အကျဉ်းထောင် အတွင်း ပြစ်ဒဏ်ခံနေရသည်မှာ လေးလကျော်လာပြီ ဖြစ်သည့် သူ၏ သွင်ပြင်သည် အနည်းငယ် ချောင်ကျလျက် ရှိပြီး ထောင်တံခါးများ နောက်တွင် ကုန်လွန်နေရသည့် နေရက်များသည် စိတ်ပျက် ငြီးငွေ့ဖွယ်ပင် ဖြစ်နေသည်ဟု ဇနီးဖြစ်သူ မတူးတူးက ဒု ရဲမှူးဟောင်း ဦးမိုးရန်နိုင် ၏ အခြေအနေကို ပြန်ပြောပြသည်။
မှန်သည်ထင်ရာကို ပြတ်ပြတ်သားသား ဆုံးဖြတ်လုပ်ကိုင် တတ်သည့် ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်သည် ရဲတပ်ဖွဲ့၏ ထောင်ချောက်ဆင် ဖမ်းဆီးမှု အကြောင်း ဖွင့်ချထွက်ဆိုခဲ့ပြီးနောက် ထောင်ဒဏ် တနှစ် ပြစ်ဒဏ် ခံနေရခြင်း ဖြစ်သည်။
သူယုံကြည် ချစ်ခင်ခဲ့သည့် ရဲတပ်ဖွဲ့ အရာရှိတချို့၏ လုပ်ရပ်များအား ပြန်စဉ်းစားမိသည့် အချိန်တိုင်းတွင် မယုံကြည် နိုင်ခြင်း၊ မခံမရပ်ဖြစ်ခြင်းများ အတွက် ထောင်ဝင်စာတွေ့ချိန်များတွင် ဇနီးဖြစ်သူကို တခါတရံ ရင်ဖွင့် တတ်သေးသည်။
“ရဲမှူးချုပ် တင်ကိုကိုက ဘာဖြစ်လို့များ ငါ့ကို ဒီလိုမျိုး လုပ်ရက်ရတာလဲ ငါမေးချင်တယ်”ဟု ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင် က ဇနီးဖြစ်သူ မတူးတူးအား ပြောသည်။
မတူးတူးအနေနှင့်လည်း ရဲမှူးချုပ် တင်ကိုကိုအား ပြောချင်နေသည်မှာ ထိုအတိုင်းပင် ဖြစ်သည်ဟု ဆိုသည်။
ပြစ်ဒဏ်ခံနေရသည့် ဦးမိုးရန်နိုင်ကတော့ ချုပ်ရက်ပင် ခံစားခွင့်မရခဲ့သည့် သူ၏အဖြစ်ကို ထောင်တွင်းကပင် ပြည်ထဲ ရေး ဝန်ကြီး ဌာနထံ အယူခံ တင်ပြနိုင်ရေး ဆက်လက် ကြိုးပမ်းနေလေသည်။
သူသည် Reuters သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ဖမ်းဆီးခံရသည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ တွင်ပင် ဖမ်းဆီးချုပ်နှောင်ခံရပြီး ၂၀၁၈ ခုနှစ် ဧပြီလတွင်မှ ရဲစည်းကမ်း ဥပဒေဖြင့် ထောင်ဒဏ် တနှစ် ချမှတ်ခံရခြင်း ဖြစ်သည်။
အယူခံတင်ပြနိုင်ရန် ထောင်တွင်းမှပင် ကြိုးပမ်းနေသည့် သူ့အတွက် အခက်အခဲများလည်း ရှိနေပြီး လိုအပ်သည့် ထောင်ကျမိန့် ရရှိရေးကိုပင် အချိန် သုံးလခန့် စောင့်ဆိုင်းခဲ့ရကြောင်းလည်း သိရသည်။
ယင်း ဖြစ်စဉ်များ အတွက် သူ့အပေါ် မခံစားစေချင်တော့သည့် မတူးတူးကတော့ ထောင်ဝင်စာ တွေ့ခွင့်ရချိန်လေးများ တွင် စိတ်ထိခိုက်စရာ အကြောင်းများအား ခပ်မြန်မြန်ပင် စကားစ သတ်လေ့ရှိသည်ဟု ဆိုသည်။
“စိတ်နာတာတော့ တော်တော်နာတယ်၊ ဘဝနဲ့ရင်းလိုက်ရတာ၊ ဘဝတွေပျက်ပြီး မိသားစုတွေ ကစင့်ကလျား ဖြစ်ကုန် တာ”ဟု မတူးတူးက ပြောပြသည်။
တခါတရံ အချိန်များမှာတော့ “ထောင်ကျတော့လည်း ပြန်လွတ်လာရင် ငါတို့ဘာသာ အေးအေးဆေးဆေး ကျူရှင် ပြန်ပြ စားကြတာပေါ့”ဟု ပြောဆိုကာ သူ့အနေဖြင့် စိတ်ဖြေတတ်လေသည်ဟုလည်း ဆိုသည်။
နံနက် ၇ နာရီ ထောင်တိုက်အခန်းများ ဖွင့်ချိန်တွင် သူ့အနေနှင့် ကျန်းမာရေး အတွက် လေ့ကျင့်ခန်း လုပ်နေတတ် သလို တတိုက်တည်း နေရသည့် သူများနှင့်လည်း ဝိုင်းဖွဲ့စကားပြောရင်း အချိန်ကုန်ဆုံး စေတတ်သည်။
အေးဆေးစွာ နေတတ်သည့် သူ့အပေါ် ထောင်တွင်း ရောက်နေစဉ်တွင် ဖိအားပေးမှုများ မရှိကြောင်းလည်း သိရသည်။
သူစကားဝိုင်ဖွဲ့ တွေ့ဆုံသူများထဲက ဒါရိုက်တာ မိုက်တီး၊ မင်းအုပ်စိုး၊ မိုးအောင်ရင် တို့နှင့် တွေ့ဖြစ်ပုံများကိုလည်း မှတ်မှတ်ရရပင် ဇနီးဖြစ်သူအား ပြန်ပြောပြတတ်သည်။
ထို ပြောပြချက်များထဲတွင် “ဒီမိုကရေစီရတဲ့အခါ ခင်များအကြောင်း ရုပ်ရှင်ရိုက်ချင်တယ်”ဟု ဒါရိုက်တာ မိုက်တီးက ပြောဖူးသည့် အကြောင်းလည်း ပါသည်။
သူ၏ ထောင်ထဲက နေ့စဉ် တွေ့ကြုံရသည်များအား ပြောပြသည့် အခါများတွင် ရခိုင်ပြည်နယ်တွင် အတူ တာဝန် ထမ်းဆောင် ခဲ့ဖူးသည့် ထောင်ကျ ရဲဘော်လေး တဦးအား ပြန်တွေ့ဖြစ်ပုံလည်း တခါတရံ ပါလာတတ်သည်။
မိသားစု အခြေအနေ နိမ့်ပါးပုံရသည့် ထိုရဲဘော်လေးထံ ထောင်ဝင်စာတကြိမ်သာ လာရောက်တွေ့ဆုံခဲ့ပြီး ယင်းသို့လာ ရောက်စဉ် ပေးအပ်ခဲ့သည့် စားစရာထုပ်မှာလည်း အခိုးခံလိုက်ရသည်ဟု ဦးမိုးရန်နိုင်က ဇနီးဖြစ်သူအား ပြောပြသည်။
မိသားစု အတွက်ပင် သိပ်စိတ်မပူတတ်သည့် ဦးမိုးရန်နိုင်သည် ထိုရဲဘော်အတွက် စိတ်ပူပြီး စားသောက်ရေး အတွက် လိုအပ်သည့်အခါ သူ့ဆီလာခဲ့ဖို့ မှာတတ်သလို သူ၏ ထောင်အခန်း တံခါးတွင်လည်း ဗိုက်ဆာသူ အလွယ်တကူ ယူစား နိုင်ရန် ငှက်ပျောသီများ ချိတ်ဆွဲထားလေ့ ရှိကြောင်းလည်း သိရသည်။
“သူ့အခန်းမှာ ဆွဲဆွဲထားတဲ့ ငှက်ပျောသီးတွေ ၃ ရက်လောက်ဆို တဖီးကုန်ကုန် တတ်တယ်လို့ ပြောတယ်၊ သူ ကုသိုလ် ယူတဲ့ အနေနဲ့ လုပ်တာပါလို့လည်း ပြောပြတယ်”ဟု မတူးတူးက ပြောသည်။
ဇနီးဖြစ်သူ တဦးတည်း ထောင်ဝင်စာ လာတွေ့သည့်နေများတွင် နှစ်ဦးစလုံးအတွက် တည်တည်ငြိမ်ငြိမ်ပင် ရှိတတ်ပေ မယ့် သားသမီး လိုက်ပါလာသည့် အခါများတွင် စိတ်မကောင်းဖြစ်၍ ငိုခဲ့ရကြောင်း မတူးတူးက ဆိုသည်။
မတူးတူးအတွက်တော့ ထောင်ဝင်စာ လာတွေ့ဖို့ကပင် အခက်အခဲများရှိပြီး မိသားစု ရပ်တည်ရေးအတွက် ဦးမိုးရန်နိုင် ၏ ညီအစ်ကို မောင်နှမများကသာ ထောက်ပံ့ပေးနေခြင်း ဖြစ်ကြောင်း ရှင်းပြသည်။
ခင်ပွန်းဖြစ်သူအား ထောင်ချလိုက်ပြီးနောက် မတူးတူးအနေဖြင့်လည်း ခင်ဦးမြို့ရှိ ယောက္ခမဖြစ်သူထံ သွားရောက် နေထိုင်ခဲ့ပြီး သမီးငယ်အား နေပြည်တော်မှ ခင်ဦးသို့ ကျောင်းပြောင်းခဲ့ရသည်ဟု မတူးတူးက ပြောသည်။
ဦးမိုးရန်နိုင် အနေဖြင့် သူကိုယ်တိုင် သက်သေအနေဖြင့် ဖော်ထုတ်ဖွင့်ချခဲ့သည့် ရိုက်တာ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ အကြောင်းကို သူ့အနေနဲ့ တစုံတရာ မပြောလိုတော့သော်လည်း ၎င်းတို့၏ ရုံးချိန်းများကိုတော့ နားစွင့် နေတတ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်က Reuters သတင်းထောက် ၂ ဦးကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေဖြင့်ပင် ထောင် ၇ နှစ်စီ ပြစ်ဒဏ် ချမှတ်လိုက်သည့် အပေါ်ကိုမူ ဦးမိုးရန်နိုင် အနေနှင့် မည်သို့ မှတ်ချက် ပေးမည် ဆိုသည်ကို လည်း သူနှင့် တွေ့ခွင့်မရသေး၍ မသိရှိရပေ။
ထိုအမှုတွင် ဖွင့်ချထွက်ဆိုအပြီး ထောင်ဒဏ် ချမှတ်ခံရသလို မိသားစုများပါ ရဲလိုင်းခန်းက ဖယ်ရှားပေးရန် နှင်ထုတ် ခံခဲ့ ရသော်လည်း သူ၏ ထွက်ဆိုချက်များအတွက် ဘယ်မိသားစုဝင်များကမှ အပြစ်ဟု မမြင်ခဲ့ကြဟု ဆိုသည်။
ဖွင့်ချ ထွက်ဆိုရဲသည့် သူ့လုပ်ရပ်သည် “ရဲတပ်ဖွဲ့ဝင်တွေမှာလည်း သူ့အဆင့်နဲ့သူ ဂုဏ်သိက္ခာရှိပါတယ်”ဆိုသည့် သူ၏ စကားနှင့် ထပ်တူ ကျနေသည်။
“သူမှန်တာပြောလို့ပဲ ထောင်ချလိုက်တာလေ၊ ဒါအမှန်တရားပဲ၊ မြေကြီး လက်ပုတ်တာကမှ လွဲဦးမယ်၊ သူမှန်လို့ကို ပြောခဲ့တာ၊ ကျမသူ့ကို ယုံတယ်”ဟု မတူးတူးက ဆိုသည်။
ဦးမိုးရန်နိုင်ကတော့ ရဲတပ်ဖွဲ့သို့ ဝင်ရောက်မိခဲ့ခြင်းအပေါ် တခါတရံ နောင်တရမိသကဲ့သို့ ပြောဆိုခဲ့သည်များလည်းရှိပြီး ကျူရှင်ဆရာ အဖြစ်သာ ဆက်လက်လုပ်ကိုင်ခဲ့ပါက အဆင်ပြေနေနိုင်ကြောင်းလည်း ပြောပြတတ်သည်။
ခင်ပွန်းဖြစ်သူ ထိခိုက်ခံစားရမှုများနှင့် ပတ်သက်လို့တော့ ဇနီးဖြစ်သည့် မတူးတူးက ဖြစ်ပျက်သမျှအား ကံတရား ကြောင့် ဟုသာ ပြန်လည် ဖြေသိမ့်လေ့ ရှိသော်လည်း သားသမီးများနှင့် ပတ်သက်၍ ဘယ်သောအခါမှ ရဲတပ်ဖွဲ့သို့ ဝင် ရောက်ရန် ခွင့်ပြုမည် မဟုတ်ကြောင်းလည်း မတူးတူးက ဆုံးဖြတ်ထားလေသည်။
ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များမှ ဦးမိုးရန်နိုင်ရော မတူးတူးပါ စိုးရိမ်နေသည့် အကြောင်းအရာ တခုကလည်း ရှိနေ ခဲ့သည်။
“အမှန်တရားတွေ ဖော်ထုတ်ကြတဲ့အခါ သူ့လိုပဲ အလုပ်ခံရလိမ့်မယ် ဆိုပြီး အမှန်တရား ပြောမယ့်သူတွေ ပျောက်ကုန် မှာ သူလည်း စိုးရိမ်တယ်”ဟု မတူးတူးက ပြောသည်။
ချုပ်ရက်များ ခံစားခွင့်ရရန် ကြိုးပမ်းနေသည့် ဦးမိုးရန်နိုင် အတွက်တော့ အမှန်တကယ်ပင် ချုပ်ရက်များ ခံစားခွင့် ရခဲ့ လျှင် မကြာမီ လွတ်မြောက်ရန်လည်း မျှော်လင့် နေပါသည်။ ။