ရုံးလုပ်ငန်းခွင်ထဲ မွန်းကျပ်လာလို့ အပန်းဖြေခရီး ထွက်ချင်တာပဲဖြစ်ဖြစ်၊ မိသားစုလိုက် အပျော်ခရီး ထွက်တာပဲဖြစ်ဖြစ် အိမ် နီးချင်း နိုင်ငံရပ်ခြားတွေဆီ သွားရောက်လည်ပတ်ပြီး မတူညီတဲ့ ရိုးရာယဉ်ကျေးမှုတွေကို ခံစားကြတဲ့ ဓလေ့တွေ အခုဆိုရင် ပြည်တွင်းမှာ အတော်လေး ခေတ်စားလာပါပြီ။
လူကြီးလူငယ် အများစုက ဝေးလံတဲ့ နိုင်ငံရပ်ခြား ခရီးတွေကို ရက်ရှည်သွားဖို့ထက် စနေ၊ တနင်္ဂနွေလို ရုံးပိတ်ရက်မျိုးမှာ နေရာစုံ လည်ပတ်နိုင်မယ့် ရက်တိုအပန်းဖြေခရီးတွေကို ပိုစိတ်ဝင်စားကြပါတယ်။ အများဆုံး သွားရောက်လည်ပတ်လေ့ ရှိ ကြတာကတော့ အိမ်နီးချင်း ထိုင်းနိုင်ငံက ဘန်ကောက်၊ ချင်းမိုင်တို့ပဲ ဖြစ်ပါတယ်။
ဘန်ကောက်လို့ ပြောလိုက်တာနဲ့ ခေတ်မီတိုက်တာ အဆောက်အအုံတွေ၊ ဈေးဝယ်စင်တာကြီးတွေနဲ့ မိုးပျံရထားတွေကို အရင်ဆုံး တွဲမြင်မိကြမှာပါ။ ဒါပေမယ့် ဘန်ကောက်မှာ သွားလည်လေ့မရှိပေမယ့် တကယ့်ကို သွားရောက်လည်ပတ် ကြည့် ရှုသင့်တဲ့၊ မတူညီတဲ့ စိတ်ခံစားမှုတွေကို ပေးမယ့် နေရာတွေ များစွာရှိနေသေးပါတယ်။
အဲအေးရှား လေကြောင်းလိုင်းရဲ့ ဖိတ်ကြားချက်အရ “AirAsia IndoChina Media Gathering & FAM Trip to Bangkok: Bangkok 48-Hour Discovery” ခရီးစဉ်ကို စက်တင်ဘာ ၇ ရက်ကနေ ၉ ရက်အထိ မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နိုင်ငံတွေက မီဒီယာတွေနဲ့အတူ သွားရောက်လေ့လာခဲ့ပါတယ်။
ဒီခရီးစဉ်မှာ ဘန်ကောက်ရဲ့ Sukhumvit ဧရိယာ အလယ်မှာတည်ရှိတဲ့ Four Points by Sheraton Bangkok မှာ တည်းခို ခဲ့တာဖြစ်ပါတယ်။ မိုးပျံရထားစီးဖို့ ငါးမိနစ်လောက်ပဲ လမ်းလျှောက်ရပြီး ဘန်ကောက်ရဲ့ နာမည်ကြီးတဲ့ Terminal 21 ဈေး ဝယ်စင်တာနဲ့လည်း နီးတာမို့ သွားလာရအဆင်ပြေတဲ့ ဟိုတယ်တခု ဖြစ်ပါတယ်။
ဒီခရီးစဉ် တလျှောက်မှာ ကြုံတွေ့ခဲ့ရတဲ့ သွားနေကျပုံစံမျိုး မဟုတ်တဲ့ နေရာအသစ်လေးတွေကို ပြန်လည်မျှဝေ ပေးချင်ပါတယ်။
(၁) Bang Nampueng Floating Market
ထိုင်းနိုင်ငံရဲ့ စိုက်ပျိုးရေးထွက်ကုန်တွေ ရောင်းရဖို့ ရည်ရွယ်ပြီး Bang Nampueng Floating Market ကို ၂၀၀၄ ခုနှစ်မှာ တည်ဆောက် ခဲ့တာပါ။ ကျောက်ဖုရား (Chao Phraya) မြစ်ရဲ့ တူးမြောင်းတလျှောက်မှာ တည်ရှိတဲ့ ဒီဈေးကို လူနေရပ်ကွက်တွေက ဝန်းရံ ထားပါတယ်။ မြို့ထဲကနေ ကိုယ်ပိုင်ကားနဲ့ သွားမယ်ဆိုရင် ၁ နာရီ ကျော်လောက်တော့ အချိန်ယူရပါမယ်။
ဈေးထဲမှာ ဒေသထွက် ချိုမြလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ၊ အလှစိုက် အပင်မျိုးစုံ၊ ထိုင်းရိုးရာ အချိုမုန့် တွေနဲ့ အမှတ်တရ ပစ္စည်းဆိုင်တွေ ရှိတာမို့ ရွေးချယ်ဝယ်ယူစရာတွေ များပြားလွန်းလှပါတယ်။
တခုသတိပြုရမှာက ဒီဈေးကို စနေ၊ တနင်္ဂနွေ နှစ်ရက်တည်းမှာ နံနက် ၈ နာရီကနေ နေ့လယ် ၂ နာရီထိပဲ ဖွင့်လှစ်တာ ဖြစ် ပါတယ်။
(၂) Bangkok’s Green Lung: Khung Bang Kachao
Chao Phraya မြစ်ကွေးတခုမှာ တည်ဆောက်ထားတဲ့ ကျွန်းတခုဖြစ်ပြီး အနောက်ဖက်စွန်းမှာတော့ တူးမြောင်းတခု ရှိပါ တယ်။ ဘန်ကောက်မြို့တော်ရဲ့ တောင်ဘက်ပိုင်းမှာ တည်ရှိပြီး ၁၆ စတုရန်းကီလိုမီတာ ကျယ်ဝန်းပါတယ်။
လူဦးရေ အနည်းငယ်သာရှိတဲ့ ဒီကျွန်းမှာ အစဉ်အလာအားဖြင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြပါတယ်။ မြို့ပြနဲ့မတူတဲ့၊ သန့်ရှင်းလတ်ဆတ်တဲ့ လေကောင်းလေသန့်တွေ ရှူရှိုက်ခွင့်ရတဲ့ ဒီကျွန်းကို ဘန်ကောက်ရဲ့ ‘green lung’ လို့လည်း ရည် ညွှန်းလေ့ ရှိကြပါတယ်။
ကျွန်းတဝိုက်က စိမ်းစိမ်းစိုစို သဘာဝ ရှုခင်းတွေကို ခံစားကြည့်ရှုဖို့ မိမိကြိုက်နှစ်သက်ရာ စက်ဘီးကို ငှားရမ်းပြီး လှည့်လည် သွားလာနိုင်ပါတယ်။ ငါးစာကျွေးဖို့ ပေါင်မုန့် ဝယ်လို့ရပါတယ်။
ပေါင်မုန့်ဝယ်ပြီးလို့ ဆယ်မိနစ်လောက် စက်ဘီးစီးပြီးရင် တွေ့ရမယ့် ချောင်းကူးတံတားပေါ်ကနေ ငါးစာကျွေးလို့ ရပါတယ်။ တံတားလေးနဲ့ သဘာဝရှုခင်း နောက်ခံထားပြီး ဆယ်ဖီဆွဲ၊ ဓာတ်ပုံလှလှလေးတွေ စိတ်ကြိုက်ရိုက်လို့ ရပါတယ်။
(၃) Pob Rak Bang Kachao စားသောက်ဆိုင်
ဒီစားသောက်ဆိုင်ကို ရောက်ဖို့ Baantoop လို့ခေါ်တဲ့ ရိုးရာ အထည်ရက်လုပ်ငန်း၊ ရိုးရာ အချိုမုန့်လုပ်နည်း၊ အစားသောက် ချက်ပြုတ်နည်းတွေကို လေ့လာနိုင်မယ့်နေရာကို ပထမဦးဆုံး ဝင်ရောက်ရမှာ ဖြစ်ပါတယ်။ လာရောက်လည်ပတ်သူတိုင်းကို Bangtoop ပိုင်ရှင်က ဖော်ရွေတဲ့အပြုံးနဲ့အတူ သိချင်တာတွေကို စိတ်ရှည်လက်ရှည် ရှင်းပြပေးမှာ ဖြစ်ပါတယ်။
အဲဒီကနေ စက်ဘီးငှားပြီး မြစ်ကမ်းနားဘက်မှာရှိတဲ့ Pob Rak Bang Kachao စားသောက်ဆိုင်ကို သွားရမှာပါ။ လမ်းကျဉ်း လေးထဲ စက်ဘီးစီးရင်း၊ သဘာဝရှုခင်းတွေကိုငေးမောရင်း၊ ဓာတ်ပုံရိုက်ရင်းနဲ့ ၁၅ မိနစ်လောက်အကြာမှာ စားသောက်ဆိုင် ကို ရောက်ရှိမှာ ဖြစ်ပါတယ်။
မြစ်ထဲကူးသန်းသွားလာနေတဲ့ ကုန်တင်သင်္ဘောကြီးတွေကို ကြည့်ရှုငေးမောရင်း အရသာရှိတဲ့ ထိုင်းရိုးရာ ထမင်း၊ ဟင်း လျာတွေနဲ့ ဖျော်ရည်တွေ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။
(၄) ဝပ်ဖိုဘုရားကျောင်း (Wat Pho)
ဘန်ကောက်မြို့၊ Phra Nakhon ခရိုင်မှာ တည်ရှိပြီး လျောင်းတော်မူ ဗုဒ္ဓဘုရားကျောင်းလို့လည်း လူသိများပါတယ်။ ဘန် ကောက်မြို့ရှိ သက်တမ်းအရှည်ကြာဆုံး ကျောင်းတော်တခု ဖြစ်သလို ထိုင်းနိုင်ငံမှာရှိတဲ့ ပထမတန်းဘုရားကျောင်း ခြောက် ခုထဲမှ ပထမဆုံးတခုလည်း ဖြစ်ပါတယ်။ လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ရဲ့ အရှည်ဟာ ၄၆ မီတာ ရှိတယ်လို့ သိရပါတယ်။
ဝပ်ဖိုဘုရားကျောင်း ဝန်းကျင်ကို ထိုင်းရိုးရာ အနှိပ်ပညာ မွေးဖွားဖြစ်တည်ရာ နေရာလို့လည်း သိကြပါတယ်။ အခုထက်ထိ လည်း သင်ကြားလေ့ကျင့်တာတွေကို အဲဒီကျောင်းတော်မှာ လေ့လာ တွေ့ရှိနိုင်ပါတယ်။
ဘုရားဝန်း အနီးပတ်ဝန်းကျင်မှာပဲ စိတ်ပင်ပန်းနွမ်းနယ်မှုနဲ့ ကိုယ်လက်ညောင်းညာမှုတွေကို ပြေလျော့စေမယ့် ထိုင်းရိုးရာ အနှိပ်ခန်းတွေလည်း ရှိပါတယ်။
(၅) Asiatique the Riverfront
ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ ကုန်တိုက်ကြီးတခု ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး တနေရာတည်းမှာ အစုံ ရနိုင်တဲ့ ကုန်တိုက် ဖြစ်ပါတယ်။ ညနေခင်းမှာ လေညှင်းခံရင်း အပန်းဖြေလို့ ကောင်းမယ့် နေရာတခုလို့ ညွှန်းချင်ပါတယ်။
ကမ်းနားမှာ ထိုင်ပြီးပဲ လေညှင်းခံမလား၊ ဓာတ်ပုံရိုက်မလား၊ အလှကုန်၊ လူသုံးကုန်၊ အဝတ်အထည် စတဲ့ ဆိုင်ခန်းတွေမှာပဲ ဈေးဝယ်မလား၊ အစားအသောက် အမျိုးမျိုးရနိုင်တဲ့ စားသောက်ဆိုင်တွေမှာပဲ အေးဆေးထိုင်မလား၊ ထိုင်းရိုးရာအနှိပ်ခန်း တွေ၊ Fish Massage တွေဆီပဲ သွားမလား။
Asiatique Sky စီးပြီး မီးရောင်စုံတွေအောက်က ညချမ်းချိန်ခါ ဘန်ကောက်တ မြို့လုံးရဲ့ အလှကိုလည်း အပေါ်စီးကနေ ကြည့်ရှုနိုင်သလို ထိုင်းရိုးရာလက်ဝှေ့ဖြစ်တဲ့ မွှေထိုင်းပွဲစဉ်တွေ၊ ပြဇာတ်တွေလည်း ကြည့်လို့ရပါတယ်။ ရွေးချယ်စရာတွေများလွန်းလို့ မပြန်ချင်အောင် ဖြစ်နေမှာ သေချာပါတယ်။
(၆) Chatuchak Weekend Market
စနေ၊ တနင်္ဂနွေတွေမှာသာ ဖွင့်တဲ့ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ဈေးကြီးဖြစ်ပါတယ်။ ဆိုင်ခန်းပေါင်း ၁၅၀၀၀ ကျော်လောက် ရှိ တယ်လို့သိရပါတယ်။ စားသောက်ကုန်၊ လူသုံးကုန်၊ အဝတ်အထည်၊ အလှကုန်၊ ပရိဘောဂ၊ အိမ်အလှဆင်ပစ္စည်း၊ စာအုပ်၊ အမှတ်တရပစ္စည်း စသဖြင့် စုံလင်လှတဲ့ ကုန်ပစ္စည်းတွေ၊ သင့်တင့်တဲ့ ဈေးနှုန်းတွေကြောင့် ဘန်ကောက်ကို လာရောက် လည်ပတ်သူတိုင်း သွားလေ့ရှိကြတာမို့ သိပ်ပြီး ညွှန်းစရာမလိုတော့ဘူးလို့ ထင်ပါတယ်။ ဘန်ကောက်ကို ပထမဆုံး သွား လည်မယ့်သူတွေအတွက်တော့ သွားဖြစ်အောင်သွားပါလို့ တိုက်တွန်းချင်ပါတယ်။
(၇) Heap Café & Restaurant
ဘန်ကောက်က နာမည်ကြီး စားသောက်ဆိုင်တွေထဲက တခုဖြစ်ပါတယ်။ ခြံဝန်းထဲမှာမို့ ချစ်သူချင်း တွေ့ဆုံတာဖြစ်စေ၊ မိ သားစုလိုက်ဖြစ်စေ၊ သူငယ်ချင်းတွေ အေးဆေးတွေ့ဆုံချင်တာဖြစ်စေ ရွေးချယ်သင့်တဲ့ ဆိုင်တဆိုင်ဖြစ်ပါတယ်။ Heap ဆိုင် ရဲ့ ထူးခြားတဲ့ menu ကတော့ Green Tea/Coffee Mixology(Yok Lor) ဖြစ်ပါတယ်။ နိုက်ထရိုဂျင်အရည်ရယ်၊ ရေခဲရယ်၊ Green Tea ဒါမှမဟုတ် ကော်ဖီရယ်ကို ရောမွှေပြီး Heap ဆိုင်ရဲ့ အထူးပြုလုပ်ထားတဲ့ လျှို့ဝှက်နို့ထည့်ပြီး သောက်ရတာပဲ ဖြစ်ပါတယ်။
နောက်တမျိုးကတော့ ရေခဲမုန့်ရယ်၊ Brownie ရယ်၊ ကော်ဖီရယ်၊ နွားနို့ရယ်၊ ပျားရည်ကို ရောသမမွှေပြီးစားရတဲ့ Brownie Affogato ပဲ ဖြစ်ပါတယ်။ ချိုစိမ့်နေမယ်လို့ ထင်ရပေမယ့် ကော်ဖီကြောင့် ခါးသက်သက် အရသာလည်း ပါတာမို့ ထူးခြားတဲ့ အရသာတမျိုး ပေးစွမ်းမှာပဲဖြစ်ပါတယ်။
အခုဆိုရင် ဘန်ကောက်-ရန်ကုန် လေယာဉ် လက်မှတ်ခတွေကလည်း ပြည်တွင်းခရီးစဉ် စရိတ်လောက်သာ ရှိတော့တာမို့ အလုပ်နားရက်တွေမှာ ဘန်ကောက်မြို့က လည်ပတ်စရာ နေရာလေးတွေကို ကိုယ်တိုင် သွားရောက် ခံစားပြီး မွန်းကြပ်မှုတွေကို ဖြေဖျောက်လို့ရနေပြီဖြစ်ပါတယ်။