(မလေးရှားနိုင်ငံ၏ ၁၄ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲကာလ အတွင်းတွင် ယခင် အမျိုးသားတပ်ဦး (Barisan Nasional သို့မဟုတ် BN) အစိုးရ လက်ထက်တွင် သာမန်ပြည်သူများ မည်ကဲ့သို့ ဖြတ်သန်းနေကြ သည်၊ သူတို့ မည်သို့ ခံစားခဲ့ရသည်တို့ ကို နားလည်နိုင်ရန် Ceritalah အဖွဲ့က တိုင်းပြည်အနှံ့ ခရီးသွား၍ သာမန် မလေးရှားနိုင်ငံသားများနှင့် စကားပြောခဲ့ပါသည်။ မျှော်လင့်ချက်မဟာမိတ် (Pakatan Harapan သို့မဟုတ် PH) အစိုးရသစ်က သြဂုတ်လ ၁၇ ရက်နေ့တွင် ရက်ပေါင်း ၁၀၀ ပြည့်ခဲ့ပြီးနောက် Ceritalah အဖွဲ့က လက်ရှိအချိန်တွင် ပြည်သူများ မည်သို့ခံစားနေကြသည်ကို သိရှိနိုင်ရန် မလေးရှားနိုင်ငံသား အချို့နှင့် တွေ့ဆုံခဲ့ပါသည်။)
“အခုလား”
မာလာ Mala ၏ တုန့်ပြန်မှုက နွမ်းနယ်ခြင်းရော စိတ်ပျက်ခြင်းပါ ရောနေသည် အရိပ်အယောင် ပါဝင်နေသည်။ ကွာလာလမ်ပူမြို့တော် ပီပီအာရ် ကိုတာ ဒမန်ဆာရာ အရပ်တွင် နေထိုင်သည့် အသက် ၄၈ နှစ်အရွယ် အရွယ် မာလာကို မလေးရှားနိုင်ငံသစ်နှင့် ပတ်သက်၍ စကားပြောရန် အချိန်ရနိုင်မလားဟု တယ်လီဖုန်းဖြင့် မေးသည့် အချိန်တွင် ထိုသို့ တုန့်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။
သူ၏ လေသံကို သရုပ်ခွဲကြည့်ရလျှင် သူ့တွင် ပိုမို၍ အလေးပေးရမည့် ကိစ္စများ ရှိနေသည်မှာ ထင်ရှားပါသည်။
“ကျမဆိုင်၊ ကျမကား၊ အားလုံး မရှိတော့ဘူး။ ကျမမှာ ပိုက်ဆံမရှိလို့ ကျမကားကို မပြင်နိုင်ဘူး။ ဆိုင်ငှားခ ၂ လ စာ မပေးရသေးဘူး။”
PH အစိုးရသစ် အာဏာရယူခဲ့ပြီး ရက် ၁၀၀ ကျော်ကြာခဲ့သည့် အချိန်တွင် မာလာ ကဲ့သို့သော မလေးရှားပြည်သူ များ၏ စီးပွားရေး အခြေအနေက လုံးဝ မပြောင်းလဲသည့် အသွင်ရှိပါသည်။
၁၄ ကြိမ်မြောက် ရွေးကောက်ပွဲ ကြေညာချက်၏ တစိတ်တပိုင်းအနေဖြင့် ဝန်ကြီးချုပ် ဒေါက်တာ မဟာသီယာ မိုဟာမက်၏ မဟာမိတ်အဖွဲ့က ပထမ ရက်၁၀၀ အတွင်းတွင် ပြုပြင်ပြောင်းလဲရေး စုစုပေါင်း ၁၀ ခုကို ပြုလုပ် ရန် မဲဆန္ဒရှင်များကို ကတိပြုခဲ့သည်။
နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးမှသည် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအခွန် (GST) ၆ ရာခိုင်နှုန်းကို ဖျက်သိမ်းရေးနှင့် လောင်စာဆီ ထောက်ပံံ့ရေး၊ ချိနဲ့နေသော အများပြည်သူနှင့် ဆိုင်သည့် အဖွဲ့အစည်းများ ပြုပြင်ဖွဲ့စည်းရေးနှင့် ပြည်သူတို့၏ စီးပွားရေး သောကများကို ဖြေရှင်းတို့ကို ထိုစဉ်က အတိုက်အခံ ဖြစ်သည့် PH က ကတိပြုခဲ့သည်။ သို့သော်လည်း ယခုအချိန်အထိ အမှန်တကယ် တိုးတက်မှုကို ၂ နေရာတွင်သာ ပြုလုပ်နိုင်ခဲ့သည်။ GST ပယ်ဖျက်ခြင်း နှင့် လောင်စာဆီ ဈေးနှုန်း ထိန်းချုပ်ခြင်း ဖြစ်သည်။
သို့သော်လည်း Merdeka Centre for Opinion Research က တနိုင်ငံလုံး အတိုင်းအတာဖြင့် မကြာသေးမီက ပြု လုပ်ခဲ့သော စစ်တမ်းတခု အရ မလေးရှားပြည်သူ ၆၇ ရာခိုင်နှုန်းက အစိုးရသစ်ကို ထောက်ခံခဲ့ကြသည်။ အောက်ခြေ အလုပ်သမား လူတန်းစား ၄၀ ရာခိုင်နှုန်း ၏ကျန်းမာရေး စောင့်ရှောက်မှုအတွင် မလေးငွေ ရင်းဂစ် ၅၀၀ ထုတ်ပေးရန်နှင့် FELDA (The Federal Land Development Authority ) အစီအစဉ်ဖြင့် အခြေချနေထိုင်သူ အချို့၏ အကြွေးများကို လျှော့ချပေးရန် အစရှိသည့် ကတိ ၈ ခုကို ဖြည့်ဆည်းပေးရန် ကျန်ရှိနေသေးသော်လည်း အစိုးရအဖွဲ့က ရွေးကောက်ပွဲ ကတိများ အကောင်အထည်ဖော်မှုကို ၅၆ ရာခိုင်နှုန်းက ကျေနပ်ကြသည်။
“အစိုးရက အသစ်ပဲ ရှိပါသေးတယ်။ PH က ပြည်သူတွေအတွက် သူတို့ရဲ့ တာဝန်တွေ ဆောင်ရွက်တာကို ကျနော်တို့ အချိန်ပေးရပါမယ်” ဟု ရာဘာစေးခြစ် သူတဦး ဖြစ်သည်။ ပတ်လုံး Pak Long (အမည်ရင်း မဟုတ်ပါ) က ပြောသည်။ နေမကောင်းရာမှ ပြန်လည်ကျန်းမာလာစ ဖြစ်သော်လည်း သူ့ အမူအရာက အေးအေး ဆေးဆေးပင်ရှိသည်။
လက်တွေ့တွင် မလေးရှား ပြည်သူများသည် အစိုးရ၏ ရက်၁၀၀ အစီအစဉ်များမှ အကျိုးကျေးဇူး အချို့ကို ရရှိခဲ့ကြ ပြီး ဖြစ်သည်။
“အစိုးရက ကျမကို ရင်းဂစ် ၁၀၀ တလ ၂ ကြိမ်ပေးတဲ့ အတွက် အခု ကျမ Giant (လက်လီအရောင်းဆိုင်) မှာ Maggi နဲ့ Milo တို့လို ပစ္စည်းတွေကို GST မပါဘဲ ပိုဝယ်နိုင်နေပါပြီ။ အဲဒီအရင်ကဆိုရင် အရေးကြီးတာ ၃ မျိုး သို့ မဟုတ် ၄ မျိုးပဲ ဝယ်နိုင်ခဲ့ပါတယ်” ဟု မာလာက ပြန်ပြောပြသည်။
GST မရှိခြင်း၏ အကျိုးကျေးဇူးကို အခြားသူ အများအပြားလည်း ရရှိခဲ့ကြပြီး ဖြစ်သည်။ ဇူလိုင်လ တလတည်း အတွင်းမှာပင် ယာဉ်ဝယ်ယူမှု ၄၁ ရာခိုင်နှုန်း တိုးလာခဲ့သည်။ လွန်ခဲ့သော ၁ နှစ်က ထက်စာလျှင် ၂၀၀၀၀ နီးပါး တိုးလာခြင်း ဖြစ်သည်။
သို့သော်လည်း မာလက္ကာ ရေလက်ကြား ဘေးက စိုက်ပျိုးရေး မြို့သေးလေး စီကင်ချန်မှ စပါးစိုက်တောင်သူတဦး ဖြစ်သည့် အဘန်မန်း Abang Man က GST နှုန်း သုည ဖြစ်သွားပြီး နောက်တွင် အခြားသော မလေးရှားနိုင်ငံသား အများအပြားကဲ့သို့ ကောင်းမွန်လာသည်ဟု မခံစားရဘဲ ဖြစ်နေသည်။ GST ကို ပယ်ဖျက်လိုက်ခြင်းကြောင့် စားသောက်ကုန် အနည်းဆုံး ၂၉၉ မျိုး၏ ဈေးနှုန်းများ ကျဆင်းသွားခဲ့ရသည်ဟု အစိုးရက ဆိုသည်။
“ဈေးနှုန်းတွေက ခုထိ ဒီတိုင်းပဲ။ ကျနော်တော့ အခုချိန်အထိ ဘယ်လို အပြောင်းအလဲမှ မမြင်ဘူး။ ဥပမာ ပြောရ ရင် မြေသြဇာက တအိတ်ကို ရင်းဂစ် ၁၂၀ ပေးနေရတုန်းပဲ။ တရာသီကို ကျနော့်အတွက် ၁၀ အိတ်လောက် လိုတဲ့ မျိုးစေ့ တအိတ်ကို ရင်းဂစ် ၅၀ ပေးနေရတုန်းပဲ” ဟု အဘန်မန်းက ပြောသည်။
စက်တင်ဘာလတွင် စတင်သက်ရောက်မည့် အရောင်းနှင့် ဝန်ဆောင်မှု အခွန်(SST) အတွက် မာလာတွင်လည်း သံသယ များရှိနေသည်။ “အတူတူပဲဖြစ်မှာပါ။ GST လိုမျိုးပါပဲ။”
ပတ်လုံးကမူ (ယခုချိန်အထိ တကီလိုလျှင် ၁.၈ ရင်းဂစ်ခန့် ရှိနေဆဲ ဖြစ်သည့်) ရာဘာကဲ့သို့ ကုန်ပစ္စည်း များ ဈေးနှုန်း အပြောင်းအလဲကို မမြင်ရသေးသော်လည်း သူ့အမြတ်အစွန်းက ရရှိပြီး ဖြစ်သည်။ “ကျနော် တနေ့ကို ရာဘာ ၃၀ ကီလိုရတယ်။ အခုတော့ ခြောက်သွေ့ရာသီက ကျန်ခဲ့ပြီ။”
မည်သို့ပင်ဖြစ်စေ နိုင်ငံရေး တိုးတက်မှုက သူ့ကို စိတ်အားတက်ကြွစေခဲ့သည်။ “အစိုးရက အရေးယူနေတာ ကောင်းတယ်” ဟု သူက ယခင် ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်က အဂတိလိုက်စားမှုနှင့် 1Malaysia Development Berhad (1MDB) အရှုပ်တော်ပုံနှင့် ဆက်နွယ်သော ငွေကြေးခဝါချမှုအပါအဝင် စွဲချက် ၇ ခုနှင့် ရင်ဆိုင်နေရခြင်းကို ရည်ညွှန်း၍ ပြောသည်။
“ဒါပေမယ့် တိုင်းပြည်ကို ပြုပြင်တာက တရက် သို့မဟုတ် ၂ ရက်ထက်ပိုပြီး အချိန်ယူရလိမ့်မယ်။”
သာမန် ပြည်သူများအတွက် ဒေါက်တာ မဟာသီယာ မိုဟာမက်၏ အစိုးရက ၎င်းတို့၏ ကတိများကို ထိန်းသိမ်း နိုင်ခြင်း ရှိ/မရှိ မြင်ရရန် ယခုအချိန်တွင် စောင့်ကြည့်ကြရဦးမည်။
နောက်ဆုံး အနေဖြင့်ပြောရလျှင် ရက် ၁၀၀ ဆိုသည်မှာ စိတ်ကူးဖြင့် သတ်မှတ်ထားသည့် အမှတ်အသားတခုသာ ဖြစ်သည်။ စောနေပါသေး၏။
လွတ်လပ်ရေးရသည့် အချိန်မှစ၍ အစိုးရ တခုတည်း၏ လက်အောက်တွင် ၆၁ နှစ်ကြာ နေထိုင်ခဲ့ကြရသော မလေးရှားနိုင်ငံသားများ အနေဖြင့် စိတ်ရှည်သည်းခံမှုကို ထိန်းသိမ်းထားဦးမည့် အသွင်ဖြစ်ပါသည်။
မလေးရှားနိုင်ငံသစ်ကို အခွင့်အရေးတခု ပေးရန် လိုအပ်ပါသည်။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)