၁၉၈၈ ခုနှစ် ဒီမိုကရေစီ လိုလားသော လူထု အရေးတော်ပုံ နှစ် ၃၀ ပြည့်တွင် ထိုစဉ်က ရက်စက် ကြမ်းကြုတ်သော ဖြိုခွဲမှု များရှိသော်လည်း ဆန္ဒပြပွဲများကြောင့် ပေါ်ပေါက်လာသော ငွေရောင် အနားသတ် အလင်းရောင်ကို ထင်ဟပ်သည့် ဧရာဝတီ သတင်းဌာန၏ ၂၀၁၃ ခုနှစ်ကဆောင်းပါးကို ပြန်လည်တင်ဆက်လိုက်ပါသည်။
ထိုအလင်းရောင်မှာ ၂၆ နှစ်ကြာ စာပေစိစစ်ရေးစနစ်၏ ခြိမ်းခြောက်ခံနေရသော မြန်မာနိုင်ငံသို့ သတင်းလွတ်လပ်ခွင့် ခဏတာ ပြန်လည်ရောက်ရှိလာ ခဲ့ခြင်းပင်ဖြစ်သည်။
လွန်ခဲ့သော ၂၅ နှစ် သူတို့ ထုတ်ဝေခဲ့သော “ဒို့အရေး” သတင်းစာအတွက် စာမျက်နှာဖွဲ့ရန်နှင့် ဆောင်းပါးများရေးသားရန် မြန်မာနိုင်ငံ၏ အကြီဆုံးဖြစ်သော ရန်ကုန်မြို့ရှိ ထပ်ခိုးလေးတခုတွင် စာတည်းအဖွဲ့ဝင် ၁၀ ဦးခန့်မည်သို့ ကျပ်ကျပ်တည်း တည်းလုပ်ဆောင်ခဲ့ ကို မြှားနီ ယခုတိုင် မှတ်မိနေဆဲပင်ဖြစ်သည်။
ထိုအချိန်သည် အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရကို ဖြုတ်ချရန် ကြိုးစားသည့် ဒီမိုကရေစီလိုလားသော ဆန္ဒပြ သူများကို အစိုးရက ရက်စက် ကြမ်းကြုတ်စွာနှိမ်နင်းခဲ့သည့် ၁၉၈၈ ခုနှစ် သြဂုတ်လနှောင်းပိုင်းဖြစ်၏။
၁၉၆၂ ခုနှစ်မှ စတင်ပြီး ဖိနှိပ်ခဲ့သည့် စစ်အာဏာရှင်ကို ဖြုတ်ချရန် ပြည်သူတို့၏ ပြတ်သားသော ဆုံးဖြတ်ချက်ကြောင့် တနိုင်ငံလုံး သိမ့်သိမ့် တုန်နေပြီး သတင်းစာတိုက်၏ ပြင်ပရန်ကုန်မြို့လယ်ရှိ လမ်းများတွင်လည်း ပုံမှန်လည်ပတ်မှုများ ရပ်ဆိုင်းသွားပြီဖြစ်သည်။
ထိုနေ့ရက်များသည် ကစဉ့်ကလျားနိုင်လှသော်လည်း ငွေရောင်အနားသတ်ရှိသော ကာလများဖြစ်သည် ဟု ဆိုရမည်ဖြစ် သည်။ လွန်ခဲ့သော ၂၆ နှစ်တာကာလလုံး စာပေစိစစ်ရေးစနစ်၏ ခြိမ်းခြောက်ခံနေရ သော မြန်မာနိုင်ငံသို့ သတင်းလွတ် လပ်ခွင့် ခဏတာ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ မြှားနီနှင့် သူ၏သူငယ်ချင်း သတင်းသမားများသည် အစိုးရ ပုံမှန် မလည်ပတ်နိုင်သည်ကို အကြောင်းပြုပြီး လွတ်လပ်သော သတင်းစာများထုတ်ဝေဖြန့်ချိရန် စွန့်စားလုပ်ဆောင်ခဲ့ကြသည်။
၁၉၈၈ ခုနှစ် သြဂုတ်လလယ်မှ စတင်ပြီး သတင်းစာ လက်ပွေ့သမားများသည် မြန်မာအာဏာရှင် အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများအကြောင်း ဓါတ်ပုံများနှင့်တကွ ဖေါ်ပြသော နံနက်ခင်းနှင့် ညနေခင်းသတင်းစာများကို လှည့်လည် ရောင်းချ လာကြသည်။ အချို့သော သတင်းစာများမှာ လက်ရေးစာမူများကို မိတ္တူကူးခြင်း သို့မဟုတ် စာကူးစက်ဖြင့် လှည့်ထုတ်သော သတင်းစာများ ဖြစ်သကဲ့သို့ အချို့မှာလည်း ပုံနှိပ်ထုတ်ဝေသော သတင်းစာများဖြစ်သည်။
“ကျနော်သိသလောက်ဆို အဲဒီတုန်းက ရန်ကုန်မှာ ကျနော်တို့လို ထုတ်ဝေနေတဲ့ နေ့စဉ်၊ အပတ်စဉ် ထုတ် သတင်းစာ ၃၀ ကျော် ၄၀ လောက်ရှိမယ်ထင်တယ်” ဟု အသက် ၆၄ နှစ်ရှိပြီဖြစ်သော မြှားနီကပြောသည်။
ထိုသတင်းစာများသည် အရပ်သားတပိုင်း အစိုးရ၏ ခွင့်ပြုချက်ဖြင့် ပုဂ္ဂလိကသတင်းစာများကို ၂၀၁၃ ခုနှစ် ဧပြီလက ပြန် လည် ထုတ်ဝေခွင့် မပြုမီ လွန်ခဲ့သော နှစ်ပေါင်းများစွာက ခေတ်သစ်မြန်မာ့သမိုင်း တွင် ပုဂ္ဂလိကပိုင်သတင်းစာများ ပထမ ဆုံး အကြိမ် ပြန်လည်ပေါ်ထွက်လာခြင်းဖြစ်သည်။
၁၉၆၂ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ဗိုလ်ချုပ်ကြီးနေဝင်းက နှစ်ဒါဇင်ခန့်ရှိသော ပုဂ္ဂလိက သတင်း စာများကို ပိတ်ပင်ခဲ့ပြီး အစိုးရကို သိက္ခာကျစေသော မည်သည့်အကြောင်းအရာကိုမဆို တားမြစ်ဖိနှိပ် သော စာပေစိစစ်ရေးအဖွဲ့ကို ထူထောင် လိုက်သောကြောင့် မြန်မာနိုင်ငံသည် လွတ်လပ်စွာ ထုတ်ဖေါ် ရေးသားခွင့် ဆုံးရှုံးခဲ့သည်။
သို့သော် ၁၉၈၈ ခုနှစ်တွင် လွတ်လပ်သော ပုဂ္ဂလိက သတင်းစာများ ပြန်လည်ရှင်သန်လာခြင်းသည် သက်တမ်းအားဖြင့် မရှည်ကြာလှပေ။ ထိုသတင်းစာအများစုကို သြဂုတ်လလယ်မှ စစ်အစိုးရသစ် အာဏာသိမ်းသည့် စက်တင်ဘာလ ၁၈ ရက်နေ့အထိ ထုတ်ဝေခဲ့သည်။
“ကျနော်တို့က အဲဒီအချိန်မှာ ပေါ်ပေါက်လာတဲ့ အခွင့်အရေးကို အသုံးချလိုက်တာပဲ”ဟု ထိုစဉ်က ထုတ်ဝေခဲ့သည့် သက်တမ်း လေးပတ်သာကြာခဲ့သော ဝရဇိန် အပါတ်စဉ် သတင်းစာ အယ်ဒီတာ မောင်မိုးသူက ပြောသည်။
“အဲဒီကာလတိုကလေးအတွင်းမှာ ဆင်ဆာမရှိတော့ ကျနော်တို့တွေ လွတ်လွတ်လပ်လပ် ရေးကြတာ ဘဲ” ဟု သူပြော သည်။
အခြားသတင်းစာများသည် ဆိုဒ်သေးသတင်းစာ အရွယ်အစား ဖြစ်သော်လည်း သူ၏ အပတ်စဉ် သတင်းစာမှာ ပုံမှန်ဆိုဒ် ကြီးဖြစ်သည်။ ထိုစဉ်က သတင်းစာ အများအပြားကဲ့သို့ပင် သူ၏ သတင်းစာ သည် နိုင်ငံတဝန်းမှ ဒီမိုကရေစီလှုပ်ရှားမှုများ ကို သတင်းများ ဖေါ်ပြခြင်းဖြင့် အာဏာရှင် စနစ်ကို ဆန့်ကျင်သည်။
ဆန္ဒပြပွဲများ အကြောင်း သိရှိခွင့်ရသောကြောင့် လူထုလှိုက်လှိုက်လှဲလှဲ အားပေးကြသဖြင့် ထိုသတင်းစာများ၏ စောင်ရေ မှာ တဟုန်ထိုး တက်လာသည်။
“အဲဒီတုန်းကတော့ အစိုးရကို ဆန့်ကျင်တဲ့ လုပ်ရပ်မှန်သမျှ သတင်းဖြစ်တယ်”ဟု “ဒို့အရေး” သတင်းစာမှ မြှားနီက ရယ် ရယ်မောမောပြန်ပြောသည်။ “လူတိုင်းလူတိုင်းက ကျနော်တို့ကို သတင်းပေးဖို့ ဖုန်းဆက်နေပြီး လူတိုင်းလူတိုင်း ညတွင်း ချင်း သတင်းထောက်တွေဖြစ်ကုန်ကြတယ်” ဟုလည်း သူပြောသည်။
၁၉၈၈ အရေးတော်ပုံကာလ အတွင်းက သတင်းစာများသည် ပြည်သူလူထု၏ ဆန္ဒကို မှတ်တမ်း တင်ခြင်းဖြင့် ၈၈ အရေး တော်ပုံ၏ အာဘော်ဖြစ်သည်ဟု ဝါရင့် သတင်းစာဆရာကြီးနှင့် အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပူးတွဲတည် ထောင်သူ ဦးဝင်းတင်ကပြောသည်။
အချို့သော စီးပွားဖြစ်လုပ်ကိုင်သည့် အယ်ဒီတာများသည် သတင်းလွတ်လပ်ခွင် ခဏတာပြန်ရချိန် အတွင်းမှာပင် မြိုးမြိုး မြက်မြက် အမြတ်ရခဲ့သည်ဟု လည်း သူပြောသည်။ ဆန္ဒပြပွဲများအကြောင်း ကျင့်ဝတ်မညီသောသတင်းများနှင့် ထိတ်လန့် ဖွယ်ရာ ဓါတ်ပုံများကို အသားပေးသော သတင်းစာများကို ဦးဝင်တင်ရည်ရွယ်ပြောခြင်းဖြစ်သည်။
“ခြုံပြီးပြောရရင်တော့ ပြည်သူ့အသံကို ကြားနိုင်ပြီး သူတို့တွေ အစိုးရကို ဘယ်လောက်တောင်မုန်းတီး လည်းဆိုတာ ဒီ သတင်းစာတွေမှာ တွေ့နိုင်တယ်။ ဒါ သူတို့တွေ ပထမဆုံးအကြိမ် ဒေါသတွေ ဖွင့်ထုတ် ခွင့် ရတာလေ” ဟုလည်း သူပြော သည်။
မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံး မန္တလေးမြို့တွင်လည်း လွတ်လပ်သော သတင်းစာများ ထွန်းကား လာခဲ့သည်။ ထိုစဉ်က မန္တလေးမြို့တွင် ပုဂ္ဂလိက သတင်းစာ ၃၀ ခန့်ရှိသည်ဟု မန္တလေးအခြေစိုက် စာရေးဆရာ ဆူးငှက်ကပြောသည်။
ထိုသတင်းစာများ အနက် တစောင်မှာ ၈၈ လူထုအုံကြွမှုကို အစွဲပြုအမည်ပေးထားသော ရှစ်လေးလုံး နေ့စဉ် သတင်းစာ ဖြစ်သည်။ ထိုသတင်းစာတွင် ဆူးငှက်သည် အယ်ဒီတာ အဖြစ်ဆောင်ရွက်ခဲ့သည်။
“လူတွေက သတင်းငတ်နေတာ။ ဘယ်မှာဘာတွေဖြစ်နေတယ်ဆိုတာကို သူတို့အရမ်းကို သိချင်နေကြ တာ။ သူတို့က BBC ၊ VOA မြန်မာပိုင်း အစီအစဉ်တွေကိုပဲ အားထားနေရတာ။ ဒါပေမယ့် အဲဒီတုန်း က ရေဒီယိုတလုံး ဝယ်ဖို့ဆိုတာ လူတိုင်းတတ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး။ ဒါကြောင့်ကျနော်တို့ သတင်းစာ တွေကိုပဲ သူတို့အားထားကြတာ” ဟု သူရှင်းပြ သည်။
ထိုသို့ တိုတောင်းလှသော သတင်းလွတ်လပ်ခွင့်ကာလကို ကြိုဆိုခဲ့ကြသူများထဲတွင် အစိုးရက ဝါဒဖြန့်ချီရေး ယန္တရား အဖြစ် ထုတ်ဝေနေသော နိုင်ငံပိုင် သတင်းစာ ၆ စောင်မှ သတင်းစာ ဆရာများ လည်း ပါဝင်ကြသည်။ တနိုင်ငံလုံး လမ်းမ ပေါ်ထွက်ခဲ့သည့် သြဂုတ်လ ၈ ရက် နောက်ပိုင်း ထိုသတင်းစာတိုက်များမှ ဝန်ထမ်းများသည် သတင်းထောက် ကျင့်ဝတ်၏ ပထမဆုံးအချက်ဖြစ်သည့် ပြည်သူကို မျက်နှာမူခြင်းကို ပြန်လည်စွဲကိုင်ခဲ့ ကြသည်။
“ကျနော်တို့က ဆင်ဆာလုပ်တာကိုလက်မခံတော့ဘဲ ပြည်သူတွေနဲ့အတူ ရပ်တည်မယ်လို့ လူသိရှင် ကြား ကြေညာခဲ့ တယ်”ဟု ထိုစဉ်က အစိုးရသတင်းစာ တစောင်ဖြစ်သော ကြေးမုံသတင်းစာ အယ်ဒီတာ ဦးကိုကိုကြီးကပြောသည်။
“မနက်ဖြန်ထွက်မယ့် သတင်းစာကို စောင့်ကြည်ပါ” လို့ ပြည်သူလူထုကို ကြေငြာလိုက်တယ်” ဟု သူပြောသည်။
နောက်နေ့ ကြေးမုံသတင်းစာသည် သူတို့ ကတိအတိုင်း တနိုင်ငံလုံးမှ ဆန္ဒပြပွဲများကို ဖော်ပြခဲ့သည်။ သြဂုတ်လ ၂၆ ရက်နေ့တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရွေတိဂုံဘုရား အနောက်ဖက်မုဒ် တရားပွဲတွင် လူထုရှေ့မှောက်သို့ ပထမဆုံးထွက်လာသောအခါ ထိုသတင်းကို ဦးကိုကိုကြီးက ရှေ့မျက်နှာဖုံးတွင် ဖေါ်ပြခဲ့သည်။
သို့သော် သတင်းလွတ်လပ်ခွင့်သည် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ရုတ်တရက် အဆုံးသတ်သွား ခဲ့သည်။ ထိုနေ့ ညနေ ၄ နာရီတွင် “တိုင်းပြည်၏ ဆိုးရွားနေသော အခြေအနေအရပ်ရပ်ကို ထိန်းသိမ်း ရန်… ပြည်သူလူထု၏ အကျိုး စီးပွားအတွက် တပ်မတော်သည် နိုင်ငံတော် အာဏာ အရပ်ရပ်ကို ယနေ့မှ စတင် တာဝန်ယူလိုက်သည်” ဟု မြန်မာ့အသံမှ အမျိုးသားအသံတခုက ကြေညာသည်။ ထိုအသံလွှင့်ဌာန၏ ပုံမှန်ထုတ်လွှင့်နေသော အစီအစဉ်များကိုလည်း စစ်သီချင်း များဖြင့် အစားထိုး ခဲ့သည်။
စစ်အာဏာ သိမ်းသည်ဟူသော သတင်းထွက်လာပြီးနောက် သတင်းစာများသည် အရေးယူခံရမည်ကို ရမည်ကို စိုးရိမ်ပြီး ၎င်းတို့၏ လုပ်ငန်းများကို ရပ်ဆိုင်းလိုက်ကြသည်။ အယ်ဒီတာများသည် နောက်တနေ့အတွက် သူတို့ပြင်ဆင်ထားသည့် စာမျက်နှာကြမ်း ဖွဲ့ထားသည်များကို မီးရှို့ပစ်လိုက် ကြပြီး ထွက်ပြေးပုန်းအောင်းနေကြရသည်။
ဓါတ်ပုံသတင်းသမားများ သည်လည်း ၎င်းတို့ ယခင်လများက ရိုက်ကူးထားသည့် သမိုင်းဝင် ကာလများကို မှတ်တမ်းတင် ထားသော ဖလင်နဂ္ဂတစ်များကို သိုဝှက်ထားရန် နေရာရှာကြရသည်။
စစ်သားများသည် စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၂ နာရီတွင် မြို့လယ်ရှိ ကြေးမုံသတင်စာတိုက် သို့ ရောက်ရှိလာ သည်။
“ကျနော်တို့ရဲ့ ရုံးခန်းတွေကို ဝင်စီးပြီး နောက်နေ့အတွက် စာမျက်နှာကြမ်းဖွဲ့ထားတာတွေကို သိမ်းပြီး သတင်းစာတိုက်ကို ချိတ်ပိတ်လိုက်တယ်။ နောက်တော့ကျနော်တို့ကို မောင်းထုတ်လိုက်တယ်”ဟု ဦးကိုကိုကြီးပြောသည်။
စစ်တပ်အာဏာသိမ်းပြီး မကြာမီမှာ စစ်ထောက်လှမ်းရေးများသည် တနိုင်ငံလုံးကို ပိုက်စိတ်တိုက်ပြီး သတင်းစာများ ထုတ် ဝေရာတွင် ပါဝင်သူများကို ဖမ်းဆီးကြသည်။ သို့သော် သတင်းသမားကို ခဏသာ ထိန်းသိမ်း စစ်ဆေးမေးမြန်းပြီး ပြန်လွှတ် ပေးခဲ့သောကြောင့် အများပြည်သူ အံ့သြစရာဖြစ်ခဲ့သည်။
“ကျနော် မှတ်မိသလောက်တော့ သတင်းစာထုတ်တဲ့ သူတွေကို ပြင်းပြင်းထန်ထန် အရေးယူတာ မရှိဘူး။ ကျနော်သတင်း က အကြီးတန်း အယ်ဒီတာတွေကို မေးစရာရှိလို့ဆိုပြီး ခေါ်သွားတယ်။ သိပ်မကြာဘူး သူတို့ပြန်လွတ်လာကြတယ်” ဟု မြှားနီပြောသည်။ သူကိုယ်တိုင်လည်း ဖမ်းဆီးခံရခြင်းမရှိပေ။
ကြေးမုံ အယ်ဒီတာ ဦးကိုကိုကြီးမှာမူ သိပ်ကံမကောင်းလှပေ။ အာဏာသိမ်းပြီး ၃ ရက်ကြာသောအခါ သူ့ကို ရက် ၂၀ ခန့် ဖမ်းထားခဲ့သည်။ ပြန်လွှတ်ပေးသောအခါ အလုပ်မှ အငြိမ်းစားယူစေခဲ့သည်။ ထိုစဉ်က သူသည် အသက် ၅၄ နှစ်ရှိပြီး သက်ပြည့်အငြိမ်းစားယူရန် ၆ နှစ်လိုသေးသည်။
ယခု အသက် ၇၇ နှစ်ရှိပြီဖြစ်သော ဝါရင့်သတင်းစာဆရာ ဦးကိုကိုကြီးသည် လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုက သူ၏ ဆုံးဖြတ်ချက်များအတွက် နောင်တရပုံမရပေ။
“ကျနော်လုပ်ခဲ့တဲ့အလုပ်အတွက် ကျနော်ဂုဏ်ယူတယ်” ဟု ဧရာဝတီ သတင်းဌာနသို့ သူပြောသည်။
“အဲဒီကာလဟာ ကျနော့်အတွက်ကတော့ ၂၆ နှစ်ကြာအမှောင်ထုကြီးထဲနေရတဲ့အချိန်မှာ လျှပ်စီး တချက်လင်းလက် လာတာကို ရုတ်တရက် မြင်လိုက်ရတဲ့အချိန်ပါပဲ” ဟု သူပြောသည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ သတင်းအယ်ဒီတာ ကျော်ဖြိုးသာ ရေးသားသည့် In 1988, A Brief Renaissance for Myanmar’s Journalists ကို ပြန်လည်ဖော်ပြသည်။