို့ စိုးရိမ်စရာ ရှိတာကတော့ အိန္ဒိယအစိုးရကို ဆန့်ကျင်တဲ့ နာဂသူပုန်အဖွဲ့ကို တရုတ်ကနေပြီးတော့ ထောက်ပံ့မှုတွေ ရှိမလားဆိုပြီးတော့ စိုးရိမ်မှုတွေလည်း ရှိနိုင်ပါတယ်။ တိုက်ပေးဖို့ဆိုတာ တပ်မတော်ဘက်က ဒါကို တိုက်ပေးဖို့ ဆိုတာထက် မြန်မာပြည်ထဲမှာ နေပြီး တော့ အိန္ဒိယ အစိုးရကို ထွက်မတိုက်ဖို့ တောင်းဆို မယ်လို့ ထင်ပါတယ်။ အသေးစိတ်တော့ မသိရဘူး” ဟု ပြောသည်။
NSCN-K ဘက်ကတော့ တပ်မတော်ဘက်မှ ဖိအားပေးလာခြင်းသည် အိန္ဒိယနိုင်ငံ၏ ဖိအားပေးမှုကြောင့် လုပ် ဆောင်လာရခြင်း ဖြစ်နိုင်ကြောင်း၊ NSCN-K ၏ လဟယ်မြို့နယ်အတွင်းရှိ နယ်စပ်တနေရာက စခန်းတခု ဆုတ်ပေးလိုက်ရကြောင်း ပြောသည်။
NSCN-K မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီဥက္ကဋ္ဌ ဦးအန်ကန့်က “ကျနော်တို့လည်း ကန့်သတ်တာတော့ မပြောတတ်ဘူး။ ဒါဘယ်လိုဆိုတာ မပြောတတ်ဘူး၊ လုပ်တဲ့လူတွေသာ တိုက်ရိုက် သိပါလိမ့်မယ်။ ဖြစ်နိုင်တာ ကတော့ အိန္ဒိယရဲ့ ဖိအားပေးမှု။ လဟယ်မြို့နယ်ထဲကတော့ ကြားလိုက်တယ်။ ဆုတ်ပေးလိုက်ရတဲ့ စခန်းက ကျနော်လည်း မရောက်ဖူးတော့ ပြောဖို့ ခက်တယ်ဗျ” ဟု ဆိုသည်။
အစိုးရနှင့် NSCN-K အကြား ၂၀၁၂ ခုနှစ်က ချုပ်ဆိုထားသော တိုင်းဒေသကြီးအဆင့် အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် နယ်မြေကန့်သတ်ထားမှု ပါဝင်ခြင်း မရှိကြောင်း၊ ထိုသို့ နယ်မြေ ကန့်သတ်လာခြင်းအပေါ် နား မလည်မိကြောင်း NSCN-K ဘက်က ပြောသည်။
NSCN-K မှ ဦးအန်ကန့်က “ကန့်သတ်မှုဆိုတာ မရှိဘူး။ စာချုပ်မှာလည်း ကျနော်တို့ ဘယ်နေရာ ဘယ်နေရာ ဆိုတာ ကန့်သတ်မှု မရှိခဲ့ကြဘူး” ဟု ဆိုသည်။
လက်နက်ကိုင်အဖွဲ့တခုမှ ခေါင်းဆောင်တဦးကမူ မြန်မာ့တပ်မတော်က NSCN-K ကို နယ်မြေကျဉ်းအောင် ဆောင်ရွက်သည့် အနေဖြင့် ယခုကဲ့သို့ နယ်မြေကန့်သတ်မှုများ လုပ်လာခြင်း ဖြစ်နိုင်သည်ဟု မှတ်ချက် ပြုသည်။
မြန်မာဘက်ခြမ်းရှိ နာဂအမျိုးသားရေးရာကောင်စီ (CNA) ဥက္ကဋ္ဌ Athong Makury က NSCN-K အနေဖြင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) မထိုးဟု ပြောဆိုထားရာ NCA ထိုးလာ ရေးအတွက် ဖိအားပေးခြင်း ဖြစ်နိုင်သည်ဟု သူ၏ အမြင်ကို ပြောသည်။
“ကျနော့် အမြင်ကတော့ မြန်မာ အစိုးရအနေနဲ့ တနိုင်ငံလုံး ငြိမ်းချမ်းရေး ရချင်တဲ့အတွက် မြန်မာနိုင်ငံမှာ ရှိနေ တဲ့ သို့မဟုတ် မြန်မာနိုင်ငံ အတွင်းမှာ လှုပ်ရှားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံး ကို NCA ထိုးစေချင်တဲ့ ဆန္ဒတခုကြောင့် ဖိအားပေးတယ်ဆိုတဲ့ အမြင်မျိုးတော့ မြင်ရတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် အိန္ဒိယနိုင်ငံ၏ ဖိအားပေးမှုကြောင့်လည်း မြန်မာ့တပ်မတော်က NSCN-K ကို ဖိအားပေး လာခြင်း ဖြစ်နိုင်ကြောင်း Council of Naga Affairs ဥက္ကဋ္ဌ Athong Makury က ဆက်ပြောသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသော အမည်မဖော်လိုသူ တဦးက “စစ်တပ်က အပစ်ရပ်ကာလမှာ ဘယ်သူ့ကိုမှ အင်အားမကြီးစေချင်ဘူး။ ဒါကြောင့် အကုန်လုံးကို ဝိုင်းလှည့်ပတ်နေတာပဲ။ နာဂက လွတ်လပ်ရေး အတွက် လုပ်နေတာဆိုတော့ အိန္ဒိယ- မြန်မာ နှစ်နိုင်ငံစလုံးက မလိုလားဘူး။ နာဂကို တို့ရုံပဲ တို့တာပါ၊ ညီလာခံ အပြီးမှာတောင် သူတို့ အဆက်အသွယ်ရှိတယ်” ဟု ပြောသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် NSCN-K အကြား ပြန်လည် တည်ငြိမ်သွားပြီ ဖြစ်ပြီး တစုံတရာ ကြီးကြီး မားမား ဖြစ်ပွားခြင်း မရှိတော့ကြောင်း NSCN-K ဘက်က ဆိုသည်။
မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော် ဘက်ကမူ NSCN-K ကို NCA ထိုးရန် မျှော်လင့်နေကြသည်။ ထို့အပြင် ခွဲထွက်ရေး ကြိုးပမ်းမှု မပြုလုပ်ရန်နှင့် နယ်စပ်ဖြတ်ကျော်၍ အိမ်နီးချင်း နိုင်ငံကို သွားရောက် တိုက်ခိုက်နေ ခြင်းကို နှစ်သက်ခြင်း မရှိကြောင်း သိရသည်။