ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာ နှစ် ၃၀ ပြည့်ပြီ

Want create site? Find Free WordPress Themes and plugins.

မနက်ဖြန်ဆိုလျှင် စစ်တပ်မှ အာဏာသိမ်းခဲ့သည်မှာ နှစ် ၃၀ ပြည့်ပြီဖြစ်သည်။

ထိုနေ့က (စက်တင်ဘာ ၁၈ရက်) မှတ်မှတ်ရရ ညနေ ၄နာရီတွင် မြန်မာ့အသံမှ စစ်သီချင်းသံများ ရုတ်တရက် ထွက်ပေါ် လာကာ တိုင်းပြည်အာဏာကို စစ်တပ်က ရယူလိုက်ကြောင်း ဗိုလ်ချုပ်ကြီး စောမောင်၏ ကြေညာချက် ထွက်ပေါ်လာ၏။

ယင်းအချိန်မှစ၍ တိုင်းပြည်သည်လည်း စစ်တပ်၏ အုပ်ချုပ်မှုအောက်သို့ ၂၃နှစ်တိုင်ကျရောက်ခဲ့ ရလေသည်။

ထိုစဉ်က အခြေအနေကို ပြန်ပြောင်းပြောရလျှင် ရန်ကုန်မြို့တွင် ဆန္ဒပြနေသည့် လူအုပ်ကြီးမှာ စစ်တပ်က အာဏာ သိမ်းလိုက်ကြောင်းသတင်းကို ကြားသည့်အခါ ရုတ်တရက် ဘာလုပ်ရမှန်းမသိ။

အငိုက်မိသကဲ့သို့ ဖြစ်သွားပြီးနောက် တချို့လည်း မကျေမနပ်ဖြစ်ကာ စိတ်လွတ်ကိုယ်လွတ် တုံ့ပြန်မှု များကို ပြုလုပ်ကြ၏။

သို့သော် ချက်ခြင်းပင် စစ်တပ်အာဏာသိမ်းခြင်းကို မကျေနပ်သည့်အတွက် ကျောင်းသားများအပါ အဝင် ဒီမိုကရေစီ တောင်းဆို သူများသည် ဆန္ဒပြမှုများကိုဆက်လက်ပြုလုပ်ရန် ဆုံးဖြတ်လိုက်ကြ သည်။

သည်လိုနှင့် မှောင်ရီပျိုးလာသည့်အခါ ကြွေးကြော်သံများ ပိုမိုကျယ်လောင်လာသလို၊ ရန်ကုန်ဘူတာ ကြီးနှင့် မျက်နှာချင်း ဆိုင် ရှိ အောင်ဆန်းအားကစားကွင်းတွင် စခန်းချနေသည့် စစ်တပ်ကလည်း အဆင်သင့်ပြင်လေပြီ။

ထိုနေရာသည် ယောမင်းကြီးလမ်း(ယခင် ယောက်ခ်လမ်း) စစ်ရုံးချုပ်နှင့် လည်း နီးသည့်အတွက် အရေးပါသော နေရာတခုလည်းဖြစ်၏။

အလင်းရောင်ကွယ်သည်နှင့် ကြွေးကြော်သံများကို ပိုမို ကျယ်လောင်ပြီး ဆန္ဒပြလူအုပ်ကြီးသည် အောင်ဆန်းကွင်းရှိ စစ်တပ်ကို ညာသံပေး၍ ဝိုင်းကြလေရာ၊ လူအုပ်ကြီး နီးကပ်လာသည့်အခါ၊ အောင်ဆန်းကွင်း အတွင်းရှိ မီးရှုးတိုင်စိုက် တင် သည့် စင်မြင့်ပေါ်တွင် နေရာယူထားသည့် စစ်တပ်က စတင်ပစ်ခတ်လေသည်။

သေနတ်ပြောင်းမှ ထွက်သော မီးပွင့်များကို ဘူတာကြီးပေါ်မှ မြင်နေရပြီး၊ ကျည်ဆံတချို့လည်း ဘူတာကြီးဘက်သို့ လာမှန်၏။

ဆန္ဒပြသမားတချို့ကလည်း ရန်ကုန်ဘူတာကြီးဘက်မှ အောင်ဆန်းကွင်းအခြေကို ချဉ်းကပ်ကာ ဓာတ်ဆီထည့်ထားသည့် မိုလိုတော့ ပုလင်းများနှင့် အောင်ဆန်းကွင်းအတွင်းသို့ ပစ်ခတ်သည့်အတွက် အတွင်းတွင် မီးလောင်နေသည် ကို ဘူတာကြီးအပေါ်မှ တွေ့နေရသည်။

မကြာမီပင် စတော့ဂိတ်၊ သိမ်ဖြူ စသည့်ဘက်များမှလည်း ကြွေးကြော်သံများနှင့် အတူ ပစ်ခတ်သံ များကို ဆက်တိုက်ကြား ရပြန်လေသည်၊

ထိုစဉ်က ဆန္ဒပြလူအုပ်ကြီးအပေါ် စစ်တပ်၏ ပစ်ခတ်မှုမှာ တတောင့်ခြင်း ပစ်ခတ်ခြင်းမဟုတ်ပဲ၊ အော်တိုမက်တစ် သေနတ် များဖြင့် အတွဲလိုက် စစ်မြေပြင်တွင် ရန်သူကို ရင်ဆိုင်ပစ်ခတ်သကဲ့သို့ ပစ်ခတ်ခြင်းဖြစ်၏။

နောက်တနေ့ မနက် ကြားရသည့် သတင်းက မကောင်းလှပေ၊ ဗိုလ်ချုပ်လမ်းဘက်တွင်မူ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ အများအပြားရှိကြောင်းသိရသည်။

မိုးကလည်း မနက်လင်းကတည်းက တဖွဲဖွဲရွာနေပြီး လမ်းပေါ်တွင် အရေးတကြီး ကိစ္စကြောင့်သာ သွားလာနေသူတချို့ကို တွေ့ရပြီး၊ သယ်ယူပို့ဆောင်ရေးများ ရပ်ဆိုင်းသွားသည့်အတွက် ခရီးသွား လာမှုများ မရှိတော့ပေ။

ထိုစဉ်က ရန်ကုန်အနောက်ပိုင်းရှိ ကီလီလမ်းသည် အနယ်နယ်အရပ်ရပ်မှ ခရီးသည်တင်နှင့် ကုန်စည် တင်ကားများ ဆုံရာ ဖြစ်ပြီး၊ ကီလီသည် လည်း ဝါးကပ်များဖြင့် လမ်းပိတ်ကာ ကင်းစောင့်နေရသည့် အခြေအနေ ပင်။

ရန်ကုန်မြို့လည်ရှိ လမ်းတိုင်းလိုလိုတွင် သစ်ပင်များလှဲကာ အကာအရံအတားဆီးများ ပြုလုပ်ကြ သလို၊ ဝါးကပ်များ ဖြင့် လမ်းအတွင်းဝင်ပေါက်များကို ပိတ်ဆို့ထားသည့်အတွက် စစ်ကား၊ စစ်သား များ ဝင်၍မရ။

စစ်တပ်သည် လမ်းမကြီးများဖြစ်သည့် ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလမ်း၊ ကုန်သယ် လမ်း၊ ကမ်းနားလမ်း၊ ဆူးလေဘုရား လမ်း စသည့် လမ်းမကြီးများပေါ်တွင်သာ ဘရင်း ကယ်ရီ ယာများ၊ ဟီးနိုးခေါ် TE -11 စစ်ကားကြီးများကို သစ်ကိုင်း သစ်ခက်များ အုပ်ကာ ကင်းလှည့်ခြင်းပြု လုပ်နိုင်ပေ ၏။

လူအများမှာ ကင်းလှည့်သည့် စစ်ကားတန်းတွေ့လျှင် ကိုယ်ယောင်ဖျောက်ကာ နီးစပ်ရာ နေရာ အဆောက်အအုံများနှင့် လှေကားများပေါ်သို့ တက်ကာ ပုန်းအောင်ကြရသည်။

အထိပ်တလန့်ဖြစ်နေသည့် လူများသည် ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်း ရှိ ရုပ်ရှင်ရုံများ အောက် တိုင်လုံးတွင် “ဗိုလ်မှူးချုပ် ကျော်ဇော ဦးစီးသည့် တော်လှန်းရေးတပ်များ စက်တင်ဘာ ၂၈ရက် ရန်ကုန်ဝင်မည်”ဆိုသည့် ပိုစတာများကို တွေ့ရသည့်အခါ စုဝေးကာ အားတက်သရော ပြောဆိုကြပြန် သည်။

အာဏာသိမ်းစစ်တပ်၏ အဆိုးရွားဆုံး လူမဆန်စွာ ပစ်ခတ်မှုမှာ အမေရိကန်သံရုံးအနီး ပစ်ခတ်မှုဖြစ်၏။

ထိုနေ့က မိုးကလည်း သည်းသည်းမဲမဲ ရွာနေသည်၊ အဖြူနှင့် အစိမ်းဝတ်ထားသည့် အထက်တန်း ကျောင်းများပါဝင်သည့် ဆန္ဒပြလူအုပ်ကြီးသည် ကုန်သည်လမ်းအတိုင်း ချီတက်လာသည်၊ ရှေ့ဆုံးမှ အဖြူ အစိမ်းဝတ် ကျောင်းသားလေးများသည် ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံကို ကိုင်ကာ ကြွေးကြော်သံများကို ကြွေးကြော်လျှက် ချီတက်ကြသည်။

လမ်းဘေးရှိ လူအုပ်ကလည်း လက်ခုတ်တီးကာ အားပေးကြသည်၊ မကြာမီတွင် သေနတ်သံများ ထွက်ပေါ်လာ ကာ ကျောင်းသားများကို ပစ်ခတ်ပြီဟုသိရသည်။

ထိုအဖြစ်အပျက်ကား ယနေ့ တိုင် အရုပ်ဆိုးဆုံး အကျည်းတန်ဆုံး အဖြစ်အပျက်အဖြစ် သမိုင်းတွင် ထင်ကျန်နေတော့ လေ သည်။

နောင် တပတ်ခန့်ကြာသည့်အခါ ရန်ကုန်မြို့သည် စစ်တပ်၏ အောက်သို့ ကျရောက်သွားတော့သည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှ တိုင်းပြည် အာဏာကို ရယူခဲ့သည့် စစ်တပ်အစိုးရသည် နောင် ၂၃နှစ်ခန့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့လေသည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရ လက်ထက်က ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းဝင်ခဲ့သည့် မြန်မာပြည်သည် စစ်အစိုးရ လက်ထက်တွင် စီးပွားရေး လူမှုရေး၊ ပညာရေး အဖက်ဖက်မှ ထပ်မံချွတ်ချုံကျရလေသည်၊ တမျိုးသား လုံး၏ အကျင့် စာရိတ္တပိုင်းမှာ အောက်ဆုံးအထိ ဒုတ်ဒုတ်ထိလေပြီ။ နေရာတကာတွင် အဂတိလိုက်စားမှုများနှင့် အပြည့်ဖြစ်လေသည်။

ထိုအခြေအနေများသည် ယခုတိုင်ပြုပြင် ၍ မရသေးသည့် ဒဏ်ရာဟောင်း တခုဟုဆိုရမှာဖြစ်ပြီး၊ မကြာသေးမီက ဖြစ်ပျက်ခဲ့ သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် လုပ်ဆောင်ချက်များက သက်သေပြနေပေသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading