ဟီရိုရှီးမား ဆိုတာ ဂျပန်ပြည်မှာရှိတဲ့ မြို့ကြီးတမြို့ပါ။ လူဦးရေ အလွန်ထူထပ်တယ်လို့ ဆိုတယ်။
ဒုတိယ ကမ္ဘာစစ် အတွင်း မြို့ပေါ်မှ လူများကို အကြိမ်ကြိမ် ပြောင်းရွှေ့ခိုင်းခဲ့တယ်၊ အဏုမြူဗုံး ကျဲချချိန်မှာ လူဦးရေ ၄ သိန်း ဝန်းကျင် (၃၈၈၀၀၀) သာ မြို့ပေါ်မှာ နေထိုင်ကြတယ်။ မူလ လူဦးရေရဲ့ လေးပုံတပုံပဲ ရှိပါသတဲ့။
ဟီရိုရှီးမားမြို့ကွက်ဟာ ယပ်တောင်ပုံ ပြန့်ကားဖျာထွက်နေတယ်။ အိုတမြစ်ဝမှာရှိတဲ့ မြစ် ၇ မွှာကြား ပေါ်ထွန်းခဲ့တဲ့ ကျွန်း ၆ ကျွန်းပေါ်မှာ တည်ဆောက်ထားတဲ့ မြို့ကြီးတမြို့ဖြစ်တယ်။ မြို့ရဲ့ အဓိကဖြစ်တဲ့ စီးပွားကုန်သွယ် ရပ်ကွက်က မြို့လယ်ခေါင် ၄ မိုင်ပတ်လည်အတွင်း တည်ရှိတယ်။
မြို့စွန်မြို့ဖျား မြို့ပတ်လည်မှာ စက်ရုံအလုပ်ရုံများ၊ လူနေရပ်ကွက်များ ပြွတ်သိပ်ကြပ်ညှပ် နေသတဲ့။ မြို့တောင်ဘက် မှာ သင်္ဘောကျင်းများနဲ့ လေယာဉ်ကွင်း တကွင်းရှိတယ်။ ကျွန်းတွေပေါတဲ့ ကုန်းတွင်း ပင်လယ်တခုလည်း ရှိတယ်။ မြို့ ရဲ့ ပတ်လည် ၃ ဘက် ၃ တန်မှာ တောင်ကုန်းများ ဝိုင်းရံထားတယ်။
ဟီရိုရှီးမားမြို့ပေါ် ဗုံးမကျဲချမီ ညသန်းခေါင်လောက်မှာ ဟွန်ရှူးကျွန်းမကြီးရဲ့ တောင်ဘက်ကို မြန်မာတွေက ကျွဲ ညီနောင် လို့ ခေါ်တဲ့ ဘီ ၂၉ ဗုံးကျဲလေယာဉ် (ဂျပန်တွေက ဦးဘီကြီးလို့ ခေါ်တယ်) ၂၀၀ ပါ အုပ်ကြီး ဝင်လာနေ ကြောင်း၊ ဗုံးခိုကျင်းတွေထဲ တိမ်းရှောင်ကြဖို့ ရေဒီယိုက သတိပေးနေပါတယ်။
လေယာဉ်သံတွေကို မကြာခဏ ကြားနေရတယ်။ လေယာဉ်သံကြားတိုင်း ရေဒီယိုက သတိပေးနေပါတယ်။ သတိပေး တိုင်းလဲ ဗုံးကျဲတာ စက်သေနတ်နဲ့ ပစ်တာတွေ မလုပ်ပါဘူး။ ကြာတော့ မြို့သူမြို့သားတွေဟာ ကိုယ်စိတ်နှစ်ပါးလုံး နွမ်းနယ် လာတယ်။ နေ့ရှိသမျှ နာရီနဲ့အမျှ လေယာဉ်သံကြားတိုင်း၊ ရေဒီယိုက သတိပေးသံကြားတိုင်း ပြေးရလွှားရ ရှောင်ရ တိမ်းရဆိုတော့ တနေ့တခြား ယဉ်ပါးလာတယ်။ သိပ် ဂရုမစိုက်ချင်ကြတော့။
မြို့သူမြို့သားတွေ စိတ်အေးလက်အေး နေနိုင်လာချိန် ၁၉၄၅ သြဂုတ်လ ၆ ရက်မနက် ဂျပန် စံတော်ချိန် ၈ နာရီ ၁၅ မိနစ် အချိန် ဟီရိုရှိးမားမြို့ပေါ်က ဧရာမ ပေါက်ကွဲသံကြီး မြည်ဟီးပေါ်ထွက် လာပါတယ်။
မြို့သူမြို့သားတွေ ကြားရတဲ့ ပေါက်ကွဲသံထက် ပင်လယ်ထဲက ကြားရတဲ့ ပေါက်ကွဲသံက ပိုကျုယ်လောင်တယ်၊ ပင်လယ် ထဲက တံငါတည်တဦး အပြောကတော့ ဧရာမပေါက်ကွဲသံကြီးနဲ့အတူ ဧရာမလျှပ်ပျက် အလင်းတန်းကြီးကိုပါ တွေ့လိုက် ရ တယ်။ နောက်မှ နီရဲတောက်ပတဲ့ မီးခိုးလုံးကြီးဟာ မှိုပွင့်ကြီးတပွင့်လို မိုးပေါ်ကို ထိုးတက်သွားတာ မြင်ရတယ်လို့ ဆိုတယ်။
အမျိုးသမီး အထက်တန်း ကျောင်းသူလေး မစ္စ ကာယိုကိုနိုဘူတိုကီ နဲ့ သူငယ်ချင်းတသိုက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း တံတိုင်းကြီး ဘေးမှာထိုင်ပြီး အနားယူနေကြတုန်း အဏုမြူဗုံး ကွဲပါတယ်။
တံတိုင်းကြီး သူတို့ပေါ် လဲကျလာပြီး ပိနေတယ်။ ဘယ်ရုန်းထွက်နိုင်ပါ့မလဲ၊ ဧရာမ တံတိုင်းကြီးကိုး။ အူထွက်နေတဲ့ မီးခိုးတွေက အုပ်ကြားကလေးထဲတောင် ဝင်လာပါတယ်။ သူတို့အားလုံး မွှန်ကုန်ကြတာပေါ့။ ကျောင်းသူလေး တယောက်က ဂျပန် အမျိုးသားသီချင်း “ကိမိဂါယို” ကို စဆိုတယ်။ ကျန်ကျောင်းသူ လေးတွေက သံပြိုင် လိုက်ဆိုကြ ပါတယ်။ သူတို့အသက်က ၁၃ နှစ်သာ ရှိကြသေးတယ်။
အမျိုးသားသီချင်း ဆိုရင်း တချို့ သေဆုံးသွားကြပါတယ်။ ကျောင်းသူလေး တယောက်က တံတိုင်းအကွဲကြီးထဲက ကုတ်ကပ် တက်လာနိုင်ခဲ့ပါတယ်။ ကြက်ခြေနီ ဆေးရုံရောက်တော့ သူ့သူငယ်ချင်းတွေ အမျိုးသားသီချင်းကို သံပြိုင် ဆိုရင်း သေသွားကြတဲ့အကြောင်း ပြောပြပါတယ်။
အဏုမြူဗုံး ကျဲချပြီး တနှစ်အကြာ နှစ်ပတ်လည်ရက် မတိုင်ခင် ရက်သတ္တပတ် အနည်းငယ်လိုတဲ့ အချိန်မှာ “နိုဘိုရီချို” မူလတန်းကျောင်းမှာ ကျောင်းသားတွေကို စာစီစာကုံး ရေးခိုင်းပါသတဲ့၊ အဏုမြူဗုံး ချချိန်မှာ ၁၀ နှစ်သားပဲ ရှိသေးတဲ့ ကျောင်းသားလေး တိုရှီယိုနာကာမူရာ က အဏုမြူဗုံးချစဉ် သူကြုံခဲ့ရတာကို လိုတိုရှင်း ရေးပြခဲ့ပါတယ်။
“ဗုံးမချခင်တရက်မှာ ကျနော် ရေကူးပါတယ်၊ မနက်ပိုင်းမှာ မြေပဲစားပါတယ်၊ အလင်းတန်းကြီးတခုကို မြင်ပါတယ်၊ ညီအငယ်ဆုံးလေး အိပ်ရာပေါ် ကျနော်လွင့်စင်သွားပါတယ်၊ ကျနော်တို့ လွတ်မြောက်လာတဲ့အခါ ဓာတ်ရထားရှိတဲ့ နေရာ လောက်ကိုသာ လှမ်းမြင်ရပါတယ်။ မေမေနဲ့ကျနော် ပစ္စည်းများကို သိမ်းကြပါတယ်၊ အိမ်နီးချင်းလူကြီးများဟာ မီးလောင်ဒဏ်ရာများနဲ့ လမ်းလျှောက်နေကြပါတယ်။ သွေးများစိုနစ်နေကြပါတယ်၊ “ဟာတယ”ဆန် က သူနဲ့အတူ ထွက်ပြေးဖို့ ခေါ်ပါတယ်၊ ကျနော်မေမေ့ကို စောင့်ဦးမယ်လို့ ပြောလိုက်ပါတယ်။ ကျနော်တို့ ဥယျာဉ်ကို သွားကြပါ တယ်။ လေဆင်နှာမောင်းကြီး တိုက်ခတ်ပါတယ်။ ညအခါ ဓာတ်ဆီလှောင်ကန်ကြီး မီးလောင်ပါတယ်၊ မြစ်ရေပြင်မှာ မီးရောင် ထင်နေတာကို ကျနော်မြင်ရပါတယ်။ ကျနော်တို့ ဥယာဉ်ထဲမှာ တညအိပ်ကြပါတယ်။ နောက်တနေ့ တာအိကို တံတားသို့ ကျနော်တို့ သွားကြပါတယ်။ ကျနော့်ရဲ့ သူငယ်ချင်းမ ကိကုကိ နဲ့ မူရာကာမိ တို့ကို ကျနော်တွေ့ပါတယ်။ သူတို့မေမေကို သူတို့ရှာနေကြပါတယ်၊ ကိကုကိရဲ့ မေမေ ဒဏ်ရာရထားပါတယ်၊ မူရာကာမိရဲ့မေမေ သေပါတယ်” လို့ ရေးခဲ့ပါတယ်။
အဏုမြူ အဆိပ်သင့်ခဲ့ကြတဲ့ မြို့သူမြို့သားတွေ မြို့ထဲတဖြည်းဖြည်း ပြန်ဝင်လာကြတယ်။ အားလုံးပေါင်း ၁ သိန်း ၃သောင်း ၇ ထောင် ရှိသွားပြီလို့ ဆိုတယ်။ ပြန်ဝင်လာသူ အားလုံးနီးပါး ဆင်ခြေဖုံးရပ်ကွက်များမှာသာ နေကြသေး တယ်။ ပြန်ဝင်လာတဲ့ မိသားစုတွေက ကိုယ့်တဲ ကိုယ်ထိုးနေကြတယ်။ လမ်းများကို အလုပ်သမားများနဲ့ ရှင်းလင်းနေကြ တယ်။
မြို့တော်ခန်းမနဲ့ မျက်နှာချင်းဆိုင်မှာ ဧရာမ သံတိုသံစ ပုံကြီး ဟီးနေတာပဲ၊ ဓာတ်ရထားတော့ ပြန်ဆွဲနေပြီ။ လျှပ်စစ် လိုင်း၊ တယ်လီဖုန်း လိုင်းများပြန်ပြင်ဆဲ၊ ပင်မရေပိုက်ကြီးနဲ့ အိမ်သုံးရေပိုက် ၇၀၀၀၀ ကျော်ကို ပြုပြင်ဖာထေးဆဲ။
စာရင်းအင်း ဝန်ထမ်းတွေက အဏုမြူဗုံးဒဏ်ကြောင့် သေကြေပျက်စီး ဆုံးရှုံးတဲ့ ကိန်းဂဏန်းတွေကို ရှာဖွေစုဆောင်း ကြ တယ်။ စာရင်းတွေက အတိအကျမရ အမျိုးမျိုးအစီရင်ခံနေကြတယ်။ လပေါင်း အတော်ကြာတဲ့အထိ အပြိုအပျက် များ အောက်မှ အလောင်းများ ရာပေါင်းများစွာတွေ့နေရဆဲ။ ဘုရားကျောင်းတွေမှာ စာသင်ကျောင်းတွေမှာ အလောင်း တွေ အလောင်းတွေ မနဲမနောပဲကိုး၊ ဒီတော့မှ မဖုံးသာမဖိသာ အနည်းဆုံး လူပေါင်း ၁ သိန်း သေပါတယ်လို့ ဝန်ခံ ကြေညာ ပါတယ်။
အခု ဖော်ပြခဲ့တာဟာ အဏုမြူဗုံး အဆိပ်ငွေ့သင့်ပြီး သေတာဖြစ်ပြီး ပယောဂ တခုစီကြောင့် သေတဲ့သူတွေ ဘယ်လောက် များတယ်ဆိုတာ ကိန်းဂဏန်း အတိအကျ ဘယ်ရွေ့ဘယ်မျှ ဖော်ပြရန် မဖြစ်နိုင်ပါတဲ့၊ ဒါပေမယ့် စာရင်း အင်း ဝန်ထမ်းတွေက ဗုံးကြောင့် တိုက်ရိုက်သေဆုံး ၂၅ ရာနှုန်း၊ ထိခိုက်မှုကြောင့် ၅၀ ရာခိုင်နှုန်း၊ ၂၀ ရာနှုန်းက အဏုမြူ ရောင်ခြည်ဖြာထွက်မှုကြောင့် သေဆုံးလို့ ခန့်မှန်း တွက်ချက်ကြပါသတဲ့။
အိုးအိမ် ၉၀၀၀၀ အနက် ၆၂၀၀၀ ပျက်စီး၊ လုံးဝပြိုကျသွားတာက ၆၀၀၀၊ ကြီးကြီးမားမား ပြုပြင်စရာမလိုဘဲ ဆက် အသုံး ပြုနိုင်တဲ့ ခေတ်မီ အဆောက်အအုံ ၅ လုံးသာ မြို့လယ်ခေါင်မှာ ကျန်ရစ်ခဲ့တယ်။
သချုႍင်းထဲက စကျင်ကျောက်သား မှတ်တိုင်များ၊ လွင့်စင်ရွေ့ရှားခဲ့တာ၊ မီးရထားတွဲ ၂၂ တွဲ တုံးလုံးပက်လက် လဲပြို တာ၊ တံတားတခုပေါ်ရှိ ကွန်ကရစ်လမ်းမကြီး ကွေးကောက်သွားတဲ့ တွန်းအားအရှိန်တို့ကို ပညာရှင်များ လေ့လာ တွက်ချက် ကြည့်ရာ အဏုမြူဗုံး ပေါက်ကွဲမှုကြောင့် ဖြစ်လာတဲ့ဖိအား စတုရန်းတကိုက်မှာ ၅.၃ တန်မှ ၈ တန် အထိ ရှိတယ်လို့ ဆုံးဖြတ်ကြပါသတဲ့။
အခြား သိပ္ပံပညာရှင် များကလည်း အပူချိန် ၉၀၀ ဒီဂရီ စင်တီဂရိတ်မှာ အရည်ပျော်နိုင်တဲ့ လကြေးကျောက်ဟာ ဗုံးကွဲ ဗဟိုမှတ်မှ ကိုက် ၃၅၀ ခန့် နေရာမှာရှိတဲ့ လိပ်သဲကျောက် သချုႍင်းမှတ်တိုင်များမှာ သွားကပ်နေတာ တွေ့ရတယ်။ အပူ ချိန် ၂၄၀ ဒီဂရီ စင်တီဂရိတ်မှာ မီးသွေးဖြစ်နိုင်တဲ့ ကရစ်တိုမာရီယာဂျာပိုနီကာ သစ်နဲ့ လုပ်ထားတဲ့ တယ်လီဖုန်း တိုင် တွေ ဟာ ကိုက် ၄၄၀၀ (၂ မိုင် ၄ ဖာလုံ) အကွာမှာ မီးသွေးခဲတွေ ဖြစ်နေတယ်။
စင်တီဂရိတ် ၁၃၀၀ မှ အရည်ပျော်နိုင်တဲ့ အမိုးအုပ်ကျွတ်များ ကိုက် ၇၀၀ မှာ အရည်ပျော်နေကြတယ်။ ထူးခြားတဲ့ ပြာ များ၊ ပျော်ခဲများ ကို လေ့လာပြီးနောက် ဗုံးကွဲဗဟိုမှတ်ရဲ့ အနောက်ဘက် မြေပြင်ပေါ်မှာ အပူချိန် ၆၀၀၀ ဒီဂရီစင်တီ ဂရိတ် ရှိခဲ့တယ်လို့ ကောက်ချက် ချနိုင်ခဲ့တယ်။
အဏုမြူဗုံး ပေါက်ကွဲတဲ့ ဗဟိုမှတ်မှ ကိုက် ၃၃၀၀ (၁မိုင် ၇ ဖာလုံ) ကွာဝေးတဲ့ တာကာဆု ရပ်ကွက်က ရေတံလျှောက်၊ ရေမြောင်း၊ ပိုက်လုံးများ အတွင်းက အဏုမြူကွဲပွားမှု အစအနများ၊ အဏုမြူရောင်ခြည် ဖြာထွက်မှု ဆိုင်ရာ တိုင်းတာမှု များ၊ ပြုလုပ်ကြရာ အဏုမြူ ဗုံးကြီးရဲ့ အရေးပါတဲ့ အကြောင်းအချက်တွေ တွေ့ရှိခဲ့ကြတယ်။ ဂျပန် သိပ္ပံပညာရှင်များ၊ အဏုမြူ သုတေသီများက အဏုမြူဗုံးနဲ့ ပတ်သက်တဲ့ ရှာဖွေစူးစမ်း လေ့လာရသမျှတို့ကို မှတ်တမ်းများ ပြုစုဖြန့်ဝေခဲ့ ကြ တယ်။
ဒါကြောင့် ဂျပန် ရူပဗေဒ ပညာရှင်များ၊ ဆရာဝန်များ၊ ဓာတုဗေဒ ပညာရှင်များ၊ သတင်းစာဆရာများ၊ ပါမောက္ခများ နိုင်ငံရေးသမားများ၊ စစ်ဘက် ခေါင်းဆောင်များက အမေရိကန် ပြည်သူများထက် အရင်စောပြီး အဏုမြူဗုံး အကြောင်း သိခဲ့ကြတယ်။
အမေရိကန် ဗိုလ်ချုပ်ကြီး မက်အာသာက ဂျပန်နိုင်ငံက ထုတ်ဝေသမျှ အဏုမြူနဲ့ပတ်သက်တဲ့ စာအုပ်စာတန်း အားလုံး ကို ပိုက်စိတ်တိုက် ရှာဖွေဖြတ်တောက် ပိတ်ပင် ဖျက်ဆီးခဲ့တယ်။ ဒါပေမယ့် အရာမရောက် အကြောင်းမထင်ပါ၊ ဂျပန် သိပ္ပံပညာရှင် များရဲ့ ကြိုးပမ်းမှုကြောင့် ဟီရိုရှီးမားမှ ယူရေနီယံ ဗုံးချခဲ့သလို နာဂါဆကီမြို့မှာ အင်အားပိုမို ပြင်းထန်တဲ့ ပလူတိုနီယန်ဗုံး မလိုအပ်ဘဲ ကျဲချခဲ့တယ်ဆိုတာ သိလိုက်ရတယ်။
၁၉၄၅ သြဂုတ် ၆ ရက် တနင်္လာနေ့ မနက် ၈ နာရီ ၃၅ မိနစ် ဂျပန်ပြည် ဟီရိုရှီးမားမြို့ကြီးကို ပြာပုံအတိပြီးအောင် မီးလောင်တိုက် သွင်းခဲ့တဲ့ အမေရိကန်လုပ် ဘီ ၂၉ ဗုံးကျဲလေယာဉ် အီနိုလာဂေး ပေါ်က ကျဲချခဲ့တဲ့ လူကလေး (ချာတိတ်) ခေါ် ဗုံးဟာ ဗုံးတလုံးတည်းနဲ့ လူပေါင်း ၂ သိန်းလောက်ကို သေကြေပျက်စီးစေတယ်။
ဒီချာတိတ် ဆိုတဲ့ဗုံးဟာ ယမ်းဘီလူး တန်ချိန် ၂ သောင်း နဲ့ညီမျှတဲ့ ပြင်းအားရှိတယ်။ ဒီကနေ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေ ပိုင်ဆိုင်ထားတဲ့ ဟိုက်ဒရိုဂျင် ဗုံး တလုံးရဲ့ ပြင်းအားဟာ ချာတိတ်ထက် အဆ နှစ်ထောင်ကျော် သုံးထောင်လောက်ပင် ရှိရော့မယ်။ ချာတိတ်ဟာ လူ ၂ သိန်းလောက်ကို သတ်ရုံနဲ့မပြီးသေးဘူး၊ အဏုမြူ အဆိပ်ငွေ့ကြောင့် နောက်ထပ် လူပေါင်း သိန်းနဲ့ သန်းနဲ့ ချီပြီး အဏုမြူ အဆိပ်သင့် ရောဂါ ခံစားနေရတယ်။ ဆေးရုံတွေမှာ အဏုမြူ အဆိပ်သင့် ရောဂါသည်တွေကို ဆယ်စုနှစ်နဲ့ ချီပြီး ကုသပေးခဲ့ရတယ်။
အဏုမြူဗုံးချပြီး ရက်သတ္တပတ်လောက် အကြာမှာ အဏုမြူကို နှစ်ခြမ်းခွဲရာ ပေါ်ထွက်လာတဲ့ အစွမ်းကြောင့် မြို့ကြီး ပျက်စီးရတယ် ဆိုတဲ့ ကောလာဟလ ပေါ်ထွက်ခဲ့တယ်။ ဒီကောလာဟလနဲ့ အတူ “ဂင်ရှီဘာကုဒန်” လို့ အမည်ပေးကြ တယ်။ “မူလဘူတ” ဗုံးလို့ အဓိပ္ပာယ်ရသတဲ့။ တချို့ကတော့ “ပီကဒွန်” အသံကျယ် လင်းရောင်ခြည်ကြီး လို့လည်း အမည် ပေးကြပါသတဲ့။
ဘယ်လိုပဲခေါ်ခေါ် ဒီဗုံးကြီးရဲ့ အဖျက်စွမ်းအင်ကြောင့် လူပေါင်း ၂ သိန်းသေတဲ့အပြင် လူပေါင်းများစွာ အဏုမြူအဆိပ် သင့် ရောဂါရကြတယ်။ ဒီရောဂါဟာ ချက်ချင်းဖြစ်သလို တဖြည်းဖြည်းလည်း ဖြစ်တယ်၊ မသေမရှင် ကျန်ခဲ့တဲ့သူတွေ၊ ရောဂါပြင်းထန်တဲ့ သူတွေ၊ ရောဂါစဖြစ်တဲ့ သူတွေ၊ တိုးပွားလာတယ်။
ဟီရိုရှီးမားက ကြက်ခြေနီ ဆေးရုံကြီးမှာ လူသေအလောင်းတွေ၊ လူနာတွေနဲ့ ဒင်းကြမ်းပြည့်နေတယ်။ ခွဲစိတ်ဘက် ဆိုင် ရာ ဆရာဝန် ဒေါက်တာ တိရဖူမီဆာဆာကိ ဟာ ခွင့်သွားနေရာက ပြန်ရောက်လာခဲ့တယ်။ အဏုမြူဗုံး ကျစဉ်က မသေ ဘဲ ကျန်ရစ်ခဲ့သူ တယောက်ပေါ့။ သူဆေးရုံရောက်လာချိန်မှာ လူသေတွေ၊ လူနာတွေကို စနစ်တကျရှင်းလင်းပြီး မှတ်တမ်းမှတ်ရာတွေ စာရင်းဇယားတွေနဲ့ တရိုတသေ ထိန်းသိမ်းထားတယ်။
အဏုမြူထိခဲ့တဲ့ လက်ရှိလူနာ ၂ ထောင်ကျော်ကို ခွဲစိတ်တန်ခွဲစိတ်၊ အသားအစားထိုး စတဲ့အလုပ်တွေနဲ့ လက်မလည် အောင် ရှုပ်နေပါတယ်။ ဒါပေမယ့် ဆေးရုံ ပေါ်မှာ အဏုမြူရောဂါသည် ပြတ်သွားတယ် မရှိလှဘူး။ ဒီလိုနဲ့ နောက် တနှစ် ကျော်ကြာလာခဲ့တယ်။ အဏုမြူလူနာတွေက ရှိနေဆဲပဲ။ လူနာတွေကြားထဲမှာ ပြောနေကြတဲ့ ကောလာဟလ တခုကတော့ အင်မတန် ကြောက်စရာကောင်းတဲ့ သတင်းပဲ။
“ဟီရိုရှီးမားမှာ နောင် အနှစ် ၇၀ အတွင်း လူ တိရစ္ဆာန် သစ်ပင်တွေ ဆက်လက် ရှင်သန်ခွင့် မပြုတော့ဘူး။ ရေဒီယို အဆိပ်ငွေ့ဟာ မြေအောင်း သတ္တဝါတွေဖြစ်တဲ့ တီကောင်၊ ပွေးနဲ့ အခြားအကောင်တွေကိုပါ ရှင်သန်ခွင့်ပေးမှာ မဟုတ် ဘူး။ အဏုမြူ အဆိပ်ငွေ့က အားလုံးကို ဖျက်ဆီးလိုက်ပြီ၊ ဒီလိုပြောတာ အစပိုင်းမှာ ၁ ဦး ၂ ဦးပဲ၊ နောက်ပိုင်း လူတိုင်း ပါစပ်ဖျားကို ရောက်လာကြတယ်။
တဖြည်းဖြည်းနဲ့ အဲဒီကောလာဟလဟာ အထွက်အထိပ်ရောက်လာတယ်။ အထွတ်အထိပ်ရောက်တဲ့ အချိန်မှာ လူတွေ အတော်ကြောက်ရွံ့ ထိတ်လန့်လာတယ်။ နောက်ဆုံး ဘယ်လောက်ကြောက်အား ပိုလာသလဲဆိုရင် သူတို့ ပိုင်ဆိုင်တဲ့ ပစ္စည်းလေးတွေကို ထုပ်ပိုးပြီး ဆေးရုံနဲ့ ဟီရိုရှီးမားကို စွန့်ခွာ ထွက်ပြေးသွားကြတယ်။ အဲဒီအချိန် ကြက်ခြေ နီ ဆေးရုံနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ဆေးရုံကလေးတရုံက အဏုမြူလူနာတွေဟာ ငရဲခန်း ဆူပွက်သလို ဆူပူအော်ဟစ် နေကြတယ်။
“ငါတို့ကို ဒီငရဲခန်းထဲက ထွက်ခွင့်ပြုကြပါ၊ ဒီမှာ တို့ဆက်နေရင် သေမှာမုချပဲ၊ တို့ကို ထွက်ခွင့်ပြုပါ”
ဆေးရုံအုပ်နဲ့ ဆရာဝန်တွေ ဟာ အဲဒီလို အရူးအမူး အော်ဟစ်နေတဲ့ လူနာတွေကို ငြိမ်သက်အောင် ကြိုးစားနေကြပါ တယ်။ သူတို့ကိုယ်တိုင် လူနာတွေကို အားပေး စကားပြောနေကြပေမယ့် သူတို့ပြောတဲ့ စကားကို သူတို့ကိုယ်တိုင် အယုံအကြည် မရှိသလိုဖြစ်နေတယ်။
ဒါပေမယ့် လူနာတွေကို ထွက်ခွင့်ပြုလိုက်တာနဲ့ ချက်ချင်းဆိုသလို သေသွားနိုင်တယ်ဆိုတာ သူတို့နားလည် သဘော ပေါက်နေကြပါ သတဲ့၊ ဒါကြောင့် လူနာတွေ တခြားမသွားကြဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းကြရတယ်၊ နောက်ဆုံး ဆရာဝန် တွေ အကြံတခုရ သတဲ့။
အားလုံးပဲ သည်းခံပြီး နားထောင်ကြပါ။ ကျနော်တို့ အခုပဲ မုံလာစေ့တွေကို ပျိုးကြည့်ရအောင်၊ ဒီအစေ့တွေ အပင် ပေါက် မပေါက် စောင့်ကြည့်မယ်။ အပင်ပေါက်ရင် ခင်ဗျားတို့လည်း အသက်ရှင်ပြီပေ့ါလို့ ဆရာဝန်ကပြောလိုက်တယ်၊
အော်ဟစ် နေတဲ့ လူနာတွေအားလုံး ဒီတော့မှ ငြိမ်သွားပါသတဲ့။ မုံလာစေ့တွေ ပျိုးတဲ့ရက်တွေ တဖြည်းဖြည်း ကြာလာ တယ်၊ မုံလာစေ့တွေ ပေါက်ခဲလိုက်တာ၊ မုံလာပင်တွေ ပေါက်ကောပေါက်ပါ့မလား၊ ဒွိဟသံသယတွေ ဝင်လာခဲ့တယ်။
ပေါက်ကော ပေါက်ပ့ါမလား၊ မုံလာပင်တွေ မပေါက်ခဲ့ရင် တဖြည်းဖြည်း ကြောက်စိတ်တွေ ပြန်ဝင်လာပြန်တယ်။
စိတ်ထဲစနိုးစနှောင့် စိုးရိမ်စိတ်တွေ တဖြည်းဖြည်း အားပြန်ကောင်းလာတဲ့တနေ့ ဆောင်းဦးလေနုအေးက ရှေ့တော်ပြေး နှုတ်ဆက်လိုက်တယ်။ ချာတိတ်ကလေး ပေါက်ကွဲပြီးကတည်းက ရွက်မဲ့ပင်ခြောက် သကြားပင်ကြီးရဲ့အကိုင်းတွေဟာ ဆောင်းလေနုအေးကြောင့် ပွတ်တိုက်သံတွေ ထွက်လာခဲ့တယ်။
မုံလာစေ့တွေ ပျိုးခဲ့တာ ၁၀ ရက်လောက် ရှိပြီ၊ လူနာတယောက် ဆေးရုံထဲကို အမောတကော ပြေးဝင်လာခဲ့တယ်။ သူ့ နှုတ်ဖျားက တုံလှုပ်ချောက်ချားစွာ အော်လိုက်တာက –
“မိတ်ဆွေတို့ မုံလာပင်တွေ အစို့ ထွက်လာကြပြီ၊ အစို့ထွက်လာကြပြီ”
အစို့လေးတွေဟာ သေးတော့သေးတယ်။
ဆေးရုံထဲက လူနာတွေ တိုးဝှေ့ထွက်လာပြီး ပန်းခြံဆီကို သူ့ထက်ငါ အရင် ရောက်အောင် အလုအယက် ပြေးသွား ကြ ပါတယ်။ ပန်းခြံထဲရောက်တော့ ပျိုးခင်းကလေးနားမှာ ထိုင်ချလိုက်ပြီး ပျိုးခင်း ကလေးကို ရွှန်းရွှန်းစားစား ကြည့်နေကြ ပါတယ်။
ဆောင်းပြောင်းနွေကူး စပ်ကူးမတ်ကူး နေခြည်ဦးရဲ့ အပွေ့အဖက် အနမ်းအရှုံ့အောက်မှာ စိမ်းဖန့်ဖန့် မုံလာစို့ ကလေး တွေ မဟာမိခင်မြေပြင်မှ ခေါင်းပြူ ချောင်းမြောင်း ကြည့်ရှုနေကြလေရဲ့။
လူနာတွေဟာ ပျိုးခင်းဘေးမှာထိုင်ကာ တုံရင်သော လက်များဖြင့် အစို့အညှောင့်ကလေးများကို မထိတထိ ကလူ ကြည် ဆယ် သလို စမ်းသပ် ငေးမောနေကြတယ်။ အံ့သြငေးမော နေကြတယ်။
ဆေးရုံ အခန်းတခန်းထဲက ဒဏ်ရာ အပြင်းထန်ဆုံး ရထားတဲ့ လူနာတယောက်က သရော်တော်တော် အော်လိုက်တဲ့ အသံက “မင်းတို့အရူးတွေပဲ၊ အဲ့ဒီ အစို့တွေဟာ တကယ်ပဲ အရွက်ထွက်လာမယ်လို့ ထင်သလား၊ အင်း စောင့်ကြည့်ရ သေး သပေါ့၊ ဒီအရွက်တွေ မကြာခင်နွမ်းသွားမှာပဲ” တဲ့။
နောက်နေ့ မနက်စောစောမှာ လူနာများ မုံလာခင်းနားမှာ ထိုင်နေကြပါတယ်။ သူတို့ထဲက တယောက်က မုံလာခင်းကို ရေလောင်းပေါင်းသင် လုပ်ပေးပြီး ဝါးစည်းရိုးကလေး ကာပေး နေပါတယ်။ မုံလာပင်ကလေးတွေဟာ တနေ့ထက်တနေ့ ရှင်သန်ကြီးပြင်း မြင့်တက် လာသလို လူနားများရဲ့ မျှော်လင့်ချက် ရောင်ခြည်ဟာ သူတို့ရဲ့ မျက်နှာတွေပေါ်မှာ ရှင်သန် ပွင့်လန်းလာတာ တွေ့ရမှာဖြစ်တယ်။
တမနက်ခင်းမှာ မျက်မမြင် အမျိုးသမီး လူနာတဦး ပန်းခြံတွင်း မုံလာခင်းလေးနား စမ်းတဝါးဝါး သွားနေရာမှ မုံလာ ခင်း လေးနား အရောက် သူ့ရဲ့ လက်များက မြေပြင်ကို စမ်းသပ် လှုပ်ရှားနေပါတယ်။
ရုတ်တရက် လှုပ်ရှားမှု ရပ်တန့်သွားပြီး သူ့ရဲ့ ခန္ဓာကိုယ်ကလည်း ဆတ်ခနဲ တုန်လှုပ်ပြီး ကိုယ်အနေအထား မတ်သွား ပါ တယ်။ သူ့ရဲ့ လှုပ်ရှားမှုနဲ့အတူ စူးစူးဝါးဝါး အသံကလေးက မနက်ခင်း တိတ်ဆိတ်နေတဲ့ ဆေးရုံဝန်းကျင်ကို လှုပ်နှိုး လိုက်ပါတယ်။
“မုံလာပင်တွေ ပေါက်လာပြီဟေ့”
သူ့ အသံကြောင့် မုံလာခင်းလေးဆီ လူနာတွေ ရောက်လာပြီး မုံလာပင်တွေကို ကိုင်တွယ်ပြီး ဝမ်းသားအားရ ပျော်မြူး နေကြတယ်။ ဆေးရုံတရုံလုံး ရောက်လာကြပြီး ဝမ်းသာလွန်းလို့ ငိုသူငို၊ ရယ်သူရယ်၊ အော်သူအော် အဝတ်တွေကို လေထဲ မြှောက်သူမြှောက်၊ မြေကြီးကို ကုန်းနမ်းသူနမ်း၊ တချို့က မျက်မမြင် အမျိုးသမီးကြီးကို ဝိုင်းပတ် ကခုန်နေကြ တယ်။ တယောက်က မုံလာပင်ကို စားကြည့် နေလေရဲ့။
အခုတော့ ဟီရိုရှီးမားမြို့ကြီး အံ့မခန်း ပြန်လည် ထူထောင်ပြီးတာနဲ့အတူ မုံလာပင်၊ အာလူးပင်၊ ဂမုန်းပင်တွေ၊ ကော့စမော့ ပန်း၊ တရုတ် ခေါင်းလောင်းပန်း၊ ဒေလီယာပန်း၊ ဆောင်းကုန်နွေကူး ပွင့်တတ်တဲ့ ဂန္ဓမာပန်းတွေ ဝေဝေ ဆာဆာ ပွင့်လန်း နေပြီကော။
ဒါပေမယ့် အခုထိ ရေဒီယိုသတ္တိကြွ ဓာတ်တွေဟာ လူတွေပေါ်မှာ ဘယ်လောက်အထိ၊ ဘယ်အချိန်အထိ ကျရောက် တယ် ဆိုတာ မသိကြသေးပါဘူး၊ အဏုမြူအဆိပ်ငွေ့တွေ လောင်ကြွမ်းတဲ့ အနာတွေဟာ တချို့မကျက်သေးပါဘူး။ တချို့လည်း အခုမှစဖြစ်တာပါ။ တချို့ကြတော့ လုံးဝ ပျောက်ကင်းသွားတာ တွေ့ရပါသတဲ့။
ဟီရိုရှီးမားက လူတွေ စိတ်ဓာတ်အေးချမ်း ငြိမ်သက်သွားတာဟာ ပန်းပင်တွေ၊ သစ်ပင်တွေ၊ သီးပင်စားပင် တွေကို မြင်တွေ့ရပြီးနောက် ဖြစ်ပေါ်လာတဲ့ စိတ်ဓာတ်ခွန်အားလို့ပဲ ထင်ပါတယ်။ ပြီးတော့ မျှော်လင့်ချက် အသစ်တွေကို မွေးဖွား သန့်စင်ပေးခဲ့တယ် ဆိုရင်လည်း မှားမယ် မထင်ပေဘူးပေါ့။ ။
စာရေးသူ လှကွန့်သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသော စာနယ်ဇင်း မီဒီယာများတွင် သမိုင်း ဆိုင်ရာများ နှင့် နိုင်ငံရေး ဆိုင်ရာ စာပေများကို ရေးသား နေသူ ဖြစ်သည်။