သူ့ခန္ဓာကိုယ်ထက် တော်တော်လေးပွတဲ့ အင်္ကျီအပြာရောင် နွမ်းနွမ်းကို ဝတ်ဆင်ထားပြီး အင်္ကျီလက်ကို လက်ပြတ် ပုံစံ ဖြစ်အောင် ဒေါ်စန်းမြင့်က လိပ်တင်ထားတာကို ဘေးက အမျိုးသမီးတယောက်က စနောက်တဲ့အနေနဲ့ အင်္ကျီလက် ကို အတင်းလိုက်ပြီး ဆွဲချနေပါတယ်။
ဒေါ်စန်းမြင့်က ပြန်လိပ်တင်လိုက်၊ ဘေးကအမျိုးသမီးက ပြန်ဆွဲချလိုက်နဲ့ ရယ်မောပျော်ရွှင်နေကြတဲ့ သူတို့ကို ကြည့်ရ တာ ရေဘေးသင့် ကယ်ဆယ်ရေးစခန်းကို ရောက်နေတယ် ဆိုတာတောင် မေ့နေကြပုံပါပဲ။
“ဒီအင်္ကျီက သူများ လာဝေထားတာလေ။ လက်က လူငယ်ပုံစံ အတွန့်အတွန့်တွေနဲ့မို့လို့ ဝတ်ရမှာရှက်တာနဲ့ လိပ်တင် ထား တာ” လို့ အသက် ၅၂ နှစ်အရွယ် ပအို့ဝ် အမျိုးသမီး ဒေါ်စန်းမြင့်က ပြောပါတယ်။
သူက တဆက်တည်း ဘေးက အမျိုးသမီးတွေကို လက်ညှိုးထိုး ညွှန်ပြပြီး သူက မွန်၊ သူက ကရင်၊ သူက ဗမာ စသည် ဖြင့် မိတ်ဆက်ပေးပါတယ်။
ဒေါ်စန်းမြင့်ဟာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ထဲက သံလွင်မြစ်ရေဝင် နစ်မြုပ်နေတဲ့ ကဇိုင်းဆိုတဲ့ ကျေးရွာက ဘုန်းတော် ကြီး ကျောင်းမှာ ရောက်ရှိ ခိုလှုံနေကြတဲ့ ရေဘေးသင့်ပြည်သူတွေထဲက တဦးဖြစ်ပါတယ်။
အဲဒီ ဘုန်းကြီးကျောင်းမှာ ရေဘေး ရှောင်နေ ကြတဲ့ အိမ်ထောင်စု ၁၉၂ စု ရှိတယ်လို့ သိရပါတယ်။
သူတို့ရွာလေးဟာ လှိုင်းဘွဲ့တံတားကနေ စက်လှေ နဲ့ ၁ နာရီကျော်ကြာအောင် သွားရတဲ့ ရွာဖြစ်ပါတယ်။ ခြေတံရှည် သစ်သား အိမ်ကြီးအိမ်ကောင်းတွေ ရှိသလို၊ ဓနိမိုးထရံကာ အိမ်လေးတွေလည်း အများအပြား ရှိကြပါတယ်။
ကဇိုင်းရွာက အိမ်ခြေ ၁၉၈ အိမ်ရှိပြီး ဘုန်းကြီးကျောင်းပေါ် ရောက်နေတာတွေက အိမ်ထောင်စု ၇၇ စု ရှိတယ်လို့ သိရပါတယ်။
အဲဒီဒေသမှာ ရေနစ်မြုပ်နေတာ ၁ လကျော် ကြာသွားပါပြီ။ သစ်သား အိမ်ကြီးတွေက လူတွေကတော့ သူတို့အိမ်တွေ မှာပဲ နေကြပေမယ့်။ အိမ်ငယ်ကလေးတွေက ရေမြုပ်သွားတာ၊ ရေထဲမျောပါ သွားတာကြောင့် ဘုန်းတော်ကြီးကျောင်း မှာ စုရုံးပြီး လာနေကြ၊ စုပြီး ချက်စားနေကြတာ ဖြစ်ပါတယ်။
“ရေတက်လာတော့ လှေရှိတဲ့အိမ်တွေကတော့ အဆင်ပြေတာပေါ့။ လှေမရှိတဲ့ အိမ်တွေကတော့ သူများလာကယ်တာ စောင့်ပြီး ဘုန်းကြီးကျောင်းမှာ လာနေရတယ်” လို့ ဒေါ်စန်းမြင့်က ပြောပါတယ်။
စာရေးသူက ကဇိုင်းကျေးရွာ ရေဘေးသင့် ပြည်သူတွေကို ဆန်၊ ဆီ၊ သောက်ရေသန့်နဲ့ ဆေးဝါးတွေ သွားရောက် လှူဒါန်းတဲ့ သန်လျင် လူမှုကွန်ရက်၊ သန်လျင်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့နဲ့ လိုက်ပါသွားခဲ့တာ ဖြစ်ပါ တယ်။
ရေဘေးသင့် ပြည်သူတွေ နေထိုင်ကြတဲ့ ဘုန်းတော်ကြီးကျောင်းကို စက်လှေဆိုက်တော့ ရေပေါင်လယ်လောက်ကို ဖြတ်လျှောက်ပြီးမှ ဘုန်းတော်ကြီး ကျောင်းပေါ်ကို ရောက်ပါတယ်။
“အသေအပျောက်တော့ မရှိဘူး၊ ဒီရွာမှာ ဟောဒီအရွယ် ကလေးလေးတွေက အစ ရေကူးတတ်တယ်” လို့ ဒေါ်စန်းမြင့်ဘေးရှိ ကရင်တိုင်းရင်းသူက ၉ နှစ်အရွယ် ကလေးမလေး တယောက်ကို လက်ညှိုးထိုးရင်း ပြောပါတယ်။
၁ လကျော် ရေနစ်မြုပ်နေတဲ့ အပြင် မိုးကလည်း အဆက်မပြတ် ရွာနေသေးတာကြောင့် ရေလုံးဝ ပြန်မကျနိုင်သေးတဲ့ အတွက် ရေဘေးသင့်သူတွေဟာ နီးစပ်ရာ ခိုင်ခိုင်မာမာ တည်ထားတဲ့ ဘုန်းတော်ကြီး ကျောင်းတွေမှာ ခိုလှုံနေကြရပါ တယ်။
အများစုက တောင်ယာလုပ်၊ ကိုင်းလုပ်၊ ပုစွန်ဖမ်း စတဲ့ အလုပ်တွေကို လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။
ငွေကြေး တတ်နိုင်သူတွေ၊ အိမ်ကြီး အိမ်ကောင်းတွေနဲ့ နေနိုင်သူတွေက နေထိုင်ရေး အတွက် အဆင်ပြေနေပေမယ့် အစားအသောက် အတွက် အခက်အခဲ ဖြစ်ကြရပါတယ်။
ဒေါ်စန်းမြင့်တို့လို ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေရသူတွေ အတွက်ကတော့ အဝတ်အစား အတွက်ပါ အခက်အခဲ ဖြစ်ကြရပါတယ်။
ကျေးရွာက ကျောင်းကလေးလည်း ရေမြုပ်လို့ ပိတ်ထားရတဲ့ အတွက် ကလေးတွေကို ဘုန်းကြီးကျောင်းမှာ စာပြန် သင်ပေး နိုင်တာ ရက်ပိုင်းပဲ ရှိသေးတယ်လို့ သိရပါတယ်။
ကော့နွဲ့ဆိုတဲ့ ကျေးရွာကတော့ ကဇိုင်းကနေ ၁၅ မိနစ်လောက် စက်လှေစီးပြီး သွားရပါတယ်။ အိမ်ခြေ ၅၂ အိမ်ရှိပြီး အားလုံး နီးပါးကတော့ ခြေတံရှည် သစ်သားအိမ် ခိုင်ခိုင်မာမာတွေချည်း ပါပဲ။ သူတို့ရွာကလေးက ပြေလည်ပုံရကြပေ မယ့် လနဲ့ချီပြီး ရေနစ်မြုပ်နေတဲ့ အတွက် နေ့စဉ်ဝမ်းရေးအတွက် အခက်အခဲ ဖြစ်နေကြရပါတယ်။ ကော့နွဲ့ကျေးရွာ ထိပ်က မူလတန်း ကျောင်းကလေးလည်း ရေနစ်မြုပ်နေလို့ ပိတ်ထားတာ တွေ့ခဲ့ရပါတယ်။
ကဇိုင်းကျေးရွာ၊ ကော့နွဲ့ကျေးရွာတွေလိုပဲ သံလွင်မြစ်ကမ်း တလျှောက် ရေနစ်မြုပ်နေတဲ့ ကျေးရွာတွေ အများအပြား ရှိနေပါတယ်။
ပရဟိတအဖွဲ့တွေ၊ လှူဒါန်းသူတွေက ကားလမ်းပေါက်တဲ့ ရေဘေးသင့်ဒုက္ခသည်စခန်းတွေကိုပဲ အရောက်အပေါက် များကြပါတယ်၊ ကုန်းတတန်လှေတတန် လာရတဲ့ ဒီလိုရွာကလေးတွေကို သိပ်မလာကြဘူးလို့ လှိုင်းဘွဲ့မြို့နယ်က အမျိုးသား လွှတ်တော် ကိုယ်စားလှယ် စောချစ်ဦးက ပြောပြပါတယ်။ စာရေးသူတို့အဖွဲ့က စောချစ်ဦးနဲ့ ချိတ်ဆက်ပြီး ကဇိုင်း ကျေးရွာလေးကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ကရင်ပြည်နယ် သံလွင်မြစ်ကမ်းနားရွာတွေ မြစ်ရေတိုးလို့ ရေနစ်မြုပ်တာဟာ အမြဲလိုလိုဖြစ်ပေမယ့် ဒီလိုလနဲ့ချီပြီး ကြာရှည်တဲ့ ရေနစ်မြုပ်မှုမျိုး မဖြစ်ဖူးဘူးလို့ သိရပါတယ်။
သြဂုတ် ၂၀ ရက်နေ့မနက် စာရေးသူတို့အဖွဲ့ ဘားအံမြို့ထဲဝင်တဲ့ အချိန်မှာကို သံလွင်မြစ်ရေက ကမ်းနားတလျှောက် တဝုန်းဝုန်းနဲ့ တက်နေပြီး မြစ်ကမ်းနားတလျှောက်က ဆိုင်တော်တော်များများ ပိတ်ထားတာ တွေ့ရပါတယ်။
အဲဒီနေ့က လှိုင်းဘွဲ့မြို့နယ်ထဲက ကဇိုင်းကျေးရွာကို ကုန်းတတန်၊ လှေတဆင့် သွားရောက်လှူဒါန်းပြီး ဘားအံမြို့ထဲ ပြန်ရောက်တော့ ညနေ ၆ နာရီကျော်နေပါပြီ။
ရန်ကုန်ကို တန်းပြန်ဖို့ ထွက်မယ်အလုပ်မှာ သံလွင်တံတားထိပ်က လူကြီးရင်ဆို့လောက်အထိ ရေနစ်မြုပ်နေပြီဆိုတဲ့ သတင်း ရတာကြောင့် ဘားအံမြို့ထဲမှာပဲ ညအိပ်လိုက်ကြရပါတယ်။
နောက်တနေ့မနက် ပြန်မယ့်အချိန်မှာ သံလွင်မြစ်ရေဟာ လမ်းပေါ်ကို ပေါင်လယ်လောက်အထိ တက်နေပါသေးတယ်။ ကားကို ဖြည်းဖြည်းမောင်းပြီး ရေလွတ်တဲ့အထိ ဖြတ်ခဲ့ရပါတယ်။ လမ်းမပေါ်တက်ပြီး ပိုက်ကွန်ပစ်နေသူတွေကိုလည်း တွေ့ရပါတယ်။
ဘားအံမြို့ပေါ်မှာ ရေဘေးသင့်ပြည်သူတွေအတွက် မူလက ဒုက္ခသည်စခန်း ၁၆ ခုဖွင့်ပေးထားပြီး အခုလက်ရှိမှာတော့ ၈ ခု ပဲ ကျန်ပါတော့တယ်။
စဖြစ်တဲ့အချိန်မှာ ပြည်နယ်အစိုးရက ရေဘေးသင့် ပြည်သူတွေကို ထမင်းထုပ်ဝေဖို့ ကျပ် သိန်း ၁ ထောင် ချပေးခဲ့ ပေမယ့် ရေဘေးသင့်သူတွေ များလွန်းတာကြောင့် ၃ ရက်တည်းနဲ့ အဲဒီ သိန်း ၁ ထောင် ကုန်သွားတယ်လို့ သိရပါ တယ်။
ဘားအံမြို့နယ်ထဲက ပရဟိတအဖွဲ့တွေလည်း တော်တော်လေး ပန်းကုန်ကြပြီ။ တတ်နိုင်သလောက်တော့ လုပ်ပေးပေ မယ့် ရက်ရှည်ကြီး ဆိုတော့ မနိုင်တော့ဘူးလို့ ဘားအံအခြေစိုက် ပရဟိတ အဖွဲ့ဝင်တဦးက ပြောပါတယ်။
ဒီနှစ်မိုးရာသီမှာ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ ရေကြီးနစ်မြုပ်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့ပါတယ်။ ပုံမှန်ရေကြီး တာ ထက် ဆိုးရွားတဲ့အချက် ကတော့ မျှော်လင့်ထားတာထက် ရေကြီးရက်ပိုမိုရှည်ကြာတာပဲ ဖြစ်ပါတယ်။
သန်လျင် လူမှု ကွန်ရက်ဟာ သြဂုတ်လဆန်း ပိုင်းက ပဲခူးတိုင်း၊ ရွှေကျင်၊ မဒေါက်ဘက်ကိုလည်း စားသောက်ကုန်နဲ့ ဆေးဝါးတွေ သွားရောက် လှူဒါန်း ခဲ့ပါသေးတယ်။ စာရေးသူလည်း လိုက်ပါသွားခဲ့ပါတယ်။ ပဲခူးတိုင်းဘက်မှာ လာရောက် လှူဒါန်းသူတွေ အများအပြားတွေ့ရပေမယ့် ကရင်ပြည်နယ်ထဲကို လာတဲ့ ပရဟိတအဖွဲ့တွေ သိပ်များများ စားစား မတွေ့ရပါဘူး။
မိုးနည်းသွားလို့ ရေပြန်ကျသွားခဲ့ရင်တောင် ရေဘေးဒဏ်ခံခဲ့ရသူတွေ အတွက် ပြန်လည်ထူထောင်ရေးနဲ့ ကျန်းမာရေး ကိစ္စ တွေကို ဆက်လက် ဖြေရှင်းကြရဦးမှာ ဖြစ်ပါတယ်။
စာရေးသူက ဒေါ်စန်းမြင့်ကို အပေါ့၊ အလေးကော ဘယ်လိုသွားကြသလဲလို့ မေးတော့ ဒေါ်စန်းမြင့်က ဒီလိုပဲ ရေထဲ သွားလိုက်ကြတာ ပေါ့လို့ ပြန်ဖြေပါတယ်။
“အပေါ့တွေ၊ အလေးတွေတင်မကဘူး အိမ်သာပါ အလုံးလိုက် ရေထဲမျောသွားပြီ”လို့ ပအို့ဝ်သံ ဝဲဝဲနဲ့ ပြောရင်း ရယ် နေ တဲ့ ဒေါ်စန်းမြင့်က စာရေးသူ အတွေးထဲ ရန်ကုန်ပြန်ရောက်တဲ့အထိ ပါလာခဲ့ပါတယ်။ ။