ပြည်မရှိ တိုင်းဒေသကြီး ၇ ခုတွင် NLD ပါတီက ဆက်လက်ဦးဆောင်ဖွယ်ရှိသည်။ လက်ရှိ ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲတွင် ဆက်လက်ကိုင်စွဲသော လူကို မကြည့်နဲ့ မူကိုကြည့်ပါ ဆိုသည့် ရွေးကောက်ပွဲ ဆော်သြချက်ကို ၂၀၂၀ တွင်လည်း NLD ဆက်လက် ကိုင်စွဲထားဖွယ်ရှိပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ လူပုဂ္ဂိုလ်သြဇာ ကြီးမားခြင်း၊ လူအများစုအနေဖြင့် ကြံ့ခိုင်ရေး ပါတီအပေါ် လိုလားမှု မရှိခြင်း၊ ထိုအခြေခံအောက်တွင် NLD မှအပ ရွေးချယ်စရာမရှိဟု သတ်မှတ်ခြင်း စသည့် အချက်များ အောက်တွင် ပြည်မရှိ တိုင်းဒေသကြီး ၇ ခု၌ NLD ဆက်လက် ဦးဆောင်ဖွယ်ရှိသည်။
တိုင်းဒေသကြီး တခုချင်းစီအရ တွက်ချက်ကြည့်လျှင် အမျိုးသားလွှတ်တော် နေရာ ၁၂ နေရာစလုံးအား ၂၀၁၅ တွင် နိုင်ခဲ့သည့် တိုင်းဒေသကြီး ၆ ခု ရှိသည့်အနက် ရန်ကုန်နှင့် မကွေးတိုင်းဒေသကြီး တို့တွင် နေရာ အားလုံး၌ ပြတ်ပြတ်သားသား အနိုင်ရခဲ့သည်။ (ဤနေရာတွင် စာရေးသူဆိုလိုသည့် ပြတ်ပြတ်သားသား ဆိုသည်မှာ ပြိုင်ဘက်ထက် ၁၀၀ ရာခိုင်နှုန်း အထက် အနိုင်ရသည်ကို ဆိုလိုသည်။ မပြတ်မသား ဆိုသည်မှာ ၅၀ ရာခိုင်နှုန်းနှင့် ၁၀၀ ရာခိုင်နှုန်း အကြားကို ဆိုလိုသည်။ မကွာ ဆိုသည်မှာ ၂၀ ရာခိုင်နှုန်းအောက် ဖြစ်သည်။ ပွတ်ကာသီကာဆိုသည်မှာ မဲအရေအတွက် အနည်းငယ်သာ ကွာသည်ကို ဆိုလိုသည်။ ဤကား စကားချပ်)
တနင်္သာရီတွင် ပြတ်ပြတ်သားသား နိုင်သည်က ၁၁ နေရာ၊ ပဲခူးတိုင်းတွင် ပြတ်ပြတ်သားသား နိုင်သည်က ၉ နေရာ၊ စစ်ကိုင်းတိုင်းတွင် ပြတ်ပြတ်သားသား နိုင်သည်က ၈ နေရာရှိပါသည်။ ၁၂ နေရာစလုံး နိုင်ခဲ့သည့်အထဲတွင် ဧရာဝတီတိုင်းဒေသကြီး၌ မဲပြတ်သည်မှာ ၁ နေရာသာရှိပြီး ၁၀ နေရာကား မဲ အပြတ်ကြီး မဟုတ်ပေ။ ၁ နေရာ၌ မဲမကွာလှပေ။ သို့ဖြစ်ရာ NLD အဖို့ ဧရာဝတီတိုင်း ဒေသကြီး အမျိုးသားလွှတ်တော် နေရာများနှင့် ပတ်သက်၍ သတိပြုရန် လိုအပ်ပေလိမ့်မည်။
မန္တလေးတိုင်းတွင် NLD က ၁၀ နေရာအနိုင်ရပြီး ထိုအထဲတွင် ၆ နေရာ၌ မဲပြတ်ပြီး ၃ နေရာက မပြတ်ဘဲ ၁ နေရာ ကတော့ မဲမကွာလှပေ။ USDP က ၂ နေရာ မဲမပြတ်ဘဲ အနိုင်ရခဲ့သည်။
တိုင်းဒေသကြီး ၇ ခုရှိ ပြည်သူ့လွှတ်တော် နေရာများတွင် ၂၀၁၅ ရွေးကောက်ပွဲ၌ တနင်္သာရီတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း တို့တွင် NLD က နေရာအပြည့် အနိုင်ရခဲ့သည်။ တနင်္သာရီတိုင်းတွင် မဲပြတ်နိုင်သည်က ၉ မြို့နယ်၊ မပြတ်သည်က ၁ မြို့နယ်။ မကွေးတိုင်းတွင် မဲပြတ်သည်က ၁၈ မြို့နယ်၊ မပြတ်သည်က ၇ မြို့နယ် ဖြစ်ပြီး ဧရာဝတီတိုင်းတွင် မဲပြတ်သည်က ၈ မြို့နယ်၊ မပြတ်သည်က ၁၁ မြို့နယ်နှင့် မဲမကွာ သို့မဟုတ် ပွတ်ကာသီကာ နိုင်ခဲ့သည်က ၇ မြို့နယ်ရှိသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအတွက်လည်း ဧရာဝတီတိုင်းဒေသကြီးအား NLD တို့ သတိပြုရန် လိုအပ်သည်။
စစ်ကိုင်းတိုင်း ၃၇ မြို့နယ်တွင် USDP က ၁ နေရာသာနိုင်ပြီး NLD က ၃၆ နေရာနိုင်သည်။ ထို ၃၆ နေရာထဲ၌ မဲပြတ်သည်က ၂၅ နေရာ၊ မပြတ်သည်က ၅ နေရာ၊ မဲမကွာလှသည်က ၃ နေရာရှိပြီး ပွတ်ကာသီကာ နိုင်သည်က ၃ နေရာရှိသည်။ ပဲခူးတိုင်းတွင် USDP က ၁ နေရာ အနိုင်ရပြီး NLD က ၂၇ နေရာ အနိုင်ရသည်။ ထို ၂၇ နေရာထဲတွင် ၁၉ နေရာ မဲပြတ်ပြီး မဲမပြတ်သည်က ၆ နေရာ၊ မဲမကွာလှသည်က ၁ နေရာ၊ ပွတ်ကာသီကာ နိုင်သည်က ၁ နေရာဖြစ်သည်။
မန္တလေးတိုင်းတွင် USDP က မဲမပြတ်သော်လည်း ၅ နေရာ အနိုင်ရခဲ့သည်။ NLD က ၃၁ နေရာ အနိုင်ရခဲ့ရာ မဲပြတ်သည်က ၂၁ နေရာ၊ မပြတ်သည်က ၁၀ နေရာဖြစ်သည်။ ရန်ကုန်တိုင်းတွင် USDP က ၁ နေရာ ရပြီး NLD က ၄၄ နေရာ အနိုင်ရရာ ထိုအထဲတွင် မဲပြတ်သည်က ၃၅ နေရာရှိပြီး မပြတ်သည်က ၉ နေရာရှိသည်။
သို့ဖြစ်ရာ ပြည်မ တိုင်းဒေသကြီး ၇ ခုတွင် အဓိကပြိုင်ဘက်ဖြစ်သည့် USDP အပြင် နောက်ပေါက် ၈၈ ပြည်သူ့ပါတီကို မဲဆန္ဒနေရာ အနည်းနှင့် အများ ခွဲဝေပေးရနိုင်သည်။ အထူးသဖြင့် ၂၀၁၅ တွင် မဲပြတ်ခဲ့သည့် မဲဆန္ဒနယ် ၁၃၆ နေရာအား အတန်ငယ် စိတ်ချ၍ ရသော်လည်း မဲမပြတ်သည့်၊ မဲမကွာသည့်၊ ပွတ်ကာသီကာ နိုင်ခဲ့သည့် မဲဆန္ဒနယ် ၇၁ နေရာတွင် ပြိုင်ဆိုင်မှု ပြင်းထန်နိုင်သည်။ ထို့ကြောင့်လည်း ၂၀၁၅ ကဲ့သို့ အပြည့်အဝ မဲရမည်ထက် အတန်ငယ် လျော့ကျသည်က ဖြစ်နိုင်ခြေပိုများသည်။
သို့ဖြစ်ရာ တိုင်းဒေသကြီး ၇ ခုတွင် ၂၀၂၀ ရွေးကောက်ပွဲ၌ NLD သည် အများစုနိုင်မည်ဟု ခန့်မှန်း ရသော်လည်း ၂၀၁၅ ရွေးကောက်ပွဲ ကာလက အမျိုးသားလွှတ်တော်တွင် ၉၇. ၆ ရာခိုင်နှုန်း၊ ပြည်သူ့လွှတ်တော်တွင် ၉၆ ရာခိုင်နှုန်း နိုင်သည့် ရာခိုင်နှုန်းများထက် လျော့ကျနိုင်သည်။
သို့ဖြစ်ရာ NLD အနေနှင့် တိုင်းဒေသကြီး အမတ်နေရာ အများစုကို ၂၀၂၀ တွင် ဆက်လက် ရယူနိုင်ဖွယ် ရှိပါသည်။ သို့သော် ၂၀၁၅ ထက် အနည်းငယ် လျော့ကျနိုင်ပါသည်။ USDP မှာ မည်သို့ပင်ဖြစ်စေ ၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ခဲ့သည့် တစည ထက် ပိုမိုအချိန်ယူ ဖွဲ့စည်းထားသည့်အပြင် ဘဏ္ဍာရေး အင်အား တောင့်တင်းပြီး တပ်မတော်၏ ထောက်ခံမှု ရယူထားသည်။
သူ့ပရိသတ်နှင့်သူ ရှိသည်ဖြစ်ရာ မဲဆန္ဒနယ် တချို့တော့ ရယူနိုင်သည်ကို ထည့်သွင်း တွက်ချက်ထားရန် လိုပေလိမ့်မည်။ USDP ဆောင်ရွက်လာနိုင်သည့် နည်းပရိယာယ်မှာ ဒေသခံ၊ ဒေသတွင်း၌ သြဇာရှိသူ၊ ပရဟိတ လုပ်ဆာင်သူ များကို ပစ်မှတ်ထား စည်းရုံးပြီး လွှတ်တော်ကိုယ်စားလှယ် များအဖြစ် ရွေးချယ်ကာ လူထုကို စည်းရုံး လာနိုင်သည်။
NLD က ပါတီကို ကြည့်၍ မဲပေးခိုင်းသည့်အချိန်တွင် USDP က လူကို ကြည့်၍ မဲပေးခိုင်းနိုင်သည်။ USDP အတွက် အားနည်းချက် တခုမှာ ယခင်ပြည်ထောင်စု၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များတွင် ပါဝင်ခဲ့သည့် လူဟောင်းများအား လူထုက စိတ်ပျက်နေသည်ဖြစ်ရာ ထိုလူဟောင်းများထဲက ကိုယ်စားလှယ် အဖြစ် ရွေးက ခက်ခဲနိုင်ပေမည်။ ပြိုင်ဖက်များ၏ အလွယ်တကူ ထိုးနှက်မှုကို ခံရနိုင်သည်။
ထို့အပြင် ပြည်မတွင်ပြိုင်ဆိုင်မည့် တခြား နိုင်ငံရေးပါတီများစွာထက် လတ်တလောဖွဲ့လိုက်သည့် ၈၈ ဦးကိုကိုကြီးတို့၏ ပြည်သူ့ပါတီသည် လူထု စိတ်ဝင်စားမှု အနည်းနှင့်အများ ရယူနိုင်ပြီး ၎င်းတို့ပါတီအနေနှင့် အစိုးရ မဖွဲ့နိုင်သော်လည်း လွှတ်တော်တွင် ထိမ်းကြောင်း နိုင်လိမ့်မည်ဟု လူထုက တွေးဆမှုရှိခြင်းနှင့် တဦးချင်း အရည်အချင်းနှင့် သြဇာတို့အပေါ် မူတည်၍ နေရာတချို့ ရယူနိုင်ဖွယ်ရှိပါသည်။
လောလောဆယ်တွင် ဗိုလ်ချုပ်ဟောင်း တချို့ကလည်း ပါတီအသစ်တခု ဖွဲ့သည်ဟုဆိုသည်။ လတ်တလော သုံးသပ်ရန် စောသေးသော်လည်း ၎င်းတို့ပါတီအနေဖြင့် တပြည်လုံး အတိုင်းအတာ အတွက် ခက်ခဲမည်ဖြစ်ပြီး တဦးချင်း သြဇာရှိသည့် ဒေသလောက်တွင်သာ တိုးနိုင်မည်ဟု သုံးသပ်ရပါသည်။
ကျန်ပြည်မရှိ နိုင်ငံရေးပါတီများမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် တိုးနိုင်ရန် မလွယ်ကူပါ။
သို့ဖြစ်ရာ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD သည် တိုင်းဒေသကြီး ၇ ခု၌ အမျိုးသားလွှတ်တော် နေရာ၏ ၉၇.၆ ရာခိုင်နှုန်း၊ ပြည်သူ့လွှတ်တော် နေရာအားလုံး၏ ၉၆ ရာခိုင်နှုန်း ရယူထားနိုင်ခဲ့ရာ လာမည့် ၂၀၂၀ တွင်လည်း ၈၀ ရာခိုင်နှုန်းနှင့် ၈၅ ရာခိုင်နှုန်းကြားတွင် ဆက်လက် အနိုင်ရသည်ဟု သုံးသပ်ရပါသည်။
၂၀၂၀ နှင့် ပြည်နယ်များ
၂၀၂၀ ရွေးကောက်ပွဲ၌ တိုင်းဒေသကြီးထက် စာလျှင် ပြည်နယ်များတွင် ပို၍ အပြောင်းအလဲ ကြီးနိုင်သည်ဟု သုံးသပ်ရသည်။ ထိ့အုပြင် ထိုအပြောင်းအလဲသည် ပြည်ထောင်အစိုးရ ဖွဲ့စည်းရေးကိုပင် ဂယက်ရိုက် နိုင်ပါသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်ပင် ပြည်နယ် ၇ ခု၌ NLD ၏ အနိုင်ရရှိမှုမှာ အပြတ်အသတ် မဟုတ်ချေ။ အမျိုးသားလွှတ်တော် နေရာ၌ NLD သည် ၆၃ ရာခိုင်နှုန်း အနိုင်ရပြီး ပြည်သူ့လွှတ်တော်တွင် ၄၇.၆ ရာခိုင်နှုန်းသာ အနိုင်ရထားခဲ့သည်။ ဤရာခိုင်နှုန်းထက် NLD ပိုရစရာ အကြောင်းမရှိပေ။
ရခိုင်ပြည်နယ်တွင် NLD က ပြည်သူ့လွှတ်တော် ၃ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ ရထားသည်။ ကျန် ANP အားကောင်းသော နေရာများကို NLD ယှဉ်ပြိုင်ရန် မဖြစ်နိုင်သည့်အပြင် လက်ရှိနေရာများကိုပင် ANP နှင့် ALD ကို ခွဲပေးရဖွယ်ရှိသည်။ ထို့အတူ ရှမ်းပြည်နယ်၌ လက်ရှိ ပြည်ခိုင်ဖြိုးရရှိထားသည့် ကိုးကန့်နှင့် ရှမ်းအရှေ့ မိုင်းပျဉ်း၊ မိုင်းယန်း စသည့်မြို့နယ်များ။ PNO အားကောင်းသော ဟိုပုန်း၊ ဆီဆိုင်၊ ပင်လောင်း စသည့် မြို့နယ်များ။ ဝ ပါတီအားကောင်းသော ဟိုပန်မြို့နယ်။ တအာင်းပါတီ အားကောင်းသည့် မန်တုံ၊ နမ့်ဆမ် စသည့် မြို့နယ်များ။ SNLD အားကောင်းသည့် ကွန်ဟိန်း၊ လဲချား၊ မိုင်းကိုင်၊ လင်းခေး၊ မိုးနဲ၊ မိုင်းရယ်၊ ကျောက်မဲ၊ သီပေါ၊ ကျေးသီး၊ မိုင်းရှူး စသည့် မြို့နယ်များတွင် NLD တိုးမပေါက်နိုင်ပေ။
သို့ဖြစ်ရာ ရှမ်းပြည်နယ်တွင်လည်း NLD အနေဖြင့် အတိုးမရှိနိုင် အလျော့သာ ရှိနိုင်ပေသည်။
ချင်းပြည်နယ်၌ ၂၀၁၅ တွင် NLD မှ အမျိုးသားလွှတ်တော်တွင် ၉ နေရာ အနိုင်ရခဲ့သော်လည်း ၅ နေရာတွင် မဲမပြတ်ခဲ့ပေ။ ပြည်သူ့လွှတ်တော် ၅ နေရာတွင်လည်း ၂ နေရာသာ မဲပြတ်ခဲ့ပြီး ၂ နေရာ မဲမပြတ်၊ ၁ နေရာ၌ ပွတ်ကာသီကာသာ နိုင်ခဲ့ရာ ယခုအခါ ချင်းပါတီများ ပူးပေါင်းနေကြသည့်အပြင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် စိုက်ထူရေးနှင့် ပတ်သက်ပြီး ပြည်နယ်တွင်း မကြေလည်မှုများရှိရာ ၂၀၂၀ တွင် နေရာ တချို့ တဝက် လက်လွှတ် ရမည်သာဖြစ်သည်။
မွန်ပြည်နယ်တွင် ၂၀၁၅ ၌ NLD က အမျိုးသားလွှတ်တော် ၁၁ နေရာ အနိုင်ရသည်။ မဲပြတ်သည်က ၄ နေရာ ရှိပြီး မပြတ်သည်က ၇ နေရာရှိသည်။ ပြည်သူ့လွှတ်တော် ၁၀ နေရာတွင် NLD က အားလုံး အနိုင်ရခဲ့သော်လည်း ၂ နေရာသာ မဲပြတ်၍ ၈ နေရာတွင် မဲမပြတ်ပေ။ မွန်ပါတီ ၃ ပါတီပေါင်းပြီးနောက် အားကောင်းလာသည် ဖြစ်သည့်ပြင် ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ပေးမှုကြောင့် ဆန္ဒပြခံရပြီး ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲတွင် ချောင်းဆုံ မဲဆန္ဒနယ်၌ NLD အရေးနိမ့်ခဲ့သည်ကို တွေ့ခဲ့ရပေရာ မွန်ပါတီနှင့် USDP အား မဲဆန္ဒနယ်တချို့တဝက် ခွဲပေးရဖွယ်ရှိသည်။
ကချင်ပြည်နယ် အမျိုးသားလွှတ်တော်၌ NLD က ၁၀ နေရာ အနိုင်ရရှိရာတွင် ၇ နေရာ မဲပြတ်၍ ၂ နေရာ မပြတ်ဘဲ ၁ နေရာ ပွတ်ကာသီကာ အနိုင်ရသည်။ ပြည်သူ့လွှတ်တော် ၁၈ နေရာတွင် NLD က ၁၂ နေရာ အနိုင်ရရှိရာတွင် ၇ နေရာ မဲပြတ်၍ ၄ နေရာ မဲမပြတ်ဘဲ ၁ နေရာတွင် ပွတ်ကာသီကာ အနိုင်ရခဲ့သည်။ ကချင်ပြည်နယ်၌ ကချင်တိုင်းရင်းသားပါတီ ၄ ပါတီ ပူးပေါင်းသည်ဆိုသော်လည်း ကချင်လူ့အဖွဲ့အစည်းသည် ဥပဒေတွင်း ရွေးကောက်ပွဲ နိုင်ငံရေးကို စိတ်ထက်သန်မှု၊ ယုံကြည်မှု မရှိသေးရာ ထိုအခြေအနေ မပြောင်းလဲပါက ကချင်တိုင်းရင်းသားပါတီများ အနိုင်ရရှိမှု နည်းပါးနိုင်သေးသည်။
ထို့အတူ ရှမ်းနီပါတီမှာလည်း ၂ ပါတီကွဲနေပြီး တချို့က USDP နှင့် ပူးပေါင်းနေပေရာ ကချင်ပြည်နယ်တွင်းရှိ ရှမ်းနီများ နေထိုင်ရာဒေသများ၌ NLD အလားအလာ ကောင်းနိုင်သေးသည်။ သို့ဖြစ်ရာ ကချင်ပြည်နယ် အတွင်း၌ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ် အကြား အပြောင်းအလဲ အနည်းဆုံး ဖြစ်နိုင်ပါသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ကယားပြည်နယ် အမျိုးသားလွှတ်တော် နေရာ ၉ နေရာအား NLD ကရရှိခဲ့ပြီး မဲလည်း ပြတ်ခဲ့သည်။ USDP ၂ နေရာနှင့် USDP ဟောင်း တသီးပုဂ္ဂလ ၁ နေရာလည်း မဲပြတ်ခဲ့ကြသည်။ ပြည်သူ့လွှတ်တော် ၆ နေရာကို NLD က အနိုင်ရပြီး ၅ နေရာ မဲပြတ်ကာ ၁ နေရာ၌ ပွတ်ကာသီကာ အနိုင် ရခဲ့သည်။ USDP က ၁ နေရာသာ အနိုင်ရခဲ့သော်လည်းမဲမပြတ်ခဲ့ပေ။
လက်ရှိ အချိန်တွင် ကယားပြည်နယ် တိုင်းရင်းသားပါတီ ၂ ခု ပေါင်းသော်လည်း အား အကောင်းချည်း မဟုတ်သေးဟု ဆိုသည်။ သို့သော် ကယားပြည်နယ်တွင် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမှုနှင့် ပတ်သက်ပြီး NLD ပြည်နယ် အစိုးရနှင့် ကယား လူငယ်များ ပဋိပက္ခဖြစ်ပွားပြီး လူငယ် ၂၃ ဦးကို ဖမ်းဆီး တရားစွဲဆိုမှု ပြုထားသည့် အခြေအနေ ရှိသည်။ ထိုသို့ ဖမ်းဆီးခံထားရသူများမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလက NLD ၏ မဲဆွယ်ခရီးစဉ်တွင် လုံခြုံရေးယူပေးခဲ့ကြ၊ ဘာသာပြန် ပေးခဲ့ကြ၊ မဲဆွယ်ပေးခဲ့ကြ သူများဖြစ်ကြသည်။
သို့ဖြစ်ရာ ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ၏ မဲရရှိမှုနှင့် ကိုယ်စားလှယ်နေရာ ပြောင်းလဲမှု ရှိမည်ဟု တွက်ဆ ရပေသည်။
၂၀၁၅ ခုနှစ်တွင် ကရင်ပြည်နယ်၏ အမျိုးသားလွှတ်တော်နေရာ ၁၀ နေရာကို NLD က ရရှိခဲ့သည်။ ထိုအထဲမှ ၆ နေရာ မဲပြတ်၍ ၃ နေရာ မဲမပြတ်ဘဲ၊ ၁ နေရာတွင် ပွတ်ကာသီကယ အနိုင်ရခဲ့သည်။ USDP က မဲမပြတ်သော်လည်း ၂ နေရာ အနိုင်ရခဲ့သည်။ ပြည်သူ့လွှတ်တော် ၆ နေရာ NLD က အနိုင်ရသည်။ ၄ နေရာ မဲပြတ်ပြီး ၂ နေရာ မဲမပြတ်ပေ။ USDP က ၁ နေရာ နိုင်သော်လည်း မဲမပြတ်ပေ။ ယခုနှစ်တွင် ကရင်ပြည်နယ် အခြေစိုက် ၄ ပါတီ ပူးပေါင်းခဲ့သည်။ ရန်ကုန်နှင့် မြစ်ဝကျွန်းပေါ် အခြေစိုက် ၂ ပါတီကမူ ပူးပေါင်းနိုင်ခြင်း မရှိသေးသော်လည်း တပ်ပေါင်းစု ဖွဲ့ကာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။ လက်ရှိအချိန်တွင် ကရင်ပြည်နယ်အတွင်း ၇ မြို့နယ်အနက် ပူးပေါင်းထားသည့် ကရင်ပါတီသည် သံတောင်ကြီးနှင့် ဖာပွန်မှအပ ကျန် မြဝတီ၊ ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး စသည့် ၅ မြို့နယ်တွင် အားကောင်းသည် ဖြစ်ရာ ၂၀၂၀ ရွေးကောက်ပွဲ၌ ကရင်ပါတီအနေဖြင့် ကရင်ပြည်နယ်တွင် အမတ်နေရာ၏ ၄၀ ရာခိုင်နှုန်း အထက်ကို မျှော်မှန်းထားသည်ဟု ဆိုပါသည်။
သို့ဖြစ်ရာ ပြည်နယ် ၇ ခုတွင် အမတ်နေရာ ရရှိမှုမှာ NLD အနေဖြင့် ၂၀၁၅ ခုနှစ်ထက် အနည်းဆုံး ထက်ဝက်ခန့် ကျသွားနိုင်သည်ကို သိရှိ ပြင်ဆင်ထားရန် လိုအပ်ပါသည်။ ထို့ကြောင့် ၂၀၂၀ တွင် ပြည်နယ် ၇ ခု၌ NLD အနေဖြင့် လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် အမျိုးသားလွှတ်တော်တွင် ၃၁. ၅ ရာခိုင်နှုန်း၊ ပြည်သူ့လွှတ်တော်တွင် ၂၃.၈ ရာခိုင်နှုန်းအထိ ရောက်ရှိသွားနိုင်သည်။ ထိုသို့ တိုင်းရင်းသား ပြည်နယ် ၇ ခု၌ တိုင်းရင်းသားပါတီတို့၏ ကိုယ်စားလှယ်နေရာ အချိုးအစား (USDP မှ အနည်းအကျဉ်းပါနိုင်သည်) သည် အမျိုးသား လွှတ်တော်တွင် ၆၈.၅ ရာခိုင်နှုန်း၊ ပြည်သူ့လွှတ်တော်တွင် ၇၆.၂ ရာခိုင်နှုန်းအထိ တက်လာနိုင်သည်။
ထိုသို့ ဖြစ်ပေါ်လာသည်နှင့် ပြည်ထောင်စု အစိုးရ ဖွဲ့စည်းရေးအတွက် ပြည်ထောင်စုလွှတ်တော်၌ သမ္မတ ရွေးချယ် တင်မြှောက်ရာတွင် တိုင်းရင်းသားပါတီတို့၏ အခန်းက အရေးပါလာပေတော့မည်။
ဖြစ်နိုင်ခြေများ
အထက်ပါ သုံးသပ်ချက်များအရ တိုင်းဒေသကြီး ၇ ခုရှိ အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် နှစ်ရပ် စလုံးတွင် NLD က ၈၅ ရာခိုင်နှုန်းအထိ နေရာရနိုင်ပြီး USDP နှင့် တခြားပါတီများက ၁၅ ရာခိုင်နှုန်းခန့် ရနိုင်ပေလိမ့်မည်။ ပြည်နယ် ၇ ခု၏ အမျိုးသားလွှတ်တော်တွင် NLD က ၃၁.၅ ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီများ (USDP အနည်းငယ်ပါနိုင်) က ၆၈.၅ ရာခိုင်နှုန်း ရရှိပြီး ပြည်သူ့လွှတ်တော်တွင် NLD က၂၃.၈ ရာခိုင်နှုန်း၊ တိုင်းရင်းသားပါတီများ (USDP အပါ) ၇၆.၂ ရာခိုင်နှုန်းအထိ ရရှိသွားနိုင်ပါသည်။
ထိုသို့ ဖြစ်သွားပါက တပြည်လုံး အတိုင်းအတာအရ ရွေးကောက်ပွဲတွင် NLD သည် အမျိုးသားလွှတ်တော်၌ ၅၈ ရာခိုင်နှုန်း၊ ပြည်သူ့လွှတ်တော်၌ ၆၁ ရာခိုင်နှုန်းဖြင့် အများစုဖြစ်နိုင် သေးသော်လည်း အစိုးရဖွဲ့စည်းရေးအတွက် သမ္မတ ရွေးကောက် တင်မြှောက်သည့် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်သည့် ပြည်ထောင်စု လွှတ်တော်တွင် ၄၅ ရာခိုင်နှုန်း ဖြစ်သွားပြီး သမ္မတ စိတ်ကြိုက် ရွေးချယ်ခွင့် လက်လွတ်သွားပေလိမ့်မည်။
တိုင်းရင်းသား ပါတီများကမူ တပ်မတော်သားကိုယ်စားလည် ၂၅ ရာခိုင်နှုန်း ပါဝင်သော ပြည်ထောင်စု လွှတ်တော်တွင် ၂၂ ရာခိုင်နှုန်း ရှိနေပေလိမ့်မည်။ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်က ၂၅ ရာခိုင်နှုန်း၊ NLD က ၄၅ ရာခိုင်နှုန်း၊ တိုင်းရင်းသားပါတီများက ၂၂ ရာခိုင်နှုန်းနှင့် USDP ၊ အခြားပါတီ၊ တသီးပုဂ္ဂလက ၈ ရာခိုင်နှုန်း ဖြစ်ပေလိမ့်မည်။
တချိန်တည်းတွင် USDP မှာ လောက်လောက်လားလား မဲရတော့မည် မဟုတ်သော်လည်း သူ့ပရိသတ်နှင့်သူ ရှိနေ သေးပေရာ တပ်မတော်သား ကိုယ်စားလည်များ ပါဝင်နေသော ပြည်ထောင်စုလွှတ်တော်အတွင်း၌ ၂၀၁၅ က ရရှိထားသော ၆ ရာခိုင်နှုန်းထက်တော့ လျော့မည်မထင်ပါ။ သို့သော် USDP သည် တပ်မတော်၏ ထောက်ခံမှု ရရှိထားသည်ဖြစ်ရာ တပ်မတော်သား ကိုယ်စားလှယ်များနှင့် ပေါင်းပါက ၃၁ ရာခိုင်နှုန်း ဖြစ်သွားပေမည်။
အစိုးရဖွဲ့စည်းရေးအတွက် သမ္မတ ရွေးကောက် တင်မြှောက်ရန် တိုင်းရင်းသားပါတီများ၏ မဲများသည် အရေးပါ လာပေလိမ့်မည်။ တိုင်းရင်းသားပါတီများနှင့် ပူးပေါင်းနိုင်သူ၊ တိုင်းရင်းသား ပါတီတို့၏ ထောက်ခံမှု ရသူတို့ အစိုးရ ဖွဲ့နိုင်သည့် အခြေသို့ ဆိုက်သွားပေလိမ့်မည်။
လက်ရှိ NLD ပါတီသည် မည်သည့် တိုင်းရင်းသားပါတီနှင့်မှ တပ်ပေါင်းစုဖွဲ့မထားသကဲ့သို့ ပူးပေါင်း ဆောင်ရွက်မှု၊ ညှိနှိုင်းဆောင်ရွက်မှုလည်း မရှိပေ။ NLD အစိုးရဖွဲ့ပြီးကတည်းက မည်သည့် တိုင်းရင်းသား ပါတီနှင့်မျှ ပါတီချင်း တွေ့ဆုံဆွေးနွေးခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်း မရှိပေ။ လက်ရှိ ဖွဲ့စည်းပုံဥပဒေနှင့် တိုင်းရင်းသားတို့၏ အမျိုးသားရေး စိတ်ဓာတ် မြင့်မားလာမှုကြောင့် တိုင်းရင်းသားပြည်နယ်များတွင် တိုင်းရင်းသား ပါတီများ၏ ကိုယ်စားပြုမှု၊ တိုင်းရင်းသားတို့၏ နိုင်ငံရေးကဏ္ဍကို ပစ်ပယ်၍ မရနိုင်ပေ။
တိုင်းရင်းသား ဒေသများတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး စကားမပေါက်၍ ရှုံးနိမ့်ရသည်ဟု အကြောင်းပြနေ၍ မရပေ။ ဗမာစကား ပေါက်သော ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မဲဆန္ဒနယ်တခုချင်း၌ ANP ပါတီက မဲ ၆ သောင်းကျော်ရချိန်တွင် NLD က မဲ ထောင်ဂဏန်းပင် အနိုင်နိုင်ဖြစ်သည်ကို သတိပြုရန်လိုသည်။ ထို့အပြင် သူ့နယ်နှင့်သူ လွှမ်းမိုးမှုများကို အလေးထားရန် လိုသည်။ ရှမ်းပြည်နယ်တွင် သြဇာရှိသော SNLD သည်ပင် ရှမ်းပြည်နယ် မဲဆန္ဒနယ်အားလုံးတွင် ဝင်မပြိုင်ပေ။ တအာင်းဒေသဖြစ်သော နမ့်ဆမ်၊ မန်တုံ၊ ကိုးကန့် ဒေသဖြစ်သော ကုန်းကြမ်း၊ လောက်ကိုင်တို့တွင် သာမက၊ အင်းသားများနှင့် ဗမာများ ပြောင်းရွှေ့ အခြေချမှု များသည့် ညောင်ရွှေမြို့နယ်တွင်ပင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိပေ။
တကယ်တမ်းဆိုလျှင် ပြည်နယ် တောင်တန်း ဒေသများ၌ ဗိုလ်ချုပ်အောင်ဆန်းရော၊ ဒေါ်အောင်ဆန်းစုကြည်ပါ မသိသေးသည့် သူများရှိနေသေးသည်။ ၂၀၁၅ ရွေးကောက်ပွဲကာလက ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲဝင်သည့် NLD ပါတီ ကိုယ်စားလှယ်သည် ဗိုလ်ချုပ်ပုံ၊ ဒေါ်စုပုံ အကြီးကြီးကို ဗီနိုင်းရိုက်၍ မဲဆွယ်စည်းရုံးရာ ထိုနှစ်ယောက်ကို တောင်ပေါ်သားတို့ မသိ၍ လက်မှိုင်ချခဲ့ရဖူးသည်။
သို့ဖြစ်ရာ လာမည့် ၂၀၂၀ အတွက် NLD ပြင်ဆင်ရမည်မှာ ပြည်နယ်များရှိ တိုင်းရင်းသားများကို ၎င်းတို့အပေါ် ကိုယ်စားပြုသည့် တိုင်းရင်းသား ပါတီ ခေါင်းဆောင်များမှ တဆင့် ဆက်ဆံရန်ဖြစ်သည်။ ပြည်နယ်များရှိ တိုင်းရင်းသား ပါတီများကို အသိမှတ်ပြု ဆက်ဆံရန်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည်လည်းကောင်း ပြည်မတွင် သြဇာရှိသည်က ငြင်းပယ်ရန် မရှိပေ။ သို့သော် ပြည်နယ်များတွင်မူ ထိုသြဇာသက်သက်နှင့် တိုးမပေါက်နိုင်ပေ။ သက်ဆိုင်ရာ ဒေသအလိုက် သြဇာရှိသူများ၊ ဒေသခံပြည်သူများက လေးစားသူများကို လွှတ်တော်ကိုယ်စားလှယ် ရွေးနိုင်မှသာ တချို့နေရာများတွင် နေရာ ရနိုင်ပေလိမ့်မည်။
သို့သော် တစုံလုံးအရ ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများနှင့် ပတ်သက်၍ မည်သို့မည်ပုံ သဘောထားမည်ကို လေးနက်စွာ ပြင်ဆင် ထားရန်လိုသည်။ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို လိုချင်လျှင် NLD ကို မဲပေးပါ၊ လူကိုမကြည့်ပါနှင့် ပါတီကို ကြည့်ပါဆိုသည့် မဲဆွယ်မှုများသည် တိုင်းဒေသကြီး များတွင် အလုပ်ဖြစ်ဆဲ ဖြစ်သော်လည်း ပြည်နယ်များတွင် ရေပန်းစားတော့မည် မဟုတ်ပေ။
USDP အနေဖြင့် အထက်တွင်ဆိုသကဲ့သို့ သူ့ပရိသတ်နှင့်သူ ရှိသည်။ လွှတ်တော်တွင်း၌ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ရှိသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် လူထု မျက်မုန်းကျိုးနေသူများအား ဘေးဖယ်ပြီး မျက်နှာသစ်များ၊ ပရဟိတ လုပ်ငန်း လုပ်သူများနှင့် မြို့နယ်အလိုက် လူသိများသူများကို ပွဲထုတ်နိုင်သည်။ မည်သို့ဆိုစေ USDP သည် မဲအများအပြား မရနိုင်သည်ကို သိပြီးဖြစ်ရာ တိုင်းရင်းသားပါတီများကို ပစ်မှတ်ထားမည် ဖြစ်သည်။
လက်ရှိတွင်လည်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ရေးရ ဒေသ ၃ မြို့နယ်တွင် သြဇာကြီးသည့် PNO၊ ဟိုပန် ဝ ပါတီ တိ့ုသည် USDP နှင့် မဟာမိတ်များ ဖြစ်ကြသည်။
ထို့အပြင် USDP က လာမည့် ၂၀၁၇ ရွေးကောက်ပွဲတွင် တိုင်းရင်းသားဒေသများတွင် ဝင်မပြိုင်၊ တိုင်းရင်းသားများ သူ့ဒေသသူ ကိုယ်စားပြုခွင့် ပေးမည်ဟုလည်း ကြွေးကြော်ထားသည်။ ၂၀၁၇ ကြားဖြတ်တွင် တိုင်းရင်းသား နယ်တချို့၌ ဝင်မပြိုင်၊ သို့သော် USDP အသာစီး ရလောက်သည့် မြို့နယ်များတွင်တော့ ဝင်ပြိုင်သည်ကို တွေ့ရသည်။
ချုပ်၍ဆိုလျင် ၂၀၂၀ ရွေးကောက်ပွဲတွင် USDP သည် ၎င်းတို့နှင့် တပ်မတော်သား ကိုယ်စားလှယ်များကို အခြေပြု၍ တိုင်းရင်းသားတို့၏ မဲကိုပါ စည်းရုံးယူပြီး အစိုးရဖွဲ့ခွင့် ကြိုးစားသွားဖွယ် ရှိနေသည်။
USDP အနေဖြင့် တိုင်းရင်းသားပါတီများကို ၎င်းတို့ပြည်နယ်၊ ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအား အုပ်ချုပ်ခွင့် ပေးပြီး လိုအပ်ပါက အခြေခံဥပဒေပါ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ခွင့်ပြု၍ ဝန်ကြီးချုပ်တင်မြှောက်ခွင့် ပေးကာ သမ္မတ တင်မြောက်၍ ပြည်ထောင်စုအစိုးရ ဖွဲ့စည်းမည့် ပြည်ထောင်စု လွှတ်တော်၌ ၎င်းတို့ကို ထောက်ခံပေးရန် လက်တွေ့ကျကျ စည်းရုံးသွားနိုင်သည်။
တပ်မတော်၏ စစ်တိုင်းဌာနချုပ်များသည် ပြည်နယ်တိုင်းတွင်ရှိပေရာ ပြည်နယ်အစိုးရကို အပြန်အလှန် ထိမ်းကျောင်းနိုင်သဖြင့် ဤအခွင့်အရေးကို မပေးရဲစရာ မရှိပေ။
သို့ဖြစ်ပါက NLD သည် လွှတ်တော်ထဲတွင် အမတ်နေရာများသော်လည်း အစိုးရ မဖွဲ့နိုင်သည့် အခြေသို့ ဆိုက်သွားနိုင်ပါသည်။ လွှတ်တော်ထဲတွင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိနေခြင်း၊ တိုင်းရင်းသား ပါတီများ အားကောင်းလာခြင်း၊ တိုင်းရင်းသား ဒေသများတွင် NLD သြဇာ တစုံတရာ ကျဆင်းလာခြင်း တို့ကြောင့် ဤအခြေအနေသည် ဖြစ်လာနိုင်သည့် အခြေအနေတရပ် ဖြစ်နေပါသည်။
တကယ်တမ်းတွင် တပ်မတော်သားကိုယ်စားလည် ၂၅ ရာခိုင်နှုန်း ရှိသည့် ပြည်ထောင်စုလွှတ်တော်၌ NLD က ၅၁ ရာခိုင်နှုန်း အသာရပါက အစိုးရဖွဲ့နိုင်ပါသည်။ ထိုသို့သော အခြေအနေလည်း ဖြစ်ပေါ်နိုင်ပါသည်။ သို့သော်လည်း ပြည်နယ်များတွင် အမျိုးသားရေး စိတ်ဓာတ် မြင့်တက်လာခြင်း၊ တိုင်းရင်းသား ပါတီများ အားကောင်းလာခြင်း တို့ကြောင့် ထိုမျဉ်းသည် တဖြည်းဖြည်း ကျဉ်းမြောင်းလာနေသည်ကို NLD အနေဖြင့် သတိထားရန် လိုအပ်နေပါသည်။
ပြည်နယ် ၇ ခု၌ အမျိုးသားလွှတ်တော်အတွက် ၈၄ နေရာ၊ ပြည်သူ့ လွှတ်တော်အတွက် ၁၂၃ နေရာရှိရာ ပြည်ထောင်စု လွှတ်တော်တွင် စုစုပေါင်း ၂၀၇ နေရာ၊ ရာခိုင်နှုန်းအားဖြင့် ၃၁ ရာခိုင်နှုန်း ရှိပေရာ တိုင်းရင်းသား ပါတီများ အားကောင်းပါက တပ်မတော်သား ကိုယ်စားလည် ၂၅ ရာခိုင်နှုန်း ရှိသော ပြည်ထောင်စု လွှတ်တော် အတွင်း သမ္မတ တင်မြှောက်ရေး၊ ပြည်ထောင်စုအစိုးရ ဖွဲ့စည်းရေးအတွက် အရေးပါသည့် မဖြစ်မနေ ထည့်သွင်း တွက်ချက်ရမည့် အချိုးအစား ဖြစ်ပါသည်။
ဆက်စပ်ဖတ်ရှုရန် – ၂၀၂၀ ရွေးကောက်ပွဲနှင့် တိုင်းရင်းသားပါတီများ
(စာရေးသူသည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများကို အထူးပြု လေ့လာသုံးသပ်သူ သုတေသီတဦးဖြစ်သည်။)