ငါးထပ်ကြီးဘုရား အနောက်ဖက်ကို ဆင်းသည့်တနေရာ၊ ကျောင်းကြိုကျောင်းကြား စောင်းတန်းတခု နံဘေးတွင် ထုံးဖြူ သုတ်ထားသည့် အုတ်ဂူတချို့ကို ခပ်လှမ်းလှမ်းကတည်းက ထင်းကနဲ မြင်တွေ့ရ သည်။
ပြီးခဲ့သည့် တပတ်ကျော် ဧရာဝတီက သတင်းမှတ်တမ်းယူရန် သွားရောက်စဉ် မြင်တွေ့ခဲ့ရသည့် မြင်ကွင်းနှင့် မတူတော့ပေ။
လူ့အသုံးအဆောင်ပစ္စည်း၊ အဝတ်တန်း၊ လူနေတဲများကြားမှ ရေညှိများ တက်နေသည့် အုတ်ဂူများကို မနည်း ကြည့်ယူခဲ့ရပြီး မြေကြီးထဲ ကျွံဝင်၍ တစောင်းဖြစ်နေသည့်၊ ကွဲအက်နေသော တဲအိမ်အတွင်း စားပွဲသဖွယ် ရောက်နေသည့် အုတ်ဂူများကို ထိုစဉ်က မှတ်တမ်းတင်ခဲ့ရသည်။
ယင်းအုတ်ဂူများသည် တချိန်က မြန်မာနိုင်ငံတော်ကြီးကို အုပ်ချုပ်ခဲ့သည့် ဘုန်းမီးနေလ တောက်ပခဲ့ သော မင်းတုန်းမင်း တရားကြီး၏ အနွယ်တော်သင်္ချိုင်း ဖြစ်ပေသည်။
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးဘုရားဝင်းအနီး ယင်းကဲ့သို့ အနွယ်တော်များ၏ သင်္ချိုင်းရှိနေသည်ကို သိသူ နည်းပါးခဲ့ကြသလို အမှုမဲ့အမှတ်မဲ့ ဖြစ်နေခဲ့ကြဟန်တူသည်။
ပြီးခဲ့သည့် သြဂုတ် ၁၃ ရက်တွင် Hla Bu ဆိုသည့်အကောင့်ပိုင်ရှင်က ယင်းအုတ်ဂူများနှင့်ပတ်သက်၍ ဓာတ်ပုံများနှင့်တကွ ၎င်း၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် တင်ခဲ့ရာ လူသိများ စိတ်ဝင်စားလာ ကြပြီး မီဒီယာများကလည်း သတင်းတင်ဆက် မှုများ ပြုလုပ်လာကြသည်။
ထိုမှတဆင့် အုတ်ဂူများ၏ မျိုးဆက်အနွယ်တော်များလည်း သွားရောက်ကြည့်ရှုခဲ့ကြပြီး စက်တင်ဘာ ၁၁ ရက်မှ စတင်ကာ ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်နေကြပြီ ဖြစ်သည်။
ပြန်လည်ပြင်ဆင် မွမ်းမံမှုများကို ကုန်းဘောင်ဆက် ဆွေတော်မျိုးတော်များအသင်း – အောက်မြန်မာ ပြည် (ရန်ကုန်) က ဦးစီး ဆောင်ရွက်နေကြောင်း သိရသည်။
ယင်းဆွေတော်မျိုးတော် အုတ်ဂူများ အနီးဝန်းကျင်တွင် လူနေအိမ် တဲတချို့ရှိနေပြီး တချို့တဲအိမ်များ က အုတ်ဂူများအပေါ် ခွလျက် တည်ဆောက်ထားသည်ကို ဧရာဝတီက သွားရောက် ရိုက်ကူးရာတွင် တွေ့ရှိခဲ့ရသည်။
အဆိုပါအိမ်များသည် ၂၀၀၀ ပြည့်နှစ် ဝန်းကျင်ခန့်က ဦးဂိုအင်ကာ ဓမ္မဇောတိရိပ်သာ ဆောက်လုပ်စဉ် ပန်းရံလာရောက် လုပ်ကိုင် ကြသည့် မိသားစုဝင်များက ရိပ်သာပြီးသည့်အခါ နေစရာမရှိတော့၍ မြန်အောင်ကျောင်းဆရာတော်ထံ ခွင့်တောင်း နေထိုင်ခဲ့ကြကြောင်း အုတ်ဂူများအနီးရှိ ကျိုက်ထီးရိုး စေတီကျောင်းမှ ဆရာတော် ဦးပဝရသိဒ္ဓိက မိန့်ကြား သည်။
ဦးပဝရသိဒ္ဓိ၏ မိန့်ကြားချက်အရ အုတ်ဂူများ ဝန်းကျင်တွင် တဲပေါင်း ၂၀ ခန့်ရှိကြောင်း၊ ၎င်း ၂၀၀၀ ပြည့်နှစ်က ရဟန်း ခံစဉ်ကတည်းက အုတ်ဂူများကို တနှစ်တခါ ထုံးသုတ်ခြင်း၊ အက်ကွဲကြောင်းများ ကို ပြန်လည်ဖာထေးပေးခြင်းဖြင့် ထိန်းသိမ်း စောင့်ရှောက် ပေးထားကြောင်း သိရသည်။
ယခုအခါ ယင်းနေရာတွင် နေထိုင်သူများနှင့် ညှိနှိုင်းကာ အုတ်ဂူများကို ပြန်လည်ဖော်ထုတ် မွမ်းမံ လျက်ရှိပြီး အခြေခံပြင်ဆင် မှုများပြီးပါက ပန်းပု၊ ပန်းတမော့ ပညာရှင်များနှင့်ပူးပေါင်းကာ အနုစိတ် ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ လုပ်ဆောင်သွား မည်ဟု မင်းတပ်အနွယ်တော် တဦးဖြစ်သည့် မင်းတပ်နေမျိုးဦးက ဧရာဝတီကို ပြောသည်။
ယင်းသင်္ချိုင်းမြေနေရာသည် ၁ ဧကခွဲ ကျယ်ဝန်းပြီး မင်းတုန်းမင်းနှင့် ခုနစ်ရွာမိဖုရားကြီးတို့၏ သမီးတော် မင်းတပ်ထိပ်ခေါင် တင်က ဝယ်ယူလှူဒါန်းခဲ့ကာ ကံတော်ကုန် ဆွေတော်မျိုးတော် အုတ်ဂူပေါင်း ၅၀ ကျော် မြှုပ်နှံထားခဲ့သည်ဟု ၎င်းက ရှင်းပြ သည်။
ယခုအခါ ရာသီဥတုဒဏ်၊ လူလုပ် ဘေးဒဏ်များကြောင့် အုတ်ဂူ ၂၀ ကျော်သာ ကျန်ရှိတော့ကြောင်း သိရသည်။
ယင်း သင်္ချိုင်းနေရာကို မင်းတပ်ထိပ်ခေါင်တင်က မည်သည့်ခုနှစ်တွင် ဂရန်ခံ၍ ဝယ်ယူခဲ့သည်ကို အတိအကျ မသိသော် လည်း အုတ်ဂူများ၏ သက်တမ်း နှစ်ပေါင်း ၆၀ ကျော်ပြီဟု စာရေးဆရာ မောင်သန်းဆွေ (ထားဝယ်) က ပြောသည်။
“သူ့(မင်းတပ်ထိပ်ခေါင်တင်) ကို အန်ကယ်မီတယ်။ အင်တာဗျူးဖူးတယ်။ သူက အဲဒီမြေကို ဝယ်ပြီး ဆွေတော်မျိုးတော် သင်္ချိုင်းလုပ်တာ။ ပတ်သက်တဲ့ ဘုန်းကြီးတပါးကို ကျောင်းဆောက်ပေးပြီး အစောင့်သဘောထားတာ။ အခုကတော့ ဘုန်းကြီး အစဉ်အဆက် ဖြစ်သွားပြီ။ သူ (မင်းတပ်ထိပ်ခေါင်တင်) က နောက်ဆုံး ကံတော်ကုန်တာပဲ” ဟု ၎င်းက ရှင်းပြသည်။
၎င်း၏ ပြောပြချက်အရ မင်းတပ်ထိပ်ခေါင်တင်သည် မင်းတုန်းမင်းနှင့် ခုနစ်ရွာမိဖုရားတို့၏ သမီးတော် အငယ်ဆုံးဖြစ်ပြီး သုံးဆယ်မင်းသား၏ သားတော် သုံးဆယ်ထိပ်တင်ကလေးနှင့် အိမ်ထောင်ကျကြောင်း၊ မင်းတပ်ထိပ်ခေါင်တင်သည် အသက် ၁၀၀ ကျော်တွင် ဆုံးပါးခဲ့ကြောင်း သိရသည်။
၁၉၉၆ ဇွန် ၅ ရက်နေ့၌ မင်းတပ်ထိပ်ခေါင်တင် (အသက် ၁၀၁ နှစ်) ၏ ဈာပနကို မင်းခမ်းမင်းနားဖြင့် ယင်းသင်္ချိုင်းမြေတွင် နောက်ဆုံး သြင်္ဂိုဟ်ခဲ့သည်ဟု ဆွေတော်မျိုးတော်များက ဆိုသည်။
ဆရာမောင်သန်းဆွေ (ထားဝယ်) သည် ၂၀၁၂ မှ ၂၀၁၅ အထိ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင်လည်း မြန်မာ့သမိုင်းအဖွဲ့ ဒု-ဥက္ကဋ္ဌ (၁) အဖြစ် ဆောင်ရွက်နေကာ သမိုင်းစာပေများ ရေးသားလျက်ရှိသည်။
၎င်းရေးသားထားသည့် ‘ငါးထပ်ကြီးဘုရားအနီးမှ ဆွေတော်မျိုးတော်များ သင်္ချိုင်းရှင်းတမ်း’ ဆောင်းပါးတွင် “ကျနော် သိသ မျှ သီပေါမင်း ဆွေတော်မျိုးတော်များ မပါပါ။ မင်းတုန်းမင်းတရား၏ အနွယ်တော် အုတ်ဂူများသာ ဖြစ်သည်” ဟု ဆိုသည်။
အရှင်နှစ်ပါး ပါတော်မူပြီးနောက် နယ်ချဲ့ဗြိတိသျှ လက်ထက်တွင် ကံကုန်တော်မူကြရသည့် ဘုရင့် အနွယ်တော် ဆွေတော် မျိုးတော်များအတွက် မန္တလေးတွင် ဆွေတော်မျိုးတော် သင်္ချိုင်းဟု သတ်မှတ် ထားချက်များလည်း ရှိကြောင်း ရေးသားထား သည်ကို တွေ့ရသည်။
၁၈၈၅ ခုနှစ် မကုန်မီ နယ်ချဲ့အစိုးရသည် ၎င်းတို့အတွက် စိုးရိမ်ရသည်ဟု ထင်ရသော မင်းတုန်းမင်း နှင့် အိမ်ရှေ့စံ ကနောင် မင်းတို့၏ မိဖုရား၊ ကိုယ်လုပ်တော်၊ သမီးတော်နှင့် သားတော်တချို့ကို မန္တလေးမှရန်ကုန်သို့ ‘အလောင်းဘုရား’ သင်္ဘောနှင့် ပို့လိုက်သည်။
သနဇရစ်မိဖုရားနှင့် သားတော် ကောလင်းမင်းသားတို့ကိုလည်း မြိတ်သို့ပို့လိုက်ရာ မြိတ်မှ ပြန်ရောက်တော်မူလာကြပြီး ရန်ကုန်၌ပင် စံနေကြသည်။
နိုင်ငံခြားသို့ ရောက်သွားသည့် မြင်ကွန်း၊ မြင်းခုံတိုင်၊ ညောင်ရမ်း၊ ညောင်အုပ်၊ လင်းပင်မင်းသား တို့၏အဆက် အနွယ်တော် များသည်လည်း နိုင်ငံခြားမှ ပြန်ရောက်လာကြသောအခါ ရန်ကုန်မြို့ တွင်ပင် အခြေချ နေထိုင်ကြသည်။
ဤသို့နှင့် တစတစ ရန်ကုန်တွင် ဘုရင့်အနွယ်တော် ဆွေတော်မျိုးတော်များ ပွားများလာခြင်းဖြစ် သည်ဟု မောင်သန်းဆွေ (ထားဝယ်) က ရေးသားထားသည်။
ထိုကဲ့သို့ ရေးသားဖော်ပြချက်များက မင်းဆွေမင်းမျိုးများ ရတနာပုံ နေပြည်တော်မှ ရန်ကုန်သို့ မည်သို့မည်ပုံ ရောက်လာကြ သနည်းဟူသော မေးခွန်းအတွက် တစုံတရာသော အဖြေရနိုင်လိမ့်မည် ထင်သည်။
ငါးထပ်ကြီးအနီးရှိ ဆွေတော်မျိုးတော် သင်္ချိုင်းသည် ပုဂ္ဂလိကဆိုင်ရာဖြစ်နေသော်လည်း ဘုရင့်မျိုးနွယ် များဖြစ်ပြီး တိုင်းပြည်၏ ယဉ်ကျေးမှုတခုဖြစ်၍ ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်း၊ ဂရန်ခံပြီး လုပ်ထားသည့် သင်္ချိုင်းမြေအတွင်း ဝင်ရောက်နေ ထိုင်သူများကို ရန်ကုန်တိုင်းအစိုးရအနေဖြင့် ကူညီဖြေရှင်းပေးသင့်ကြောင်း စာရေးဆရာ မောင်သန်းဆွေက အကြံပြုသည်။
“ပင်လယ် ထိပ်ခေါင်တင်ဆိုတဲ့ ညီမနှစ်ပါးရဲ့ သင်္ချိုင်းနှစ်ခုပေါ်မှာ သေးအိုးတွေ တင်ထားတယ်။ အန်ကယ်က ဒီ မင်းသမီးကြီးတွေကိုမီတော့ စိတ်မကောင်းလို့ဖယ်ခိုင်းတာကို ဘာပတ်သက်လဲလို့ ဟောက်တာ။ ဆွေတော်မျိုးတော်လား ဆိုတော့ ဟုတ်တယ်လို့ ပြောလိုက်တယ်။ အဲဒီတော့မှ ဖယ်ပေးတာ။ အဲဒီလောက် လူပါးဝတာ” ဟု ၎င်း ကြုံတွေ့ခဲ့ရ သည်များကို ပြန်လည် ပြောပြသည်။
အဆိုပါ နေအိမ်များအားလုံးကို ရှင်းလင်းရန် အချိန်ယူရဦးမည်ဖြစ်ပြီး ယခု အုတ်ဂူများကို ရှင်းလင်းမှုများ ပြုလုပ်ရာတွင် နေအိမ်များမှ လူများနှင့် ဘုန်းကြီးကျောင်းမှ ဆရာတော်များက ဝိုင်းကူပေးကြောင်း မင်းတပ်နေမျိုးဦးက ပြောဆိုသည်။
အသင်းအနေဖြင့် သာသနာရေးနှင့် ရှေးဟောင်းယဉ်ကျေးမှု ဝန်ကြီးဌာနသို့ အသိပေးရန် စိတ်ကူးထား သော်လည်း အစိုးရ ၏ အမိန့်အာဏာဖြင့် လက်ရှိ နေထိုင်သူများကို ဖယ်ရှားရန် စိတ်ကူးမရှိဘဲ ပြေပြေလည်လည် ညှိနှိုင်းဆောင်ရွက်သွားမည် ဟုလည်း သိရသည်။
“အရင်ဆုံး ကိုယ့်ဂူတွေကို လှပအောင် လုပ်လိုက်မယ်။ အထဲ ဝင်နေတဲ့ဂူတွေလည်း ရှိတယ်။ အဲဒါတွေ ကို တအိမ်ချင်း ညှိနှိုင်းပြီးတော့ ပြင်မှပဲ ရမယ်။ ပြီးသလောက် မျက်စာနှာနဲ့ ဘေးတွေကိုတော့ ခြံဝန်း ခတ်ဖို့ စိတ်ကူးထားပါတယ်” ဟု မင်းတပ်နေမျိုးဦးက ဆိုသည်။
ယင်းအုတ်ဂူများနှင့် ပတ်သက်၍ ဧရာဝတီက သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုး သားပြတိုက် ဦးစီးဌာန (ရန်ကုန်ဌာနခွဲ) သို့ စက်တင်ဘာ ၆ ရက်နေ့တွင် သွားရောက် တွေ့ဆုံ မေးမြန်းခဲ့သည်။
ယင်းဌာန၏ ဒါရိုက်တာ ဒေါ်ဥမ္မာအောင်က နောက်ဆုံးမင်းဆက်၏ အနွယ်တော်များဖြစ်သည့်အတွက် စိတ်ဝင်စား၍ သွား ကြည့်ထားသည့် အဆင့်သာရှိသေးပြီး လက်ရှိမြေပြင်အခြေအနေနှင့် အုတ်ဂူများ ၏ သမိုင်မှတ်တမ်းဆိုင်ရာ အချက်အလက်များ ပြည့်စုံပြီဆိုပါက လိုအပ်သည်များ ပံ့ပိုးကူညီပေးရေး တိုင်းအစိုးရထံ ညှိနှိုင်းစာရေးရန် စိတ်ကူး ထားသည်ဟု ဆိုသည်။
“ကျမတို့ ရှေးသုက အဓိက မဟုတ်သေးပါဘူး။ ဥပဒေစကားရပ်အရ နှစ် ၁၀၀ အထက် သက်တမ်းရှိမှ ကျမတို့ ရှေးဟောင်း နဲ့သက်ဆိုင်တယ်။ သူ့ရဲ့ဘိုးဘွားစဉ်ဆက်ရဲ့ သားမြေးမြစ်တီတွတ်တွေမှာ တာဝန်ရှိတာ။ သူတို့လုပ်ရခက်ရင် ပူးပေါင်းလိုက် ပါ။ ဒါက ပိုပြီးအဆင်ပြေပါတယ်” ဟု ၎င်းက ရှင်းပြသည်။
ယခင်က ဆွေတော်မျိုးတော်များသည် ငွေကြေးအရဖြစ်စေ၊ ခေတ်အဆက်ဆက်တွင် နှိပ်ကွပ်ခံခဲ့ရ မှုများကြောင့်ဖြစ်စေ အ ကြောင်းအမျိုးမျိုးကြောင့် ဘိုးဘေးဘီဘင်များကို မကြည့်ရှုနိုင်ခဲ့သော်လည်း ယခုအခါ အင်အားများကို ပြန်လည်စုစည်းပြီး တတ်နိုင်သမျှနည်းဖြင့် ဘိုးဘေးဘီဘင်တို့၏ အုတ်ဂူများကို ပြင်ဆင်မွမ်းမံနေကြပြီ ဖြစ်သည်။
“အမှန်အတိုင်းပြောရရင် တချိန်က ပစ်ထားခဲ့ရတဲ့ သဘောဖြစ်နေတာ။ ကိုယ့်ဘဝရပ်တည်ရေး ကိုယ်လုပ်နေကြရတာနဲ့ ဒါတွေကို ပြန်ကြည့်ဖို့ အချိန်မရှိခဲ့ဘူး။ အခု ပြန်ကြည့်နိုင်တဲ့အချိန်မှာ အကုန်လုံးက ပြန်ကြည့်ချင်တဲ့ ဆန္ဒရှိကြပါတယ်။ အခုလိုမျိုး ဖြစ်နေတာတွေကို မြင်ရတော့ စိတ်မကောင်းကြဘူးပေါ့နော်” ဟု မင်းတုန်းမင်း၏တီတော် ထိပ်တင်အောင်က ပြောပြသည်။
ရာသီဥတုဒဏ်ကြောင့် ပြိုကျပျက်စီးမှုများ၊ ကျူးကျော်ဝင်ရောက် နေထိုင်သူတို့၏ အသုံးအဆောင် ပစ္စည်းများကြားမှ ဂုဏ်ငယ်နေရသည့် ဘိုးဘေးဘီဘင်တို့၏ အုတ်ဂူများကို မြင်တွေ့ရသည့် ဆွေတော်မျိုးတော်တို့အတွက် များစွာ စိတ်မကောင်း ဖြစ်ရသည်ဟုလည်း ဖွင့်ဟပြောဆိုကြသည်။
ထို့အပြင် အနွယ်တော်တို့၏ အုတ်ဂူများ ပျောက်ကွယ်သွားမည်ကိုလည်း စိုးရိမ်လျက်ရှိသကဲ့သို့ သမိုင်းမှတ်တမ်း အဖြစ်လည်း ဆက်လက်ကျန်ရှိစေရန် ဆန္ဒရှိနေကြသည်။
“ဆွေတော်မျိုးတော်ရယ် မဟုတ်ပါဘူး။ ဘယ်သူမဆို ကိုယ့်မိဘဘိုးဘွား သေလို့မြှုပ်ထားတဲ့ အုတ်ဂူတွေပေါ်မှာ တခြားလူ တွေက နေတယ်။ တခါတလေ ထမီလှမ်းထားတာတို့ ဘာတို့ပေါ။ အဲဒီလိုမြင်ရတဲ့အခါ သာမန်လူတယောက်ဆိုရင်လည်း ဘယ်လိုမှ အဆင်ပြေမယ့်ပုံစံ မဟုတ်ဘူး” ဟု ထိပ်တင်အောင်က ပြောသည်။
ယင်းသို့ မင်းတုန်းမင်း၏ အနွယ်တော် အုတ်ဂူများကို ပြန်လည် ပြုပြင်ထိန်းသိမ်းမှုများအပေါ် မတူညီသော စိတ်ခံစားမှု များကြောင့် အမြင်သဘောထား ကွဲပြားကြမည်ဖြစ်သော်လည်း ပြုပြင်ထိန်း သိမ်းခြင်းမရှိပါက သိပ်မကြာခင် အချိန်ကာလ တခု၌ တိမ်ကော ပျောက်ကွယ်သွားနိုင်သည်ဟု စာရေးဆရာ မောင်သန်းဆွေက ဆိုသည်။
တချိန်က လူမသိသူမသိဖြင့် ခြုံနွယ်ပိတ်ပေါင်း အိမ်ကြိုအိမ်ကြားထဲတွင် အထီးကျန် သိမ်ငယ်စွာ တည်ရှိခဲ့ကြသည့် အနွယ်တော် အုတ်ဂူများသည် ယခုအခါ ဆွေတော်မျိုးတော်တို့၏ အချိန်မီ ပြန်လည်ပြင်ဆင်မှုများကြောင့် ထည်ထည်ဝါဝါ တည်ရှိ နေနိုင်ပြီဟု ဆိုရမည်ဖြစ်သော်လည်း ရေရှည်ထိန်းသိမ်းမှုများကတော့ လိုအပ်နေဦးမည် ဖြစ်ပေသည်။ ။