အမေရိက၌ အိုဘားမားက Change (အပြောင်းအလဲ) ဟူသော ကြွေးကြော်သံဖြင့် သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်။ မြန်မာပြည်၌မူ ၂၀၁၅ ခုနှစ်တွင် NLD ပါတီသည် Time to Change (ပြောင်းလဲချိန်တန်ပြီ) ဟူသော ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်။
ပြောင်းလဲချိန်တန်ခဲ့ခြင်း
၁၉၆၂ ခုနှစ်မှစ၍ အနှစ် ၅၀ ကြာခဲ့သော စစ်အုပ်ချုပ်ရေးကိုလည်းကောင်း၊ စစ်ဗိုလ်ချုပ်ဟောင်းများ၏ ကြံ့ခိုင်ရေး ပါတီကိုလည်းကောင်း စိတ်ပျက်နေသော လူထုသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် NLD ပါတီကိုမဲပုံပေးခဲ့သည်။ ထိုသို့ NLD ကို ရွေးချယ်ခဲ့ခြင်းသည် လူထုအနေနှင့် အပြောင်းအလဲတရပ်ကို တကယ်တမ်း မျှော်လင့်၍ ဖြစ်သကဲ့သို့ ထိုသို့သော အပြောင်းအလဲတရပ်ကို ဖော်ဆောင်ရန်အတွက် လက်ရှိ အချိန်တွင် NLD ပါတီမှအပ တခြား ရွေးချယ်စရာမရှိဟု ယုံကြည်ခဲ့၍ဖြစ်သည်။ ထို့အတူ NLD ပါတီအနေနှင့် အပြောင်းအလဲကို ဖော်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြ၍လည်း ဖြစ်သည်။
ကြာမြင့်လှပြီဖြစ်သည့် စစ်ဗိုလ်ချုပ်ကြီးများ၏ အုပ်ချုပ်မှု နေရာတွင် အရပ်ဖက် အုပ်ချုပ်မှု အပြောင်းအလဲကို မျှော်လင့်၍လည်း ဖြစ်ပေသည်။
NLD သည်လည်း အပြောင်းအလဲကို မျှော်လင့်၍ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြသူ အများအပြား ပါဝင်ခဲ့ကြသည့် နိုင်ငံရေးပါတီတရပ်ဖြစ်သည့် အားလျော်စွာ အပြောင်းအလဲကို အမှန်တကယ် လိုလားသည့် ပါတီ တရပ်ဖြစ်သည်ကိုတော့ ငြင်းဖွယ်ရာမရှိပေ။ သို့သော် အမှန်တကယ် လက်တွေ့ လုပ်ဆောင်ချက်များတွင် အမှန်တကယ် အပြောင်းအလဲလုပ်နိုင် မလုပ်နိုင် ဆိုသည်ကတော့ လက်တွေ့ ဖြစ်ရပ်များအပေါ် ကြည့်၍ ဆုံးဖြတ်ရမည် ဖြစ်ပေသည်။ NLD ပါတီ၏ ပြောင်းလဲချိန်တန်ပြီဟူသော ကြွေးကြော်သံကို လူထုက တခဲနက် လက်ခံခဲ့ခြင်းသည် မြန်မာပြည် အခြေအနေ အမှန်တကယ် ပြောင်းလဲချိန်တန်ခဲ့၍ ဖြစ်သည်။
ကွန်ဆာဗေးတစ် မူ
ကွန်ဆာဗေးတစ်ကို ရှေးရိုးစွဲဟု ဆိုကြသည်။ ဤသို့ ရှေးရိုးစွဲဟု ခေါ်ဆိုသည်မှာ ခေတ်ဟောင်း အတွေးအခေါ် ဟောင်းများထဲတွင် ရှင်သန်နေသည်ဆိုသည့် အဓိပ္ပာယ် သက်သက်သာ မဟုတ်ပေ။ အစဉ်အလာ အသားကျ နေသော ပုံစံခွက်ထဲတွင် အသားကျ ရှင်သန်နေသူများသည်လည်း ကွန်ဆာဗေးတစ်များဖြစ်ကြသည်။
ဤနေရာ၌ ကွန်ဆာဗေးတစ်အား ရှေးရိုးစွဲဟု ပြန်ဆိုခြင်းသာဖြစ်၍ နှစ်ကာလများစွာ ကြာခဲ့ပြီ ဖြစ်သော ရှေးသရောအခါက ကိုသာ ဆိုလိုသည် မဟုတ်ပေ။ အချိန်ကာလကြာမြင့်စွာ အသားကျနေသော အမူအကျင့်များ၊ အလေ့အထများကို ကိုင်စွဲနေသည်ကလည်း ကွန်ဆာဗေးတစ် ဖြစ်ပေသည်။
၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အနှစ် ၅၀ ကျော် ကျင့်သုံးခဲ့သည့် အုပ်ချုပ်ရေး ယန္တယား ပုံစံများထဲရှိ အသားကျနေသော လုပ်ထုံးလုပ်နည်းများတွင် စွဲကပ်နေခြင်းသည်လည်း ကွန်ဆာဗေးတစ်များဟု ဆိုရပေမည်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြသည် ဆိုကြသော်လည်း အနှစ် ၅၀ ကျော် စစ်အုပ်ချုပ်ရေးက တည်ဆောက်ထားသည့် ပုံစံများအား အမှန်ကဲ့သို့ လုပ်နေကျ လုပ်ထုံးလုပ်နည်းကဲ့သို့ မှတ်ယူနေကြ ခြင်းသည်လည်း ယနေ့ကာလ မြန်မာပြည်လူ့အဖွဲ့အစည်းတွင် တွေ့နေရသော ကွန်ဆာဗေးတစ်ဟု ဆိုရပါမည်။
ပြောင်းလဲချိန်တန်ပြီ ဆိုသည့် NLD သည် အစိုးရဖြစ်လာပြီးနောက် အစဉ်အလာ ရှေးရိုးစွဲပုံစံခွက်ထဲသို့ ဝင်ရောက်သွားခဲ့သည်ကို တွေ့ရသည်။
အစိုးရတရပ်သည် ယခင်အစိုးရက ထားခဲ့သော အဆောက်အအုံဟောင်းများကို မလွှဲမရှောင်သာ လက်ခံ ရသော်လည်း အပြောင်းအလဲလုပ်ရန် လိုအပ်ပေသည်။ သို့သော် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်က စစ်အစိုးရက ပြုလုပ်ခဲ့သော ပုံစံခွက်ထဲသို့ ဝင်ရောက်ပြီး အပြောင်းအလဲလုပ်ရန် ခက်ခဲနေသည်ကို လည်းကောင်း၊ ထိုလုပ်ထုံးလုပ်နည်းများကို ဆက်ခံနေသည်ကို လည်းကောင်း တွေ့ရသည်မှာ စိတ်မချမ်းမြေ့ဖွယ် ဖြစ်သည်။
ထင်ရှားသော ဥပမာတခု ပြရလျင် ပြန်ကြားရေး ဝန်ကြီးဌာန အစိုးရပိုင်သတင်းစာ၊ ရုပ်သံနှင့် မီဒီယာ လုပ်ငန်းများကို ဆက်ခံထားပြီး အပြောင်းအလဲလုပ်ရန် အရိပ်အယောင်ပင် မမြင်ရခြင်းဖြစ်သည်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရခါစ မြန်မာပြည် ပါလီမန်ဒီမိုကရေစီခေတ်တွင် အစိုးရ သတင်းစာဟူ၍ မရှိပေ။ သို့သော် ၁၉၆၂ ခုနှစ် တပ်မတော်က အာဏာသိမ်းပြီး နောက်ပိုင်းတွင် ပုဂ္ဂလိက သတင်းစာ အားလုံးလိုလို ပြည်သူပိုင် သိမ်းသည်ဟုဆိုကာ အစိုးရက သိမ်းယူခဲ့သည်။ ထိုစဉ်ကစ၍ အနှစ် ၅၀ ကျော်ကာလ၌ အစိုးရ သတင်းစာများသည် အစိုးရကောင်းကြောင်းကိုသာ ရေးသားသည့် သတင်းများကိုသာ ဖော်ပြခဲ့ကြသည်။
အစိုးရပုံရိပ်ကို ထိခိုက်သော သတင်းများကို ဖုံးကွယ်ခဲ့ကြသည်။ အစိုးရပေါ်လစီကို ကာကွယ်သော ဆောင်းပါးများ၊ အစိုးရ ဆန့်ကျင်သူများကို ထိုးနှက်သော ဆောင်းပါးများဖြင့် ပြည့်နှက်နေပြီး အစိုးရဝါဒဖြန့်ချိရေး ယန္တယားအဖြစ် ပြောင်းလဲခဲ့သည်။ အစိုးရ သတင်းစာများသည် စတုတ္ထ မဏ္ဍိုင် အခန်းကဏ္ဍတွင် ရှိမနေတော့၊ အမှန်တရားနှင့် လူထုကို ကိုယ်စားပြုနိုင်စွမ်း မရှိတော့ပေ။
၎င်း သတင်းစာများတွင် လုပ်ကိုင်နေကြ သူများသည်လည်း လုပ်ငန်းသဘောအရ စတုတ္ထမဏ္ဍိုင် သတင်း သမားများ မဟုတ်ကြတော့ဘဲ အစိုးရကို ကာကွယ်ရပ်ခံပြောဆို ရှင်းလင်းနေသူများ၊ ဝါဒဖြန့်ချိရေး သမားများအဖြစ်သို့ ဆိုက်ရောက် နေခဲ့ပေတော့သည်။
NLD အစိုးရအနေနှင့် အဆိုပါဝန်ကြီးဌာနနှင့် သတင်းစာများကို ဆက်ခံသည်မှာ မလွှဲမရှောင်သာ ဖြစ်သော်လည်း အပြောင်းအလဲမလုပ်နိုင်သည် ကတော့ ပြောင်းလဲချိန်တန်ပြီနှင့် လွဲချော် နေတော့သည်။ ပြဿနာမှာ အနှစ် ၅၀ ကျော် အစိုးရပိုင် သတင်းစာအဖြစ် ရှိနေသည်နှင့် ပတ်သက်၍ အစဉ်အလာအရ ရှိသင့်ရှိထိုက်သော အချင်းအရာအဖြစ် သဘောထားခြင်းဖြစ်သည်။ ဤသို့သော အစဉ်အလာဟောင်းများ၌ ယစ်မူးသည်နှင့် အစဉ်အလာ ဟောင်းများအတိုင်း ဖက်တွယ်၍ ဆက်လက် လုပ်ကိုင်မှုများကို တွေ့ရသည်။
၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်း သမ္မတ ဦးဝင်းမြင့် ရန်ကုန်လွှတ်တော်နှင့် အစိုးရအား တွေ့ဆုံပွဲတွင် အစိုးရ မီဒီယာများ၊ အစိုးရက ချုပ်ကိုင်ထားနိုင်သော မီဒီယာများကိုသာ ဝင်ခွင့်ပြုပြီး ပုဂ္ဂလိက သတင်းမီဒီယာများကို ဝင်ရောက် သတင်းယူခွင့် မပြုခဲ့ပေ။ အစိုးရ ကောင်းကြောင်း၊ မှန်ကြောင်းကိုသာ ဖော်ပြမည့် အစိုးရ သတင်းမီဒီယာ များကိုသာ သတင်းယူခွင့်ပြုပြီး အစိုးရကို လိုအပ်ပါက ဝေဖန် ထောက်ပြသည့် သတင်း မီဒီယာများ ဝင်ခွင့်မပြုခြင်းသည် မှန်ကန်သော လုပ်ရပ်ဖြစ်ပါ၏လော။ သတင်း မီဒီယာလောကနှင့် ပတ်သက်၍ မှန်ကန်သော အပြောင်းအလဲဖြစ်ပါ၏လော။
အလားတူပင် ယခင်စစ်အာဏာရှင် အစိုးရလက်ထက်က အစိုးရ၏ လုပ်ရပ်များကို ကာကွယ်ရန် အတွက်သော် လည်းကောင်း အစိုးရအား ဝေဖန်တိုက်ခိုက်သူများ ထိုးနှက်တိုက်ခိုက်ရန် ကလောင်ပုန်းများ မွေးခဲ့သည်။ ထို မည်သူမည်ဝါမှန်း မသိရသည့် မအူပင် (ခြင်ကျား)၊ ဖေကံကောင်း စသူတို့ကဲ့သို့ အစိုးရ လော်ဘီ ကလောင် ပုန်းများသည် အစိုးရ သတင်းစာများတွင် နေရာရ၊ တွင်ကျယ်ခဲ့သည်။
ယခု NLD အစိုးရလက်ထက်တွင် အငြင်းပွားဖွယ် အစိုးရ၏ လုပ်ဆောင်ချက်များ၊ တရားစီရင်ရေးများနှင့် ပတ်သက်၍ အချိန်ကိုက် ခုခံ ကာကွယ်ပေးနေသည့် အစိုးရ လော်ဘီ ကလောင်ပုန်းတို့ ဆက်လက်နေရာ ရနေဆဲ ဖြစ်သည်။
ဤသို့ဖြစ်နေခြင်းမှာ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်သည်၊ အပြောင်းအလဲလုပ်ရမည်ဟု ကြွေးကြော်ခဲ့ကြ သော်လည်း လက်တွေ့တွင် နှစ်ပေါင်း ၅၀ ကျော် စစ်ခေါင်းဆောင်တို့ လုပ်ကိုင်ထားခဲ့သည့် အစဉ်အလာ ဟောင်းများထဲမှ ရုန်းထွက်နိုင်ခြင်းမရှိဘဲ ထိုအစဉ်အလာ ဟောင်းများကို ပြုမြဲပြုဖွယ်များအဖြစ် သဘောထား ဆက်ခံကြခြင်း၊ အသားကျနေသော အမှားကို အမှန်ကဲ့သို့ ထင်မှတ်နေခြင်း ဖြစ်ပေသည်။ ရှေးရိုးစွဲ ကွန်ဆာဗေးတစ် မူများမှ ရုန်းမထွက်နိုင်ခြင်းသည် အပြောင်းအလဲ မလုပ်နိုင်သည့် အကြောင်းအရင်း ဖြစ်နေ တော့သည်။
ကွန်ဆာဗေးတစ် လူ
ကွန်ဆာဗေးတစ် လူပုဂ္ဂိုလ်များသည် ကွန်ဆာဗေးတစ် အလေ့အကျင့်များကို စွဲကိုင်ကျင့်သုံးပြီး ပေါ်ထွက် လာသည်။ ဥပမာအားဖြင့်ဆိုလျင် အနှစ် ၅၀ ကျော် စစ်အုပ်ချုပ်ရေးအတွင်း ဘဏ်လုပ်ငန်း ငွေကြေးလုပ်ငန်း၌ အသားကျ နေသူများသည် နိုင်ငံတော်မှ ထုတ်ဝေသည့် ငွေစက္ကူများအား အစိုးရကပင် တရားမဝင် ကြေညာ သည်ကို နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့သည်ကို ဖြတ်သန်းလာခဲ့သူများ ဖြစ်သည်။ ၁၅ ကျပ်တန်၊ ၂၅ ကျပ်တန်၊ ၄၅ ကျပ်တန်၊ ၇၅ ကျပ်တန်၊ ၉၀ ကျပ်တန် စသည့် ဆယ်လီစိတ် စနစ်မဟုတ်သည့်ပြင် မည်သည့်ပုံမှန်အစိုးရ ကမှ ထုတ်ဝေခြင်းမရှိဘဲ စစ်အာဏာရှင်များ စိတ်ကူးတည့်ရာ ငွေစက္ကူများ ထုတ်ဝေမှုနှင့်လည်း ယဉ်ပါးခဲ့သူများ ဖြစ်သည်။
စစ်အုပ်ချုပ်ရေး ကာလတလျှောက် မှသည် ယနေ့တိုင် ငွေအကြွေ ရှားပါးသည့်ပြဿနာ (ငွေအကြွေဆိုသည်မှာ ယခင်က ၅ ပြား၊ ၁၀ ပြား၊ နောင် ၁ ကျပ်တန်၊ ၅ ကျပ်တန်၊ ယခုမူ ၅၀ ကျပ်တန်၊ ၁၀၀ ကျပ်တန်၊ ၂၀၀ ကျပ်တန် တိ့ကို ဆိုလိုသည်) သည် မြန်မာ့ ငွေကြေး လည်ပတ်မှုတွင် ဖြစ်နေကျ မထူးဆန်းသည့် ပြဿနာ ဖြစ်နေသည့် အပြင် ဤသို့ ငွေအကြွေများ ထုတ်ဝေသည်မှာ နိုင်ငံတော်အတွက် အရှုံးပေါ်သည်ဟူသော ဆင်ခြေဖြင့် ဖြတ်သန်းနေခဲ့ကြသည်။ လူထုအကြား အခက်အခဲကို ဖြေရှင်းရန် ကြိုးပမ်းလုပ်ဆောင်မှုလည်း မရှိခဲ့ပေ။
မူမှန်လူမှန်သည့် နိုင်ငံများတွင် ငွေစက္ကူ တရားမဝင် ကြေညာမှု မရှိခြင်း၊ ရေတွက်ရန်ခက်ခဲသည့် ဆယ်လီစိတ် စနစ် မဟုတ်သည့် ငွေကြေးထုတ်ဝေမှု မရှိခြင်းတို့အပြင် ငွေအကြွေပြဿနာလည်း မရှိပေ။ လူဦးရေ သန်းထောင်ချီရှိသည့် တရုတ်ပြည်တွင် ငွေအကြွေပြဿနာ မရှိပါ။ တရုတ်ငွေ ၁ ယွမ်တန်ဆိုသည်မှာ အလွန်ပေါသည်။ ထို့အပြင် ၅ ဂျောင်၊ ၁၀ ဂျောင်၊ ၅၀ ဂျောင် စသည် ၁ ယွမ်အောက် ပြားဂဏန်းတန်ဖိုးရှိ အကြွေမှာလည်း အလွန်ပေါသည်။
အရောင်းအဝယ်ပြုသည့် ဆိုင်တိုင်း၊ လူတိုင်းတွင်း အကြွေရှားသည့် ပြဿနာမရှိပေ။ မြန်မာပြည်နှင့် အရွယ်အစား မကွာသော ထိုင်းနိုင်ငံတွင် ၁ ဘတ်တန်မှ ၁၀ ဘတ်အထိ ငွေအကြွေစေ့များ ဖြစ်သည်။ နိုင်ငံခြား ခရီးသွား နှစ်စဉ် သန်းနှင့်ချီ လာလည်နေသော ထိုင်းနိုင်ငံမှအပြန် ထိုဘတ်ငွေ အကြွေစေ့များကို နိုင်ငံခြားသား များက အမှတ်တရ ယူသွားလေ့ရှိကြသည်။ သို့သော် ထိုင်းနိုင်ငံ ငွေကြေးလည်ပတ်မှုတွင် အကြွေစေ့ ရှားမသွားပေ။ သူ၏ ငွေကြေးစနစ် လိုအပ်ချက်ကို ပြည့်မီအောင် ထည့်ထားပေးနိုင်သည်။
သို့သော် မြန်မာပြည်ပြည်၏ ငွေကြေးစနစ်တွင်ကား ငွေအကြွေရှားပါး ခြင်းသည် ဖြစ်နေကျ အလေ့အထ ဖြစ်နေပြီး အဆိုပါ ပြဿနာသည် ဖြေရှင်းပေးရန် မလိုသည့်ပြဿနာ ဖြစ်နေသည်။ ဤပြဿနာ၏ အရင်းခံမှာ လူထုကို အလေးထား မျက်မှောက်ပြုမှု မရှိခြင်းဖြစ်သည်။ နာဂစ်ကာလက “အလောင်းတွေ လိုက်ကောက်စရာ မလိုပါဘူး။ ငါးပူတင်း တွတ်ပြီး ရှင်းသွားလိမ့်မယ်” ဆိုသော အယူအဆသည် ထိုအမြင် အခြေခံမှလာသည်။
ငွေအကြွေထုတ်လျင် အရှုံးပေါ်မည်၊ မထုတ်တော့၊ လူအများ ဒုက္ခရောက်လည်း ရောက်ပါစေဟု သဘောထားခြင်း ဖြစ်သည်။ ဤကား ယဉ်ပါးနေသည့် အလေ့အကျင့်ဟောင်း ဖြစ်သည်။
သို့ဖြစ်ရာ ထိုသို့သော အလေ့အကျင့်ဟောင်းများနှင့် အသားကျနေသော လုပ်ငန်းများတွင်းမှ အသားကျ နေသော လူများ ထွက်ပေါ်လာသည်မှာ မထူးဆန်းပေ။ ထိုလူများကို ကွန်ဆာဗေးတစ် လူပုဂ္ဂိုလ်များဟု ဆိုရပါမည်။
ထို ကွန်ဆာဗေးတစ် လူများသည် ကွန်ဆာဗေးတစ် အလေ့အကျင့်များနှင့် ယဉ်ပါးနေသည့်အပြင် ထိုသို့သော တရားနည်းလမ်း မကျသည့် အမိန့်များ ညွှန်ကြားချက်များကိုလည်း ရိုကျိုးစွာ နာခံခဲ့ကြသည့် အလေ့အထ ရှိသူများဖြစ်သည်။
ထိုသို့သော မတရားသည့် အမိန့် ညွှန်ကြားချက်များအား ပြန်လည်ဆန့်ကျင်ခဲ့ကြသူများလည်း မဟုတ်ခဲ့ကြပေ။
စစ်အုပ်ချုပ်ရေး ကာလတလျှောက် ထိုအလေ့အကျင့်များနှင့် အသားကျ နေခဲ့ကြသော ကွန်ဆာဗေးတစ် လူများအနေဖြင့် အချိန်တန်၍ အငြိမ်းစားယူ သွားပါက ပြဿနာ မရှိပါ။ သို့သော် ယခု ပြောင်းလဲချိန် တန်ပြီဟူသော ခေတ်ကာလတွင် အတွေ့အကြုံ ရှိသူများအဖြစ် ပြည်ထောင်စုဝန်ကြီးကဲ့သို့သော အပြောင်းအလဲကို ရှေ့ဆောင်ရမည့် အရေးပါသော နေရာများတွင် တာဝန်ပေးနေသည်ကို တွေ့ရ၍ ဖြစ်သည်။
သို့ဖြစ်ရာ ထိုသို့သော ကွန်ဆာဗေးတစ် လူများသည် အပြောင်းအလဲကို စွမ်းဆောင်နိုင်ပါ့မည်လော၊ စဉ်းစားဖွယ်၊ မေးခွန်း ထုတ်ဖွယ် ဖြစ်သည်။ ထို့အပြင် ထိုသူများသည် အသက် ၇၀ ကျော် ၈၀ တန်းများ ဖြစ်ကြရာ ထိုအသက်အရွယ် များသည်လည်း၊ ဝန်ထမ်းဘဝနှင့် အသားကျနေသူ များသည်လည်းကောင်း အပြောင်းအလဲကို ရှေ့ဆောင်ရန် မဆိုထားနှင့် အပြောင်းအလဲကို လက်ခံရန် ခက်ခဲသူများ ဖြစ်ကြသည်။
ရှိနေသော အနေအထားကို ပုံမပျက် မှန်မှန်လေး လည်ပတ်နေသည့် အခြေအနေမျိုးနှင့် အသားကျ နေသူများ ဖြစ်ကြသကဲ့သို့ ထိုအနေအထားမျိုးကို လိုလားကြသူများ ဖြစ်ကြသည်။ အပြောင်းအလဲနှင့် ထိုသူများသည် ပဏာရလှသည် မဟုတ်ပေ။
ဤနေရာတွင် အပြောင်းအလဲအတွက် လိုအပ်သူများ ရှေ့ဆောင်နိုင်သူများမှာ ကွန်ဆာဗေးတစ်များ မဟုတ်သကဲ့သို့ ထိုသူများကဲ့သို့ သမားရိုးကျ အတွေ့အကြုံ မရှိသူများပါ လုပ်နိုင်စွမ်း မရှိပေဘူးလောဟူသည့် မေးခွန်းပေါ်လာသည်။ DVB ၊ မဇ္ဈိမ စသည့် ရုပ်သံလိုင်းများ အောင်မြင်စွာ ထူထောင်ဦးစီးနိုင်ခဲ့ကြသူသည် မြန်မာ့ ရုပ်မြင်သံကြားတွင် အတွေ့အကြုံရှိသူများ မဟုတ်ပေ။ ဧရာဝတီ၊ 7 DAY စသည့် သတင်းဌာနများကို အောင်မြင်စွာ ထူထောင်ခဲ့ကြသူများသည်လည်း သတင်းနှင့် စာနယ်ဇင်းတွင် အတွေ့အကြုံ ရှိသူများမဟုတ်ပေ။
အလားတူပင် ဘဏ်များ၊ ဟိုတယ်များ၊ စက်ရုံအလုပ်ရုံများကို ထူထောင်ခဲ့ကြ သူများသည်လည်း အစိုးရ အလုပ်များတွင် အတွေ့အကြုံ ရှိသူများမဟုတ်ခဲ့ကြပါ။ ထိုလုပ်ငန်းများတွင် အစိုးရ အလုပ်လုပ်ဖူးသူများ ခေါ်ယူ ခန့်ထားသည် ဆိုလျှင်ပင် ထိုသူများသည် ဝန်ထမ်းမျှသာ ဖြစ်ပေလိမ့်မည်။ ပိုင်ရှင်များ၊ ပေါ်လစီ ချမှတ်သူများ မဟုတ်ကြပေ။ ဤအချင်းအရာကို နယ်ပယ်အားလုံးတွင် တွေ့ရှိနိုင်ပါသည်။
သို့ဖြစ်ရာ အပြောင်းအလဲများကို အောင်မြင်စွာ လုပ်နိုင်ရန်မှာ ရှေ့ဆောင်မည့်သူများတွင် အစဉ်အလာ ရှေးရိုးစွဲ အတွေ့အကြုံ မရှိလည်း ရပေသည်။ ပြောင်းလဲလိုစိတ်နှင့် သင်ယူလိုစိတ် ရှိရန်သာ လိုအပ်သည်။ ပြောင်းလဲ လိုစိတ် မရှိသည့်အပြင် ကွန်ဆာဗေးတစ် အလေ့အထများနှင့်ပျော်မွေ့နေပါက အပြောင်းအလဲအား လုပ်နိုင်ရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။ ထို့အပြင် အတွေ့အကြုံ ရှိရန် လိုအပ်သည်ဟူသော ခေါင်းစဉ်အောက်တွင် ကွန်ဆာဗေးတစ် အလေ့အကျင့်ဟောင်းများကို လိုအပ်သည့် အတွေ့အကြုံများဟူ၍ မမှတ် ယူကြရန် လိုအပ်သည်။ စွန့်ပစ်ရမည့် အလေ့အကျင့် ဟောင်းများသည် မလိုလားအပ်သည့် အတွေ့အကြုံ ဟောင်းများ ဖြစ်ပါသည်။
ဤသို့ဆို၍ အတွေ့အကြုံ ရှိရန် မလိုဟု ဆိုနေခြင်းမဟုတ်၊ မလိုလား အပ်သည့် ကွန်ဆာဗေးတစ် အလေ့အကျင့် ဟောင်းများကို ဖက်တွယ်မထား ရန်နှင့် ထိုမလိုလားအပ်သည့် အလေ့အကျင့် ဟောင်းများသည် လိုအပ်သည့် အတွေ့အကြုံကောင်း မဟုတ်ဟု ဆိုခြင်းဖြစ်ပါသည်။
ထို့အပြင် တိုင်းပြည်အပြောင်းအလဲကို ခေါင်းဆောင်ရန် အတွေ့အကြုံ ရင့်ကျက်သူများ လိုအပ်သည်ကို ငြင်းပယ်ရန် အကြောင်းမရှိပါ။ သို့သော် လက်ရှိ အပြောင်းအလဲကို ခေါင်းဆောင်မည်ဆိုသည့် အစိုးရအဖွဲ့တွင် အားလုံး လိုလို အသက် ၇၀ ကျော် ၈၀ တန်းများဖြစ်နေသည်က သင့်လျော်သည့်ကိစ္စမဟုတ်ပေ။ ထိုအသက်အရွယ်များသည် ခရီးဝေးသွားရန်ပင် ခက်ခဲသည့် အရွယ်များဖြစ်သကဲ့သို့ အထက်တွင် တင်ပြသကဲ့သို့ အပြောင်းအလဲထက်၊ မိမိတာဝန်ယူထားသည့် လုပ်ငန်းများကို ပုံမပျက် လည်ပတ်ရန်သာ စဉ်းစားကြသည့် အသက်အရွယ်များ ဖြစ်သည်။
လူငယ်ပိုင်း၊ လူလတ်ပိုင်းကဲ့သို့ စွန့်လွှတ်စွန့်စား စိတ်နှင့် အပြောင်းအလဲ တခု၊ အခြေအနေသစ် တခုကို ဖန်တီး လိုသည့် အသက်အရွယ် မဟုတ်တော့ပေ။ စွန့်ဦး တည်ထွင်ကြမည့် အသက်အရွယ်များ မဟုတ်ကြပေ။ ကွန်ဆာဗေးတစ် အသက်အရွယ်ဟု ဆိုရပါမည်။ သို့ဖြစ်ရာ တကယ်တမ်း အပြောင်းအလဲကို လိုလားလျင်၊ ဖော်ဆောင်လိုလျင် လူကြီး၊ လူလတ်၊ လူငယ်ဆိုသည့် မျိုးဆက်များ ပေါင်းစပ်ထားသည့် အချိုးညီသည့် ခေါင်းဆောင်မှု တရပ်ကို တည်ဆောက်ရန် လိုအပ်ပါသည်။
ပြောင်းလဲကြမည်ဆိုလျင်
သို့ဖြစ်ရာ ပြောင်းလဲသင့်ချိန် ရောက်ပြီဖြစ်ပေရာ အမှန်တကယ် ပြောင်းလဲကြမည်ဆိုလျင် ကွန်ဆာဗေးတစ် အမူအကျင့်များမှ လမ်းခွဲထွက်ရန် လိုအပ်ပါမည်။ ကွန်ဆာဗေးတစ် လူများကို ဖက်တွယ် မထားရန် လိုအပ် ပါမည်။ ပြောင်းလဲလိုစိတ် ရှိသူများ၊ ပြောင်းလဲနိုင်သည့် အသက်အရွယ်များဖြင့်သာ အပြောင်းအလဲကို ပြုလုပ်နိုင်ပါ လိမ့်မည်။ သို့ဖြစ်ရာ ပြောင်းလဲချိန်တန်ပြီ ဖြစ်၍ ပြောင်းလဲကြမည်ဆိုလျင် အစဉ်အလာ အလေ့အကျင့် ဟောင်းများမှ ရုန်းထွက်ရန် လိုအပ်ပေမည်။
(စာရေးသူသည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများကို အထူးပြု လေ့လာသုံးသပ်သူ သုတေသီတဦးဖြစ်သည်။)