“ကျမတို့ ဒုတိယထပ်က ပြတင်းပေါက်တခုကို ခွဲပစ်လိုက်ရတယ်။ တကယ်လို့ ရေထပ်တက်လာရင် အနည်းဆုံးတော့ ကျမတို့ ထွက်စရာ လမ်းရတာပေါ့။”
သြဂုတ်လ ၁၁ ရက်နေ့တွင် မာရီကီနာ Marikina မြို့၏ တူမာနာTumana ရပ်ကွက်မှ ဇေလ်ဂျန် အီလီဂါဒို Zildjien Eligado ၏ နေအိမ်ကို ရေလွှမ်းမိုးသွားခဲ့သည်။ မြို့တော် မနီလာကို ကာဒင် Karding အပူပိုင်းမုန်တိုင်း တိုက်ခတ်ခဲ့သည့် အချိန်တွင် ဖြစ်သည်။
လေတိုက်နှုန်းက တနာရီလျှင် ၉၀ ကီလိုမီတာကျော်သို့ ရောက်ရှိလာပြီး မြို့တော်၏ မြစ်က ၁၇ မီတာ ကျော်မြင့်တက် လာသည့် အချိန်တွင် မာရီကီနာ မြို့ခံ ၁၄၀၀၀ ကျော် သူတို့၏နေအိမ် များကို စွန့်ခွာခဲ့ရသည်။
“ကျမတို့ အိမ် ဒုတိယထပ်မှာ ရေကျသွားတဲ့ အထိ နာရီအနည်းငယ် နေခဲ့ရတယ်။ နောက်တော့ ပိုပြီးမြင့်တဲ့နေရာ မှာ ရှိတဲ့ ပါရန်း Parang ရပ်ကွက်က ကျမရဲ့ ညီမ အိမ်ကို ပြောင်းရွှေ့ခဲ့ကြပါတယ်။”
သြဂုတ်လ ၂၀ ရက် ရောက်သည့် အခါ ဇေလ်ဂျန် အီလီဂါဒို နှင့် သူ၏ မိသားစုတို့ အိမ်သို့ ပြန်ခဲ့ကြသည်။ သို့သော် လည်း ကလေး ၃ ယောက်မိခင် ဇေလ်ဂျန် အီလီဂါဒို အတွက် အခက်အခဲများ ရှိနေသည်။
“ကျမတို့ တခြားသူတွေဆီက ပိုက်ဆံချေးခဲ့ရတယ်။ အဲဒါမှ ကျမတို့ ဘဝ ပြန်စလို့ရမယ်။ အစားအစာ ရှားပါးတော့ ဝယ်ဖို့ ခက်တယ်။ ဈေးတွေက တက်နေတယ်။ ဆန်က တကီလိုကို ၄၂ ပီဆိုကနေ အခု ၄၈ ပီဆို ဖြစ်သွားတယ်။ ဟင်းသီးဟင်းရွက်ဈေးတွေကလည်း ရေမကြီးခင်က ၅ ပီဆိုလောက်ကနေ ၁၀ ပီဆိုလောက် အထိ တက်သွားတယ်။”
စိန်ခေါ်မှုများ ရှိနေသည့်တိုင် ဇေလ်ဂျန် အီလီဂါဒို က ထိုနေရာမှာပင် ဆက်လက် နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။
“ဒီနေရာနဲ့ ကျမတို့က အသားကျနေပြီ။ ဒါက အိမ်ပဲ။ နောက်ပြီးတော့ လူမှုဖူလုံရေးနဲ့ ဖွံ့ဖြိုးရေး ဌာနကနေ ကျမတို့ အထောက်အပံ့တွေရတယ်။ တလကို ပီဆို ၅၀၀ လောက်ရတယ်။ အဲဒါက ကျမတို့ရဲ့ ကျန်းမာရေးကုန်ကျစရိတ်ကို ကာမိတယ်။ အစိုးရကလည်း ရေလွှမ်းမိုးမှုကို တားဆီးဖို့အတွက် မာရီကီနာ မြစ်တလျှောက်မှာ တံတိုင်းတခု တည်ဆောက်နေတယ်။”
အမှန်တကယ်တွင် ဖိလစ်ပိုင်နိုင်ငံသည် ၎င်း၏ အခြေခံ အဆောက်အဦးကို အကြီးအကျယ် တိုးမြှင့်နေသည်။ သမ္မတ ဒူတာတေး က ထိုအစီအစဉ်ကို “ဆောက်၊ ဆောက်၊ ဆောက်” ဟု ကင်ပွန်းတပ်ခဲ့သည်။ နောက်လာမည့် ၆ နှစ် အတွင်းတွင် သူ၏ အစိုးရက “အာရှ၏ လူမမာ” ဆိုသည့် သူ့တိုင်းပြည်၏ ဂုဏ်ပုဒ်ကို အဆုံးသတ်ရန် အားထုတ်မှုတခု အနေဖြင့် လေဆိပ် ၆ ခု၊ ရထားလမ်း ၉ခု၊ ဆိပ်ကမ်း ၄ ခုနှင့် လမ်းတံတား ၃၂ ခုကို အမေရိကန်ဒေါ်လာ ၁၈၀ ဘီလီယံ အသုံးပြု၍ တည်ဆောက်သွားရန် ကတိပြုထားသည်။
အသက် ၇၃ နှစ်အရွယ်ခေါင်းဆောင်က မြို့တော်မနီလာ ရေလွှမ်းမိုးမှု စီမံခန့်ခွဲရေး စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၈၄.၇၉သန်း အသုံးပြုရန်လည်း ကတိပြုထားသည်။ စီမံကိန်းတွင် ရေစုပ် စက်ရုံသစ် ၂၀ လည်း ပါဝင် လိမ့်မည် ဖြစ်သည်။ စီမံကိန်းက ၂၅ နှစ်ကြာမြင့်လိမ့်မည်ဟု မျှော်လင့်ရသည်။ သို့သော်လည်း တိုးတက်မှုက နှေး ကွေးနေခဲ့သည်။
“အစိုးရက ရေစုပ် စက်ရုံတွေ ဆောက်မယ်လို့ ကျမကြားရတယ်။ ကျမ အခုထက်ထိ အဲဒါတွေကို မမြင်ရသေးဘူး။ ဒါကြောင့် အခုအထိတော့ အဲဒါက အစီအစဉ် တခု သက်သက်ပဲလို့ထင်တယ်” ဟု ဇေလ်ဂျန် အီလီဂါဒို က ထပ်ပြောသည်။
လိုအပ်နေသည်မှာ ဒီတခုတည်း မဟုတ်ပါ။
ဇေလ်ဂျန် အီလီဂါဒို က အနည်းငယ် စိတ်ပျက်ပုံ ဖြင့် ဆက်ပြောသည်။ “ဒူတာတေး အခုချိန်အထိ မာရီကီနာကို တခေါက်မှ မလာဘူး။”
လူဦးရေက သန်းဝက် ကျော်ရှိသော်လည်း မာရီကီနာ စီးတီးက မာလာကာနန် Malacanang (သမ္မတ နန်းတော်) ၏ ဆောင်ရွက်ရန် စာရင်းမှ ပြုတ်ကျန်နေခဲ့သည့် အသွင်ရှိပါသည်။
အမှန်တကယ်တွင် လာရောက်ရန် စီစဉ်မှု ၃ ကြိမ် အထိရှိခဲ့ပါသည်။ သို့သော်လည်း အားလုံး ပယ်ဖျက်ခြင်းခံခဲ့ ရသည်။ အများပြည်သူအတွက် စိတ်ပျက်ဒေါသ ဖြစ်စရာတခုမှာ သမ္မတ အစား သူ၏ အထူးလက်ထောက် ဖြစ်သူက သမ္မတ နှင့် ပုံစံတူလုပ်၍ ဖျော်ဖြေသူ တဦးနှင့် အတူ ရောက်လာခဲ့ခြင်း ဖြစ်သည်။
#NasaanAngPangulo: # (ငါ့သမ္မတ ဘယ်မှာလဲ) ဟူ၍ အွန်လိုင်းပေါ်တွင် ပျံ့ပွားသွားခြင်းကို တုန့်ပြန်မှု ၄၀၀၀ ကျော်ရှိခဲ့သည်။
နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ဇူလိုင်လ ၂၉ ရက်နေ့က လမ်းဘုဂ် Lombok ကျွန်းကို မြေငလျင်တခု ပထမဆုံး တိုက်ခိုက်ခဲ့သည့် အချိန်မှ စ၍ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒို Joko Widodo က ကျွန်းပေါ်သို့ ၃ ကြိမ်တိုင်တိုင် သွားရောက် ခဲ့ပြီး ဖြစ်သည်။ ငလျင်ဘေးမှ လွတ်မြောက်လာခဲ့သူများနှင့်အတူ အာရှ အားကစားပွဲတော် ပိတ်ပွဲကိုပင် ကြည့်ခဲ့သေးသည်။
ပြည်သူ့ ဘက်တော်သား အဖြစ်ပြောဆိုခံယူထားသော ဒူတာတေး ၏ ပျက်ကွက်မှုက သူ့ကို အမာခံထောက်ခံသူများကိုပင် စိတ်ပျက်စေခဲ့သည်။
သို့သော် ဇေလ်ဂျန် အီလီဂါဒို ကဲ့သို့သူများကတော့ အရေးမစိုက်သည့် အသွင်ရှိပါသည်။
“ကျမက ဂရုမစိုက်ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျမက ဒူတာတေးကို မဲ မပေးခဲ့ဘူး။ ကျမက အကွီနို Aquino ကို မဲပေးခဲ့တာ”
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)