ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်သည် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်ရေးအတွက် UNESCO သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ မရှိတို့ကို မကြာမီ လာရောက် စစ်ဆေးတော့မည် ဖြစ်သည်။
ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ အကြံပေးအဖွဲ့ ဖြစ်သည့် International Council on Monuments and Sites (ICOMOS)မှ ကျွမ်းကျင် ပညာရှင်အဖွဲ့ က မြန်မာတို့၏ ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုဇုန်သို့ လာရောက် ကာ သတ်မှတ်ထားသည့် Critera ၊ Outstanding Universal Value တို့နှင့် ကိုက်ညီမှုရှိမရှိ၊ ထိန်းသိမ်း စောင့် ရှောက်ထားမှုများ ရှိမရှိ တို့ကို လာမည့် စက်တင်ဘာ ၁၅ ရက်နေ့တွင် စစ်ဆေးရန် ရှိနေသည်။
ICOMOS အဖွဲ့သည် ၁၀ ရက်ကြာ နေထိုင်ကာ ၎င်းတို့၏ စစ်ဆေးတွေ့ရှိချက် Evaluation report ကို UNESCO သို့ ပေးပို့မည် ဖြစ်ပြီး လာမည့် ၂၀၁၉ ခုနှစ် အဇာဘိုင်ဂျန် နိုင်ငံတွင် ကျင်းပမည့် ၄၃ ကြိမ်မြောက် World heritage committee အစည်း အဝေး က ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းသင့် မသွင်းသင့် ဆုံးဖြတ်ပေလိမ့်မည်။
ထိုသို့ ဆုံးဖြတ်ရာတွင် တကြိမ်တည်းနှင့် Inscribed အမည်စာရင်းဝင် အဖြစ် သတ်မှတ်မည်လော၊ သို့တည်းမဟုတ် Refered ဆိုသည့် အမည်စာရင်းဝင်ရန် လိုအပ်သည့် အချက်အလက်များကို တနှစ်အတွင်း ပြင်ဆင်၍ တင်သွင်းရမည်ဟု ဆုံးဖြတ်မည် လော၊ သို့မဟုတ် အမည်စာရင်းဝင်ရန် အစမှ ပြန်လည်ဆောင်ရွက်ပြီး တင်သွင်းရမည်ဆိုသည့် Defered ပင် သတ်မှတ်မည် လော၊ နောက်ဆုံးအဆင့် Not to be Inscribed ဆိုသည့် အမည်စာရင်း သတ်မှတ်ရန် မဖြစ်နိုင်ခြင်း နေရာ ဖြစ်သည် ဆိုသည့် အဆင့်ကို သတ်မှတ်မည်လော ဆိုသည်ကိုမူ စောင့်မျှော်ရပါမည်။
စတုရန်း ကီလိုမီတာ ၅၀ ခန့်ရှိသည့် ပုဂံ သည် ၉ ရာစုမှ စတင်ကာ ၁၃ ရာစုတိုင်အောင် ပထမ မြန်မာနိုင်ငံတော် အဖြစ် တည်တံ့ ခဲ့ပြီး ရာဇဝင်သည်ကား ရှည်လျား၏။ ပုဂံခေတ်ဦးက တည်ထားသည့် ဘူးဘုရား၊ ငကျွဲနားတောင်း စသည့် ပုထိုး များမှာ ၇ ရာစု ခန့်က တည်ခဲ့သည့် သရေခေတ္တရာမှ ပျူလက်ရာဖြစ်သည့် ဘောဘောကြီး၊ ဘုရားမာ၊ ဘုရားကြီး တို့၏ ပုံစံများကဲ့သို့ပင်၊ ပုထိုး တည်ပုံ ဆင့်ကဲ ဖြစ်စဉ်သမိုင်း (Evolution) အရ ပျူပြီးလျှင် ပုဂံသည် တဆက်တစပ်တည်း ဟုပင် ဆိုနိုင်သည်။
ထိုသို့ ပုဂံသည် ပျူ၊ မွန်၊ မြန်မာတို့၏ အနုပညာ လက်ရာ မြောက်မြားစွာဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး၊ ကျန်စစ်သား မင်းကြီး ရွှေစည်းခုံ စေတီတော်ကြီးကို တည်ချိန် ခရစ် ၁၀၈၆ ခုနှစ်က ကမ္ဘာ၌ အမေရိက ဟူသည့် တိုင်းပြည်ပင် မတည်ရှိ သေးကြောင်း ကို စာရေးဆရာ ကျော်အောင်က ပုဂံမိုး၊ ပုဂံမြေ၊ ပုဂံဘုရားနှင့် ပုဂံသားတွေ စာအုပ်တွင် ညွှန်းဆို၏။
လက်ရှိတွင်လည်း ရှင်သန်နေဆဲ ရှေးဟောင်းအဆောက်အအုံ ၃၅၀၀ ကျော်ရှိပြီး ပုဂံ၏ အခြေခံဖြစ်သည့် ဗုဒ္ဓဘာသာဝင်တို့၏ ရိုးရာဓလေ့ ကုသိုလ်ကောင်းမှု ပြုလုပ်သည့် အလေ့အထများမှာ ပွဲတော်များ၊ အထိမ်းအမှတ်ပွဲများနှင့် ပုံမှန် အစဉ်လိုက် ဆင်နွှဲ လေ့ ရှိသော ပွဲတော်များ စသည့် ဒြပ်မဲ့ အမွေအနှစ်များလည်း ရှိနေသေးသည်။
အလားတူ မိရိုးဖလာ နတ်ကိုးကွယ်မှုကို ကြည့်မည်ဆိုပါကလည်း ပုဂံ၏ အရှေ့တောင်ဘက် မိုင် ၄၀ ခန့် အကွာရှိ ပုပ္ပါးတောင် တွင် မင်းမဟာဂီရိ နတ်မောင်နှမ အပါအဝင် နတ်ကွန်းများလည်း ရှိသည့် နည်းတူ ပုဂံခေတ်က အသုံးပြုခဲ့သည့် ရေသုံးစွဲမှု စနစ် နှင့် ရေဝေရေလဲ နေရာများဖြစ်သည့် မြကန် ကိုလည်း တိကျစွာ ဖော်ပြနိုင်သည်။
ထိုကဲ့သို့ ရှည်လျားသော သမိုင်းကြောင်း၊ အနုပညာလက်ရာများနှင့် ပြည့်နှက်နေသည့် ပုဂံကို ယခုအခါ ပျူမြို့ဟောင်း များ ကဲ့သို့ ယူနက်စကို၏ အသိအမှတ်ပြု ရှေးဟောင်းနယ်မြေတခု ဖြစ်လာစေရန် အများက ဝိုင်းဝန်းလုပ်ဆောင် နေကြသည်။
တကယ်တော့ ပုဂံရာဇဝင်ကို တုတ်ထမ်းပြောရမည်ဟု လူကြီးသူမများ ပြောဆိုသကဲ့သိုပင် ခေတ်သစ် ပုဂံအခြေအနေက ရှုပ်ထွေး လှပေသည်၊ အရပ်ဘက် အဖွဲ့အစည်းများ အပါအဝင် အစုအဖွဲ့တွေကလည်း များသလို အကျိုးစီးပွားကလည်း အများကြီး စုဝေး နေသဖြင့် တုတ်သာမက လက်နက်မျိုးစုံ ကိုင်ဆောင်ကာ ပြောရမည်လား ဟုပင်မသိ။
ရှုပ်ထွေးလှသည့် အကျိုးစီးပွားများက တိုးချဲ့နေသည့် ဟိုတယ်များ၊ ရှေးဟောင်း ဘုရားများကြား ပျံသန်းခွင့်ပေးထားသည့် Hot Air Ballon ခေါ် မိုးပျံပူဖောင်း စီးပွားရေး၊ Air Bus ကဲ့သို့သော လေယာဉ်ကြီးများ ဆင်းသက်နိုင်မည့် ပုဂံ-ညောင်ဦး လေဆိပ် အား Eco Airport အဖြစ် ပြောင်းလဲမည့် စီမံကိန်း၊ နန်းမြင့်မျှော်စင်၊ ပုဂံဂေါက်ကွင်း၊ ဒေသဖွံ့ဖြိုးရေး အကြောင်းပြု၍ ဟိုတယ် ဇုန် (၄) တောင်ဘက်၌ အမြင့်ပေ ၃၀၀ကျော် (မီတာ ၁၀၀)ရှိ အဝေးကြည့် လူစီးမျှော်စင် စီမံကိန်း၊ ရှုမျှော်ခင်းကြည့် လူလုပ် ကုန်း များ တည်ဆောက်ခြင်း၊ သရပါတံခါး ပြဿနာ၊ မြေယာရှုခင်း အလှကို ဖျက်ဆီးမည့် လျှပ်စစ်မီးတိုင်များ၊ ဆက်သွယ်ရေး တာဝါ တိုင် များ၊ ရှေးဟောင်း အဆောက်အအုံများအနီး ဈေးသည်များ ရှိနေခြင်းနှင့် အမှိုက်ပြဿနာ၊ အနိမ့်ဆုံးအဆင့် ဒေသခံ တချို့ ကမ္ဘာ့အမွေအနှစ် ဗဟုသုတ အားနည်းခြင်း၊ ဘုရားပုထိုးများအတွင်း မသင့်လျော်သော ဝတ်စားဆင်ယင်မှုများဖြင့် ဓာတ်ပုံ ရိုက်ကူးခြင်းတို့ အထိပါဝင်သည်။
လူပြောအများဆုံး အဓိကအကျဆုံးကို မီးမောင်းထိုးပြပါက ဟိုတယ်ပြဿနာပင် ဖြစ်ပြီး မုဆိုးမပင် ဘုရားတည်သည့် ခေတ်က လို စီးပွားရေး အမျှော်အမြင်ရှိသူတို့ ဆောက်လုပ်ထားသည့် ဟိုတယ်များက မှိုလိုပေါက်မတတ်၊ တချို့ဆိုလျှင် ရှေးဟောင်း ဘုရားများ ကိုပါ မိမိ ပိုင်နက်အတွင်း ထည့်သွင်း တည်ဆောက်ထားကြ၏။
တကယ်တော့ ပုဂံရှိ ဟိုတယ်များမှာ အစိုးရ အဆက်ဆက် ကတည်းက တည်ဆောက်ထားခြင်း ဖြစ်ပြီး ဟိုတယ်ပေါင်း ၁၅၀ ကျော် ရှိရာ တချို့မှာ တရားဝင် ဖွင့်လှစ်ထားသကဲ့သို့ တချို့သည်လည်း တရားဝင် မဟုတ်ပေ၊ အစိုးရက ဟိုတယ်ဇုန်ကို အကွက်ဖော် ခဲ့သော်လည်း ညောင်ဦး၊ မြို့ဟောင်း၊ မြို့သစ်တွင်သာ အများအားဖြင့် ဖွင့်လှစ်ထားကြသည်။
ထို့အတွက် ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် တိုးချဲ့လာသည့် ဟိုတယ်နှင့် တည်းခိုခန်းများနှင့် ပတ်သက်၍ ICOMOS မှ ချမှတ်ခဲ့ သည့် ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်များအတွက် ယဉ်ကျေးမှု အမွေအနှစ် အပေါ် သက်ရောက်မှု အကဲဖြတ်ချက် ဆိုင်ရာ လမ်းညွှန်ချက် (၂၀၁၁) နှင့် အညီ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ အမွေအနှစ်များ အတွက် သက်ရောက်မှုဆိုင်ရာ ဆန်းစစ် လေ့လာ အကြံပြု တင်ပြချက်များ (HIA) ပြုလုပ်ခဲ့သည်။
HIA ဆန်းစစ်ချက်များအရ တချို့သော ဟိုတယ်များမှာ ဆောက်လုပ်ခွင့်ရရှိသော်လည်း ဟိုတယ်လုပ်ကိုင်ခွင့် လိုင်စင်မရှိသေး၊ တချို့မှာ မသင့်လျော်သော ဗိသုကာလက်ရာများ အလှဆင်ခြင်း၊ တချို့မှာ ရှေးဟောင်း သုတေသနဇုန်(AZ)နှင့် အဆောက် အအုံ တည်ရှိရာ ဇုန် (MZ) အတွင်း ကျူးကျော် ဝင်ရောက် ဆောက်လုပ်ခြင်း၊ ရေဆိုးထုတ်လုပ်မှု စနစ် မရှိခြင်းတို့ကို တွေ့ရှိခဲ့သည်။
စီးပွားရေး လုပ်ငန်းရှင်ကြီးတဦးပိုင် ဟိုတယ်ကြီးတလုံးဆိုလျှင် စတုရန်းမီတာ ၁၈၁၈၃၀ ရှိ မြေဧရိယာပေါ်တွင် တည်ဆောက် ထားပြီး အခန်းပေါင်း ၁၅၀ ခန့်ပါဝင်ကာ လူပေါင်း ၄၀၀ ဆန့် ခန်းမကျယ်ကြီး၊ အစည်းအဝေးခန်းမများ၊ Business room များ စာကြည့်တိုက်၊ ထမင်းစားခန်း၊ စားသောက်ခန်းမ၊ ရေကူးကန် ၃ ကန်၊ Community centre၊ Spa ၊ ရေကန်၊ ဝန်ထမ်းအိမ်ရာ နှင့် အဆောက်အအုံ နေရာများကို သွားသော လမ်းများပါဝင်သည်။ သို့သော် ယင်းဟိုတယ်ကြီး၏ ပရဝုဏ်အတွင်း Bagan Inventory List ပါ အကျုံးဝင်သော အဆောက်အအုံ ၂၁ ခု ရှိနေ၏။
ထိုသို့ ဟိုတယ်သစ်များ တိုးချဲ့လုပ်ကိုင်စဉ် ဆောက်လုပ်ရေး လုပ်ငန်း လုပ်ဆောင်ခြင်းနှင့် မြေယာရှုခင်းများ ပြုပြင်ခြင်း တို့က ရှေးဟောင်းသုတေသန ရင်းမြစ်များကို ထိခိုက်ပျက်စီးစေခဲ့ပြီး မြင်ကွင်းကို ထိခိုက်စေခြင်း၊ မြေပေါ်မြေအောက် သာသနာရေး အဆောက်အအုံများကို ထိခိုက်စေခဲ့သည့်အတွက် ဆောက်လုပ်ခြင်းကို ရပ်တန့်စေကာ ဖျက်သိမ်းပြီး ဟိုတယ်ဇုန် ၄ ကဲ့သို့ ယဉ်ကျေးမှု အမွေအနှစ် နယ်မြေပြင်ပတွင် ပြန်လည်နေရာချထားရန် အကြံပြုခဲ့သော်လည်း နောက်ပိုင်းတွင်မူ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ က ဆောက်လုပ်ခွင့်ပြုခဲ့သည်ဟု သိရသည်။
ယင်းလုပ်ရပ်က ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသအား UNESCO ၏ အသိအမှတ် ပြုခံယူရေး လုပ်ငန်းစဉ်၌ အနှောင့်အယှက် ဖြစ်နိုင်မည့် အကြောင်းအရာတခု ဖြစ်လာနိုင်သကဲ့သို့ ပုဂံမြို့ရိုး နောက်ဆုံးလက်ကျန် တံခါးပေါက်ဖြစ်သည့် သရပါကာရ (မြားကာ တံခါး)ဟု အမည်ရသည့် သရပါတံခါး ဝင်ပေါက်မှ ယာဉ်ဖြတ်သန်းခြင်း ပိတ်ပင်ထားမှုကို ICOMOS အဖွဲ့ လာရောက် စစ်ဆေးခါနီး အချိန်တွင် ယာဉ်ငယ်များ ဖြတ်သန်းခွင့် ပေးလိုက်ခြင်း၊ မြေယာရှုခင်းပြုပြင်မှုများ ပြုလုပ်ခြင်းများက ပုဂံဒေသနှင့် ရှေးဟောင်း အမွေအနှစ် ချစ်မြတ်နိုးသူများအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့သည်။
ထိုဖြစ်ရပ်များကြောင့် အရေးကြီးသည့် အချိန်တွင် မလိုလားအပ်သော စီမံခန့်ခွဲမှုအမှားများမှတဆင့် ကမ္ဘာ့ အမွေအနှစ် စာရင်း ဝင် အဖြစ် သတ်မှတ်နိုင်ရေး နှောင့်နှေးသွားမည်ဆိုပါက တိုင်းပြည်၏ ဂုဏ်သိက္ခာနှင့် ပြန်လည် အစားထိုးမရသော အမွေ အနှစ် များ ဆုံးရှုံးပျက်စီးခြင်းများ ထပ်မံပေါ်ပေါက်မည် ဆိုပါက မည်သူ မည်သည့် အဖွဲ့အစည်းမှ တာဝန်ယူမည်ဆိုသည်ကို မြန်မာ နိုင်ငံ ရှေးဟောင်း သုတေသနပညာ အသင်းက မေးခွန်းထုတ်ခဲ့သလို ပြုလုပ်ခဲ့သည့် အမှားများနှင့် ပတ်သက်၍ ပုဂံ အမွေအနှစ် စီမံခန့်ခွဲရေး အဖွဲ့ကို တရားစွဲဆိုရန် ရှိကြောင်း ပြောဆိုမှုများလည်း ထွက်ပေါ်နေသည်။
သို့သော် တဖက်မှ ပြန်ကြည့်လျှင် ၂၀၁၆ ခုနှစ်က ဖြစ်ပွားခဲ့သည့် ငလျင်အတွင်း ဘုရားစေတီ ၃၉၇ ဆူ ထိခိုက်ပျက်စီးခဲ့ရာ UNESCO အပါအဝင် နိုင်ငံတကာ ပညာရှင်များ၏ အကြံဉာဏ် လမ်းညွှန်ချက်ဖြင့် ပြင်ဆင်ခြင်း အပါအဝင် ချက်ချင်း တုံ့ပြန် ဆောင်ရွက်နိုင်မှု၊ အိန္ဒိယ၊ တရုတ်၊ ဂျာမနီ၊ ကိုရီးယား စသည့် နိုင်ငံများနှင့် ဘုရားပုထိုးများနှင့် နံရံဆေးရေး ပန်းချီတို့ကို ပြုပြင် ရန် သဘောတူညီချက်များ ဆောင်ရွက်နိုင်ခြင်းကလည်း လျစ်လျူရှု၍ မရသည့် အသိအမှတ်ပြုရမည့် အချက်များပင် ဖြစ်သည်။
ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်နေ့ကမူ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးက ဟိုတယ် လုပ်ငန်းရှင်များ နစ်နာမှု မရှိစေရေး၊ ပုဂံဒေသတခုလုံး ရေရှည်အကျိုးစီးပွား လွှမ်းခြုံသက်ရောက်မှု ရှိစေရေး၊ ရှေးဟောင်းအမွေ အနှစ်ဒေသ ထိခိုက်မှုမရှိစေရေး ဆိုကာ ရှဉ့်လည်း လျှောက်သာ ပျားလည်းစွဲသာမည်ဟု ယူဆရသည့် လုပ်ငန်းစဉ်များ ချပြခဲ့ပြီးနောက် UNESCO ၏ မူဘောင် အရ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း တချို့သောကိစ္စရပ်များမှာ ကန့်သတ်မှုများရှိသော်လည်း အဘက်ဘက်က အဆင် ပြေ နိုင်မည့် အစီအမံများကို စီစဉ်ထားကြောင်း၊ အားလုံး မင်္ဂလာရှိသော အဖြေများ ထွက်ပေါ်လာမည်ဟု မျှော်လင့် ကြောင်း ပြောဆိုသည်။
ထိုသို့ အားလုံးမင်္ဂလာရှိသော အဖြေထွက်၊ မထွက်ကို စောင့်ကြည့်ရမည်ဖြစ်ပြီး ယခုလာရောက် စစ်ဆေးမည့် ပညာရှင်များ ပါဝင် သည့် ICOMOS အဖွဲ့အနေဖြင့် ပြဿနာများစွာနှင့် ပြည့်နှက်နေသည့် ပုဂံရှေးဟောင်းဒေသ၏ လက်ရှိအခြေအနေများ အပေါ် မည်သို့ အကဲဖြတ်မည်နည်းဆိုသည်ကား ICOMOS ၏ အစီရင်ခံစာကို စောင့်လင့်ရုံမှတပါး အခြားမရှိတော့ဟု ဆိုရမည် ဖြစ်ပါ သည်။ ။