“အိမ်ဖော်လိုလားကော်ရီး (ကိုကြီး)” ဆိုတဲ့ စကားကို လူမှုကွန်ရက် သုံးစွဲသူတွေ ရင်းနှီးကြမယ်ထင်ပါတယ်။အဲဒီစကားနဲ့အတူ တဆက်တည်း ဒေါ်ခင်မာမြင့်ဆိုသူ ကိုလည်း မြင်ယောင်လာပါလိမ့်မယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယအပတ်မှာ ဟိုးလေးတကြော်ကြော် ဖြစ်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးကို မုဒိမ်းမှုနဲ့တရားစွဲဖို့ ကြိုးစားခဲ့တဲ့ အသက် ၄၀ အရွယ် အိမ်အကူ ဒါ်ခင်မာမြင့်ရဲ့ တိုင်တန်းချက်ဟာ ရက်ပိုင်းမှာပဲ အမှုမှန် ပေါ်ပေါက်ခဲ့ပါတယ်။ သတင်းမီဒီယာတွေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေကနေ တဆင့် သတင်း
ချိတ်ဆက်မှုတွေ၊စွပ်စွဲခံရတဲ့ မိသားစုကို ချစ်ခင် အားပေးမှုတွေဟာ အမှုမှန် ပေါ်ပေါက်ရေးအတွက် တစိတ်တပိုင်း အရေးပါခဲ့တယ် ဆိုတာ ငြင်းလို့မရပါဘူး။
ဒီလိုနဲ့ အချိန်တိုအတွင်းမှာ ဒေါ်ခင်မာမြင့်ဟာ အမှုဆင်ပြီး လိမ်လည် တိုင်ကြားခဲ့တယ်ဆိုတာကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့ပါတယ်။
အခုတော့ လိမ်လည်အမှုဆင်ခဲ့တဲ့ ဒေါ်ခင်မာမြင့်ဟာ တရားလိုအဖြစ်ကနေ တရားခံဘဝရောက်နေပါပြီ။
ဒါဟာ မုဒိမ်းမှုနဲ့ မတရားစွပ်စွဲ ခံရသူတွေအတွက် မင်္ဂလာရှိတဲ့ သတင်းကောင်းတခုဖြစ်သလို မုဒိမ်းမှုကို ပစ်မှတ်ထားပြီး လိမ်လည် လုပ်စားနေသူတွေကိုလည်း ကောင်းကောင်းကြီး သင်ခန်းစာ ပေးလိုက်နိုင်တဲ့ အောင်မြင်မှုတခုလည်း ဖြစ်ပါတယ်။
ဒေါ်ခင်မာမြင့်နဲ့ အပေါင်းအပါတွေရဲ့ လုပ်ကြံမှုကြီး ပေါ်ပေါက်ပြီး အရှုံးနဲ့ ရင်ဆိုင်ရတာ ဝမ်းသာစရာပါ။ ဒါပေမယ့် သူနဲ့အတူ ဘယ်အရာတွေ ကျရှုံးခဲ့ရပါသလဲ။
အဲဒါကတော့ Victim blaming (ကျူးလွန်ခံရသူကို အပြစ်တင်ခြင်း) အလေ့အထနဲ့ အသားကျနေတဲ့ ကျမတို့ လူမှုအသိုင်းအဝိုင်း ကြီးပါပဲ။ ဒီကျရှုံးမှုဟာ ဒေါ်ခင်မာမြင့်လို လိမ်လည် လုပ်ကြံတာမဟုတ်တဲ့ မြန်မာနိုင်ငံက မုဒိမ်းမှုကျူးလွန်ခံရသူပေါင်း များစွာအတွက် မသိမသာနဲ့ အထိနာလှတဲ့ ကျရှုံးမှုတခုဖြစ်ပါတယ်။
ဒီနေရာမှာ ဒေါ်ခင်မာမြင့် ကျူးလွန်တဲ့အမှု မှန်ခြင်း၊ မှားခြင်းကို ဦးတည်ပြီး ဆိုလိုခြင်းမဟုတ်ပါ။ အမှုတခု ထွက်ပေါ်လာတဲ့အခါ လူပုဂ္ဂိုလ် အခြေခံပြီး ကျူးလွန်ခံရသူလို့ ယူဆရသူ (တရားလို) အပေါ် ကျား-မ အခြေပြုပုံစံခွက်တွေထဲကနေ ခန့်မှန်းဝေဖန်မှုတွေရဲ့ အကျိုးဆက် တွေကို အဓိက ပြောချင်တာပါ။ ပထမ တချက်ပြောချင်တာကတော့ အသက်အရွယ်အပေါ် အခြေခံတဲ့ ယူဆချက်ပါ။
“ပိုင်ဆိုင်ထားတဲ့ရုပ်နဲ့ ပိုင်ဆိုင်ထားတဲ့ အသက်အရွယ်အရ ပြောမယ်ဆိုရင် မုဒိမ်းကျင့်ရမယ့် တန်းထဲတော့ မပါဘူး” ဆိုပြီးလူမှုကွန်ရက် ပေါ်မှာ သတင်းဓာတ်ပုံတွေနဲ့အတူ အမျိုးသားတဦးက ရေးတင်ခဲ့ပါတယ်။ ဒီလို အဓိပ္ပာယ်မျိုးနဲ့လူပေါင်းများစွာ ဝေဖန် ပြောဆိုနေကြ တာကိုလည်း တွေ့ရပါတယ်။
ဒီလို သုံးသပ်ပြောဆိုမှုတွေကြောင့် မုဒိမ်းမှု ကျူးလွန်သူခံရတွေမှာ အသက်အရွယ် ကန့်သတ်ချက်ရှိသလား ဆိုတာ မေးခွန်းထုတ်စရာပါ။
လွန်ခဲ့တဲ့ နှစ်တုန်းကလည်း အသက် ၇၀ ကျာ်အရွယ် သီလရှင် အဖွားအိုတဦးကို မုဒိမ်းကျင့်မှုနဲ့ လူလတ်ပိုင်းလူရွယ်တဦး အဖမ်း ခံရတဲ့သတင်းကို စံတော်ချိန်မှာ ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလထဲမှာလည်း လပွတ္တာမြို့နယ်ဘက်မှာ အသက် ၈၀ ကျာ်အရွယ် အဖွားအို တဦးကို အသက် ၂၀ ဝန်းကျင် လူငယ် တဦးက မုဒိမ်းကျင့်ခဲ့လို့ ဆေးရုံပို့ခဲ့ရကြောင်း ဂရုဏာမျက်ဝန်း လူမှုကူညီရေးအဖွဲ့က ဆိုပါတယ်။ ဒါပေမဲ့ မုဒိမ်းမှုမြောက်မမြောက်ကိုတော့ အခုထိ ရုံးတင် စစ်ဆေးနေသေးတယ်လို့ သိရပါတယ်။
တဖက်မှာလည်း သက်ငယ်မုဒိမ်းကတော့ အသက် ၂ နှစ်ကစလို့ ၁၈ နှစ်အောက် မိန်းကလေးငယ်တွေကို အပြင်လူသူစိမ်း၊ ဆွမျိုးသားချင်း တွေသာမက၊ ဖခင်အရင်းအချာ ကတောင် မုဒိမ်းပြုကျင့်မှုတွေရှိနေတာသတင်းအချက်အလက်တွေအရ ငြင်းချက် ထုတ်စရာမရှိပါဘူး။
ဒီလို အသက်အရွယ် ကြီးမားသူတွေ၊ လူမမယ် ကလေးငယ်တွေကို ဘာလို့ ပစ်မှတ်ထားပြီး ကျူးလွန်နေကြသလဲဆိုတာ သေချာ တိကျတဲ့အဖြေ ဘယ်သူမှ မပေးနိုင်သေးပါဘူး။ ဒါပေမဲ့ သေချာတာတခုက ဒီအသက်အရွယ်တွေကို လွယ်လွယ်နဲ့ မုဒိမ်းကျင့်ခွင့် ပးနေတဲ့ အခြေအနေကို လူ့အသိုင်းအဝိုင်းက ဖန်တီးပေးနေတယ် ဆိုတာပါ။
“ဒီအရွယ်ကြီး ဘယ်သူမှ လာမလုပ်ဘူး” “ကလေးပဲဟာ ဘာမှမဖြစ်ပါဘူး” ဆိုတဲ့ သတ်မှတ် ယူဆချက်က သူတို့တတွေရဲ့ လုံခြုံမှုတံခါးကို အခွင့်အရေး သမားတွေအတွက် အဆုံးမဲ့ ဖွင့်ပေးလိုက်တာပါပဲ။ ဒီယူဆချက် တွေရဲ့ နာက်ကွယ်မှာ ဒီအသက်အရွယ်နဲ့ မိန်းကလေးငယ်၊ အမျိုးသမီးကြီးတွေ၊ အဖွားအရွယ်တွေက ပစ်မှတ်ဖြစ်လာတာပါပဲ။
ဒီအသက်အရွယ်တွေဟာ အင်အားအရ အားနည်းရင်တယ်ဆိုတဲ့ အချက်အပြင် “ဒီရုပ်ဒီရည်နဲ့ မဖြစ်နိုင်” ဆိုတဲ့ ယူဆချက်တခုကမုဒိမ်းသမားတွေကို ကင်းလွတ်ခွင့် ပေးနေတာပါ။
အဆိုးဆုံးကတော့ ဒီလိုအယူအဆတွေ များလာလေလေ၊ ကျူးလွန်ခံရသူတွေအနေနဲ့ တရားရုံးရှေ့ ရာက်တဲ့အထိ အကူအညီ တောင်းခံဖို့ အဟန့်အတား ဖြစ်လာလေလေ ဖြစ်လာတာပါ။
ဒါကြောင့် ဘယ်အသက်အရွယ်ကဖြင့် မုဒိမ်းကျင့်ရမယ့်တန်းမှာ မရှိလို့ မဖြစ်နိုင်ဘူးဆိုတဲ့ ယူဆချက်တွေ လူအများစုရဲ့ တွေးခေါ်မှုထဲ စိမ့်ဝင်နေတာဟာ အမှုမှန် ပေါ်ပေါက်ရေးအတွက် ဘယ်လိုမှ အထောက်အကူ မဖြစ်သလို၊အမှန်တကယ် ကျူးလွန်နေသူတွေ ဘက်ကတောင် တဖက်တလမ်းက ကာကွယ်ပေးနေတဲ့ အတွေးအခေါ်ဆိုးလို့သတ်မှတ်လို့ရပါတယ်။
ဒီနေရာမှာ လိမ်လည် အမှုဆင်ပြီး မုဒိမ်းမှုကို ခြေကုတ်ယူလို့ မဟုတ်မမှန် လုပ်စားနေသူတွေအတွက် ဆိုလိုခြင်း မဟုတ်ဘူးဆိုတာ ထပ်မံ ပြောလိုပါတယ်။ သူတို့ရဲ့ လုပ်ရပ်အတွက် ဥပဒေအရ အရေးယူနိုင်တဲ့ လမ်းကြောင်းတွေရှိထားပြီးသားပါ။ ဒုတိယ အချက်ကတော့ ရုပ်ဆင်းအင်္ဂါပါ။
“ကျင့်လိုက်တဲ့ မိန်းမက အရမ်းချော အရမ်းလှလို့ စိတ်မထိန်းနိုင်လို့ မှားသွားတယ်ထင်နေတာ၊ အခု ဘွားတော်ရုပ်ကိုကြည့်ရင် တရေးနိုး ထထိုင်ရင်တောင် ကြည့်ချင်စရာ တကွက်မှမရှိဘူး” ဆိုပြီး အမျိုးသမီးတဦးကလူမှုကွန်ရက်ပေါ်မှာ မှတ်ချက်ပေးခဲ့တာပါ။
ဒီလိုသဘောမျိုးပါတဲ့ မှတ်ချက်မျိုးတွေကိုလည်း လူအတော်များများ၊ တချို့မီဒီယာကတဆင့် သတင်း အချက်အလက် ဖြန့်ဝေသူတွေ ကြားထဲမှာတင် ဟာသလုပ်ပြီး ပြောနေကြသူတွေ တပုံတပင် တွ့ရပါတယ်။ ပိုဆိုးတာကအမျိုးသမီးတွေထဲမှာတောင် ဒါကို ထောက်ခံ ပြောဆိုနေကြတာပါ။
အမျိုးသမီးတယောက် ဘယ်လိုနေရင်၊ ဘယ်လိုဝတ်ရင်၊ ဘယ်လိုလှနေရင်ဖြင့် “မုဒိမ်းပါ ကျင့်ချင်တယ်” ဆိုတဲ့ အယူအဆတွေဟာလူအတော် များများရဲ့ နှတ်ဖျားမှာ ယဉ်ပါးနေတာဟာ မုဒိမ်းမှုကို လက်သင့်ခံနည်း တမျိုးပါပဲ။ ဒါဟာ လူ့အဖွဲ့အစည်းတရပ်အတွက် အတော် ဝမ်းနည်းစရာကောင်းပါတယ်။
တဖက်မှာ ယေဘုယျ သတ်မှတ်ထားတဲ့ ရုပ်ရည်မရှိတဲ့သူတွေဟာ မုဒိမ်းကျင့်ချင်စရာ မရှိဘူးဆိုတဲ့ အတွေးအခေါ်မျိုးကလည်းမုဒိမ်းမှုကျူးလွန်သူတွေကို အခွင့်အရေး ပေးနေတာပဲဖြစ်ပါတယ်။
ဒါကြောင့်လည်း လမ်းဘေး လေလွင့်နေတဲ့၊ တောက်တောက်ပြောင်ပြောင် မရှိတဲ့ အမျိုးသမီးတွေ၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းပြီး လမ်းဘေးမှာ နေရတဲ့ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ မုဒိမ်းမှုတွေဟာ ဥပဒေရှေ့မှောက် ရောက်လာဖို့နေနေသာသာ၊ ပတ်ဝန်းကျင်ရဲ့ အာရုံစိုက်မှုတောင် မရတဲ့အဖြစ်တွေ မနည်းပါဘူး။ ဒါဟာအသက်အရွယ်မရွေးမှာ ဖြစ်နေသလို အပျိုဖြစ်ခြင်း၊ ကလေးအမေ ဖြစ်ခြင်း၊ ရုပ်ဆိုးခြင်း၊ ရုပ်ချောခြင်း အပေါ် မူတည်တာမဟုတ်ဘဲ အခွင့်အရေးရရင်ရသလို မုဒိမ်းမှု ကျူးလွန် နေကြတယ်ဆိုတာ ပေါ်လွင်ပါတယ်။
မုဒိမ်းမှုတခု စွဲချက် ထွက်လာပြီဆိုရင် တရားဥပဒေ လုပ်ထုံးလုပ်နည်းအရ အဆင့်ဆင့်စစ်ဆေးပြီး တရား ဥပဒေကသာအမှုမြောက် မမြောက်၊ အပြစ်ရှိခြင်း မရှိခြင်းကို အဆုံးအဖြတ် ပးမှာဖြစ်ပါတယ်။
လူတွေရဲ့အမြင်ကလည်း အမှုတခုဖြစ်လာရင် ဖြစ်နိုင်ချေရှိမရှိ ဝဖန် သုံးသပ်ကြတာက သဘာဝပဲဖြစ်ပါတယ်။လိမ်လည် လုပ်ကြံနေတာလား၊ ဘယ်လိုအကျိုးအကြောင်းကြောင့် မဖြစ်နိုင်သလဲ ဆိုတာကို နည်းလမ်းပေါင်းများစွာနဲ့ ဝေဖန်သုံးသပ်ကြပါတယ်။
ဒါပေမဲ့ လူမှု ပတ်ဝန်းကျင်ရဲ့ အတွေးအမြင်မှာ ဘယ်လို အတန်းအစားကတော့ မုဒိမ်းကျင့်လို့ရတဲ့ အတန်းအစား၊ ဘယ်အသက်အရွယ်ကတော့ မဖြစ်နိုင်ဘူး၊ ဘယ်လိုနေထိုင်ပြုမူ ရင်တော့ မုဒိမ်းကျင့်ခံရတာတောင် နည်းသေးတယ်၊
ဘယ်လိုရုပ်ရည်ကဖြင့် ဘယ်သူမှ မုဒိမ်းကျင့်ချင်မှာ မဟုတ်ဘူး၊ စသဖြင့် သိမ်ဖျင်းသေးနုတ်တဲ့ စဉ်းစားရှုမြင်ချက်တွေ လူ့အသိုင်းအဝိုင်းထဲမှာ သက်ဝင် ရှင်သန်နေတာဟာ သွယ်ဝိုက်တဲ့နည်းနဲ့ မုဒိမ်းမှုကို လက်သင့်ခံနေတာပါ။
တဖက်မှာလည်း အဲဒီအသက်ရွယ်အပိုင်းအခြား (ဒါမှမဟုတ်) လူမှု အသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ ရုပ်ရည်ကန့်သတ်ချက်ရှိတဲ့ကျူးလွန်ခံရသူ အမျိုးသမီးတွေရဲ့ အသံတွေ တရားရုံးရှေ့မှောက် ရာက်မလာအောင် ဟန့်တားလိုက်တာပါပဲ။
တချိန်တည်းမှာ လူမှုအသိုင်းအဝိုင်းရဲ့ ဒီအမြင်တွေအပေါ် သက်ဝင်မှု ကြီးလေလေ၊ အဲဒီလူမှုအသိုင်းအဝိုင်း ကနေ ပေါက်ဖွားလာတဲ့ တရားရေး စနစ်အောက်မှာ အမှုထမ်းနေတဲ့ သူတွေအပေါ်လည်း အကျိုးသက်ရောက်မှု အတိုင်းအတာက စိုးရိမ်စရာဖြစ်လေလေပါ။ အဲဒီလို ဖြစ်လာခဲ့ရင် သက်သေခံ အထောက်အထား မပြည့်စုံတဲ့အမှုတွေမှာတရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ အဆုံးအဖြတ် ပေးရတဲ့အခါ တရားမျှတမှု ဆိုတာ အာမခံချက်မဲ့နေဦးမှာဖြစ်ပါတယ်။ ဒါဟာ အဆိုးဆုံးထဲက တခုဖြစ်တဲ့ မုဒိမ်းကျင့်ခွင့်ရတဲ့ လူမှုရေးလိုင်စင် ပေးထားသလိုပါပဲ။
ရုပ်ပိုင်းဆိုင်ရာ၊ ကျားမဆိုင်ရာ အခြေပြုပြီး ကျူးလွန်ခံရသူကို အပြစ်တင်တာဟာ သိမ်ဖျင်း နိမ့်ကျတဲ့ ရှက်စရာအပြုအမူအဖြစ် လူအများက လက်ခံကျင်သုံးမှု များလာမှ လုံခြုံကျန်းမာတဲ့ လူမှုအဝန်းအဝိုင်း တခု တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
အခုလက်ရှိအချိန်အထိ ကတော့ ဒေါ်ခင်မာမြင့်လို လိမ်လည် တိုင်ကြားသူအတွက် အမှုတကြိမ် ကျရှုံးခဲ့ပေမယ့် မုဒိမ်းမှုတခု ထွက်ပေါ်လာတိုင်း တိုင်ကြားသူအပေါ် တရားနည်းလမ်း မကျတဲ့ ဓလေ့ထုံးတမ်း၊ အစွဲ၊ အမြင်၊အယူအဆတွေနဲ့ ပြစ်တင်ရှုတ်ချတတ်တဲ့ အလေ့အထလွှမ်းမိုးနေသေးတဲ့ မြန်မာ့လူမှုအသိုင်းအဝိုင်းကတော့ အကြိမ်ကြိမ် ကျရှုံးနေဦးမှာဖြစ်ပါတယ်။
ဖော်ပြပါဆောင်းပါးကို မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ စီစဉ် လုပ်ဆောင်သည့် HI (Honest Information )မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။