ဆောင်းပါး

ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်း ဘယ်လိုရှင်းကြမလဲ

Want create site? Find Free WordPress Themes and plugins.

၁၉၉၃ ခုနှစ်တွင် နဝတ အစိုးရက အမျိုးသားညီလာခံဆိုသည်ကို ခေါ်ဆိုကျင်းပခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်များအား မျက်ကွယ်ပြု၍ အခြေခံဥပဒေ တရပ် ရေးဆွဲရေးဆိုသည့် ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၁၉၈၈ ခုနှစ်တွင် တပ်မတော် အာဏာသိမ်းပြီးနောက် ၁၉၇၄ ခုနှစ် အခြေခံဥပဒေ ပျက်ပြယ်သွားပြီဖြစ်ရာ တိုင်းပြည်အတွက် လိုအပ်သော အခြေခံဥပဒေတရပ်အား တပ်မတော်က ဦးဆောင်ရေးဆွဲသွားရန် လိုအပ်သည် ဟူသော အကြောင်းပြချက်အောက်တွင် အမျိုးသားညီလာခံ ခေါ်ဆိုခဲ့သည်။ အဆိုပါ ညီလာခံတွင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီများနှင့် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့မှ ကိုယ်စားလှယ်များအား ဖိတ်ခေါ်ခဲ့သကဲ့သိ့ု တပ်မတော်ကိုယ်စားလှယ်များ၊ တပ်မတော်မှ စိတ်ကြိုက် ရွေး ချယ်ဖွဲ့စည်းထားသော အစုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ် ဆိုသူများကိုလည်း ပါဝင် တက်ရောက်စေခဲ့သည်။

နောက်ပိုင်းတွင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်သည့် NLD နုတ်ထွက်ခဲ့သည်။ ညီလာခံတွင် တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တင်ပြချက်များသည်လည်း အရာမဝင်ခဲ့ပေ။ တပ်မတော်နှင့် တပ်မတော်က စိတ်ကြိုက်ရွေးချယ်ထားသည့် ကိုယ်စားလှယ်များဖြင့် အဆိုပါ ညီလာခံအား ခရီးဆက်ခဲ့သည်။ အမျိုးသားညီလာခံဟု ဆိုသော်လည်း လူထုကြားတွင် ညောင်နှစ်ပင် ညီလာခံဟု လူသိများခဲ့သည်။

မည်သို့ဆိုစေ ထိုညီလာခံသည် မြန်မာပြည်ကို ကြီးမားစွာ သက်ရောက်မှု ရှိခဲ့သည်ကိုတော့ ငြင်းပယ်၍ မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အဆိုပါ ညောင်နှစ်ပင်ညီလာခံသည် ၂၀၀၈ အခြေခံဥပဒေ ဆိုသည်ကို မွေးထုတ်ပေးခဲ့၍ ဖြစ်သည်။ ထို ၂၀၀၈ အခြေခံဥပဒေသည် လွတ်လပ်ရေးရပြီး တပ်မတော်က ဦးစီး ရေးဆွဲသည့် ဒုတိယမြောက် အခြေခံဥပဒေလည်း ဖြစ်သည်။

၂၀၀၈ အခြေခံဥပဒေသည် အဆိုပါညောင်နှစ်ပင်ညီလာခံမှ တပ်မတော်၏ ဦးစီးဦးရွက်ပြုမှု၊ တပ်မတော်က စိတ်ကြိုက် ရွေးချယ်ထားသော ကိုယ်စားလှယ်များ၏ သဘောတူညီမှုဖြင့် ပေါ်ထွက်လာခဲ့သည်။ သို့ဖြစ်ရာ တပ်မတော်အတွက် အဖိုးထိုက်တန်သည့် ရတနာဖြစ်လာသကဲ့သို့ တပ်မတော်က အသက်ပေးကာကွယ်ရမည့် အခြေခံဥပဒေလည်း ဖြစ်လာခဲ့သည်။

အဆိုပါအခြေခံဥပဒေသည် တိုင်းပြည်အခြေအနေနှင့် ကိုက်ညီသည့် ဥပဒေဟုလည်း တပ်မတော် ခေါင်းဆောင်များက မှတ်ယူခဲ့ကြသည်။ လူထုဆန္ဒခံယူပွဲတွင် လူထု အများစုက ဆန္ဒမဲပေး၍ ထောက်ခံခဲ့ကြသည်ဟု အတည်ပြုခဲ့ကြသည်။

အတိုက်အခံ နိုင်ငံရေးအင်အားစုများကမူ အဆိုပါ ၂၀၀၈ အခြေခံဥပဒေ ရေးဆွဲအတည်ပြုခဲ့ပုံသည် လက်ခံ အတည်ပြု နိုင်ဖွယ်ရာမရှိသကဲ့သို့ ဥပဒေပါ အချက်အလက်များသည်လည်း လက်ခံနိုင်ဖွယ်မရှိဟု ရပ်ခံခဲ့ ကြသည်။ သို့သော်လည်း ၁၉၈၈ ခုနှစ်မှစ၍ အကြပ်အတည်းများနှင့် ထိပ်တိုက်တွေ့နေသော မြန်မာ့ နိုင်ငံရေးရပ်ဝန်းတွင် ၂၀၀၈ အခြေခံဥပဒေသည် ယာယီထွက်ပေါက်တခု ဖြစ်ခဲ့သည်ကို တွေ့ရသည်။

၂၀၀၈ အခြေခံဥပဒေ ပေါ်ထွက်လာခြင်း

၁၉၈၈ ခုနှစ် အရေးအခင်း နောက်ပိုင်း ၁၉၉၀ ရွေးကောက်ပွဲ ပြုလုပ်ခဲ့သော်လည်း မြန်မာပြည်သည် နိုင်ငံရေး အကြပ်အတည်းနှင့် ဆက်လက်ရင်ဆိုင်ခဲ့ရသည်။ အဓိက နိုင်ငံတော် အာဏာကို ဆုပ်ကိုင်ထားသည့် တပ်မတော်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှ တက်လာသော အမတ်များကို လွှတ်တော်ခေါ်ခွင့်၊ အစိုးရဖွဲ့ခွင့် ပြုရန် ငြင်းပယ်ခဲ့သည်။ ထိုသို့သောအခြေအနေတွင် အာဏာလွှဲပြောင်းပေးရန် မသင့်ဟု ဆုံးဖြတ် ခဲ့သည်။ အခြေခံဥပဒေတရပ် ရေးဆွဲပေးပြီးမှသာ လွှဲပြောင်းပေးနိုင်မည်ဟု ဆုံးဖြတ်ခဲ့သည်။ သူ၏ဆုံးဖြတ်ချက် များကို လက်မခံသူများအား ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့သည်။

NLD ပါတီအပါအဝင် အတိုက်အခံအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများသည် တပ်မတော်၏ ထိုဆုံးဖြတ်ချက်ကို လက်မခံခဲ့ကြဘဲ နည်းမျိုးစုံဖြင့် တုန့်ပြန် တိုက်ပွဲဝင်ခဲ့ကြသည်။ အချိန်ကြာမြင့်စွာ တိုက်ပွဲဝင်ခဲ့ကြသည်။ သို့သော်လည်း အနိုင်မရခဲ့သဖြင့် မိမိစိတ်တိုင်းကျ နိုင်ငံရေးပုံသဏ္ဍာန်ကို ဖော်ဆောင် နိုင်သည့် အခွင့်အရေး မရခဲ့ကြပေ။

တပ်မတော်အနေဖြင့် အုပ်ချုပ်ရေးအာဏာကို ဆုပ်ကိုင်ထားနိုင်သော်လည်း ၁၉၈၈ ခုနှစ်မှစ၍ နိုင်ငံရေးအကြပ်အတည်းနှင့် စီးပွားရေး အကြပ်အတည်းကို ရင်ဆိုင်ခဲ့ရသည်။ ပြည်တွင်းရှိ မြေပေါ်ဒီမိုကရေစီ အင်အားစုများ၏ ဆန့်ကျင်မှု၊ တောတွင်းလက်နက်ကိုင် အင်အားစုများ၏ လက်နက်ကိုင် ဆန့်ကျင် တိုက်ခိုက်မှု၊ အနောက်တိုင်း ဒီမိုကရေစီနိုင်ငံများ၏ ဆန့်ကျင်မှုနှင့် ပိတ်ဆို့မှုများကို ရင်ဆိုင်ခဲ့ရသည်။

ဆိုရလျှင် တဖက်နှင့်တဖက် ပြတ်ပြတ်သားသား အသာရ အဖြေထွက်သည့် နိုင်ငံရေးအခြေအနေတရပ် ထွက်ပေါ်မလာခဲ့ပေ။

ဤသို့သော အခြေအနေတွင် ၂၀၀၈ အခြေခံဥပဒေဆိုသည်မှာ ထိုနိုင်ငံရေး အကြပ်အတည်းမှ ထွက်ပေါက်ရရန် တပ်မတော်၏ စဉ်းစားသည့်ပုံစံဟု ဆိုရပေမည်။ ကာကွယ်ရေး၊ လုံခြုံရေး၊ တပ်မတော်နှင့် ပတ်သက်သည့် အပိုင်းများ၊ အထွေထွေအုပ်ချုပ်ရေး အပိုင်းများကို တပ်မတော်က ဆုပ်ကိုင်ထားပြီး ကျန်အပိုင်းများဖြစ်သည့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ နိုင်ငံခြားရေး စသည့် အပိုင်းများကို ရွေးကောက် ခံရသူများအား လွှဲအပ်ပေးသည့် ပုံစံကို ရွေးချယ်ခဲ့သည်။

တချိန်တည်းတွင် လက်ရှိ ၂၀၀၈ အခြေခံဥပဒေနှင့် ပတ်သက်ပြီး အလွယ်တကူ မပြင်ဆင်နိုင်ရန်လည်းကောင်း၊ နောက်ဆက်တွဲဥပဒေများ ပြဌာန်းရာတွင် ထိန်းချုပ်နိုင်ရန်လည်းကောင်း လွှတ်တော်တွင်း၌ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ယူထားခဲ့သည်။

ထို့အပြင် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဆိုသည်ကို ၂၀၀၈ အခြေခံဥပဒေတွင် ထည့်သွင်းဖွဲ့စည်းခဲ့ပြီး ရွေးကောက်ခံ များနှင့် တပ်မတော် ခေါင်းဆောင်တို့ တွေ့ဆုံညှိနှိုင်းနိုင်သည့် နေရာတခုကိုပါ ဖန်တီးထား ခဲ့သည်။ ဤသည်ကား လက်ရှိနိုင်ငံရေး အကြပ်အတည်းကို ထွက်ပေါက်ရရန် တပ်မတော်ဘက်က စဉ်းစားသည့် ပုံစံဖြစ်ခဲ့သည်။

တပ်မတော်သည် အဆိုပါ အခြေခံဥပဒေကို ၂၀၀၈ ခုနှစ်တွင် အတည်ပြု ခဲ့ပြီးနောက် ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ အပြောင်းအလဲကို ၎င်းတို့လိုချင်သည့် ပုံစံရရှိရန် ကြံ့ခိုင်ရေးပါတီ အနိုင်ရသည့် ပုံစံဖြင့် ရွေးကောက်ပွဲကို ကွင်းဖွင့်ခဲ့ပြီး ကြံ့ခိုင်ရေးပါတီ အရပ်သားအစိုးရ ပုံစံဖြင့် အစပြုခဲ့သည်။

ဒုတိယအနေဖြင့် ကြံ့ခိုင်ရေးပါတီအစိုးရ သမ္မတ ဦးသိန်းစိန်သည် အဓိက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခေါ်ယူတွေ့ဆုံခဲ့ပြီး နိုင်ငံရေးအခင်းအကျင်းသစ် တခုကို စတင်ခဲ့သည်။ သို့နှင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ NLD ပါတီ ရွေးကောက်ပွဲဝင်ခဲ့ပြီး အပြောင်းအလဲတခု စတင်ခဲ့သည်။

ဤတွင် နိုင်ငံရေးအင်အားစုများ အကြား ပေါ်ပေါက်လာသည့် မေးခွန်းက ၂၀၀၈ အခြေခံဥပဒေကို လက်ခံသင့်၊ မသင့် ဖြစ်သည်။ အခြေခံအားဖြင့် တပ်မတော်က အသာစီးယူထားသည့် အခြေခံဥပဒေကို လက်မခံ၊ သဘောမကျ ဆိုသော်လည်း လက်တွေ့ကျကျ ရွေးချယ်တုန့်ပြန်ရန်မှာမူ ခက်ခဲနေခဲ့သည်။ ၂၀၀၈ အခြေခံ ဥပဒေကို အသစ်ပြင်ဆင် ရေးဆွဲရန် လိုအပ်သည်ဟု လက်ခံရန် လွယ်ကူသော်လည်း တပ်မတော် သဘော မတူဘဲ မဖြစ်နိုင်။

ထို့အတူ တပ်မတော်ကို လက်နက်ကိုင် အပြုတ်တိုက်ပြီး အခြေခံဥပဒေ ရေးဆွဲရန် ဆိုသည် မှာလည်း ဖြစ်နိုင်သည့် အခြေအနေမရှိ။ မည်သည့် ဒီမိုကရေစီအင်အားစုမှ လောက်လောက်လားလား လက်နက်ကိုင် အင်အားစုမရှိ။ ထိုသို့သော လက်နက်ကိုင်ခြင်းကိုလည်း ပြည်ပက အကူအညီ အထောက်အပံ့ မရှိ။ ပြည်တွင်း၌ သပိတ်စုံ သူပုန်ထရန် အထွေထွေသပိတ်မှောက်ရန် စိုင်းပြင်းမှုများ တွေ့ရသော်လည်း လုံခြုံရေးတပ်ဖွဲ့များက ချေမှုန်းဖြိုခွင်းရန် အဆင်သင့်ရှိနေသည်။

ထိုသို့သော အခြေအနေအောက်တွင် အခြေခံဥပဒေ ပြင်ဆင်ရေးဖြစ်လာသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ဆက်၍ ဝင်ရေးဖြစ်လာသည်။ ဤလမ်းကြောင်းကို ရွေးချယ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ၏ သြဇာသည် ကြီးမားသည်ဖြစ်ရာ ဤလမ်းကြောင်းသည် မြန်မာပြည်နိုင်ငံရေးတွင် အဓိက လမ်းကြောင်းအဖြစ် လူအများစု ထောက်ခံမှု ရရှိလာခဲ့သည်။

၂၁ ရာစုပင်လုံနှင့် တပ်မတော်

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ၂၁ ရာစုပင်လုံ ညီလာခံဟုလည်း ဆိုကြသည်။ NLD ပါတီ၏ အခြေခံ ဥပဒေပြင်ဆင်ရေးသည် အဆိုပါညီလာခံ၌ တည်မှီသည်ဟု ဆိုသည်။ အဆိုပါညီလာခံတွင် NLD အစိုးရ၊ လွှတ်တော်မှ ကိုယ်စားလည်များ၊ နိုင်ငံရေးပါတီ အသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များ၊ တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး နိုင်ငံရေးအခြေခံမူများကို ဆွေးနွေး ညှိနှိုင်း သဘောတူညီချက် ရယူကြသည်။ ထိုဘုံသဘောတူညီချက် များမှတဆင့် ၂၀၀၈ အခြေခံ ဥပဒေကို ပြင်ဆင်မည်ဟု ဆိုကြသည်။

အဆိုပါ ညီလာခံတွင် တပ်မတော်သား ကိုယ်စားလှယ်များ တက်ရောက်နေကြသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် စသည့် ကဏ္ဍ ၅ ခုစလုံးတွင် ပါဝင် ဆွေးနွေးလျက်ရှိသည်။ တပ်မတော်သည် မည်သို့ဆိုစေ အမိန့်စည်းကမ်းနှင့် ဖွဲ့စည်းထားသော အဖွဲ့အစည်း တခုဖြစ်ပြီး ညီလာခံတွင်လည်း စနစ်တကျ ပါဝင်နေသည်ကို ငြင်းပယ်၍ မရပေ။ ထို့အပြင် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုသည်မှာ ၂၀၀၈ အခြေခံဥပဒေအရ တပ်မတော်မှ သဘောမတူလျင် ပြင်ဆင်၍ မရပေ။

ညောင်နှစ်ပင် ညီလာခံကာလက တပ်မတော်သည် ညီလာခံကို ဦးစီးကျင်းပသည့် အဖွဲ့အစည်း ဖြစ်သည်။ ညီလာခံကို လွှမ်းမိုးထားသည်မှာလည်း ၎င်းပင်ဖြစ်သည်။ ညီလာခံကိုလည်း ၎င်းကပင် ထိန်းကျောင်းသည်။ စစ်ရေးအမြင်အရ ကြည့်လျှင် ထိုးစစ်ဆင်နေသည့် ကာလဖြစ်သည်။ ၂၁ ရာစု ပင်လုံညီလာခံတွင် တပ်မတော်သည် အရေးပါသော အခန်းက ပါဝင်လျက်ရှိသည် ဆိုသော်လည်း ညီလာခံတွင် ပါဝင် တက်ရောက်ခွင့် ရထားသည့် တခြားအစုအဖွဲ့များမှ ကိုယ်စားလှယ်များသည် တပ်မတော်က စိတ်ကြိုက် ရွေးထားသူများ မဟုတ်တော့ပေ။ အစိုးရနှင့် လွှတ်တော် ကိုယ်စားလှယ်များသည်ပင် တပ်မတော်နှင့် နှစ်ပေါင်းများစွာ အတိုက်အခံ ဖြစ်ခဲ့သည့် NLD မှ ဖြစ်သည်။

တပ်မတော်နှင့် မိတ်ဖက်ဖြစ်သော တိုင်းရင်း သားအဖွဲ့တချို့ ပါသည်ဆိုသော်လည်း အများစုမှာ တပ်မတော်နှင့် နိုင်ငံရေးအရ သော်လည်းကောင်း၊ လက်နက်ကိုင်၍သော်လည်းကောင်း ပဋိပက္ခဖြစ်နေသည့် တိုင်းရင်းသား ပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြစ်ကြသည်။ ဆိုရလျှင် ညောင်နှစ်ပင် ညီလာခံနှင့် ဆန့်ကျင်စွာပင် ၂၁ ရာစု ပင်လုံညီလာခံတွင် တပ်မတော်သည် ၎င်းနှင့် သဘောထားမတူသည့် အစုအဖွဲ့များ အကြားတွင် ရပ်တည်နေခဲ့ရသည်။

၂၁ ရာစု ပင်လုံညီလာခံအတွင်း တပ်မတော်၏ အနေအထားကို စစ်ရေး အမြင်အရ ကြည့်လျှင် ခံစစ် ဆင်နေသည့် ကာလဟု ဆိုရမည်။ ၂၀၀၈ အခြေခံ ဥပဒေတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ် အခြေခံမူများ ပါဝင်သည်ဟု ဦးသိန်းစိန် လက်ထက်က စတင်ပြောဆိုခဲ့ပြီး ၂၀၀၈ အခြေခံ ဥပဒေကို ရပ်ခံ ကာကွယ်ခဲ့ ကြသည်။ ညီလာခံအတွင်း မတူသောအမြင်နှင့် သဘောထားများ ရှိကြသည့် နိုင်ငံရေးပါတီနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ ကြားတွင် ၂၀၀၈ အခြေခံ ဥပဒေကို ပြတ်ပြတ်သားသား ရပ်ခံကာကွယ်ခဲ့ကြသည်။

ညောင်နှစ်ပင် ညီလာခံကာလက တပ်မတော်၏ တာဝန်မှာ ၎င်းတို့စိတ်ကြိုက် အခြေခံဥပဒေ တရပ် ရေးဆွဲရေး ဖြစ်သည်။ ၂၁ ရာစု ပင်လုံညီလာခံတွင် တပ်မတော်၏ တာဝန်မှာ ညောင်နှစ်ပင်ညီလာခံက ရေးဆွဲအတည်ပြု ခဲ့သည့် ၂၀၀၈ အခြေခံ ဥပဒေကို ကာကွယ်ရေးဖြစ်သည်။

စစ်ရေးအမြင်အရ ကြည့်လျှင် ၂၀၀၈ အခြေခံဥပဒေကို ရပ်ခံကာကွယ်ခြင်းသည် ခံစစ်ဆင်ခြင်း ဖြစ်သည်။ ၂၀၀၈ အခြေခံဥပဒေပါ အချက်တချို့ကို အချိန်ကာလတခု၌ ပြင်ဆင်ရန် သဘောတူခြင်းသည် ခံစစ်မှသည် ခွာစစ်ဆင်ခြင်း ဖြစ်သည်။ နောက်သို့ဆုတ်ခြင်း ဖြစ်သည်။

သို့ဖြစ်ရာ ခွာစစ်ဆင်ရလျှင် ခွာစစ်ဆင်သည့် တပ်ဖွဲ့မှ တပ်မှူးများ အထူးသတိထားသည်မှာ ခံစစ်ကို ခိုင်မာအောင်ပြု၍ တဆင့်ချင်းဆုတ်ခွာခြင်း ဖြစ်သည်။ ထို့အပြင် တဆင့်ချင်း ဆုတ်ခွာမှုကို အလျင်စလို လုပ်လေ့မရှိ။ သတိကြီးစွာထား၍ ပြုလုပ်လေ့ရှိကြသည်။ အဘယ်ကြောင့် ဆိုသော် စစ်၏သဘောသဘာဝမှာ အလောသုံးဆယ် ဆုတ်ခွာပါက အဆိုပါ ဆုတ်ခွာသည့်တပ်၏ စိတ်ဓာတ်ရေးရာ ထိခိုက်ခြင်း၊ စစ်ရေး လက်ဦးမဲ့ ခြင်းတိ့ု ဖြစ်ပွားပြီး တပ်ပြိုကွဲ၍ ဖရိုဖရဲ ဖြစ်တတ်သောကြောင့် ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာ့နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသော တပ်မတော်သည် ပြဿနာများကို ကြည့်မြင်ရာတွင် စစ်ရေးအမြင်ကဲ၍ ကြည့်ရှုလုပ်ကိုင်လေ့ရှိရာ တပ်မတော်အနေနှင့် ၂၀၀၈ အခြေခံဥပဒေကို အလွယ်တကူ ပြင်ဆင်ပေးရန် ခက်ခဲသည်ဟု ဆိုရမည်။ သို့သော် လုံးဝ မပြင်နိုင်သည်တော့ မဟုတ်ပေ။ ခွာစစ်ဆင်သည့် အနေဖြင့် တချို့အချက်များကို ပြင်ဆင်ပေးရန် ဖြစ်နိုင်ခြေလည်း အနည်းအပါးရှိသည်ဟု ဆိုရမည်။

၂၀၀၈ အခြေခံ ဥပဒေသည် မြန်မာပြည် နိုင်ငံရေး အကြပ်အတည်းကို ထွက်ပေါက်တခု ပေးနိုင်ခဲ့သည်ဟု NLD အပါအဝင် နိုင်ငံရေးပါတီများ လွှတ်တော်နှင့် အစိုးရအဖွဲ့အတွင်း ရောက်နေသည်ကို ညွှန်ပြ၍ သက်သေ ပြကြသည်။ သို့သော် အချိန်ကာလတခု ကြာသည်အထိ အခြေခံဥပဒေ ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း မပြုပါက မြန်မာပြည် နိုင်ငံရေးတွင် “အခြေခံဥပဒေ အကြပ်အတည်း” ပြန်လည်ဖြစ်လာနိုင်သည်ကိုတော့ အထူး သတိထားရန် လိုအပ်ပါသည်။

၂၀၀၈ အခြေခံဥပဒေသည် ကာလတခု ကြာမြင့်တိုင်း ပြင်ဆင်ဖြေလျော့ခြင်း မပြုနိုင်ပါက “အခြေခံ ဥပဒေဆိုင်ရာ အကြပ်အတည်း” ကြုံတွေ့ရနိုင်သည့် အခြေခံဥပဒေအမျိုးအစား ဖြစ်ပါသည်။

ညောင်နှစ်ပင်ညီလာခံ (အမျိုးသားညီလာခံ) တွင် ၂၀၀၈ အခြေခံဥပဒေကို ရေးဆွဲပြဌာန်းနိုင်ခဲ့ပြီး ၂၁ ရာစုပင်လုံ (ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ) တွင် ၂၀၀၈ အခြေခံဥပဒေကို ရပ်ခံ ကာကွယ်နေခြင်းသည် တပ်မတော် အနေဖြင့် သူ့အလုပ်သူ လုပ်နေသည်ဟု ဆိုရပါမည်။ သို့ဖြစ်ရာ ဒီမိုကရက် ပါတီများ၊ တိုင်းရင်းသား ပါတီနှင့် အဖွဲ့အစည်းများသည်လည်း ကိုယ့်အလုပ် ကိုယ်လုပ်နိုင်ကြဖို့ လိုပါသည်။

ပြီးခဲ့သော ဒုတိယနှင့် တတိယ ၂၁ ရာစု ပင်လုံညီလာခံများတွင် အခြေခံမူ ၅၁ ချက်ကို အတည်ပြု နိုင်ခဲ့ပြီဟုဆိုပါသည်။ သို့သော် မည်သည့် အခြေခံမူက ၂၀၀၈ အခြေခံဥပဒေအား ပြင်ဆင်နိုင်မည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခြင်း မရှိသေးပါ။ သို့ဖြစ်ရာ လက်ရှိလျာထား ပြောဆိုနေသော ၂၀၂၀ ပြည့်နှစ်တွင် ညီလာခံကို အပြီးသတ်ရန် ကြိုးစားသည့် အချိန်၌ ရရှိသော အခြေခံမူများသည် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်းမရှိပါက ၂၁ ရာစု ပင်လုံညီလာခံများအတွင်း ပါတီအဖွဲ့အစည်းပေါင်းစုံ ပါဝင်အတည်ပြု ခဲ့သည် ဆိုသော ပြည်ထောင်စု သဘောတူညီချက်များသည် ၂၀၀၈ အခြေခံဥပဒေကို မှန်ကန်ကြောင်း သက်သေပြ သကဲ့သို့ ဖြစ်သွားမည်မှာ မလွဲဧကန်ဖြစ်သည်။

ညောင်နှစ်ပင် ညီလာခံနှင့် ၂၁ ရာစု ပင်လုံညီလာခံတို့တွင် တပ်မတော်သည် သူ့အလုပ်ကို သူလုပ်ခဲ့သည်။ လုပ်နေဆဲလည်း ဖြစ်ပါသည်။ နိုင်ငံရေးသမားဆိုသူများ၊ ဒီမိုကရက်များ၊ တိုင်းရင်းသားတို့ကို ကိုယ်စားပြု သူများသည်လည်း မိမိအလုပ်ကိုမိမိ အောင်မြင်အောင် လုပ်ကြရန် လိုအပ်ပါသည်။

သို့မဟုတ်ပါက အထက်တွင် တင်ပြခဲ့သကဲ့သို့ ၂၁ ပင်လုံ၌ ရယူခဲ့ကြသည့် ပြည်ထောင်စု သဘောတူညီချက် ဆိုသည်များသည် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်း မရှိပါက ၂၀၀၈ အခြေခံ ဥပဒေ မှန်ကန်ကြောင်း သက်သေပြ သကဲ့သို့ဖြစ်နေပြီး တိုင်းပြည်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ အကြပ်အတည်း အတွင်းမှ ရုန်းထွက်နိုင်မည် မဟုတ်ပေ။

တပ်မတော်ဘက်က ဂရုပြုရန်မှာ လွတ်လပ်ရေးရပြီး နှစ် ၇၀ အတွင်း တပ်မတော်သည် တိုင်းပြည်အတွက် အခြေခံဥပဒေ ၂ ခုကို စိတ်တိုင်းကျ ရေးဆွဲထားခဲ့ပြီ ဖြစ်သော်လည်း အခြေခံဥပဒေ အကြပ်အတည်း ရင်ဆိုင်နေရဆဲ ဆိုသည့်အချက် ဖြစ်ပါသည်။

(စာရေးသူသည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများကို အထူးပြု လေ့လာသုံးသပ်သူ သုတေသီတဦးဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading