ဘိုးစဉ်ဘောင်ဆက် ရှေးပဝေသဏီကနေ ယနေ့အထိ အမြတ်တနိုး ဝတ်ဆင်လာကြတဲ့ ရိုးရာ ချည်ထည် ရောင်စုံတွေ ငွေ အလှအဆင်တန်ဆာတွေ ဝတ်ဆင်တာကို အပြီးတိုင် စွန့်လွှတ်လိုက်ဖို့ အတွက် ရူဂျင်း မျိုးနွယ်စုဝင် တချို့က ဆုံးဖြတ် နေကြပါတယ်။
သူတို့ဟာ ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့နယ် မက်မွန်လောင်း ကျေးရွာ၊ ဆိုင်မွန် ကျေးရွာ နဲ့ ကုန်ပေါင်း ကျေးရွာ တွေမှာ နေထိုင်ကြတဲ့ ပလောင် (တအန်း) အနွယ်ဝင် ရူဂျင်း (ရူစိင်း) မျိုးနွယ်စုတွေပါ။
အခြား ကျေးရွာဒေသနဲ့ မြို့တွေမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားပေါင်းစုံက ခေတ်နဲ့အညီ ဝတ်ဆင် သွားလာနေကြတဲ့ ကြားထဲမှာ သူတို့ရဲ့ရိုးရာဓလေ့ကို ထိန်းသိမ်းတဲ့ အစဉ်အလာဟာ ကြောက်စရာကောင်းတဲ့ အသွင်အပြင် တခုအဖြစ် မြင်ကြမှာကို သူတို့ စိုးရိမ်နေကြတာပါ။
မက်မွန်လောင်း၊ ဆိုင်မွန်နဲ့ ကုန်ပေါင်း ကျေးရွာသူ ကျေးရွာသားတွေကို ထိတ်လန့်စိတ်ဝင်အောင် ပြုလုပ်ခဲ့တာကတော့ လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာမှာ သြဂုတ်လ ၁၈ ရက်က ပျံ့နှံ့သွားတဲ့ ရုပ်သံမှတ်တမ်းတခု ဖြစ်ပါတယ်။
ထိုရုပ်သံ မှတ်တမ်းထဲမှာ မက်မွန်လောင်း ကျေးရွာက ရွာသူရွာသားတွေ ပွဲကျင်းပနေတာကို ကားပေါ်က ရိုက်ယူထား တာ ဖြစ်ပြီး ရုပ်သံကို ဖေ့စ်ဘုတ်မှာ တိုက်ရိုက်လွှင့်ပြီး “ထူးဆန်းဖွယ်ရာ နော်။ ဒီရွာက ကျတ်တွေလား မသိဘူး။ ကြောက်စရာကြီး”လို့ ပြောဆိုခဲ့တာပါ။
Live လွှင့်ခဲ့သူကတော့ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းပျဉ်းမြို့နယ်မှာ နေထိုင်တဲ့ ဒေါ်ခင်မေထွန်း ဖြစ်ပြီး သူအသုံးပြု တဲ့ Yuri Miko ဖေ့စ်ဘုတ် အကောင့်မှာ လွှင့်ခဲ့တာ ဖြစ်ပါတယ်။
ဒေါ်ခင်မေထွန်းက နမ့်စန်မြို့နယ် မက်မွန်လောင်း ကျေးရွာအနီးက ပြည်ထောင်စု လမ်းမကြီး တလျှောက် ကားစီး လာစဉ် လပြည့် လကွယ် အပျိုလူပျိုပွဲ ကျင်းပနေတဲ့ ရူဂျင်း မျိုးနွယ်စုတွေကို တွေ့ပြီး သရဲသဘက် ကျတ်တွေ လူသား စား မျိုးနွယ်စုတွေလို့ ဆိုကာ Live လွှင့်ပြီး မမြင်ဘူးသူတွေလည်း ကြည့်ကြဖို့ ဖိတ်ခေါ် ခဲ့တာပါ။
Live ထဲမှာ ဒေါ်ခင်မေထွန်းက “ကျတ်လို တစ္ဆေလိုရွာကြီး ဒီLive ကို ကြည့်တဲ့ သူတွေ မြင်ရခဲတယ်။ သေချာကြည့် ထား။ ညမှတွေ့ရတာ။ ညတောင် လပြည့်လကွယ်နီးမှ သရဲလို ကျတ်လိုတွေ ထွက်လာတာ။ တနေကုန်ဆို ဒီရွာကြီးက လူမရှိဘူး။ အခုကြည့်ထား။ သေချာကြည့်ထားကြ။ တခေါက် (ကား) ပြန်ကွေ့ပြီး ပြတာ”လို့လည်း ပြောပါတယ်။
မြင်တွေ့နေရတဲ့ လူတွေဟာ ကြောက်စရာကောင်းကြောင်း၊ ထူးဆန်းကြောင်း နေ့အချိန်တွင် မမြင်ရကြောင်း အကြိမ် ကြိမ် ပြောဆိုခဲ့ပြီး“ကြည့်ရတာ ရင်တောင်တုန်တယ်။ သူတို့ ရယ်လိုက်ရင် ပိုဆိုးသေးတယ်။ သူတို့သွားတွေက မည်း မည်း ကြီးတွေ သူတို့က လူသားစားတဲ့ လူတွေ ဟိုးခေတ်တုန်းကတောင် မဟုတ်ဘူး။ ဦးသန်းရွှေ ခေတ်လောက်ကကို လူသားစားတယ်။ နိုင်ငံတော် အစိုးရက ရအောင် ဖော်ထုတ်ပြီး မြို့ Highway လမ်းမှာ နေရာပေးလိုက်တာ”လို့ လည်း ပြောပါတယ်။
လပြည့် လကွယ်ညတွင် ညလုံးပေါက် မအိပ်ဘဲ လမ်းပေါ်ထွက်နေသဖြင့် ကြောက်စရာ ကောင်းကြောင်း ပြောကာ ဒေါ်ခင်မေထွန်းက “နေ့ဆို အဲ့ဒီလူတွေ တယောက်မှ ရှာမတွေ့ဘူး။ ဒီမှာ နေတာ နှစ်ပေါင်းကြာပြီ တခါမှ မမြင်ဖူးဘူး။ ငယ်ငယ်တုန်းက ပုံပြင်လိုမျိုး ကြားဖူးတာ လူသားစားတဲ့ လူတွေလေ အဲ့ဒါက”လို့လည်း ဆိုပါတယ်။
လူ တယောက်ယောက်ကို သူတို့အုပ်စုထဲ ထည့်လိုက်ရင် တစစီဖြစ်သွားနိုင်တယ် လို့လည်း ဒေါ်ခင်မေထွန်းက ပြောပါ သေးတယ်။
အမှန်ကတော့ ရူဂျင်း မျိုးနွယ်စုတွေဟာ လပြည့်လကွယ် ညတွေမှာ လမ်းမတွေပေါ် စုဝေး ထွက်လာကြပြီး အပျိုလူပျို ပွဲ ကျင်းပလေ့ရှိကြတာ သူတို့ အစဉ်အဆက် ထိန်းသိမ်း ကျင်းပလာတဲ့ ရိုးရာ ဓလေ့ပွဲ တခုပါ။
လပြည့် လကွယ် ညတွေမှာ ညလုံးပေါက် အပျိုလူပျိုပွဲ ကျင်းပပြီး ပွဲကတော့ ကျေးရွာမှာ နေထိုင်တဲ့ ရူဂျင်း မျိုးနွယ်စု ထဲက အပျိုလူပျိုတွေ လမ်းမပေါ် ထွက်လာကာ တဦးနဲ့တဦး သဘောကျရင် ချစ်ရေးဆို စကားပြောကြတာပါ။
ရူဂျင်း မျိုးနွယ်စုတွေဟာ ရှေးကျတဲ့ ရိုးရာဓလေ့အတိုင်း နေထိုင်ကျင့်သုံးနေကြဆဲ ဖြစ်ပြီး အရှက် အကြောက်ကြီး ကြ သူတွေလည်း ဖြစ်ပါတယ်။
ရူဂျင်း မျိုးနွယ်စုတွေကို ရွှေသွားမျိုးတွေလို့လည်း ခေါ်ဝေါ်ကြတာ ရှိပါတယ်။ အကြောင်းရင်းကတော့ သူတို့ သွားတွေ ကို ရွှေကွပ်ပြီး အလှဆင်ကြလို့ပါ။
နောက်ထပ် ရိုးရာဓလေ့တခု ရှိပါသေးတယ်။ အဲ့ဒါကတော့ ရူဂျင်း မျိုးနွယ်စုတွေထဲက ယောက်ျား လေးတွေက ငယ်စဉ် ကနေ အသက်ရွယ်ကြီးတဲ့ အထိ ဆံပင်ကို မဖြတ်တောက်ဘဲ သဘာဝအတိုင်း အရှည်ထားကြတာပါ။
အမျိုးသမီးတွေကတော့ ငယ်ရွယ်စဉ် အိမ်ထောင်မကျခင်ထိသာ ဆံပင်ရှည်ထားပြီး အိမ်ထောင် ကျရင်တော့ သူတို့ ဆံနွယ်တွေ အကုန်လုံးကို ခေါင်းကနေ အပြောင် တုံးပစ်လေ့ရှိကြပါတယ်။
လူပျိုတဦးက အပျိုမိန်းကလေးတဦးကို မေတ္တာရှိရင် တိုက်ရိုက်သွားပြောဖို့ မဝံ့ရဲကြတာကြောင့် အောင်သွယ်တော်နဲ့ ပြောခိုင်းတာ ဒါမှမဟုတ် ရေဒီယို ကက်ဆက် သီချင်းလေးတွေဖွင့်ပြီး ပြောတာမျိုးနဲ့ ကြိုးစားကြတာပါ။
သြဂုတ်လ ၁၈ ရက် ညပိုင်းကလည်း သူတို့ ကျင်းပနေကျ အပျိုလူပျိုပွဲကို ကျင်းပနေတုန်း ဒေါ်ခင်မေထွန်းက Live လွှင့်ပြီး ပြောခဲ့တာ ဖြစ်ပါတယ်။
ဒေါ်ခင်မေထွန်းရဲ့ လူမှုကွန်ရက် စာမျက်နှာက တဆင့် ရုပ်သံမှတ်တမ်းကို ပြန်လည် ဖြန့်ဝေ ကြည့်ရှုကြတာက လူ ၃ သိန်း လောက် အထိ ပျံ့နှံ့ သွားပါတယ်။
ရုပ်သံမှတ်တမ်း ပျံ့နှံ့လာတဲ့ အခါမှာ ပလောင် (တအန်း) လူငယ်တချို့က မှားယွင်းနေကြောင်း ပြောဆိုခဲ့ပေမယ့် ဒေါ်ခင်မေထွန်း ကတော့ လက်ခံခဲ့ခြင်း မရှိပါဘူး။
ဒေသခံတွေကလည်း သူတို့ကို သရဲသဘက် ကျတ်လို့ ပြောပြီး လူသားစားတဲ့ မျိုးနွယ်တွေလို့ ပြောခံရတာကို သိတော့ သူတို့ ထိတ်လန့်ပြီး အပြင်ကို ထွက်ဖို့တောင် ကြောက်သွားကြပါတယ်။
လူမှုကွန်ရက်မှာလည်း ပျံ့နှံ့နေတာကြောင့် ဒေါ်ခင်မေထွန်းကို မှားကြောင်း ဝန်ခံပြီး နစ်နာသွားတဲ့ ဒေသခံတွေကို တောင်းပန် ဖို့ မြန်မာနိုင်ငံ ပလောင်စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ၊ နမ့်စန် မြို့နယ်၊ တအန်း လူငယ် စွမ်းရည် မြှင့်တင်ရေး အဖွဲ့၊ တအန်း ဂီတနှင့် ရုပ်ရှင် အစည်းအရုံး၊ နမ့်စန်မြို့နယ် တအန်း စာပေနှင့် ယဉ်ကျေးမှု ကော်မတီ၊ မန္တလေး တအန်း လူငယ်များအပြင် အခြားအဖွဲ့အစည်း ၁၉ ဖွဲ့တို့က ထုတ်ပြန်ကြေညာချက်တွေ အသီးသီး ထုတ်ပြန် ခဲ့ ပါတယ်။
ဒါပေမယ့် ကာယကံရှင်ကတော့ ဒေသခံတွေကို ဆက်သွယ်လာတာ မရှိပါဘူး။
ရိုးရာဝတ်စုံတွေနဲ့ လူကြားထဲသွားလာဖို့ စိုးရိမ်စိတ် ဝင်နေတဲ့ ဒေသခံတွေကို နမ့်စန်မြို့နယ်က စာပေနဲ့ ယဉ်ကျေးမှု အဖွဲ့တွေ၊ လွှတ်တော်အမတ်နဲ့ မြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက သွားရောက်တွေ့ဆုံပြီး ဖျောင်းဖျ ထားကြတယ် လို့ သိရပါတယ်။
နမ့်စန်မြို့နယ် တအန်း လူငယ် စွမ်းရည်မြှင့်တင်ရေး အဖွဲ့က မိုင်းအိုက်မိုင်းက ဒေသခံတွေကို ရိုးရာဓလေ့ ယဉ်ကျေးမှု တွေကို မစွန့်လွှတ်လိုက်ဘဲ ယခင်အတိုင်းပဲ နေဖို့အတွက် သူတို့ သွားပြော ခဲ့တယ်လို့ ပြောပါတယ်။
“ကျနော်တို့တွေ လာတွေ့ပြီး သူတို့ကို ရိုးရာဓလေ့တွေ မစွန့်လွှတ်ဖို့ ဖြစ်ခဲ့တာကို စိတ်ထဲ မထားဖို့နဲ့ ရဲ တပ်ဖွဲ့က ဆို လည်း အမှုဖွင့်တာနဲ့ ချက်ချင်း ဆောင်ရွက်ပေးမယ် ဆိုတာတွေ သူတို့ကို ပြောပြတယ်။ အဲ့ဒီတော့ သူတို့ကလည်း အရင်ကဆို အားကိုးစရာ မရှိဘဲ ကြောက်နေရတာ။ အခုလို ဝိုင်းပြောပေးတော့ စိတ်သက်သာရာ ရတယ်လို့ ပြန်ပြော တယ်”လို့ မိုင်းအိုက်မိုင်းက ဆိုပါတယ်။
ရိုးရာယဉ်ကျေးမှု ဓလေ့တွေကို ပြောင်းလဲ စွန့်လွှတ်ပစ်လိုက်တာမျိုး မလုပ်ဖို့ကိုလည်း ရပ်ရွာလူကြီးတွေ ရှေ့မှာ ကတိ ပေးခဲ့ကြတယ်လို့ သိရပါတယ်။
မိုင်းအိုက်မိုင်းက“ကျနော်တို့က ပြေပြေ လည်လည်လည်ပဲ အဆင်ပြေသွားချင်လို့ သူတို့ (ဒေါ်ခင်မေထွန်း) များ ဆက် သွယ် လာမလား ဆိုပြီး အချိန်ပေးထားတာ။ ဒီကြားထဲ ဆက်သွယ်လာရင် ရွာလူကြီးနဲ့ ကျေအေးလိုက်ရင် ပြဿနာက အဲ့ဒီလောက်ထိ မဖြစ်တော့ဘူး။ သူ့ဘက်က မတောင်းပန်ရင်တော့ အမှုဖွင့်ဖို့ စီစဉ် ထားပါတယ်”လို့ ပြောပါတယ်။
တဖက်မှာလည်း ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ မန်တုံမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဒေါ်နန်းမိုးက ပလောင် (တအန်း) လူမျိုးတွေကို စော်ကား ပြောဆိုတဲ့ ဒေါ်ခင်မေထွန်းကို ဥပဒေနဲ့ အညီ အရေး ယူ ပေးဖို့ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန တို့ကို တိုင်ကြား ထား ပါတယ်။
ဒေါ်နန်းမိုးကတော့ ဒေါ်ခင်မေထွန်းရဲ့ပြောဆိုဖြန့်ဝေမှုက ပလောင် (တအန်း) လူမျိုး တခုလုံးကို ထိခိုက်ပြီး အများက အမြင် မှားနိုင်ကြောင်း၊ ဒေါ်ခင်မေထွန်း၏ လုပ်ရပ်က ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ လွတ်လပ်စွာ ကိုးကွယ်ယုံကြည် ခွင့်၊ တိုင်းရင်းသား အခွင့်အရေး နဲ့ နိုင်ငံသား အခွင့်အရေးတွေ ကိုပါ ချိုးဖောက်တာကြောင့် ဥပဒေအရ ပြင်းပြင်း ထန်ထန် အရေးယူပေးမှ ကျေနပ်နိုင်မယ်လို့ ဆိုထားပါတယ်။
သာသနာရေး ဝန်ကြီးဌာနကတော့ လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ပေးဖို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန၊ တိုင်းရင်းသား ရေးရာ ဝန်ကြီးဌာနတို့ကို ညွှန်ကြားစာ ပေးပို့ထားတယ် လို့ ဆိုပါတယ်။
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန သတင်း ပြန်ကြားရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက “ကျနော် တို့ သြဂုတ်လ ၃၀ ရက်က ဒီကိစ္စကို လိုအပ်သလို ညှိနှိုင်း ဆောင်ရွက်ပေးဖို့ ပို့ဆောင်ရေး ဝန်ကြီးဌာန နဲ့ တိုင်းရင်းသား ရေးရာ ဝန်ကြီးဌာနကို စာပို့ထားပါတယ်”လို့ ပြောဆိုပါတယ်။
တိုင်းရင်းသား ရေးရာဝန်ကြီးဌာန၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန တို့ ဘက်ကတော့ ဒီကနေ့ထိ တစုံတရာ ထုတ်ပြန် ပြောဆိုတာမျိုး မရှိသေးပါဘူး။
ဧရာဝတီက ဆက်သွယ် မေးမြန်းကြည့်ရာမှာတော့ အဆိုပါ ဝန်ကြီးဌာန ၂ခုလုံး ဒီဖြစ်ရပ်မှာ ရူဂျင်း မျိုးနွယ်စုတွေ အပေါ် မဟုတ်မမှန် စွပ်စွဲခံရတာနဲ့ ပတ်သက်ပြီး တစုံတရာ လုပ်ဆောင်ပေးဖို့ ဝန်ကြီးဌာနတွေက ဆုံးဖြတ်ထားတာ မရှိသေးကြောင်းနဲ့ ကာယကံရှင်တွေ ကိုယ်တိုင်က နစ်နာသူတွေ ဖြစ်တာကြောင့် နစ်နာသူတွေက သက်ဆိုင်ရာ တရားရုံးကို သွားပြီး တရားစွဲဆိုသင့်တယ်လို့ ဆိုပါတယ်။
ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ပြန်ပြုပြင်ထားတဲ့ ဥပဒေမှာဆိုရင် နစ်နာ သူ ဒါမှမဟုတ် နစ်နာသူက လွဲတဲ့သူက သက်ဆိုင်ရာ တရားရုံးမှာ တရားစွဲဆိုနိုင်တယ်လို့ ပါရှိပါတယ်လို့ ပြောပါတယ်။
ဦးမျိုးဆွေက ဆက်သွယ်ရေး ကွန်ရက်တခုကို အသုံးပြုပြီး နစ်နာအောင် ပြောဆိုခြင်းနဲ့ ပတ်သက်ပြီး နစ်နာတဲ့ ဒေသခံ များက တိုက်ရိုက် တရားစွဲဆို သင့်တယ်လို့ ဆိုပါတယ်။
တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းနိုင် ကလည်း ရူဂျင်း မျိုးနွယ်စုတွေ အနေနဲ့ တရားရေး အရ ဖြေရှင်းမယ် ဆိုရင် နစ်နာသူတွေက တိုက်ရိုက် တရားစွဲခြင်းက ပိုသင့်တော်တယ်လို့ ပြောဆိုပါတယ်။
ဒါပေမယ့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနကလည်း ထိုကိစ္စနဲ့ ပတ်သက်ပြီး ကြေညာချက် တစောင် ထုတ်ပြန်ဖို့ ရုံးတွင်း မှာ စီစဉ်နေတယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။
ဦးဝင်းနိုင်က “ဒေါက်တာ အယ်လ်တူးမိန်းဂေါင် တို့ကတော့ စာထုတ်ဖို့ စီစဉ်နေပါတယ်။ ဘာတွေပါတယ် ဆိုတာတော့ ထွက်လာရင် စောင့်ကြည့်ပါ”လို့ ဆိုပါတယ်။
လပြည့်လကွယ် ရက်တိုင်း ကျင်းပနေကျ ပွဲကို ကျင်းပရင်း မဟုတ်မမှန် ပြောဆို ဖြန့်ဝေခံလိုက်ရတဲ့ နမ့်စန်မြို့နယ်က ရူဂျင်း မျိုးနွယ်စုဝင်တွေကတော့ ဗမာစကားတောင် ရေရေလည်လည် မပြောနိုင်ကြတာကြောင့် တရားရုံးမှာ သွား တိုင် ကြားပြီး တရားစွဲဆိုဖို့ ဆိုတာတွေကို မလုပ်ကိုင် တတ်ကြပါဘူး။
ကိုမိုင်းအိုက်မိုင်းကတော့“တရားစွဲဆိုဖု့ိ အတွက် ဒေသခံတွေဆီက ကိုယ်စားလှယ် လွှဲစာလိုမျိုး ယူပြီးတော့ ကျနော်တို့ စာပေနဲ့ ယဉ်ကျေးမှုက တဦးဦးက တရားစွဲဆိုရမှာပေါ့။ အဲ့ဒီ အတွက်လည်း ကျနော်တို့ ပြင်ဆင်ထားပါတယ်” လို့ ဆိုပါ တယ်။
မန်တုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုး က ယခုဖြစ်သွားတဲ့ ကိစ္စရပ်မှာ တိုင်းရင်းသား မျိုးနွယ်စု များ အပေါ် စော်ကားသွားသည့် လုပ်ရပ်ဖြစ်သဖြင့် အစိုးရအာဏာပိုင် များဘက်မှ တရားစွဲဆို ပေးရမယ်လို့ ယုံကြည် ပြီး တစုံတရာ မလုပ်ဆောင် ပေးပါက လွှတ်တော်မှာ ထပ်မံ မေးမြန်း တောင်းဆို သွားမယ်လို့ ပြောပါတယ်။
လက်ရှိမှာတော့ မဟုတ်မမှန် စွပ်စွဲခံထားရတဲ့ ရူဂျင်း မျိုးနွယ်စုတွေဟာ ပြည်တွင်းက တိုင်းရင်းသား လူမျိုးတွေထဲမှာမှ ရှေးမူမပျက် ရိုးရာဓလေ့ တွေကို ယနေ့ထိ ထိန်းသိမ်းနေတဲ့ လူနည်းစုတွေဖြစ်ပါတယ်။
အိမ်နီးချင်း နိုင်ငံတွေ ဖြစ်တဲ့ အိန္ဒိယ၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ တရုတ် စတဲ့ နိုင်ငံတွေမှာ တိုင်းရင်းသား မျိုးနွယ်စုတွေ ရဲ့ ယဉ်ကျေးမှုရိုးရာ၊ ဝတ်စားဆင်ယင်မှုနဲ့ ဓလေ့ထုံးတမ်း တွေကို လွတ်လွတ်လပ်လပ် ကျင့်သုံးနေထိုင်ခွင့်တွေ ရှိသလို ဥပဒေအရ အကာအကွယ် ပေးထားတာတွေလည်း ရှိပါတယ်။
မြန်မာနိုင်ငံမှာတော့ တိုင်းရင်းသားလူမျိုး၊ လူနည်းစု မျိုးနွယ်စုတွေရဲ့ ရိုးရာယဉ်ကျေးမှု၊ စာပေနဲ့ ဓလေ့ထုံးတမ်း စဉ်လာ တွေဟာ ကိုယ်ထူကိုယ်ထ ထိန်းသိမ်းနေရတဲ့ အခြေအနေမှာပဲ ရှိနေပါ သေးတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုလောက်အထိ တောင်ပေါ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးတွေဟာ လူသားစားသူတွေ စုန်းကဝေတွေ အဖြစ် ပါးစပ်ရာဇဝင်နဲ့ လူကြီးတွေကနေ ကလေးတွေကို လက်ဆင့်ကမ်း ပြောဆိုလာကြတဲ့ လုပ်ရပ် အမှား တွေကလည်း ရှိခဲ့ပါသေးတယ်။
လက်ရှိမှာတော့ မဟုတ်မမှန် စွပ်စွဲ ပြောဆိုခံထားရလို့ ရိုးရာဓလေ့တွေ ကိုတောင် စွန့်လွှတ်ဖို့ စဉ်းစားနေကြတဲ့ ရူဂျင်း မျိုးနွယ် စုတွေ အတွက် တရားမျှတမှုက ဘယ်လိုရှိမလဲ။
တိုင်ကြားထားတဲ့ ဝန်ကြီးဌာနတွေက လည်း အရေးယူ ဆောင်ရွက်ပေးတာ မရှိဘဲ ဒီအတိုင်း မေ့ဖျောက် လိုက်ကြ မလား ဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ။
ဆက်စပ် ဖတ်ရှုရန် ပလောင်များအား ပုတ်ခတ်သူ အရေးယူပေးရန် တောင်းဆို