အမေရိက ပထမ ဟု ရွေးကောက်ပွဲ ကြွေးကြော်သံဖြင့် အာဏာရလာသော အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် ဥရောပသမဂ္ဂ၊ ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ် နိုင်ငံတို့မှ ဒေါ်လာ ဘီလီယံချီ တန်ဘိုးရှိသည့် သွင်းကုန်များအပေါ် ကုန်သွယ်ခွန် တိုးမြှင့် ကောက်ခံခြင်းအားဖြင့် ကမ္ဘာ့ကုန်သွယ်ရေး၏ အခြေခံကို လှုပ်ခါခဲ့သည်။
အဆိုပါ တိုင်းပြည်အားလုံးက အလားတူပင် တုန့်ပြန်ခဲ့ကြသည်။ လက်တုန့်ပြန်သည့် အနေဖြင့် ထောင်နှင့် ချီသော အမေရိကန် ထုတ်ကုန်များ အပေါ်တွင် အခွန်စည်းကြပ်ခဲ့ကြသည်။
ထိုသို့ ဖြစ်လာခြင်းက ကမ္ဘာ့အကြီးဆုံး စီးပွားရေးများကြားတွင် အငြင်းပွားစရာများ ဖြစ်စေခဲ့ပြီး ကုန်သွယ်ရေး စစ်ပွဲ ဖြစ်ပြီဟု အများက ပြောဆိုသုံးနှုန်းလာကြသည်။
ကုန်သွယ်ရေး စစ်ပွဲဆိုသည်မှာ အဘယ်နည်း။ ကိုယ်ကျိုးစီးပွား ကာကွယ်သည့် ဝါဒက မည်သို့ လုပ်ဆောင်သနည်း။ ကျနော်တို့ အားလုံးအပေါ် မည်သို့ သက်ရောက်သနည်း။
ကုန်သွယ်ရေးစစ်ပွဲ ဆိုသည်မှာ အဘယ်နည်း။
၎င်း၏ နာမည် အတိုင်းပင် ကုန်သွယ်ရေး စစ်ပွဲဆိုသည်မှာ ကုန်တင်ပို့ ရောင်းဝယ်ရာတွင် တိုင်းပြည်များက အခွန် ကောက်ခံခြင်းနှင့် ခွဲတမ်း သတ်မှတ်ခြင်းအားဖြင့် အချင်းချင်း တိုက်ခိုက်ခြင်း ဖြစ်သည်။
တိုင်းပြည်တခုက ကုန်သွယ်ခွန်များကို မြှင့်တင်သည့်အခါ အခြားသူက အလားတူအတိုင်း မြှင့်တင် တုန့်ပြန်ခြင်းကို ဖြစ်စေသည်။ ထိုသို့ ပြုလုပ်ခြင်းက အခြားနိုင်ငံ၏ စီးပွားရေးကို ထိခိုက်စေပြီး ၎င်းတို့ကြားတွင် နိုင်ငံရေးတင်းမာမှု မြင့်တက်ခြင်းသို့ ဦးတည်စေသည်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကုန်သွယ်ရေး စစ်ပွဲများသည် ကောင်းမွန်၍ လွယ်ကူသည်ဟု လက်ခံထားသည်။ ကုန်သွယ်ခွန် တိုးမြှင့်ရန် သူက ကြောက်လန့်ခြင်း မရှိခဲ့ပါ။
ကုန်သွယ်ခွန်ဆိုသည်မှာ အဘယ်နည်း။
နိုင်ငံခြားတွင် ထုတ်လုပ်သည့် သွင်းကုန်တခု အပေါ်တွင် ကောက်ခံသည့် အခွန် ဖြစ်ပါသည်။
သီအိုရီအရဆိုလျှင် တိုင်းပြည်အတွင်းသို့ ဝင်ရောက်လာသည့် ပစ္စည်းများအပေါ် အခွန် ကောက်ခံခြင်းက ၎င်းတို့ကို ပိုမို ဈေးကြီးသွားစေသောကြောင့် ပြည်သူများက ဝယ်ယူနိုင်ချေ နည်းသွားနိုင်သည်။
ရည်ရွယ်ချက်မှာ ၎င်းပစ္စည်းများအစား ဈေးချိုသည့် ပြည်တွင်း ထုတ်ကုန်များကို ဝယ်ယူခြင်းအားဖြင့် တိုင်းပြည်၏ စီးပွားရေးကို မြှင့်တင်ရန် ဖြစ်သည်။
ဘာကြောင့် ဒေါ်နယ်ထရမ့် ထိုသို့လုပ်သနည်း။
အမေရိကန် သမ္မတက ဒေါ်လာ ဘီလီယံနှင့် ချီ၍ တန်ဖိုးရှိသည့် ကမ္ဘာတလွှားမှ ကုန်ပစ္စည်းများ အပေါ်တွင် ကုန်သွယ်ခွန်များ စည်းကြပ်ခဲ့သည်။ အထူးသဖြင့် တရုတ်နိုင်ငံမှ ဖြစ်သည်။
စက်တင်ဘာလအတွင်းတွင် အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံတန်ဖိုး ရှိသော တရုတ်ထုတ်ကုန်များကို နောက်ထပ် ကောက်ခံမှုများ ပြုလုပ်မည်ဟု သူက ကတိပြုထားသည်။
ဒေါ်နယ်ထရမ့်က တရုတ်နှင့် ကုန်သွယ်ရေးတွင် လိုငွေပြမှုကို လျှော့ချရန်လည်း ဆန္ဒရှိနေသည်။ တရုတ်နိုင်ငံက ကုန်သွယ်ရေးတွင် မမျှမတ ပြုလုပ်နေသည်ဟု သမ္မတ မဖြစ်မီကထဲက စွပ်စွဲခဲ့သည်။
တိုင်းပြည်၏ ကုန်သွယ်ရေး လိုငွေပြမှုကို လျှော့ချရေးနှင့် ပတ်သက်၍ သမ္မတရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတွင် ဒေါ်နယ်ထရမ့် အမှတ်ကောင်းကောင်း ရခဲ့သည်။
ကုန်သွယ်ရေးလိုငွေပြမှုက အမေရိကန်၏ ကုန်ထုတ်လုပ်ရေးကို ထိခိုက်စေကြောင်း အများလက်ခံအောင် သူ ပြုလုပ်နိုင်ခဲ့ သည်။ ထိုအချက်ကို ဖြေရှင်းရန် အမေရိကန်အနေဖြင့် များစွာ ပိုလုပ်ရမည်ဟု သူက မဲဆွယ်ခရီးစဉ်တလျှောက် မိန့်ခွန်း များနှင့် Twitter ပေါ်တွင် အကြိမ်ကြိမ် ပြောကြားခဲ့သည်။
ကုန်သွယ်ရေး လိုငွေပြမှု ဆိုသည်မှာ အဘယ်နည်း။
ကုန်သွယ်ရေးလိုငွေပြမှု ဆိုသည်မှာ သင့်နိုင်ငံက အခြားတိုင်းပြည်တပြည်မှ ဝယ်ယူသည့် တန်ဘိုးနှင့် ထိုတိုင်းပြည်က သင့်နိုင်ငံထံမှ ဝယ်ယူသည့် တန်ဘိုး ၂ ခုတို့ ခြားနားချက်ကို ဆိုလိုခြင်း ဖြစ်ပါသည်။
အမေရိကန်က တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးတွင် လိုငွေပြမှု ကြီးမားစွာ ရှိနေသည်။ ပြီးခဲ့သည့် နှစ်အတွင်းတွင် လိုငွေပြမှုက ဒေါ်လာ ၃၇၅ ဘီလီယံ ရှိခဲ့ပြီး ထိုကိစ္စနှင့် ပတ်သက်၍ ဒေါ်နယ်ထရမ့်က မကျေနပ်ခဲ့ပါ။ သူက ကုန်သွယ်ရေး လိုငွေပြမှုကို လျှော့ချချင်ခဲ့ပြီး ကုန်သွယ်ခွန် ကောက်ခံခြင်းကို အသုံးပြုရန် ရည်ရွယ်ခဲ့သည်။
သမ္မတက မုန်းတီးသော်လည်း ကုန်သွယ်ရေး လိုငွေပြမှုဆိုသည်မှာ အလွန်ဆိုးရွားသည့် အရာတခု မဟုတ်ပါ။
လတ်တလော ဆယ်စုနှစ်များအတွင်း ချမ်းသာကြွယ်ဝသည့် နိုင်ငံအများအပြားသည် ကုန်ပစ္စည်းထုတ်လုပ်သည့် စီးပွားရေးမှ ဝန်ဆောင်မှု စီးပွားရေးသို့ ကူးပြောင်းခဲ့ကြသည်။
၂၀၁၇ ခုနှစ် အတွင်းတွင် အမေရိကန်က ဘဏ်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်း ကဲ့သို့သော ကဏ္ဍများတွင် ဒေါ်လာ ၂၄၂.၇ ဘီလီယံ တန်ဖိုးရှိသော ဝန်ဆောင်မှုများ တင်ပို့ ခဲ့သည်။
အမေရိကန်၏ စီးပွားရေးတွင် ဝန်ဆောင်မှုက ၉၀ ရာခိုင်နှုန်း ရယူထားသည်။ တဘက်တွင် တရုတ်နိုင်ငံက ထုတ်လုပ်ရေး ကုန်ပစ္စည်းများကို တင်ပို့သလောက် ဝန်ဆောင်မှုကို အများအပြား တင်ပို့နိုင်ခဲ့ခြင်း မရှိပါ။
အမေရိကန် အကျိုးစီးပွားကို ကာကွယ်သည့် အစိုးရ၏ လုပ်ဆောင်မှုများအဖြစ် ဝေဖန်သူများက အပြစ်တင် ကြခြင်းနှင့်အတူ သမ္မတ၏ ကုန်သွယ်ရေးလိုငွေပြမှုအပေါ် စိတ်အစွဲအလမ်းက အမြဲတမ်း လူကြိုက်မများခဲ့ပါ။
ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဆိုသည် အဘယ်နည်း။
ကိုယ်ကျိုးစီးပွား ကာကွယ်သည့် ဝါဒ ဆိုသည်မှာ မိမိပြည်တွင်းမှ လုပ်ငန်းများတိုးတက်စေရန် အတွက် ကုန် သွယ်ခွန်ကဲ့သို့ ကန့်သတ်မှုများ ချမှတ်ခြင်းနှင့် နိုင်ငံခြား ယှဉ်ပြိုင်မှုများမှ ကာကွယ်ပေးခြင်းတို့ကို အသုံးပြုခြင်း ဖြစ်သည်။
ဒေါ်နယ်ထရမ့်၏ သံမဏိ နှင့် အလူမီနီယမ် ကုန်သွယ်ခွန်များကို ကြည့်ပါ။ တရုတ်နိုင်ငံကို ဆန့်ကျင်သည့် သူ၏ နောက်ဆုံး ဆောင်ရွက်မှုများ မတိုင်မီ မတ်လ အစောပိုင်းတွင် သံမဏိ တင်သွင်းမှု အားလုံး အတွက် ၂၅ ရာခိုင်နှုန်းနှင့် အလူမီနီယမ် အတွက် ၁၀ ရာခိုင်နှုန်း ကုန်သွယ်ခွန် ကောက်ခံမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
အမေရိကန် နိုင်ငံသည် သတ္တုများနှင့် ပတ်သက်၍ အခြားနိုင်ငံများ အပေါ်တွင် အလွန်အမင်း မှီခိုနေရပြီး အကယ်၍ စစ်ပွဲ ဖြစ်လာခဲ့လျှင် ၎င်းတို့၏ ကိုယ်ပိုင် စက်မှုလုပ်ငန်းများကို အသုံးပြု၍ လက်နက် သို့မဟုတ် ယာဉ်များ ထုတ်လုပ်နိုင်မည် မဟုတ်ကြောင်း ဒေါ်နယ်ထရမ့်၏ အစိုးရက ပြောသည်။
အမေရိကန်နိုင်ငံက သံမဏိအများစုကို ၎င်း၏ သစ္စာရှိ မဟာမိတ်များ ဖြစ်သော ဥရောပသမဂ္ဂနှင့် ကနေဒါတို့မှ ရရှိခြင်း ဖြစ်သည်ဟု ဝေဖန်သူများက ထောက်ပြခဲ့ကြသည်။
သီအိုရီ အရဆိုလျှင် နိုင်ငံခြား သံမဏိနှင့် အလူမီနီယံများအပေါ် အခွန်ကောက်ခံခြင်းကြောင့် အမေရိကန် ကုမ္ပဏီများက ပြည်တွင်းမှ သံမဏိများ ဝယ်ယူရတော့မည် ဖြစ်သည်။ ကုမ္ပဏီများက ၎င်းတို့၏ ကုန်ပစ္စည်းများကို ပိုမို ဝယ်ယူကြလိမ့်မည် ဖြစ်သည့်အတွက် အမေရိကန် သံမဏိနှင့် အလူမီနီယံ လုပ်ငန်းများ တိုးတက်စေလိမ့်မည် ဆိုသည့် အယူအဆဖြစ်သည်။
နိုင်ငံခြားမှ ကုန်ပစ္စည်းများ ဝင်ရောက်မှုနည်းသွားသည့်အတွက် အမေရိကန်နိုင်ငံတွင် သံမဏိနှင့် အလူမီနီယံ ဈေးနှုန်းများ မြင့်တက်သွားလိမ့်မည် ဖြစ်သည်။ ပြည်တွင်းသံမဏိ လိုအပ်ချက် ကျယ်ပြန့်လာခြင်းက ဈေးနှုန်းကို မြင့်တက်သွားစေပြီး ပြည်တွင်း သံမဏိ ထုတ်လုပ်သူများအတွက် အကျိုးအမြတ် များပြားစေမည် ဖြစ်သည်။
သို့သော် အလုပ်ဖြစ်ပါမည်လား။
အမေရိကန် သံမဏိ ထုတ်လုပ်သူများ အရှိန်တက်လာမည် ဖြစ်သည်။ ဝယ်လို အားကြောင့် အလုပ်အကိုင် နေရာသစ်များနှင့် ကြီးမားသော အကျိုးအမြတ်များ ဖြစ်စေမည် ဖြစ်သည်။
သို့သော်လည်း ကားနှင့် လေယာဉ် ထုတ်လုပ်သူများကဲ့သို့ ကုန်ကြမ်းပစ္စည်းများ လိုအပ်သည့် အမေရိကန် ကုမ္ပဏီများမှာ သူတို့၏ ကုန်ကျစရိတ်များ မြင့်တက်သွားသည်ကို တွေ့မြင်ကြရမည် ဖြစ်သည်။
ထုတ်လုပ်သည့် ကုန်ပစ္စည်းများလည်း ဈေးနှုန်းမြင့်တက်သွားလိမ့်မည် ဆိုသည့် အဓိပ္ပါယ် ဖြစ်သည်။ ထိုသို့ ဈေး တက်သွားခြင်းက စားသုံးသူများကို ထိခိုက်စေပါလိမ့်မည်။
ထို့ကြောင့် အမေရိကန်တွင် ကားဈေးများ မြင့်တက်သွားနိုင်ပါသည်။ အသုံးအဆောင်ပစ္စည်း အသေးစားများ၊ လေယာဉ် လက်မှတ်ခများနှင့် သံဗူးလုပ်သည့် ဈေးနှုန်းပင် တက်သွားနိုင်သည့် အတွက် ဘီယာဈေးပင် တက်သွားနိုင်သည်။
ကုန်သွယ်ခွန်က (စားသုံးသူ အပေါ်) မည်သို့ သက်ရောက်နိုင်သနည်း
ကမ္ဘာတလွှားမှ ပြည်သူများအပေါ် သက်ရောက်နိုင်ပါသည်။ အထူးသဖြင့် တရုတ်နိုင်ငံက လက်တုန့်ပြန်ပြီး နောက်ပိုင်း ဖြစ်သည်။
ကမ္ဘာတွင် ဒုတိယ အကြီးဆုံး စီးပွားရေး ဖြစ်သည့် တရုတ်နိုင်ငံက ပဲပိစပ်၊ ဝက်သားနှင့် ချည်ထာ်မှသည် လေယာဉ်၊ ကားနှင့် သံမဏိပိုက် အစရှိသည့် အမေရိကန် စိုက်ပျိုးရေး ထွက်ကုန်များနှင့် စက်မှုထုတ်ကုန်များ အပေါ်တွင် အခွန် ကောက်ခဲ့သည်။
သီအိုရီ အရဆိုလျှင် တရုတ်နိုင်ငံက Apple ကဲ့သို့သော အမေရိကန် နည်းပညာကုမ္ပဏီများ အပေါ် အခွန်ကောက်ခံနိုင်ပါ သည်။ ထိုသို့ ပြုလုပ်ခြင်းက Apple ကို ထိခိုက်စေနိုင်ပြီး စရိတ်ကာမိစေရန် ၎င်း၏ ထုတ်ကုန်များကို ဈေးနှုန်း တိုးမြှင့်ရ သည့် အခြေအနေသို့ ရောက်သွားစေနိုင်ပါသည်။
ကမ္ဘာ့ကုန်သွယ်ရေး စစ်ပွဲက ကုမ္ပဏီ အားလုံးအတွက် လုပ်ငန်းလုပ်ရာတွင် ပို၍ ခက်ခဲစေပြီး ကုန်ပစ္စည်းများကို ဈေးနှုန်း မြှင့်တင်ရန် ဖြစ်လာစေသောကြောင့် ကမ္ဘာတလွှားမှ စားသုံးသူများကို ထိခိုက်စေနိုင်ပါသည်။
ဤသို့ဆိုလျှင် လွတ်လပ်သော ကုန်သွယ်ရေးက ပိုကောင်းပါသလား။
ဖြေသူ ပေါ်တွင် မူတည်ပါသည်။
လွတ်လပ်သော ကုန်သွယ်ရေးက ကိုယ်ကျိုးစီးပွား ကာကွယ်သည့် မူဝါဒနှင့် ဆန့်ကျင်ဖက် ဖြစ်သည်။ ကုန်သွယ်ခွန် တတ်နိုင်သမျှ အနည်းဆုံး ဖြစ်သည့် အတွက် ပြည်သူများအနေဖြင့် ကမ္ဘာပေါ်တွင် မည်သည့်နေရာမှ မဆို ပြုလုပ်သည့် ပိုမိုဈေးချိုသော သို့မဟုတ် အရည်အသွေးပိုကောင်းသော ပစ္စည်းများကို လွတ်လပ်စွာ ဝယ်ယူနိုင်ပါသည်။
ကုန်ကျစရိတ် လျှော့ချရန် ကြိုးစားနေသောကုမ္ပဏီများအတွက် အထူးပင် ကောင်းမွန်ပြီး ဈေးနှုန်းများကျဆင်းစေရန် အ ထောက်အကူ ပြုသလို ကမ္ဘာ့စီးပွားရေးကိုလည်း အင်အားကောင်းစေသည်။
ကားများ၊ စမတ်ဖုန်းများ၊ အစားအစာများ၊ ပန်းများ အစရှိသည့် ဝယ်ယူရန် တတ်နိုင်သော ထုတ်ကုန်များကို ကမ္ဘာတလွှား မှနေ၍ သင့်အိမ်သို့ လွတ်လပ်သော ကုန်သွယ်ရေးက ဆောင်ကျဉ်းပေးသည်။
သို့သော်လည်း တချိန်တည်းမှာပင် ကုမ္ပဏီများက ပြည်တွင်းထုတ်ကုန်များကို ဝယ်ယူရန် အလားအလာနည်းသည့် သဘော ဖြစ်နေသည်။ ပိုမို၍ ကောင်းမွန်သော ဈေးချိုသော ပစ္စည်းတခုကို အခြားနိုင်ငံမှ ဝယ်ယူ၍ ရနိုင်လျှင် မည်သည့် အတွက်ကြောင့် ပြည်တွင်းတွင် ဝယ်ယူမည်နည်း။
ထို့ကြောင့် ချမ်းသာသောနိုင်ငံများတွင် အလုပ်အကိုင်များ လျော့ကျစေပြီး တိုးတက်မှုကို မညီမမျှဖြစ်စေသည့် အဓိပ္ပါယ် ဖြစ်ပါသည်။ လွတ်လပ်သော ကုန်သွယ်ရေးက အချို့ကို ပို၍ ချမ်းသာစေသော်လည်း အခြားသူများကို ပို၍ ဆင်းရဲသွား စေနိုင်ပါသည်။
အားလုံးက မည်သို့ အဆုံးသတ်သွားမည်နည်း။
မသိပါ။
ကုန်သွယ်ခွန်များက စားသုံးသူများအတွက် ကုန်ကျစရိတ်များကို မြင့်မားသွားစေတတ်သည်ဟု သမိုင်းပညာရှင်များက ထောက်ပြကြသလို စီးပွားရေးပညာရှင်များကလည်း ဆန့်ကျင်ကြသည်။
ရီပတ်ဘလစ်ကင်ပါတီက ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ခွန်များကို အလုံးစုံ ဆန့်ကျင်သည်။ သူတို့က လွတ်လပ်သော ကုန်သွယ်ရေးကို အကြီးအကျယ် ထောက်ခံသူများ ဖြစ်သည်။
တရုတ်နိုင်ငံနှင့် ပတ်သက်သည့် ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်က အမေရိကန်နှင့် တရုတ်နိုင်ငံမှ စားသုံးသူများအပေါ် ပြောင်းပြန် သက်ရောက်စေသည်သာမက ကမ္ဘာတလွှားကိုလည်း သက်ရောက်ပါသည်။
ကမ္ဘာ့ အကြီးဆုံး စီးပွားရေးများကြားတွင် စီးပွားရေးနှေးကွေး ကျဆင်းခြင်းက မည်သူ့အတွက်မျှ မကောင်းသည့် အသွင် ရှိပါသည်။
(BBC ၏ Trade wars, Trump tariffs and protectionism explained ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)