သမိုင်းအစဉ်အလာ ကြီးမားတဲ့ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ အဓိပတိလမ်းမ ဘေးတဖက်တချက်စီမှာ ခွပ်ဒေါင်းအလံတွေ တလူလူ လွင့်နေသလို ဘွဲ့နှင်းသဘင်ခန်းမ ရှေ့မျက်နှာစာမှာလည်း 8888 ဆိုတဲ့ အနီရောင် စာလုံးကြီး လေးလုံးကို ဂိတ် ဝင်ပေါက်ကနေ လှမ်းကြည့်လိုက်တာနဲ့ ထင်းကနဲ မြင်နေရပါတယ်။
အဓိပတိလမ်းမကြီးရဲ့ ဘေးတဖက် အပန်းဖြေခန်းမ RC မုခ်ဦးအဝက ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ နှစ် (၃၀) ပြည့် အခမ်းအနားဆိုတဲ့ အနီရောင်အောက်ခံပေါ် အဖြူရောင်စာလုံးတွေနဲ့ ရေးသားထားတဲ့ ဆိုင်းဘုတ်ကြီးအောက်မှာ တော့ အ ခမ်းအနား တက်ရောက်လာသူတွေ တဦးနဲ့တဦး နှုတ်ဆက်ကြ ဓာတ်ပုံရိုက်ကြနဲ့။
ဒီအခိုက်အတန့်မှာ သူတို့အားလုံးရဲ့ မျက်နှာပေါ် အပြုံးပန်ဆင်ထားကြပေမယ့် လွန်ခဲ့တဲ့ နှစ် ၃၀ ကာလက အကြောင်း တွေ ပြန်ပြောချိန်၊ မှတ်တမ်းဓာတ်ပုံတွေကို ပြန်မြင်ရချိန်မှာတော့ အတိတ်ကိုပြန်ရောက်သွားသလို မနေ့တနေ့ကဖြစ်ခဲ့ သလို ပြန် လည်သတိရကာ ငြိမ်သက်စွာ စို့နင့်ကြေကွဲနေကြတာကို အတိုင်းသား မြင်တွေ့နေရပါတယ်။
၁၉၈၈ သြဂုတ်လ ၈ ရက် မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ ဒီမိုကရေစီ အင်အားစုတွေ အပါအဝင် ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်း လမ်းတွေပေါ်ထွက် စစ်အာရှင်ကို ဆန့်ကျင် တိုင်းပြည်အတွက် စစ်မှန်တဲ့ ဒီမိုကရေစီရေး တောင်းဆို တိုက်ပွဲဝင်ခဲ့ကြတာဟာဆိုရင် ၂၀၁၈ သြဂုတ် ၈ ရက်နေ့မှာ နှစ်ပေါင်း ၃၀ တိတိ ပြည့်မြောက်ပြီ ဖြစ်ပါ တယ်။
ဒီ ၈၈ အရေးတော်ပုံကြီးဟာ မြန်မာ့သမိုင်းမှာ အကြီးမားဆုံး နိုင်ငံရေးအရ ပြောင်းလဲမှုကို ဖြစ်ပေါ်စေခဲ့တဲ့ လှုပ်ရှားမှု တခု လည်း ဖြစ်ပါတယ်။
အာဏာရှင် အဆက်ဆက်က ဒီအရေးတော်ပုံနဲ့ ပတ်သက်တဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေကို ဖုံးကွယ် ဖျောက် ဖျက်ဖို့ ကြိုးစားခဲ့ကြပေမယ့် သမိုင်းဆိုတာလိမ်လို့မရသလို ဘယ်တော့မှလည်း ဖုံးကွယ်ဖျောက်ဖျက်လို့ မရဘူးဆိုတာ ရှစ်လေးလုံး နှစ် ၃၀ ပြည့် အခမ်းအနားက မီးမောင်းထိုးပြနေပါတယ်။
လွန်ခဲ့တဲ့ နှစ် ၃၀ တုန်းက အသက် သွေးချွေးပေါင်းများစွာ စတေးခဲ့ကြရတဲ့ ဒီနယ်မြေကနေ မခံချင်တဲ့ ခြေလှမ်းတွေနဲ့ ထွက်ခွာခဲ့ကြရတဲ့ ခြေထောက်ပိုင်ရှင်တွေဟာ အခုအချိန်မှာ ဒေါင်းအလံတွေနဲ့အတူ ဒီနယ်မြေကို ပြန်ရောက်လာကြ ပါပြီ။
အဲဒီကာလတုန်းက ပုံစံမျိုးစုံ ကွဲကွာသွားခဲ့ကြသူတွေဟာ ဒီကနေ့ အားလုံးပြန်ဆုံဖို့ ကြိုးစားတဲ့အခါမှာတော့ တချို့တချို့ သော ခြေလှမ်းပိုင်ရှင်တွေဟာ အပြီးအပိုင် ဘယ်တော့မှ ပြန်မရောက်နိုင်ကြတော့သလို တချို့ကလည်း ဒဏ်ရာဗရပွနဲ့ ဒယိမ်းဒယိုင် ဒီနယ်မြေကို ပြန်လာကြတာ ဖြစ်ပါတယ်။
ရှစ်လေးလုံး နှစ် ၃၀ ပြည့် ပုလဲရတုကို ရန်ကုန်တက္ကသိုလ် အပန်းဖြေခန်းမမှာ ကျင်းပဖို့ ရွေးချယ်ခဲ့တာဟာ “ကျနော်တို့ ရဲ့ ဘူမိနက်သန်လို့ ယုံကြည်လို့ပါ” လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမင်းကိုနိုင်က အခမ်းအနား အဖွင့် မိန့်ခွန်းမှာ ဖွင့်ဟ ပြောဆိုပါတယ်။
ဒါဟာ အိပ်မက်ဆန်ကောင်း ဆန်နေလိမ့်မယ်။ အကြမ်းတမ်းဆုံးအချိန် အမှောင်မည်းဆုံးကာလတုန်းက ခံစားချက်တွေနဲ့ ပြန် ယှဉ်လိုက်ရင် ဖြစ်တောင်ဖြစ်ပါ့မလား၊ ဒီလိုပြန်ဆုံနိုင်ပါ့မလားလို့ တွေးကောင်း တွေးမိပါလိမ့်မယ် လို့လည်း သူက ပြောတယ်။
“ဒါပေမယ့် ကျနော်တို့ ပြန်ရောက်လာပါပြီ။ ဒေါင်းအလံတွေနဲ့အတူ ပြန်ရောက်လာတာပါ” လို့ ဦးမင်းကိုနိုင်က ကြွေးကြော် လိုက်ပါတယ်။
ရှစ်လေးလုံး နှစ် ၃၀ ပြည့် အခမ်းအနား ကျင်းပဖို့ ပြင်ဆင်ထားတဲ့ ရန်ကုန် တက္ကသိုလ် RC ခန်းမထဲမှာ အတိတ်သမိုင်း ဆိုင်ရာ အ ချက်အလက်၊ ဓာတ်ပုံ၊ အသုံးအဆောင်ပစ္စည်း ပြခန်းတွေ၊ ကာတွန်းပြခန်းတွေ၊ နိုင်ငံရေးဆွေးနွေးပွဲတွေကို ၂၀၁၈ သြဂုတ် လ ၆ ရက်ကတည်းက စတင် ကျင်းပနေခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ ဒီချိန်ခါမှာ တချိန်တုန်းက ဖြစ်ချင်ခဲ့ မျှော်လင့်ခဲ့ကြသလို အဓိပတိ လမ်းမတလျှောက် ဒေါင်းအလံတွေ ပြန်မြင်နေ ရပြီ။ တကယ်တမ်း ဒါမျိုးဖြစ်လာတဲ့အခါမှာ သူတို့ ဘယ်လောက် ပျော်နိုင်သလဲ၊ ဘယ်လောက် ဂုဏ်ယူနိုင်သလဲ ဆိုတာ ကတော့ မေးခွန်းထုတ်စရာပါ။
“ဒီကျောင်းထဲ ဝင်လာတဲ့အချိန်မှာ ဒေါင်းအလံတွေ မြင်နေရတယ်။ စိတ်ထဲမှာတော့ ဝမ်းနည်းတာက များပါတယ်။ ဒီကာလ တလျှောက်လုံးမှာ အသက်ပေးသွားခဲ့ကြတဲ့ သူတွေကို လုံလုံလောက်လောက် အသိအမှတ် ပြုပေးနိုင်ခဲ့ သလား ဆိုတဲ့ မေးခွန်းက ကျမကို တောက်လျှောက် ဝမ်းနည်းကြေကွဲစေတယ်”လို့ စာရေးဆရာမ မသီတာ (စမ်းချောင်း) က ဖွင့်ဟ ပြောဆိုတယ်။
အရေးတော်ပုံကာလမှာ အလုပ်သင်ဆရာဝန်ပေါက်စ တယောက်အနေနဲ့ ရန်ကုန်ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေ ချိန်၊ စစ်တပ်ကပစ်ခတ်လို့ ဆေးရုံကို သေနတ်ဒဏ်ရာနဲ့ လူနာတွေ တဖွဲဖွဲရောက်ရှိနေချိန်မှာ စစ်တပ်က ဆေးရုံကြီးထဲကို ဝင်ပစ်တာ မြင်လိုက်ရချိန် အရေးတော်ပုံထဲပါဝင်ဖို့ လုံးဝ ဆုံးဖြတ်စေခဲ့မိတယ်လို့ သူက အတိတ်ကို ပြန်ပြောင်း ပြောပြ တယ်။
“ဒီလိုနေရာမှာ ဒီနေ့ ဒီချိန် ကျင်းပခွင့်ရတယ်ဆိုတာ အလကား ရခဲ့တဲ့အရာ မဟုတ်ပါဘူး။ ကျမတို့ ရဟန်းရှင်လူ ကျောင်းသားပြည်သူ အားလုံးရဲ့ အသက်တွေ သွေးတွေ စတေးပြီးတော့မှ ဒီအခွင့်အရေးဟာ ရခဲ့တာ ဖြစ်ပါတယ်”လို့ မနီလာသိန်း (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)က ပြောရင်း အတိတ်ကို ပြန်သတိရသွားကာ မျက်လုံးအိမ်ထဲ မျက်ရည်တွေ လျှံတက်လာတယ်။
ပါးပြင်ပေါ် စီးကျလာတဲ့ မျက်ရည်တွေကို လက်ကိုင်ပုဝါလေးနဲ့ သုတ်ရင်း “ဒီနေ့ ဒီအချိန်ကာလမှာ လက်ရှိ ရှိနေတဲ့ အနေအထားမှာ ကျမတို့အားလုံး တန်ဖိုးထားစေချင်တယ်။ ဒီဟာကို လက်ဆင့်ကမ်းပြီး အကောင်းဆုံး ဘယ်လို ဆက် လုပ်သွားနိုင်မလဲ ဆိုတာ ကြိုးစားစေချင်တယ်”လို့လည်း သူက ဆက်လက် ပြောဆိုတယ်။
လွန်ခဲ့တဲ့ နှစ် ၃၀ တုန်းက ၁၀ တန်းကျောင်းသူဘဝနဲ့ မနီလာသိန်းဟာ သူနဲ့နီးစပ်ရာ တက္ကသိုလ်က စီနီယာ အစ်ကို အစ်မ တွေကနေတဆင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်အဖြစ်နဲ့ အရေးတော်ပုံမှာ တောက် လျှောက် ပါဝင် လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။
နှစ် ၃၀ ဆိုတာ လူတယောက် သက်တမ်းနဲ့ ကြည့်မယ်ဆိုရင် မျိုးဆက်တဆက်စာပဲ ဖြစ်ပါတယ်။ အခုချိန်မှာ ဒီမိုကရေစီ အခွင့်အရေး တချို့ရလာခဲ့တာ တိုးတက်မှုတခုဖြစ်ပေမယ့် တိုင်းပြည်အခြေအနေဟာ လမ်းခုလတ်မှာပဲ ရှိနေသေးပြီး လွန်ခဲ့တဲ့ နှစ် ၃၀ က ရည်မှန်းချက်တွေ ပြည့်မီဖို့ လုပ်ဆောင်စရာတွေ များစွာရှိနေသေးတယ်လို့ ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေက သုံးသပ်ပါတယ်။
နှစ်ပေါင်း ၃၀ ကြာကာလအတွင်း မြန်မာနိုင်ငံမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဦးဆောင်တဲ့ အရပ်သား အစိုးရ တရပ် အုပ်ချုပ်တဲ့အထိ အုပ်ချုပ်ရေးအာဏာရယူနိုင်ခဲ့ပေမယ့် သိသာထင်ရှားတဲ့ နိုင်ငံရေး အပြောင်းအလဲတွေ မတွေ့ရ သေးဘူးလို့လည်း ဆိုပါတယ်။
“အထိုက်အလျောက်တော့ ကျေနပ်မှုရှိပါတယ်။ ဆက်ပြီးတော့ ရုန်းကန်ရမယ့်အနေအထားတွေ အများကြီး ရှိပါသေး တယ်။ တိုက်ရိုက်ပြောရမယ်ဆိုရင် စစ်တပ်ရဲ့လွှမ်းမိုးမှုကို အခုထက်ထိ မဖယ်ရှားနိုင်သေးပါဘူး။ ဖယ်ရှားနိုင်တဲ့အထိ တရွေ့ရွေ့နဲ့ ထပ်ပြီး ကြိုးစားရဦးမှာပါ”လို့ ၈၈ မျိုးဆက်ကျောင်းသားဟောင်း ကိုမာကီက ပြောပါတယ်။
အခုလို အခမ်းအနားတွေ ကျင်းပလာနိုင်တယ်၊ အရပ်သားအစိုးရ ဖြစ်ပေါ်လာတယ်။ ဒါပေမယ့် ဒီမိုကရေစီရေးနဲ့ လူ့ အခွင့်အရေးဆိုင်ရာ ကိစ္စတွေ ဖက်ဒရယ်ပြည်ထောင်စု တိုင်းရင်းသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ တော့ မရသေးဘူးလို့ သူက ဆိုပါတယ်။
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံရဲ့ အတိတ်သမိုင်းတွေနဲ့အတူ ဒေါင်းအလံကို မျိုးဆက်သစ် လူငယ်တွေထံ လက်ဆင့် ကမ်းလာတာဟာ ဆိုရင် နှစ် ၃၀ တင်းတင်း ပြည့်ပါပြီ။
အခုလို အခမ်းအနားတွေ ကျင်းပတာဟာ နိုင်ငံရေးအရ ကျင်းပတာမဟုတ်ဘဲ သမိုင်းသိဖို့ ကျင်းပရတာဖြစ်ပြီး လူငယ် တွေ အနေနဲ့ သမိုင်းကို သိဖို့အတွက် အတိတ်ကို သိပေးပါ “အတိတ်ကို မသိရင် အနာဂတ်ကို စနစ်တကျ မမှန်းနိုင်ဘဲ ဖြစ်သွားမယ်”လို့ ဆရာမ မသီတာ (စမ်းချောင်း)က သတိပေး ပြောဆိုပါတယ်။
“တိုင်းပြည်က ထူထောင်ရမယ့်အချိန်ကို ရောက်နေပြီဆိုတဲ့အတွက်ကြောင့် အတိတ်ကိုသိပါ။ ပစ္စုပ္ပန် ဘယ်နေရာ ရောက် နေပြီလည်း ဆိုတာကို သတိပြုပါ။ အနာဂတ်ကို ဘယ်တော့မှ မမေ့ပါနဲ့။ အနာဂတ်ကို မြော်မြင်ပေးပါ”လို့ သူက တောင်းဆို လိုက်ပါတယ်။
၂၀၁၈ သြဂုတ်လ ၈ ရက် နေ့လယ် ၁ နာရီလောက်မှာ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ နှစ် ၃၀ ပြည့် အခမ်း အနား အောင်အောင်မြင်မြင် ပြီးမြောက်သွားခဲ့ပေမယ့် ရှစ်လေးလုံး စိတ်ဓာတ်ကိုတော့ အနာဂတ် ပန်းတိုင်ဆီ ဆက်လက် သယ်ဆောင်သွားရဦးမှာ ဖြစ်ပါတယ်။
နှစ် ၃၀ ဖြတ်သန်းခဲ့တဲ့ ကာလတလျှောက် လူမသိ သူမသိနဲ့ ဘဝတွေပျက် အသက်တွေ စတေးခဲ့ရတဲ့၊ ဒီ အခမ်းအနား ကို မတက်ရောက်နိုင်တဲ့၊ ဒေါင်းအလံတွေ တလူလူလွှင့်တာကို ဘယ်တော့မှ မြင်ခွင့်မရတော့တဲ့ သူတွေကိုလည်း ဒီနေရာ ကနေ ဦးညွှတ်ဂုဏ်ပြု လိုက်ရပါတယ်။ ။