“ဟိုးခပ်ဝေးဝေးက ရေးရေးလေး လှမ်းမြင်နေရတဲ့ တောင်တန်းကြီးတွေရဲ့ အလယ်တနေရာက စိမ်းလန်းတဲ့ ရွာကလေးမှာ အဘွားတို့ မိသားစုဟာ ကိုယ်ပိုင်လယ်မြေ၊ ဥယျာဉ်ခြံတွေ၊ မွေးမြူရေးလုပ်ငန်းတွေနဲ့ နေထိုင်ခဲ့ကြဖူးတယ်။ ဘယ်သူ့ကိုမှလည်း အားကိုးနေစရာ မလိုဘူးလေ။ ဘယ်သူကမှလည်း အနှောက်အယှက် မပေးခဲ့တဲ့ အချိန်တွေမှာ ရွာကြီးဟာ စည်းကား သာယာလွန်းလှတယ်လေ”
အစွန်အဖျား နယ်စပ်ဒေသ ကရင်နီ ဒုက္ခသည် စခန်းတခုကို ကျနော် ရောက်ရှိနေခဲ့စဉ်မှာ အသက် ၈၀ ကျော် ကယားအဖွားအိုတစ်ဦးရဲ့ ပြောပြချက်ပါ။
အဲဒျိုပေါ်မီ (ဒိကူ) ပွဲမှာ လာရောက်လည်ပတ်တဲ့ ရပ်ဝေး၊ ရပ်နီး ဧည့်သည်တွေကို ကောက်ညှင်းနဲ့ ပြုလုပ်ထားတဲ့ သုံးမြှောင့်ထောင့် ပုံစံ ဖက်ထုပ် (ဒိကူထုပ်)၊ ချိုပြင်းတဲ့ ကရင်နီရိုးရာ ခေါင်ရည်နဲ့ အခြားသော ရိုးစင်းလှတဲ့ ရိုးရာ စားဖွယ်တွေကို တည်ခင်း ကျွေးမွေးဖို့ ပြင်ဆင်နေတယ်။
သူမရဲ့ မျက်ဝန်းထဲမှာဟာ တစ်စုံတရာကို လွမ်းဆွတ်နေတာပဲလား၊ နာကျည်းနေတာလား၊ မျှော်လင့်ချက်တစ ရှိနေသလား ဆိုတာကိုတော့ ကျနော် နားမလည်နိုင်ပါ။ ခါးသည်းလွန်းလှတဲ့ ခြောက်ခြားဖွယ်ရာ ကန္တာရ နှစ်ကာလများစွာကို သူမရဲ့ မျိုးနွယ်စုများနဲ့အတူ ကျော်ဖြတ်ခဲ့ပြီဖြစ်တဲ့ အဖွားအိုရဲ့ ခံစားမှုမဲ့ မျက်ဝန်းများက ကျနော့်ကို တုန်လှုပ်ခြောက်ခြားစေပါတယ်။
“အဖွားရဲ့ မြေးမြစ်တွေကိုတော့လည်း အဖွားငယ်ငယ်တုန်းလိုမျိုး ဘိုးဘွားလယ်၊ ဘိုးဘွားမြေမှာ အေးအေးချမ်းချမ်း နေထိုင်ခွင့်လေးတော့ ရစေ့ချင်တယ်” လူသားဆန်လွန်းလှတဲ့ ရင်တွင်း ဆန္ဒတခုကိုတော့ ကျနော် နားလည်နိုင်ခဲ့ပါတယ်။
ပြည်တွင်းစစ်ဘဝကို အလျားလိုက် ပြေးရင်းလွှားရင်းနဲ့ပဲ တိုးချဲ့မိသားစုလေး ငြိမ်းချမ်းတည်ငြိမ်ဖို့ရာ ကြိုးစားနေခဲ့သူ အိမ်ထောင်ဦးစီး အဖွားအို။
တတိယနိုင်ငံတစ်ခုခုမှာ အခြေချနေထိုင်မယ့် အခွင့်အရေးကို ငြင်းဆန်ခဲ့တဲ့အဖွားအိုရဲ့ မိသားစုဟာ မကြာခဏဆိုသလို ကြားနေရပြီဖြစ်တဲ့ ပြည်တွင်း ပြန်လည် အခြေချနေထိုင်ဖို့ကိုတော့လည်း သံသယ ရှိနေဆဲပါ။
ကယားအဘွားအိုရဲ့ ယုံကြည်မှုကို ဘယ်လို ရယူကြမှာလဲ။ ဇာတိရွာနဲ့ မတူပေမယ့်လည်း သူမနဲ့သူမရဲ့ ချစ်လှစွာသော မိသားစုတစ်ခုလုံးကို ဆယ်စုနှစ်များစွာ ရှင်သန်ခွင့်ပေးခဲ့၊ ကျွေးမွေးစောင့်ရှောက်ခဲ့၊ ကလေးများကို ပျိုးထောင်ပေးခဲ့တဲ့ ဒီဒုက္ခသည်စခန်းလေးကို သူမဟာ ဘယ်လိုမျိုးများ ခံစားနေပါသလဲ။
ရိက္ခာလျော့နည်းလာသလို၊ လူမှုအကျပ်အတည်းများစွာ ရှိနေတဲ့ တောင်တန်းများရဲ့ တဖက်က ဒီခိုလှုံရာ ရပ်ဝန်းလေးဟာ သူမရဲ့ မျိုးနွယ်စုများအတွက် ဒုတိယဇာတိရွာ ဖြစ်နေခဲ့ပြီ။ ဆယ်စုနှစ် သုံးခု စွန်းခဲ့ပြီ။ ဂုဏ်သိက္ခာရှိစွာနဲ့ အိမ်ပြန်ချိန်ကိုတော့လည်း အိမ်မရှိတော့ပေမဲ့ ပြန်ချင်စိတ် ရှိနေကြတဲ့ သူတွေပါပဲ။ မေ့လျော့ခံနေရသူတို့အတွက် ဌာနေတိုင်းရင်းသား အခွင့်အရေးဆိုတာ အိပ်မက်ပမာ ရှိနေဆဲပါပဲ။
“ဌာနေတိုင်းရင်းသား ပြည်သူများဟာ – လူသားအောင်မြင်မှု-ရဲ့ ကျင့်ဝတ်နီတိ စံတန်ဖိုးကို တိုင်းတာမယ့် ပြဒါးတိုင်ပါပဲ၊ သဘာဝတရားနဲ့ ဆက်ဆံရေးပုံစံအသစ်ကို ပျိုးထောင် စောင့်ရှောက်ကြမယ့်သူတွေလည်းဖြစ်တယ်။” ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်နှင့် အပြန်အလှန် သိနားလည်မှုအတွက် ဌာနေတိုင်းရင်းသားများ၏ အကြမ်းမဖက် လှုပ်ရှားမှု၊ အုပ်ချုပ်မှုနှင့် ဒစ်ပလိုမေစီ နိုင်ငံတကာကွန်ယက် အဖွဲ့ကြီးရဲ့ ဒါရိုက်တာ ဂျိုရှုဝါကူးပါးရဲ့ တင်ပြချက် တစ်ခုဖြစ်ပါတယ်။
ဒီနှစ် သြဂုတ်လ ၉ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဌာနေ တိုင်းရင်းသားပြည်သူများ၏ နိုင်ငံတကာနေ့ရက် အထိမ်းအမှတ်အနေနဲ့ ကရင်ပြည်နယ်၊ မူတြော် (ဖာပွန်) ခရိုင်၊ အီးတူထပြည်တွင်း ဒုက္ခသည်စခန်းမှာ ဆင်ယင်ကျင်းပဖို့ရာ ပြင်ဆင်နေကြပါတယ်။
ကရင်သဘာ၀ ပတ်ဝန်းကျင်နှင့် လူမှုရေးကွန်ယက်၊ ကရင်အမျိုးသမီးအဖွဲ့အစည်း၊ ကရင့်ရေးရာ လေ့လာရေး ကွန်ယက်အဖွဲ့နဲ့ အီးတူထ ပြည်တွင်း စစ်ရှောင်ဒုက္ခသည်စခန်း ကော်မီတီတို့က ပူးပေါင်းပြီး ကျင်းပကြမှာလည်း ဖြစ်တယ်။
ဌာနေ ကရင်တိုင်းရင်းသား မျိုးနွယ်စုများရဲ့ ဓလေ့ရိုးရာအရ နေထိုင်အသက်ရှင်မှုပုံစံ၊ ယဉ်ကျေးမှုနှင့် အသိပညာ အတတ်ပညာများကို ဖေါ်ထုတ်ဖလှယ် ဆင်နွှဲသွားမယ်လို့လည်း ကြားသိရတယ်။ ဌာနေ ကရင်အမျိုးသမီးတို့ ကိုယ်တိုင် သူတို့ရဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်နေတဲ့ ဘေးသင့်နေသော သစ်ခွပန်း မျိုးစိတ်များအပေါ် သုတေသနပြု လေ့လာခဲ့သော ရလဒ်များကိုလည်း စုဆောင်းတင်ပြ သွားကြမယ်။ “ပန်းမန်သစ်ခွ စုံလင်လှ လူမှုဘဝသာယာလှ” ခေါင်းစဉ်နဲ့ အစီရင်ခံစာကိုလည်း မိတ်ဆက်မှာဖြစ်တယ်။
မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေးအတွက် အသက်တမျှ အရေးကြီးလွန်းလှတဲ့ ငြိမ်းချမ်းရေးနှင့် ပြန်လည်နေရာ ချထားရေး ခေါင်းစဉ် ကိုလည်း ထည့်သွင်းဆွေးနွေးဖို့ရာ ရှိနေတယ်။ ကရင့်ဘိုးဘွားမြေသို့ ငြိမ်းချမ်းစွာ ပြည်လည်နေထိုင်နိုင်မည့် အခွင့်အလမ်းများကို ထည့်သွင်းဆွေးနွေးခြင်းဟာ အခြားသောနိုင်ငံများက ဆင်ယင်ကျင်းပတဲ့ ဌာနေတိုင်းရင်းသား ပြည်သူများနေ့ရက် ပုံစံနဲ့ မတူကွဲပြားတဲ့ အချက်ပဲဖြစ်တယ်။
ကချင်၊ ကရင်၊ ကရင်နီနဲ့ ရှမ်းပြည်သူလူထု အပါအဝင် မြန်မာတိုင်းရင်းသား မျိုးနွယ်စုများဟာ နယ်စပ်ဒုက္ခသည်များ၊ ပြည်တွင်းဒုက္ခသည်များ အဖြစ်နဲ့ စိုးရိမ်ဖွယ်ရာ ရှင်သန်နေထိုင်နေကြရတာဟာ ဆယ်စုနှစ် ၃ ခုကျော်ရှိခဲ့ပြီ။
မြန်မာနိုင်ငံရဲ့ အရှေ့ဖက်ခြမ်းမှာတင် ဒုက္ခသည်ပြည်သူ တသိန်းကျော်ဟာ စခန်း ၉ ခု မှာ မှီခိုနေထိုင်ရပြီး ပြည်တွင်း စစ်ရှောင် ဒုက္ခသည်ပြည်သူ အရေအတွက်ဟာလည်း စိုးရိမ်ဖွယ်ရာ တိုးပွားလို့လာနေတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ IDPs ဦးရေဟာ တသိန်း ရှိနေပြီ။
ဒုက္ခသည်ပြည်သူများရဲ့ ထက်ဝက်ကျော် ၅၁ ရာခိုင်နှုန်းဟာ အသက် ၁၈ နှစ်အောက် ကလေးငယ်တွေ ဖြစ်ကြတယ် လို့လည်း UNHCR ရဲ့ ၂၀၁၆ အစီရင်ခံစာအရ သိရပါတယ်။ ယဉ်ကျေးမှု အဆင့်အတန်းမြင့်လူမျိုးများရဲ့ ဂုဏ်သိက္ခာတွေကို များစွာ ထိခိုက်ပွန်းပဲ့ခဲ့ရပြီ။
တိုင်းရင်းသား မျိုးဆက်သစ်တွေကို ပေးအပ်မယ့် အမွေအနှစ်ထဲမှာတော့လည်း ပြည်တွင်းစစ်ဘေးဒဏ် ခံစားရခြင်း၊ ဒုက္ခသည်အဖြစ် ရှင်သန်နေထိုင်ရခြင်း၊ ရွှေ့ပြောင်းလုပ်သားအဖြစ် ဝေးလွင့်ရခြင်းတို့လိုမျိုး ဆိုးမွေတွေကို ပယ်ရှားဖို့ရာ တာဝန်ရှိနေကြပြီ။ မြန်မာအစိုးရ အစီအစဉ်နဲ့ ပြည်တွင်းရွှေ့ပြောင်းဒုက္ခစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် မဟာဗျူဟာတခုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန (လူကယ်ပြန်) က ရေးဆွဲနေတယ်။
ဇွန်လ ၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ မဟာဗျူဟာ ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲမှာ လူကယ်ပြန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသူများသည် မူလ အလုပ်အကိုင် ပျက်ပြားသွားသလို အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာကြောင်း၊ ကလေးသူငယ်များနှင့် လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အရေးများ ဆုံးရှုံးပြီး အမျိုးသမီးများလည်း ရပ်တည်မှု ဖွံ့ဖြိုးမှု ထိခိုက်ကာ အကြမ်းဖက်ခံရမှုနှင့် လူကုန်ကူး ခံရနိုင်ခြေ ရှိလာကြောင်းကို ပြောသွားခဲ့တယ်။
မြန်မာအစိုးရဖက်က လျစ်လျူရှု ခံထားရဆဲ တိုင်းရင်းသား ဒုက္ခသည်အရေးကို အသိအမှတ်ပြုပြီး ထဲထဲဝင်ဝင် ကိုင်တွယ်လာတဲ့ အချက်ပါ။ ပြည်တွင်းစစ်ပွဲတွေ ဖြစ်ပွားနေဆဲ ဒေသများအတွက်တော့ ဒီမဟာဗျူဟာရဲ့ သက်ရောက်မှုကို မေးခွန်းထုတ်စရာ ရှိနေတယ်။
အိမ်နီးချင်းထိုင်းနိုင်ငံမှာလည်း ချင်းရိုင်ရာဂျဘတ်တက္ကသိုလ်မှာ ဌာနေတိုင်းရင်းသားများနေ့ရက်ကို ကျင်းပဖို့အတွက် ပြင်ဆင်နေကြသလို မျိုးနွယ်စု အရေအတွက် ငါးရာကျော်ရှိတဲ့ အိန္ဒိယနိုင်ငံမှာလည်း တက္ကသိုလ်ကြီးတွေနဲ့ ပြည်နယ်အစိုးရများက တာဝန်ယူ ကျင်းပကြမှာပါ။
ကမ္ဘာပေါ်မှာ ဌာနေတိုင်းရင်းသား ဦးရေဟာ သန်း ၃၇၀ ခန့် ရှိတယ်လို့ ခန့်မှန်းပါတယ်။ နိုင်ငံ ၉၀ ကျော်မှာ ဖြန့်ကျက် နေထိုင်ကြပါတယ်။ ကုလသမဂ္ဂက ၁၉၉၄ ခုနှစ်ကနေ စတင်ပြီး ကမ္ဘာ့ဌာနေတိုင်းရင်းသားနေ့ရက်ကို သတ်မှတ်ခဲ့တယ်။ ဌာနေတိုင်းရင်းသားများဆိုတာ ဘယ်သူတွေလဲ၊ ဘယ်လိုမျိုး အဓိပ္ပါယ် ဖွင့်ဆိုထားပါသလဲ၊ ရှေးပဝေသဏီ နှစ်ပေါင်းများစွာကတည်းကနေ လက်ရှိကာလတိုင်အောင် ဘိုးဘေးများ နေထိုင်ရာဒေသတွေမှာ မှီတင်းနေထိုင်ပြီး မွန်မြတ်တဲ့ ရိုးရာအစဉ်အလာ ဓလေ့ထုံးတမ်းများ၊ ဝန်းကျင်ဒေသ အသိတရား၊ အသိဉာဏ်ပညာများ၊ ရိုးရာဘဝနေထိုင်မှု ပုံစံများကို ထိန်းသိမ်းကျင့်သုံးနေသူများလို့ ဆိုပါတယ်။
၂၀၀၇ ခုနှစ်က ထုတ်ပြန်ကြေညာခဲ့တဲ့ ကမ္ဘာ့ဌာနေတိုင်းရင်းသားများ အခွင့်အရေး ကြေညာစာတမ်းဟာလည်း အခု ၂၀၁၈ ခုနှစ်ဆိုရင် ၁၁ နှစ်မြောက်ရှိခဲ့ပြီ။ ဌာနေတိုင်းရင်းသားများဟာ တောတောင်ရေမြေများနဲ့ အတူ ပွန်းတီးနေထိုင် ရှင်သန်ကြရတဲ့အတွက် သူတို့ဟာ ကမ္ဘာကြီးရဲ့ သဘာဝတရားကို ထိန်းသိမ်းကာကွယ် စောင့်ရှောက် နေသူတွေ ဖြစ်ကြတယ်။
မြေယာ နယ်နိမိတ်နဲ့ သဘာဝသယံဇာတများကို စီမံပိုင်ဆိုင်ခွင့် ပေးဖို့ကိုလည်း အစဉ်တစိုက် တိုက်တွန်းလျက် ရှိပါတယ်။ အာဆီယံနိုင်ငံများထဲက ဖိလစ်ပိုင်နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲမှာတော့ ဌာနေ တိုင်းရင်းသားများ ဆိုင်ရာ အခွင့်အရေးကို စတင်ရေးဆွဲ ထည့်သွင်းပြီး ပြဌာန်းခဲ့တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံပါ။
ဌာနေတိုင်းရင်းသားများရဲ့ အခွင့်အရေးကို ကာကွယ်ဖို့အတွက် အထူးအစီအမံတွေ လိုအပ်နေပြီဆိုတာကို နိုင်ငံတကာ လူမှုအသိုင်းအဝိုင်းများဟာ သိနားလည်လာကြပါပြီ။ ၂၀၁၈ ခုနှစ်၊ ကမ္ဘာ့ဌာနေတိုင်းရင်းသားများနေ့ရက် အတွက် ပေးထားတဲ့ ခေါင်းစဉ်ကတော့ “ဌာနေတိုင်းရင်းသားများ ရွှေ့ပြောင်းနေထိုင်ရခြင်းနှင့် လှုပ်ရှားနေရခြင်း” ဖြစ်ပါတယ်။
ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အခြားသော ခေါင်းစဉ်တွေ၊ ဖိအားတွေအောက်မှာ သူတို့ရဲ့ မြေယာတွေကို ပိုင်ဆိုင်ခွင့် ဆုံးရှုံးလာတဲ့အတွက် ဌာနေတိုင်းရင်းသား ပြည်သူတွေဟာ ဇာတိနေရပ်ကို စွန့်ခွါပြီး မြို့ပြများများဆီ ရောက်လာခဲ့ကြပြီ။ လူသားလုံခြုံရေး၊ ဘဝတိုးတက်ရေး၊ ဝမ်းစာနဲ့ ရင်သွေးငယ်များ ပညာရေးစတဲ့ အကြောင်းတရားတွေနဲ့ပါပဲ။
၂၀၁၈ ခေါင်းစဉ်အရ သြဂုတ်လ ၉ ရက်နေ့မှာ နိုင်ငံတကာက ဌာနေတိုင်းရင်းသားများဟာ မြေယာပိုင်ဆိုင်ခွင့်၊ ရွှေ့ပြောင်းနေထိုင်ရမှု ပြဿနာ ဇာစ်မြစ်၊ နယ်နိမိတ်ကျော်ဖြတ် ပြောင်းရွှေ့ရမှု၊ နေရပ်စွန့်ခွါရမှု ခေါင်းစဉ်တွေကို ဦးစားပေး ဆွေးနွေးကြမယ်။ နောက်ဆက်တွဲအနေနဲ့ ၂၀၁၉ ခုနှစ်ကိုတော့ “ဌာနေတိုင်းရင်းသား ဘာသာစကားများ နိုင်ငံတကာနှစ်” International year of Indigenous Languages လို့ သတ်မှတ် ပြဌာန်းထားပါတယ်။
ဌာနေတိုင်းရင်းသားများဟာ ပညာရေး လက်လှမ်းမီဖို့နဲ့ အရည်အသွေးပြည့်မီတဲ့ ပညာရေးရရှိဖို့အတွက်လည်း အားထုတ်ကြဖို့ အပူတပြင်း လိုအပ်နေပါတယ်။ မိခင်ဘာသာစကားနဲ့ သင်ကြားခွင့်လည်း လိုအပ်တယ်။ မျက်မှောက်ခေတ်ရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ Sustainable Development Goals (SDGs) တွေကို ရောက်ရှိဖို့ရာအတွက် ဌာနေတိုင်းရင်းသားများနဲ့ သူတို့ဒေသများရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးဟာ အခရာ ကျနေပါတယ်။
ဌာနေတိုင်းရင်းသားများရဲ့ အသံကို ကြားသိနိုင်ဖို့ အခွင့်အလမ်းတွေလည်း ထားရှိရမှာဖြစ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ သူတို့ကိုယ်တိုင် ဆုံးဖြတ်ချက် ချမှတ်သူတွေ၊ ဦးဆောင်လုပ်ကိုင်သူတွေ ဖြစ်ဖို့ရာလည်း အရေးကြီးပါတယ်။ စွမ်းဆောင်ရည်မြှင့်တင်ရာမှာလည်း ဌာနေတိုင်းရင်းသားတို့ရဲ့ ဘဝဒဿနများကို တန်ဖိုးထား စဉ်းစားသင့်တယ်။
ဌာနေတိုင်းရင်းသားများဟာ ထောင်စုနှစ်ချီ ငြိမ်းချမ်းစွာ နေထိုင်တတ်ခဲ့ကြတယ်။ မျိုးနွယ်စုကို သံယောဇဉ် ရှိမှု၊ မြေယာအပေါ် လေးမြတ်မှု၊ ဧည့်ဝတ်ကျေပွန်မှု၊ ချစ်ခြင်းမေတ္တာတရားနဲ့ လူသားဆန်ခြင်းတွေကြောင့် ကြမ်းတမ်း ခက်ထန်တတ်တဲ့ သဘာဝဘေးနဲ့ လူလုပ် ဘေးအန္တရာယ်တွေကို အံတုပြီး မျိုးနွယ်စုဝင်တွေဟာ အတူတကွ ရုန်းကန် ရှင်သန်ခဲ့ဖူးပြီ။ စံတန်ဖိုးမြင့် လူ့ယဉ်ကျေးမှုတွေကို ပိုင်ဆိုင်ထားတဲ့ ဌာနေတိုင်းရင်းသားများရဲ့ ငြိမ်းချမ်းရေး ဒဿနတရားတွေကို ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ရဲ့ အခြေခံအုတ်မြစ် အနေနဲ့ ထားရှိသင့်ပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ (၂၁ ရာစု ပင်လုံ) ရဲ့ အစည်းအဝေးများမှာ ဆုံးဖြတ်ချမှတ်ထားတဲ့ အစိတ်အပိုင်းငယ်လေးတွေထဲက ဌာနေတိုင်းရင်းသားအခွင့်အရေးဆိုင်ရာ မူဝါဒလမ်းညွှန်များနဲ့ အီးတူထ ပြည်တွင်းဒုက္ခသည်စခန်းရဲ့ ကမ္ဘာ့ဌာနေတိုင်းရင်းသားနေ့ရက် အခမ်းအနားတို့ဟာ ငြိမ်းချမ်းရေးရဲ့ အဓိပ္ပါယ်ကို အတူတကွ ဖွင့်ဆိုနိုင်ကြပါစေ။
ငြိမ်းချမ်းရေးမူဝါဒ ရေးဆွဲသူများဟာလည်း ဌာနေတိုင်းရင်းသားပြည်သူများထံမှ သင်ယူ လေ့လာနိုင်ပါစေ။
စာရေးသူ သိန်းနိုင် (မောက္ခပညာရေး) သည် တိုင်းရင်းသားပညာရေး အဖွဲ့အစည်းများတွင် သင်ရိုးညွှန်းတမ်း၊ သုတေသန လုပ်ငန်းများနှင့် ပညာရေး အကြံပေးတာဝန် ထမ်းဆောင်လျက်ရှိသည်။