“ သမီးဆီ အဖေမကြာခင် ပြန်လာခဲ့မယ်” ဟု လက်ထိပ်တန်းလန်းနှင့်ပင် ကိုကျော်စိုးဦးတယောက် သမီးဖြစ်သူအား တရားခွင်အတွင်း ပြောနေလေသည်။ အမိန့်အတွက် စိတ်လှုပ်ရှားနေသည့် သူ့အနေနဲ့ သမီးငယ်ကိုတော့ ချော့မော့ကာ ပြောနေခြင်းဖြစ်သည်။
၉ လကျော်ကြာ ဖမ်းဆီးစစ်ဆေးခံနေရသည့် ကိုဝလုံးနှင့် ကိုကျော်စိုးတို့သည့် အပြီးသတ်အမိန့်ချမှတ်ရန်အတွက် မြောက်ပိုင်းခရိုင်တရားရုံးရှိ တရားခွင်တခုအတွင်း ရောက်ရှိနေခြင်းဖြစ်သည်။
ကိုကျော်စိုးဦးသည် ဇနီးနှင့်သမီးငယ်တို့အား ထောင်ဝင်စာတွေ့ချိန်နှင့် ရုံးထုတ်များတွင်သာ တွေ့ဆုံနေရသည့် သူ့အနေဖြင့် ရသည့်အချိန်ခဏပိုင်းအတွင်း သမီးငယ်အား ချီပွေ့ထားလေ့ရှိသူလည်းဖြစ်သည်။
၎င်းကဲ့သို့ပင် ကိုဝလုံးသည်လည်း ပြီးခဲ့သည့်ရုံးချိန်းတွင် “ မကြာခင် ကျနော့်သမီးလေးဆီ ပြန်လာနိုင်တော့မှာပါ” ဟုပြောဆိုခဲ့လေသည်။
မကြာသေးခင်ကပင် သမီးလေးအား မွေးဖွားထားသည့် ကိုဝလုံး၏ဇနီး မပန်းအိကတော့ ခင်ပွန်းဖြစ်သူအား အမိန့်ချမည့် တရားခွင်ကို လာရောက်နိုင်ခြင်းမရှိသည်ကို တွေ့ရသည်။
အမိန့်ချမည့် မြောက်ပိုင်းခရိုင်တရားရုံးအရှေ့ တရားခွင်အတွင်း ဝင်ရောက်ကြားနာခွင့်ရရေး ကြိုးပမ်းနေကြသူ အများအပြားကိုလည်း တွေ့ရလေသည်။
ထိုအထဲတွင် ကိုဝလုံးနှင့် ကိုကျော်စိုးဦး၏ လုပ်ဖော်ကိုင်ဖက်များ၊ နိုင်ငံတကာ သံတမန်များ၊ အားပေးဝန်းရံ သူတွေပါကြသည်။ ၎င်းတို့ထဲတွင် အခြေအနေတခုအပေါ် စိုးရိမ်စိတ်လွှမ်းမိုးနေသည့် လူတချို့၏ မျက်နှာအမူအရာများကိုလည်း မြင်ရလေသည်။
“ ဒီအမှုက သူတို့နှစ်ယောက်ထဲ ကိစ္စမဟုတ်တော့ဘူး၊ သတင်းလွတ်လပ်ခွင့်ကို ထိပါးတာ၊ လူ့အဖွဲ့အစည်းရဲ့ သိပိုင်ခွင့်ကို ထိပါးတာ၊ သူတို့က ဒီလိုပုဒ်မနဲ့ ထိုက်တန်တာမဟုတ်ဘူး၊ အသိအမှတ်ပြုမှုတွေနဲ့သာ ထိုက်တန်တဲ့သူတွေပါ” ဟု တရားရုံးရှေ့သို့ ရောက်ရှိလာသည့် သတင်းစာဆရာ ဦးရဲနိုင်မိုးက ပြောသည်။
တရားရုံးရှေ့ လှုပ်လှုပ်ရှားရှား ရှိနေသူများအထဲတွင် “ FREE WA LONE & KYAW SOE OO” “ JOURNALISM IS NOT A CRIME ” စာတမ်းပါ တီရှပ်များဝတ်ဆင်ထားသူများကိုလည်း တွေ့ရသည်။
သူတို့သည် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို လာရောက်ဝန်းရံသူများဖြစ်ကြသည်။ ထိုသို့ လှုပ်လှုပ်ရှားရှားရှိနေသူများ ကြားတွင် ငြိမ်သက်သူ တချို့လည်း ရှိနေသည်။
သူတို့သည် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ မိသားစုဝင်များဖြစ်သည်။ သူတို့အနေဖြင့် ရင်ခုန်စိတ်လှုပ်ရှားနေသည်မှာလည်း မျက်နှာတွင် ပေါ်လွင်လို့နေသည်။
ကိုကျော်စိုးဦး၏ ဇနီးဖြစ်သူ မချစ်စုကတော့ သမီးငယ်လေးနဲ့အတူ တရားခွင်အပေါက်ဝနားတွင် ငြိမ်ပြီးထိုင်နေသည်။ ငြိမ်သက်နေသည့် သူ၏ မျက်လုံးများတွင် ခံစားချက်များက ပေါ်လွင်နေပြီး တရားခွင်ကိုရောက်လာမည့် ခင်ပွန်းဖြစ်သူကိုစောင့်မျှော်ရင်း သူငိုထားခြင်းဖြစ်သည်။
စောင့်ဆိုင်းနေပြီး မကြာမီ ကိုဝလုံးတို့အား ခေါ်ဆောင်လာသည့် ကားထိုးရပ်လိုက်ချိန်မှာတော့ လှုပ်ရှားနေသူတွေအားလုံး ပို၍လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့ လျှောက်ဝင်လာမည့် တရားရုံးကော်ရစ်တာသို့ မေ ျှာ်ကြည့်နေကြသည်။
အချုပ်ကားပေါ်မှ ဆင်းလာပြီး ကော်ရစ်တာတလျှောက် ပြုံးပြီးလျှောက်လာသည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို လုပ်ဖော်ကိုင်ဖက်များနှင့် မိတ်ဆွေများက အပြန်အလှန်နှုတ်ဆက်နေကြပြီး သူတို့၏ အပြုံးများအောက်တွင် စိတ်မကောင်းဖြစ်ခြင်း၊ စိုးရိမ်ခြင်းခံစားမှုများ ရောပြွမ်းနေမည်မှာ အသေအချာပင် ဖြစ်လေသည်။
တရားခွင်အတွင်း မဝင်မီ ကိုဝလုံးရော၊ ကိုကျော်စိုးဦးပါ သတင်းထောက်တချို့ဘက်လှည့်ပြီး“ ကျနော်တို့ လုံးဝမကြောက်ဘူး” ဟု ပြောသည်။ .
ထိုသို့ပြောနေချိန်မှာပင် လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့များက ၎င်းတို့နှစ်ဦးအား တရားခွင်အတွင်း ခေါ်ဆောင်သွားသည်။
တရားခွင်အတွင်းမှ ကြိုရောက်နေသူများကတော့ ၎င်းတို့နှစ်ဦးဝင်ရောက်လာချိန်တွင် ပို၍စိတ်လှုပ်ရှားနေကြသည်။ တချို့က ငြိမ်သက်နေကြသလို တချို့က ၎င်းတို့နှစ်ဦးအား နှုတ်ဆက်နေကြသည်။
ထိုသူများထဲတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်လည်း အပါအဝင်ဖြစ်သည်။
ခဏအကြာတွင် တရားရုံးတာဝန်ရှိသူတဦးက ယနေ့တွင် အမိန့်ချမှတ်တော့မည်မဟုတ်ဘဲ စက်တင်ဘာ ၃ ရက်နေ့ကို ရုံးချိန်းထပ်မံချိန်းဆိုကြောင်း ကြေညာသည်။ အမှုအား စစ်ဆေးစီရင်နေသည့် တရားသူကြီးမှာ နေမကောင်းဖြစ်နေကြောင်း တရားရုံးက ပြောသည်။
ထိုကြေညာချက်အပြီး စောင့်မျှော်နေသူတွေထံက အာမေဍိတ်သံတွေ ထွက်လာသည်။ သက်ပြင်းချသူတွေ ချလိုက်ကြသည်။
ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့ကတော့ လုပ်ဖော်ကိုင်ဖက်များ၊ မိတ်ဆွေများနှင့် မိသားစုဝင်များအား နှုတ်ဆက်လိုက်ကြသည်။
အမိန့်ချဖို့ရက်ရွေ့ဆိုင်းလိုက်ခြင်းနှင့်ပတ်သက်ပြီး ဒွိဟဖြစ်သူတွေ ထင်မြင်ချက်ပေးသူတွေနဲ့ ဝေဖန်သံများ ရှိနေပြီး အမှုနှင့်ပတ်သက်၍ တရားရုံးမှာ ဖိအားတွေရှိနေသလား မေးခွန်းထုတ်သူတချို့ ထုတ်လာကြသည်။
အဘယ်ကြောင့်ဆိုသော် ယခုအမှုသည် တရားဥပဒေစိုးမိုးမှု၊ သတင်းမီဒီယာလွတ်လပ်ခွင့်၊ နိုင်ငံရဲ့ ဂုဏ်သိက္ခာ စသည့် အခြေအနေများနှင့် သက်ဆိုင်နေခြင်းကြောင့် ဖြစ်သည်။ နိုင်ငံတကာမှလည်း အမှုနှင့် ပတ်သက်ပြီး တရားရုံးချိန်းတိုင်းတွင် စောင့်ကြည့်ခဲ့ကြသည်။
ယခုအမှုသည် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုများနှင့်လည်း ဆက်စပ်နေသည်။ အာဆာအကြမ်းဖက်အဖွဲ့(ARSA)၏ တိုက်ခိုက်မှုများနောက်ပိုင်းတွင် မြန်မာ့တပ်မတော်၏ နယ်မြေရှင်းလင်းမှုများသည် လူ့အခွင့်အရေးချိုးဖောက်မှုများရှိခဲ့ကြောင်း နိုင်ငံတကာက ဝေဖန်နေကြချိန်ဖြစ်သည်။
ထိုအခြေအနေကြားတွင် ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့သည့် မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာအနီး လူသတ်မှုအား သတင်းစုံစမ်းနေစဉ် ၂၀၁၇ ခုနှစ် သြဂုတ် ၁၂ ရက်နေ့ညပိုင်းက ဖမ်းဆီးခံရကာ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် တရားစွဲခံခဲ့ရခြင်းဖြစ်သည်။
တရားစွဲဆိုမှုသည် ရခိုင်အရေးလျှို့ဝှက်စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိခြင်းကြောင့်ဟု အာဏာပိုင်များ၏ အကြောင်းပြချက်ပေးခဲ့သော်လည်း အမှုစစ်ဆေးစဉ် တရားခွင်များတွင် ရှေ့နောက်မညီမှုများ တွေ့ခဲ့ရသည်။ ထိုအချက်များအား သတင်းထောက်နှစ်ဦး၏ ရှေ့နေများက ထောက်ပြခဲ့ကြသည်။
တရားလိုပြသက်သေတချို့သည် သတင်းထောက်နှစ်ဦးထံက ဖမ်းမိသည့် စာရွက်စာတမ်းများသည် အများပြည်သူသိရှိပြီးသာ အချက်အလက်များဖြစ်ကြောင်း ထွက်ဆိုခဲ့သလို တရားပြသက်သေတဦးဖြစ်သည့် ဒုရဲမှူး မိုးရန်နိုင်ကလည်း သတင်းထောက်နှစ်ဦးကို ရဲတပ်ဖွဲ့က ထောက်ချောက်ဆင်ကာ ဖမ်းဆီးခဲ့ခြင်းသာဖြစ်ကြောင်း ဖွင့်ချထွက်ဆိုထားသည်။
၎င်းထွက်ဆိုချက်များသည် ၎င်းတို့စတင်ဖမ်းဆီးခံရချိန်ကတည်းက သတင်းမီဒီယာအဖွဲ့အစည်းများနှင့် နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်း၏ ရဲတပ်ဖွဲ့အပေါ် သံသယရှိမှုများကို သက်သေထူပေးခဲ့ခြင်းဖြစ်ပေသည်။
ထောက်ချောက်ဆင်ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး အခြားသောရဲသက်သေများက ပြန်လည်ငြင်းဆိုထွက်ဆိုမှုများလည်း ပြုလုပ်ခဲ့ကြပေသည်။
ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့ ဖော်ထုတ်ရေးသားခဲ့သည့် အင်းဒင်ကျေးရွာ လူသတ်မှုဖြစ်စဉ်အား တပ်မတော်က စုံစမ်းစစ်ဆေးအဖွ့ဲဖွဲ့စည်းကာ စိစစ်မှုများပြုလုပ်ခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့လေသည်။
ထိုသို့ပါဝင်ပတ်သက်မှုအတွက် လုံခြုံရေး အရာရှိ/စစ်သည် ၇ ဦးကိုလည်း ထောင်ဒဏ် ၁၀ နှစ်စီ နယ်ဘက်အကျဉ်းထောင်များတွင် ကျခံစေရန် အမိန့်ချမှတ်ထားသည်။
ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့က အင်းဒင်ကျေးရွာသတင်းအား အမှန်တရားအတွက် ဖော်ထုတ်ခဲ့ခြင်းသာဖြစ်ပြီး သတင်းမီဒီယာကျင့်ဝတ်နှင့်အညီသာ လုပ်ဆောင်ခဲ့ကြောင်းနှင့် နိုင်ငံတော်အပေါ် သစ္စာဖောက်ခဲ့ခြင်းမဟုတ်ကြောင်းတို့ကို တရားရုံးချိန်းများတွင် တောက်လေ ျှာက်ပြောဆိုခဲ့သည်။
ယနေ့တရားရုံးသို့ ရောက်လာခဲ့ကြသည့် သူတွေအတွက် တရားရုံး၏ ရက်ရွေ့မှုကို မချင့်မရဲ ဖြစ်ခဲ့ကြပြီး မျှော်လင့်ချက်အတွက် စိတ်မသက်မသာဖြစ်စေခဲ့သည်။
လာမည့် စက်တင်ဘာ ၃ ရက်နေ့တွင်လည်း အကောင်းဆုံးမျှော်လင့်ချက်များဖြင့် တရားရုံးသို့ ရောက်လာကြဦးမှာ အသေအချာပင်ဖြစ်သည်။