ဆောင်းပါး

၂၀၂၀ ရွေးကောက်ပွဲနှင့် တိုင်းရင်းသားပါတီများ

Want create site? Find Free WordPress Themes and plugins.

လက်ရှိ မြန်မာပြည် နိုင်ငံရေးတွင် ရွေးကောက်ပွဲ နိုင်ရေးက အဓိက ရေစီးကြောင်းဖြစ်နေသည်။

NLD အနေဖြင့် လူထုကို ထိခိုက် နစ်နာစေမည့် လမ်းမပေါ်သို့ထွက်ခြင်း အမှုကို အားပေးမည်မဟုတ်ဘဲ၊ စေ့စပ်ဆွေးနွေး အဖြေရှာသည့် လမ်းကြောင်း၊ လွှတ်တော်လမ်းကြောင်းသာ သွားမည်ဟူ၍ NLD ခေါင်းဆောင်ကလည်း ထပ်၍ထပ်၍ အတည်ပြု ပြောဆိုထားပြီး ဖြစ်ပေသည်။ ဤသို့သော အခြေအနေတွင် ရွေးကောက်ပွဲနှင့် လွှတ်တော် လမ်းကြောင်းသည် မြန်မာပြည်နိုင်ငံရေး၏ အဓိက ရေစီးကြောင်း ဖြစ်၍နေပေတော့သည်။

လက်ရှိ လွှတ်တော်နှင့် အစိုးရသက်တမ်း အခြေအနေများအပေါ် မူတည်၍ ၂၀၂၀ ရွေးကောက်ပွဲအား မျှော်တွေး တွက်ဆရန် လိုသည်။ ဤသို့ကြိုတင် တွက်ဆခြင်းသည် နိုင်ငံရေးအင်အားစု အသီးသီးအနေဖြင့် ကြိုတင် ပြင်ဆင်နိုင်ရန်၊ အလားအလာများကို တွက်ဆနိုင်ရန် မူဝါဒများ၊ ပေါ်လစီများ ချမှတ်နိုင်ရန်အတွက် လိုအပ်ပေသည်။

၂၀၁၅ ရွေးကောက်ပွဲ

၂၀၀၈ ခုနှစ် အခြေခံဥပဒေ၏ အဖွင့် ၂၀၁၀ ရွေးကောက်ပွဲရလဒ်သည် အပြောင်းအလဲအတွက် တဖက်သတ် ပုံသွင်းထားသည့် ရလဒ်ဖြစ်ပေသည်။

လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် သတ်မှတ်ပြီး ၂၀၁၀ ရလဒ် ကိန်းဂဏန်းများအား ကိုးကားရန် မဖြစ်နိုင်ပေ။ ၂၀၁၀ ရွေးကောက်ပွဲကာလက အဓိက အတိုက်အခံ နိုင်ငံရေးပါတီများလည်း မပါဝင်သေးသည့်အပြင် တိုင်းရင်းသားပါတီ တချို့အနေဖြင့် စတင်ဖွဲ့စည်းခါစ ဖြစ်၍ အခြေမကျသေးသကဲ့သို့ အားကောင်း မောင်းသန် မဖြစ်သေးပေ။ ထို့အပြင် တချို့ကလည်း ၂၀၀၈ အခြေခံဥပဒေကို မယုံကြည်နိုင်သဖြင့် ရွေးကောက်ပွဲလမ်းကြောင်းကို ရွေးချယ်ခြင်း မပြုကြသေးပေ။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါဝင်ယှဉ်ပြိုင် အနိုင်ရပြီးနောက် ရွေးကောက်ပွဲအား အလေးထား လာကြသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD အနိုင်ရပြီး အစိုးရအာဏာ လွှဲပြောင်း ယူနိုင်သောအခါ ရွေးကောက်ပွဲ လမ်းကြောင်းသည် အားထားလောက်သည်၊ သို့မဟုတ် လက်ရှိမြန်မာပြည်နိုင်ငံရေး၏ ထွက်ပေါက်ဟု ယူဆလာကြသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် NLD သောင်ပြိုကမ်းပြို အနိုင်ရရှိသည်ဟု ဆိုကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေး သြဇာ၊ NLD ၏ နိုင်ငံရေး သိက္ခာတို့အပြင်၊ စစ်ဗိုလ်ချုပ်များ၏ နှစ်ငါးဆယ်ကျော်ကြာ အုပ်ချုပ်မှုကို စိတ်ပျက်နေပြီဖြစ်သော လူထုက “မှတပါး အခြားရွေးစရာမရှိ” ဟု ဆိုကာ NLD အား မဲပုံပေးလိုက်ခြင်းဖြင့် NLD အနိုင်ရခဲ့သည်။

ထို ၂၀၁၅ ရွေးကောက်ပွဲကို နိုင်ငံတကာ အကဲခတ်များ အောက်တွင် ပြုလုပ်ခဲ့ပြီး ပြဿနာ အနည်းအကျဉ်းမျှ ရှိသော်လည်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဟု ဆိုခဲ့ကြသည်။

သို့ဖြစ်ရာ ထိုရွေးကောက်ပွဲ ရလဒ်များနှင့် အခြေအနေများကို တွက်ဆ၍ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အား တွက်ဆ ကြည့်လိုပါသည်။

၂၀၁၅ နှင့် NLD

၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီသည် ပြည်မရှိ တိုင်းဒေသကြီး ၇ ခု အနက် မန္တလေးတိုင်းမှအပ ကျန်တိုင်း ၆ တိုင်းတွင် အမျိုးသားလွှတ်တော်နေရာ အားလုံး အနိုင်ရရှိခဲ့သည်။ မန္တလေးတိုင်းတွင် ၁၀ နေရာ အနိုင်ရခဲ့ပြီး ၂ နေရာ လက်လွှတ်ခဲ့ရသည်။ ပြည်နယ် ၇ ခု ၌လည်း ရခိုင်ပြည်နယ်၌ ၁ နေရာ၊ ရှမ်းပြည်နယ်၌ ၃ နေရာဖြင့် အမတ်နေရာ အများစု အနိုင်မရခဲ့ပေ။

သို့သော် ကျန်ပြည်နယ် ၅ ခုဖြစ်သည့် မွန်ပြည်နယ်တွင် ၁၁ နေရာ၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင် ၁၀ နေရာစီ၊ ကယားနှင့် ချင်းပြည်နယ်တွင် ၉ နေရာစီဖြင့် အများစု အနိုင်ရခဲ့သည်။ သို့ဖြစ်ရာ ၂၀၁၅ ရွေးကောက်ပွဲ၌ NLD သည် တိုင်း ၇ တိုင်း၏ အမျိုးသားလွှတ်တော် အမတ်နေရာ ၉၇.၆ ရာခိုင်နှုန်း အနိုင်ရခဲ့သည်။ ပြည်နယ် ၇ ခု၏ အမျိုးသားလွှတ်တော် အမတ်နေရာ၏ ၆၃ ရာခိုင်နှုန်းကို NLD က ရရှိခဲ့သည်။

ထို့ကြောင့် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်သော အမျိုးသား လွှတ်တော်၌ အမတ်နေရာ ၆၂.၂ ရာခိုင်နှုန်း ရရှိထားခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် NLD သည် တိုင်းဒေသကြီး ၇ ခုရှိ ပြည်သူ့လွှတ်တော် အမတ်နေရာ ရွေးချယ်ခံရမှုမှာ တနင်္သာရီတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း ဒေသကြီး ၃ ခုက ပြည်သူ့လွှတ်တော် နေရာအားလုံးတွင် NLD က အနိုင်ရရှိပြီး စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် တနေရာစီသာ အရေးနိမ့်ပြီး ကျန်နေရာ အားလုံး အနိုင်ရရှိခဲ့သည်။

မန္တလေးတိုင်း ဒေသကြီးတွင်မူ ၃၁ နေရာ အနိုင်ရပြီး ၅ နေရာ အရေးနိမ့်ခဲ့ပါသည်။ သို့ဖြစ်ရာ တိုင်းဒေသကြီး ၇ ခုရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၀၇ နေရာတွင် NLD က ၁၉၉ နေရာ၊ ၉၆ ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည်။

ပြည်နယ် ၇ ခု၌ NLD ၏ အနိုင်ရရှိမှုမှာ မွန်ပြည်နယ်တွင် ၁၀ နေရာစလုံး အနိုင်ရရှိခဲ့သည်။ မြို့နယ် ၇ မြို့နယ်စီ ရှိသော ကယားနှင့် ကရင်ပြည်နယ်တို့တွင် ၆ နေရာစီ အနိုင်ရခဲ့သည်။ ကချင်ပြည်နယ် ၁၈ နေရာ၌ ၁၂ နေရာ၊ ချင်းပြည်နယ် ၉ နေရာ၌ ၅ နေရာ၊ ရှမ်းပြည်နယ် ၅၅ နေရာ (၇ နေရာ မကျင်းပဖြစ်) ၌ ၁၁ နေရာ၊ ရခိုင် ပြည်နယ် ၁၇ နေရာ၌ ၃ နေရာသာ အနိုင်ရရှိခဲ့သည်။

ထိ့ုကြောင့် NLD အနေဖြင့် မွန်ပြည်နယ်၌ ရာနှုံးပြည့်၊ ကရင်နှင့်ကယားပြည်နယ်၌ ၈၅ ရာခိုင်နှုန်း၊ ကချင် ပြည်နယ်၌ ၆၆.၆ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်တွင် ကျင်းပသည့် ၄၈ မြို့နယ်နှင့် တွက်ဆလျင် ၂၂.၉ ရာခိုင်နှုန်းနှင့် ရခိုင်ပြည်နယ်တွင် ၁၇.၆ ရာခိုင်နှုန်း အသီးသီး အနိုင်ရခဲ့သည်။ ပြည်နယ် ၇ ခု စလုံးတွင် NLD ၏ အနိုင်ရရှိမှုမှာ ၄၇.၆ ရာခိုင်နှုန်းသာရှိသည်ကို တွေ့ရသည်။

တပြည်လုံး အတိုင်းအတာအရ ပြည်သူ့လွှတ်တော် အမတ်နေရာတွင် ၂၀၁၅ ရွေးကောက်ပွဲ၌ NLD သည် ၇၈ ရာခိုင်နှုန်း အနိုင်ရခဲ့သည်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါသော ပြည်သူ့ လွှတ်တော်တွင် ၅၇ ရာခိုင်နှုန်းဖြင့် ရပ်တည်နိုင်ခဲ့သည်။ အစိုးရဖွဲ့နိုင်ရန်အတွက် သမ္မတ ရွေးချယ်သော လွှတ်တော် နှစ်ရပ် ပေါင်းထားသည့် ပြည်ထောင်စုလွှတ်တော်တွင် ၅၈ ရာခိုင်နှုန်း ရှိခဲ့ပြီး လွတ်လွတ် ကျွတ်ကျွတ် အစိုးရ ဖွဲ့နိုင်ခဲ့သည်။

၂၀၁၅ နှင့်ကြံ့ခိုင်ရေး

ကြံ့ခိုင်ရေးပါတီသည် တိုင်းဒေသကြီး ၇ ခုရှိ အမျိုးသား လွှတ်တော်နေရာ ၈၄ နေရာတွင် မန္တလေးတိုင်း ဒေသကြီး၌သာ ၂ နေရာ ရရှိခဲ့ပြီး ၂ ရာခိုင်နှုန်းသာ အနိုင်ရခဲ့သည်။ ပြည်နယ် ၇ ခု၌ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် လုံးဝ အရွေးမခံရဘဲ၊ ရှမ်းပြည်နယ်တွင် ၃ နေရာ၊ ကယား၊ ကရင်၊ ချင်းပြည်နယ် တိ့ုတွင် ၂ နေရာစီနှင့် ရခိုင်ပြည်နယ်တွင် ၁ နေရာ အနိုင်ရခဲ့ပြီး ပြည်နယ်များ၌ အမျိုးသား လွှတ်တော်နေရာ ၁၁.၉ ရာခိုင်နှုန်း ရရှိသည်။

ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီသည် ၇ ရာခိုင်နှုန်း ရရှိပြီး တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်သည့် အမျိုးသား လွှတ်တော်တွင် ၅ ရာခိုင်နှုန်း နေရာရရှိပါသည်။

ကြံ့ခိုင်ရေးပါတီသည် တိုင်းဒေသကြီး ၇ ခု၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ အရွေးခံရာ၌ တနင်္သာရီ၊ မကွေး၊ ဧရာဝတီတိုင်းဒေသကြီး ၃ ခုတွင် အရွေးခံရခြင်းမရှိဘဲ၊ စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်တိုင်း ဒေသကြီးတို့တွင် ၁ ယောက်စီ အရွေးခံရကာ မန္တလေးတိုင်း ဒေသကြီးတွင် ၅ ဦး အရွေးခံခဲ့ရသည်။ ရာခိုင်နှုန်းအားဖြင့် ၉.၅ ရာခိုင်နှုန်း အရွေးခံရသည်။ ပြည်နယ် ၇ ခု၌ အရွေးခံရာ၌ မွန်ပြည်နယ်တွင် လုံးဝ အရွေးမခံရဘဲ ကယား၊ ကရင်၊ ရခိုင်တို့တွင် ၁ နေရာစီ၊ ချင်းပြည်နယ်တွင် ၂ နေရာ၊ ကချင်ပြည်နယ်တွင် ၃ နေရာနှင့် ရှမ်းပြည်နယ်တွင် ၁၆ နေရာဖြင့် အများဆုံး အရွေးခံခဲ့ရသည်။ ပြည်နယ်များတွင် စုစုပေါင်း ၂၄ နေရာ၊ ရာခိုင်နှုန်းအားဖြင့် ၂၀ ရာခိုင်နှုန်း ရရှိခဲ့သည်။

သို့ဖြစ်ရာ တပြည်လုံးအရ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်နေရာ ၈.၉ ရာခိုင်နှုန်း အရွေးခံရပြီး တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်သော ပြည်သူ့လွှတ်တော်တွင် ၆.၅ ရာခိုင်နှုန်း သာ ရရှိခဲ့သည်။ အစိုးရဖွဲ့နိုင်ရန် သမ္မတ ရွေးချယ်သည့် ပြည်ထောင်စု လွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီသည် ၆ ရာခိုင်နှုန်းသာ အနိုင်ရခဲ့သည်။

၂၀၁၅ နှင့် တိုင်းရင်းသားပါတီများ

တိုင်းရင်းသား ပါတီများအဖို့ တိုင်းဒေသကြီး ၇ ခုတွင်ရှိသော တိုင်းရင်းသား ရေးရာဝန်ကြီးနေရာမှအပ ကျန် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်း မရှိပါ။ မိမိ တိုင်းရင်းသား ရှိသော တိုင်းဒေသကြီး အချို့တွင် ဝင်ရောက်ယှဉ်ပြိုင် နိုင်သော်လည်း လူဦးရေ အချိုးအစားအရ မနိုင်နိုင်ပေ။ သို့ဖြစ်ရာ တိုင်းရင်းသား ပါတီများ၏ ပစ်မှတ်မှာ ပြည်နယ်များတွင် ဖြစ်သည်။

ပြည်နယ်အလိုက် တိုင်းရင်းသားပါတီများ ဝင်ရောက်ယှဉ်ပြိုင်မှုတွင် ရခိုင်ပြည်နယ်က အောင်မြင်မှု အရဆုံး ဖြစ်သည်။ အမျိုးသားလွှတ်တော်တွင် ၁၀ နေရာနှင့် ပြည်သူ့လွှတ်တော်တွင် ၁၃ နေရာ အနိုင်ရခဲ့သည်။

ဒုတိယဖြစ်သည့် ရှမ်းပြည်နယ်၌ တိုင်းရင်းသားပါတီများသည် အမျိုးသား လွှတ်တော်တွင် ၆ နေရာနှင့် ပြည်သူ့ လွှတ်တော်တွင် ၂၁ နေရာ အနိုင်ရခဲ့သည်။

ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တွင် တိုင်းရင်းသားပါတီများသည် လွှတ်တော် ၂ ရပ်စလုံးတွင် တနေရာမှ အနိုင်မရပေ။ မွန်ပြည်နယ်တွင် အမျိုးသား လွှတ်တော် ၁ နေရာ အနိုင်ရပြီး ပြည်သူ့လွှတ်တော်တွင် တနေရာမှ အနိုင်မရခဲ့ပေ။ ကချင်ပြည်နယ်တွင် ပြည်သူ့လွှတ်တော်၌ ၃ နေရာ၊ ချင်းပြည်နယ်၌ အမျိုးသား လွှတ်တော်တွင် ၁ နေရာ၊ ပြည်သူ့လွှတ် တော်တွင် ၂ နေရာ အသီးသီး အနိုင်ရထားကြသည်။

သို့ဖြစ်ရာ အမျိုးသားလွှတ်တော်တွင် တိုင်းရင်းသားပါတီများ ရွေးကောက်ခံရသည့် ရာခိုင်နှုန်းမှာ ၁၀ ရာခိုင်နှုန်း ရှိပြီး တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိသော အမျိုးသားလွှတ်တော်တွင် ၈ ရာခိုင်နှုန်း ရှိသည်။ ပြည်သူ့လွှတ်တော်တွင် တိုင်းရင်းသားပါတီများ ရွေးကောက်ခံရသည်မှာ ၁၂ ရာခိုင်နှုန်းရှိပြီး တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါသော ပြည်သူ့လွှတ်တော်တွင် ၈.၈ ရာခိုင်နှုန်း ရှိသည်ကို တွေ့ရပြီး အစိုးရဖွဲ့ရန် သမ္မတ ရွေးကောက်သည့် ပြည်ထောင်စုလွှတ်တော်တွင် တိုင်းရင်းသား ပါတီများ၏ ပါဝင်နှုန်းမှာ ၈.၆ ရာခိုင်နှုန်း ရရှိသည်ကို တွေ့ရပါသည်။

၂၀၁၅ ရွေးကောက်ပွဲ ရလဒ်အရ သောင်ပြို ကမ်းပြို နိုင်ခဲ့သည့် NLD ၏ ရွေးကောက်ပွဲ မဲရရှိမှု အပါအဝင် ဖြစ်သော ရွေးကောက်ပွဲ မဲရလဒ်များသည် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်သည့် လွှတ်တော်တွင် ပြောင်းလဲသည်ကို ထည့်သွင်းစဉ်းစားရန် လိုသည်။

၂၀၁၅ ရွေးကောက်ပွဲပြီး အခြေအနေ

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD အနိုင်ရ၍ အစိုးရဖွဲ့ပြီးသည့် နောက်ပိုင်းတွင် နိုင်ငံရေးအခြေအနေ အပြောင်းအလဲ တချို့ကို တွေ့ရသည်။ ပထမအချက်မှာ တိုင်းရင်းသား လူထုအကြား NLD အပေါ် ယုံကြည် မျှော်လင့်မှု ကျဆင်းသွားခြင်း ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲ ကာလက ရှမ်းနှင့် ရခိုင်မှအပ ကျန် တိုင်းရင်းသား ပြည်နယ်များတွင် NLD ကို မဲပုံပေးခဲ့ကြသည်။

အကြောင်းမှာ NLD တက်လာလျှင် တိုင်းရင်းသားအရေးနှင့် ပတ်သက်၍ အပြောင်းအလဲ တခုခု တွေ့မြင် ရမည်ဟု မျှော်လင့်ခဲ့၍ဖြစ်သည်။ သို့သော် သူတို့မျှော်လင့်သလို ဖြစ်မလာခဲ့ပေ။

NCA နှင့် ပတ်သက်၍ အပြောင်းအလဲမရှိခြင်း၊ တိုင်းရင်းသား ပြည်နယ်များတွင် တိုင်းရင်းသား ပါတီများနှင့် ပတ်သက်၍ ထူးခြားသည့် အပြောင်းအလဲမရှိခြင်း၊ အနိုင်ရ/အနိုင်မရ တိုင်းရင်းသား ပါတီများနှင့် အာဏာရပါတီ NLD တို့ တွေ့ဆုံဆွေးနွေးမှု မရှိခြင်း၊ ပြည်နယ်အစိုးရနှင့် ပတ်သက်၍ NLD အရေးနိမ့်သည့် ပြည်နယ် ၂ ခုတွင်ပင် ပြည်ထောင်စု အစိုးရက စိတ်ကြိုက်ဖွဲ့စည်းခြင်း၊ တိုင်းရင်းသားများကို ပြောကြားသော “ကိုယ်က ဘာပေးမလဲ အရင်စဉ်းစားပါ” “သတ္တိရှိရှိ NCA လက်မှတ်ထိုးပါ” စသည့် ပြောဆိုမှုများနှင့် ပတ်သက်၍ တိုင်းရင်းသားများ ဘဝင်မကျခြင်း၊ NLD အစိုးရလက်ထက်တွင် ရခိုင်၊ ကယား၊ ကချင်ပြည်နယ်များတွင် တိုင်းရင်းသားများ၏ လှုပ်ရှားမှုများ နှိမ်နင်းခံရပြီး နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲခံရခြင်း၊ ရခိုင်ပြည်နယ် မြောက်ဦး အဓိကရုဏ်းတွင် ပစ်ခတ်နှိမ်နင်းမှုကြောင့် ၇ ဦး သေဆုံးပြီး ၈ ဦး တရားစွဲခံထားရခြင်း၊ ထို့အပြင် လွှတ်တော် ကိုယ်စားလှယ် အပါ ၂ ဦးမှာ နိုင်ငံတော်ပုန်ကန်မှုနှင့် တရားစွဲခံထားရခြင်း၊ ကယားပြည်နယ် တွင်လည်း နိုင်ငံတော်အကြည်ညို ပျက်စေမှုနှင့် လူငယ် ၂၃ ဦး တရားစွဲ ခံထားရခြင်း၊ ကချင်ပြည်နယ် တွင်လည်း လူငယ်များ၊ တက်ကြွလှုပ်ရှားသူများ အနည်းဆုံး ၆ ဦးခန့် နိုင်ငံရေးပုဒ်မဖြင့် တရားစွဲခံထားရခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်စိုက်ထူခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း အမည်ဖြင့် အထိမ်းအမှတ် အမည်ပေးခြင်း တို့အား ပြည်နယ်များတွင် ဆန့်ကျင်ခံရခြင်း၊ ထိပ်တိုက်တွေ့ ဆန္ဒပြခံနေရခြင်းတို့ ဆက်တိုက်လိုလို ဖြစ်ပွားပြီး တိုင်းရင်းသား ပြည်နယ်များတွင် NLD ၏ သြဇာ ကျဆင်းလာခဲ့သည်ကို တွေ့ခဲ့ရပေသည်။

ထို့အပြင် ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နိုင်ငံရေးဆွေးနွေးမှုများ ကန့်သတ်ခံရခြင်းနှင့်အတူ ရခိုင့်အရေးဟု ဆိုသည့် ဘင်္ဂါလီအရေးတွင် ဒေသခံတိုင်းရင်းသား တို့၏ အသံနှင့် နိုင်ငံရေးကဏ္ဍသည် မေးခွန်း ထုတ်ဖွယ်ဖြစ်ခဲ့သည်။

သို့ဖြစ်ရာ တိုင်းရင်းသားပါတီများ အနေဖြင့် တိုင်းရင်းသားအရေးအတွက် မိမိဖာသာ ရပ်ခံ ဆောင်ရွက်ဖို့ လိုသည်ဟု ကြည့်မြင်လာကြသည်။

ထို့အပြင် ၂၀၁၀ စသည့် ရွေးကောက်ပွဲများတွင် ရှမ်းနှင့် ရခိုင်ပြည်နယ်မှအပ ကျန်တိုင်းရင်းသားပါတီများ အားမကောင်းကြပေ။ အကြောင်းမှာ၊ လက်နက်ကိုင် တိုက်ခိုက်သည်က အားသန်ခဲ့ပြီး မြေပေါ် ဥပဒေတွင်း နိုင်ငံရေး အလေ့အကျင့်နှင့် အဆက်ပြတ်ခဲ့ခြင်း၊ ပါတီများ အကွဲကွဲအပြားပြားဖြစ်ခြင်း တို့ကြောင့်ဖြစ်သည်။ ၂၀၁၀/ ၂၀၁၅ ရွေးကောက်ပွဲများနှင့် ၂၀၁၂/ ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲများ၏ အတွေ့အကြုံ များကို နိဂုဏ်းချုပ်ပြီး ယခုအခါ ကချင်ပြည်နယ်မှ တိုင်းရင်းသားပါတီ ၄ ပါတီ၊ ချင်းပြည်နယ်မှ တိုင်းရင်းသား ပါတီ ၄ ပါတီ၊ မွန်ပြည်နယ်မှ တိုင်းရင်းသားပါတီ ၃ ပါတီ၊ ကရင်ပြည်နယ်မှ တိုင်းရင်းသားပါတီ ၄ ပါတီ၊ ကယား ပြည်နယ်မှ တိုင်းရင်းသားပါတီ ၂ ပါတီတို့ ပူးပေါင်းခဲ့ကြသည်ကို တွေ့ရသည်။ ထို့အတူ တိုင်းရင်းသားဒေသ များတွင် အမျိုးသားရေး စိတ်ဓာတ် အားကောင်းလာနေသည်ကို တွေ့မြင်နေရခြင်းသည်လည်း တိုင်းရင်းသား ပါတီများအား တအား ဖြစ်စေခဲ့သည်။

ထို့အပြင် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ အစိုးရဖွဲ့နိုင်ခဲ့ပြီးနောက် ရွေးကောက်ပွဲသည် တစုံတရာ အခွင့်အလမ်းရှိသည်ဟု ယူဆ လာကြပြီး ရွေးကောက်ပွဲနှင့် ပတ်သက်၍ တိုင်းရင်းသားတို့ သဘောထား ပြောင်းလာသည်၊ အလေးထားလာသည်ဟု ဆိုရမည်။

၂၀၁၅ ရွေးကောက်ပွဲအပြီး တွေ့ရသည့် ဒုတိယအချက်မှာ သက်တမ်း တစုံတရာ ရခဲ့ပြီဖြစ်သော NLD အစိုးရ၏ လုပ်ဆောင်ချက်များအား ပညာတတ် အဝန်းအဝိုင်းတချို့တွင် ကြိုက်နှစ်သက်မှု လျော့ကျလာခြင်း ဖြစ်သည်။ ထိုသို့ လျော့ကျမှုမှာ အနည်းစုဖြစ်ပြီး အများစုကတော့ ထောက်ခံဆဲဖြစ်သည်။

လျော့ကျသူများ၏ ဖြစ်နိုင်ခြေမှာ ၈၈ ဦးကိုကိုကြီး၏ ပြည်သူ့ပါတီအား မဲပေးခြင်း သို့မဟုတ် မည်သည့်ပါတီမှ မဲမပေးခြင်း ဖြစ်နိုင်သည်။ ထို့အပြင်၂၀၂၀ ရွေးကောက်ပွဲသည် ၂၀၁၅ ကဲ့သို့ တလျောက်လုံး အုပ်စိုးခဲ့သည့် စစ်ဗိုလ်ချုပ်များအား တွန်းချသည့် အပြောင်းအလဲတရပ် မဟုတ်တော့ပေရာ မဲလာပေးသူ လျော့ကျ နိုင်ပါသည်။

တတိယအချက်မှာ NLD အစိုးရအဖွဲ့ဝင် တချို့နှင့် လွှတ်တော်ကိုယ်စားလှယ် တချို့၏ အရည်အသွေး၊ လုပ်ရည် ကိုင်ရည်တို့မှာလည်း မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ အနည်းစုဖြစ်၍ ပြဿနာ မကြီးလှဟု ဆိုနိုင်သော်လည်း NLD ကိုယ်စားလှယ် ရာချီရှိသည့် ပြည်သူ့လွှတ်တော်၏ ဥက္ကဋ္ဌ နေရာကို တပ်မတော်နှင့် နှစ်ပေါင်းများစွာ လက်တွဲခဲ့သည့် ပြည်သူ့စစ်ခေါင်းဆောင် တဦးအား ပေးလိုက်ခြင်းသည် လွှတ်တော်တွင်းရှိ NLD လွှတ်တော် ကိုယ်စားလည်များ၏ အရည်အသွေးကို မေးခွန်းထုတ်ဖွယ်ဖြစ်ခဲ့သည်။

ထို့အပြင် NLD ပါတီ ပေါ်လစီကို ပြန်လှန် ဝေဖန်သော လွှတ်တော်ကိုယ်စားလှယ်များ ပါတီတာဝန်မှနေ၍ ရပ်စဲခံရခြင်း၊ အစိုးရနှင့် လွှတ်တော်အား အယုံအကြည်မရှိ၍ နုတ်ထွက်သည့် လွှတ်တော်ကိုယ်စားလှယ်များ ပေါ်လာခြင်းတိ့ုသည် NLD ၏ သြဇာကို ထိခိုက်စေသည်။

အထက်ပါ အကြောင်းအချက်များသည် NLD ကို ပြည်မတွင် ကြီးမားစွာ ထိခိုက်နိုင်ခြင်း မရှိသော်လည်း တစုံတရာ ထိခိုက်မှုတော့ ရှိပေသည်။

ပို၍ ထိခိုက်မှု၊ ဂယက်ရိုက်မှု ရှိသည်မှာ ပြည်နယ်များတွင် ဖြစ်သည်။ သို့ဖြစ်ရာ ထိုအချက်များသည် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD မဲလျော့နိုင်သည့်အချက်များ ဖြစ်ပေသည်။

ဆက်လက်ဖော်ပြပါမည်။

(စာရေးသူသည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများကို အထူးပြု လေ့လာသုံးသပ်သူ သုတေသီတဦးဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading