ဆောင်းပါး

ရခိုင်ပြည်နယ်အတွက် ကိုဖီအာနန်၏ အရေးပါသော ဆောင်ရွက်ချက်များ

Want create site? Find Free WordPress Themes and plugins.

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း နိုဗယ်ဆုရှင် ကိုဖီအာနန်သည် ဩဂုတ်လ ၁၈ ရက်က အသက် ၈၀ အရွယ်တွင် ကွယ်လွန်ခဲ့သည်။

ကမ္ဘာ့ထိပ်တန်း တာဝန် ထမ်းဆောင်ခဲ့သော်လည်း ဂါနာနိုင်ငံသား ကိုဖီအာနန်ကို မြန်မာပြည်သူများက နိုင်ငံ အနောက်ပိုင်းရှိ ရခိုင်ပြည်နယ် အကျပ်အတည်းကို ကိုင်တွယ်ခဲ့ခြင်းအတွက် မှတ်မိနေကြသည်။

ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားများနှင့် ရိုဟင်ဂျာ ခေါ် ဘင်္ဂလီ မွတ်စလင်များအကြား အသိုင်းအဝန်း နှစ်ခုကြား ပဋိပက္ခမှာ ၂၀၁၂ ခုနှစ်မှ စတင်ပြီး ကြီးထွားလာနေသည်။

၂၀၁၆ ခုနှစ် တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုဖီအာနန်ကို ချဉ်းကပ်ပြီး ရခိုင်ပြည်နယ် အခြေအနေကို ခွဲခြမ်းစိတ်ဖြာမည့် ကော်မရှင်ကို ဦးဆောင်လိုခြင်း ရှိမရှိ မေးခဲ့ရာမှ ဇာတ်လမ်း စတင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့လုပ်ဆောင်ခဲ့ခြင်းသည် ရခိုင်ပြည်နယ် အကျပ်အတည်းကို ရင်ဆိုင်ရန် နိုင်ငံ အားထုတ်မှုတွင် ကူညီရေးအတွက် ပြည်ပကျွမ်းကျင်သူတဦးကို ပထမဆုံးအကြိမ် ဖိတ်ခေါ်ခြင်းလည်း ဖြစ်သည်။

ရခိုင်တိုင်းရင်းသားတချို့၊ အတိုက်အခံ နိုင်ငံရေးပါတီများနှင့် တပ်မတော်တို့က သူ၏ကော်မရှင်ကို ဆန့်ကျင် ကြသော်လည်း သူသည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဦးဆောင်ရန် ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး ပဋိပက္ခ ဒဏ်ခံနေရသော ထိုပြည်နယ်တွင် အကြမ်းဖက်မှုများ အဆုံးသတ်ရေးနှင့် ဖွံဖြိုးတိုးတက်ရေး တို့အတွက် အတွက် အကြံပြုချက်များကို ပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ကော်မရှင်၏ အကြံပြုချက် ၈၈ ချက်ကို ချက်ခြင်း အတည်ပြုခဲ့ပြီး ထိုအကြံပြုချက် များကိုမြေပြင် အခြအနေအရ အတိုတောင်းဆုံး အချိန်အတွင်း အကောင်အထည်ဖော်မည်ဟု ကတိပြုသည်။ ကိုဖီအာနန်၏ အကြံပြုချက်များသည် အသိုင်းအဝန်းများအကြား ပြန်လည် သင့်မြတ်ရေးကို အားပေးရန်နှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် လမ်းပြမြေပုံ အဖြစ် သတ်မှတ်ကြသည်။

ကော်မရှင် ဖွဲ့စည်းချိန်မှ စတင်ပြီး ဧရာဝတီ သတင်းဌာနသည် အဖွဲ့ဝင် ၉ ဦးပါသော ထိုကော်မရှင်အကြောင်း သတင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့သည်။

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်

ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မရှင်သစ်ကို ကုလသမဂ္ဂ အကြီးအကဲဟောင်း ကိုဖီအာနန် ဦးဆောင်မည်၊
ပဋိပက္ခ ဒဏ်ခံနေရသော ရခိုင်ပြည်နယ်မှ ရှုပ်ထွေး သိမ်မွေ့သော ပြဿနာများကို အပြီးတိုင်ဖြေရှင်းနိုင်မည့် အဖြေများကို အကြံပြုမည့် အဖွဲ့ဝင် ၉ ဦးပါ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း နိုဗယ်ဆုရှင် ကိုဖီအာနန် ဦးဆောင်မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံရုံးက ထုတ်ပြန်ကြေညာသည်။

၂၀၁၆ ခုနှစ် သြဂုတ်လ ၂၅ ရက်

မကြာသေးမီကမှ ဖွဲ့စည်းလိုက်သည့် ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖျက်သိမ်းရန် အကြီးမားဆုံး ရခိုင်တိုင်းရင်းသား ပါတီဖြစ်သည့် ရခိုင် အမျိုးသားပါတီ (ANP) က တောင်းဆို လိုက်သည်။

ကော်မရှင်တွင် ထမ်းဆောင်ရန် ရွေးချယ်ထားသည့် မြန်မာနိုင်ငံသား အဖွဲ့ဝင်များထံသို့ ထိုသို့ ကန့်ကွက်ကြောင်း ရခိုင်အမျိုးသားပါတီက ဖော်ပြခြင်းဖြစ်ပြီး ကော်မရှင်အဖွဲ့ ဝင်များသည် ရခိုင်ပြည်နယ် မြေပြင်အခြေအနေ၏ လက်ရှိအခြေအနေနှင့် နောက်ခံအခြေအနေများကို နားလည်နိုင်မည် မဟုတ်ကြောင်းနှင့် ကော်မရှင် ဖွဲ့စည်းခြင်းသည် ဌာနေတိုင်းရင်းသားများ (ရခိုင်ဗုဒ္ဓဘာသာဝင်များကို ရည်ညွှန်း) ၏ အခွင့်အရေးနှင့် နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်ကြောင်း ဖော်ပြထားသည်။

၂၀၁၆ ခုနှစ် သြဂုတ်လ ၃၀ ရက်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် ထမ်းဆောင်နေသော မြန်မာနိုင်ငံသား မဟုတ်သူသုံးဦးကို မြန်မာနိုင်ငံသား ကျွမ်းကျင်သူများနှင့် အစားထိုးရန် တောင်းဆိုသော အရေးကြီးအဆိုကို ရခိုင်အမျိုးသား ပါတီမှ ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တဦးက ပြည်သူ့လွှတ်တော်တွင် တင်သွင်းသည်။

တပ်မတော်သား ကိုယ်စားလှယ်များနှင့် အဓိက အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့က ထောက်ခံမှုရသော ထိုအဆိုက ကော်မရှင်တွင် နိုင်ငံခြားသားများ ပါဝင်ခြင်းကို ပြည်တွင်းရေးတွင် ပြည်ပ စွက်ဖက်မှုဖြစ်သည်ဟု သတ်မှတ်သည်။ သို့သော် အများစုဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်သောကြောင့် ထိုအဆိုမှာအောင်မြင်ခြင်း မရှိပေ။

၂၀၁၆ ခုနှစ် စက်တင်ဘာလ ၅ ရက်

ရခိုင်ပြည်နယ် ရင်ဆိုင်နေရသော ပြဿနာများသည် ရှုပ်ထွေးပြီး နက်ရှိုင်းစွာ အမြစ်တွယ်နေသော်လည်း “ငြိမ်းချမ်းကြွယ်ဝသော အနာဂတ်သို့ ဘုံလမ်းကြောင်း တခုကို ရခိုင်ပြည်သူများအတွက် ကူညီရှာဖွေပေးရန် မိမိတို့ ယုံကြည်မှု အပြည့်ရှိသည်” ဟု ကိုဖီအာနန်ကပြောကြားလိုက်သည်။

အကြံပေးကော်မရှင်သည် ရခိုင်ပြည်နယ် အခြေအနေကို ဖြေရှင်းရန် အင်တိုက်အားတိုက် လုပ်ဆောင်မည် ဖြစ်ကြောင်းနှင့် ရပ်ရွာ အသိုင်းအဝန်းများ၊ ဘာသာရေး ခေါင်းဆောင်များ၊ ဒေသခံအုပ်ချုပ်ရေး ပိုင်းများ၊ နိုင်ငံတော်၏ အတိုင်ပင်ခံရုံးမှ အဖွဲ့ ဝင်များနှင့် ထိတွေ့ဆက်ဆံပြီး ဒေသခံပြည်သူများနှင့် နီးကပ်စွာ ပူးပေါင်း လုပ်ဆောင်မည်ဖြစ်ကြောင်း ရန်ကုန်တွင်ကျင်းပသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကော်မရှင် အဖွဲ့ဝင်များ ပထမဆုံးအကြိမ် တွေ့ဆုံရာတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ပြောကြားခဲ့သည်။

စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်သို့ သွားရောက်ခဲ့စဉ်/Maung Kyaw Hein MPA

၂၀၁၆ ခုနှစ် စက်တင်ဘာလ ၇ ရက်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်သည် ပြည်နယ် မြို့တော် စစ်တွေရှိ ဗုဒ္ဓဘာသာ ရခိုင်နှင့် ရိုဟင်ဂျာ မွတ်စလင် အသိုင်းအဝိုင်းများအကြား ယုံကြည်မှုတည်ဆောက်ရေးအတွက် ဒေသခံတို့၏ အမြင်များကို လေ့လာရန် နှစ်ရက်ကြာခရီးစဉ် ပြီးဆုံးခဲ့သည်။

ဒေသခံများနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ကော်မရှင်ကို ဆန့်ကျင်ကန့်ကွက်ကြပြီး အဖွဲ့ဝင် ကိုးဦးပါအဖွဲ့က ဘက်လိုက်သော ပြည်ပစွက်ဖက်မှုဟု ၎င်းတို့မြင်သော အချက်ကို ရှုတ်ချကြသည်။

၂၀၁၆ ခုနှစ် စက်တင်ဘာလ ၈ ရက်

ကိုဖီအာနန်ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ရည်ရွယ်ချက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန်မဟုတ်ဘဲ ဘက်မလိုက်သော အစီရင်ခံစာ တစောင် ရေးသားရန်သာ ဖြစ်ကြောင်း ရခိုင်ပြည်နယ်မှ ပြန်လည်ရောက်ရှိလာစဉ် ကိုဖီအာနန်က သတင်းထောက်များကို ပြောသည်။

အကြံပေးကော်မရှင်၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်မှ ပဋိပက္ခကို အပြီးတိုင် ဖြေရှင်းနိုင်ရန် နိုင်ငံတကာ စံနှုန်းမီ အဖြေရရှိရေးအတွက် မြန်မာအစိုးရကို အကြံပေးရန်သာဖြစ်ကြောင်း သူက ရှင်းပြသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးရှိ နယ်ခြားစောင့်တပ်ဖွဲ့ ဌာနချုပ်များနှင့် ကင်းစခန်းများကို မွတ်စလင် စစ်သွေးကြွများက တိုက်ခိုက်သောကြောင့် ရဲတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၆ ရက်

ရခိုင်ပြည်နယ်အကျပ်အတည်းကို ပြောဆိုရာတွင် လူမျိုးတုံး သတ်ဖြတ်မှုဟူသော အသုံးအနှုန်းကို သတိထား သုံးစွဲသင့်ကြောင်း ရန်ကုန်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတခုတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်က သတင်းထောက်များအား ပြောကြားလိုက်သည်။

၂၀၁၇ ခုနှစ် မတ်လ ၁၆ ရက်နေ့

ရခိုင်ပြည်နယ်တွင် အခြေအနေများ တိုးတက်စေရန် မြန်မာအစိုးရအတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာကို ထုတ်ပြန်လိုက်ပြီး လူသားချင်းစာနာမှု အဖွဲ့များနှင့် မီဒီယာများ အဟန့်အတားမရှိ ချက်ခြင်းသွားရောက်ခွင့် ပေးသင့်ကြောင်း အကြံပြုခဲ့သည်။

၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၀ ရက်

ကိုဖီအာနန်ကော်မရှင်သည် အစိုးရအတွက် အကာအကွယ်ဖြစ်ကြောင်း မြန်မာအစိုးရ ပြောခွင့်ရသူ ဦးဇော်ဌေးကပြောကြားလိုက်သည်။ “ကိုဖီအာနန် ကော်မရှင်သာ မရှိရင် စွပ်စွဲချက်တွေက ဒီထက်ပို ဆိုးမယ်လို့ကျနော် ထင်တယ်” ဟု သူက ပြောသည်။

၂၀၁၆ ခုနှစ် အစည်းအဝေးတခုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ/ ဧရာဝတီ

၂၀၁၇ ခုနှစ် သြဂုတ်လ ၁၉ ရက်

ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို စတင် ဖွဲ့စည်းစဉ်ကပင် ဒေသခံ ရခိုင်တိုင်းရင်းသားများ၊ အတိုက်အခံပါတီများနှင့် တပ်မတော်၏ ဆန့်ကျင်တိုက်ခိုက်မှုကို ခံရသည်။ ထိုသို့သော ဆန့်ကျင်မှုများကြောင့် ကော်မရှင်၏ အကြံပြုချက်များသည် ရခိုင်ပြည်နယ်အတွက် အထောက်အကူ ပြုနိုင်မည်လားဆိုသည့် မေးခွန်းမေးစရာရှိသည်။

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၂ ရက်

ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို တင်သွင်းရန် ကိုဖီအာနန် ရန်ကုန်သို့ ရောက်ရှိလာသည်။

ဆူးလေ ရှန်ဂရီလာ ဟိုတယ်တွင် သတင်းထောက်များ၏ မေးခွန်းကို ဖြေကြားနေစဉ်/ ဧရာဝတီ

၂၀၁၇ သြဂုတ်လ ၂၄ ရက်

အကြံပေးကော်မရှင်သည် ၎င်း၏ အပြီးသတ် အစီရင်ခံစာကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အား နေပြည်တော်တွင် တင်သွင်းခဲ့သည်။ ထို အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေသည် သွင်ပြင်အများအပြားတွင် နိုင်ငံတကာစံနှုန်း မမီကြောင်း ဝေဖန်သော်လည်း ထိုဥပဒေအရပင် နိုင်ငံသားစိစစ်မှုကိုညအရှိန်မြှင့်တင်ရန် အစိုးရကို အားပေးသည်။

သို့သော် တပ်မတော်က ကော်မရှင်အစီရင်ခံစာ၏ ဘက်မလိုက်မှုကို တပ်မတော်က မေးခွန်းထုတ်ပြီး အချက်အလက်မှားယွင်းမှု တချို့ကို ပြန်လည်သုံးသပ်ရန် ကိုဖီအာနန် ကိုယ်စားလှယ် အဖွဲ့ကို တပ်မတော်က တိုက်တွန်းသည်။

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်

ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်ပြီး နာရီ အတန်ကြာတွင် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) သည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်၊ ရဲတပ်ဖွဲ့နှင့် တပ်မတော် စခန်းများကို တိုက်ခိုက်ပြီး အနည်းဆုံးရဲတပ်ဖွဲ့ဝင် ၁၀ ဦးနှင့် တပ်မတော် တပ်ဖွဲ့ဝင် တဦးကို သေဆုံး စေခဲ့သည်။

၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့

ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည် ဖော်ရန် အဖွဲ့ဝင် ၁၅ ဦးပါဝင်သည့် ကော်မတီ ဖွဲ့စည်းကြောင်းနှင့် ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကြောင်း သမ္မတရုံးက ကြေညာသည်။

အကောင်အထည်ဖော်ရေး ကော်မတီကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ခေါင်းဆောင်သည်။ ထိုကော်မတီသစ်သည် နိုင်ငံသားစိစစ်ရေး လုပ်ငန်းများ မြန်ဆန်ရေး၊ ဘာသာ၊ လူမျိုး၊ နိုင်ငံသား၊ လိင်မခွဲခြားဘဲ တန်းတူညီမျှ ပညာသင်ကြားခွင့်ရရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု ခံယူခွင့်ရရေးအပါအဝင် ဒေသတွင်းတွင် အကြမ်းဖက်မှုနှင့် မူးယစ်ဆေးဝါး ပပျောက်ရေး အတွက်လည်း ဦးစားပေးလုပ်ဆောင်ရန် တာဝန်ရှိသည်။

၂၀၁၈ ခုနှစ် ဇွန်လ

ရခိုင်ပြည်နယ်နှင့် ပတ်သက်သော အကြံပြုချက်များကို ပေးခဲ့ပြီးနောက် ဆယ်လကြာပြီး ၂၀၁၇ ခုနှစ် သြဂုတ်လက ARSA တိုက်ခိုက်မှု အပြီး ထိုပြည်နယ်မှ နိုင်ငံရေးအခြေအနေသည် ကြေကွဲစရာ သိသိသာသာ ပြောင်းလဲသွားသော်လည်း ထိုအကြံပြုချက်များကို ပြန်လည် သုံးသပ်ပြီးနောက် မတည်ငြိမ်သော ထိုပြည်နယ်မှ အသိုင်းအဝန်းများ အကြား တင်းမာမှုကို ဖြေရှင်းရန် ၎င်းတို့၏ အကြံပြုချက်များသည် အသက်ဝင်နေ သေးကြောင်း ကိုဖီအာနန် ဦးဆောင်သည့် အကြံပေး ကော်မရှင်က ပြောသည်။

(အင်္ဂလိပ် ဘာသာဖြင့် Kofi Annan’s Contribution to Myanmar’s Pressing Rakhine Crisis တွင် ဖတ်ပါ။)

Did you find apk for android? You can find new Free Android Games and apps.
Loading