ဆောင်းပါး

ကုန်သွယ်ရေးစစ်ပွဲကြားက အပြိုင်အဆိုင်အာဆီယံ

Want create site? Find Free WordPress Themes and plugins.

အမေရိကန် သမ္မတ ထရမ့်က ကစားပွဲကို အပြောင်းအလဲ လုပ်နိုင်သူ တယောက် ဖြစ်သည်။ လုပ်ရန်လည်း အလားအလာ များနေသည်။

အရှေ့တောင်အာရှက သူ၏ အစီအစဉ်တွင် ထင်ထင်ရှားရှား ပါဝင်ခြင်း မရှိပါ။

တချိန်တည်းတွင် သူ စတင်ခဲ့သော ကုန်သွယ်ရေး စစ်ပွဲက ကမ္ဘာ့ကုန်ထုတ်လုပ်မှုကို ပြန်လည်နေရာချထားခြင်းဖြင့် အဆုံးသတ်ရန် ရှိနေသည်။ ပို့ကုန်သမားများကဲ့သို့သော အရေးကြီးသည့် ထောက်ပံ့ရေးကွင်းဆက် အားလုံးက တရုတ်နိုင်ငံအပေါ် မှီခိုအားထားရမှုကို လျှော့ချရန် နည်းလမ်းများ ရှာဖွေနေကြသည်။

တနိုင်ငံလျှင် လူဦးရေ သန်း ၉၀ ကျော် ရှိကြသော အရှေ့တောင် အာရှ နိုင်ငံများ ဖြစ်သည့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့အတွက် ထိုအချက်က အဓိက အခွင့်အရေးတခု ဖြစ်လာနိုင်ပါသည်။ ထို့ပြင် ထိုနိုင်ငံ ၃ ခုက စက်မှုလုပ်ငန်း ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းကို ဆွဲဆောင်နိုင်ရန် ကြိုးစားနေကြသည်။ လက်ရှိ အချိန်တွင် ဗီယက်နမ် နိုင်ငံက အအောင်မြင်ဆုံး ဖြစ်နေသည်။

လက်ရှိ အချိန်တွင် အာဆီယံအတွင်း ဗီယက်နမ် နိုင်ငံက အအောင်မြင်ဆုံး ဖြစ်နေသည်

ကမ္ဘာပေါ်တွင် စမတ်ဖုန်းထုတ်လုပ်သည့် အကြီးဆုံး ကုမ္ပဏီဖြစ်သော Samsung က ဗီယက်နမ် နိုင်ငံတွင် အမေရိကန် ဒေါ်လာ ၁၇ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံခဲ့သည်။ ၂၀၁၇ ခုနှစ် တနှစ်ထဲမှာပင် အမေရိကန်ဒေါ်လာ ၂၁၄ ဘီလီယံ တန် ဖိုး ရှိခဲ့သည့် ဗီယက်နမ် ပို့ကုန်၏ ၄ ပုံ ၁ပုံ နီးပါးကို ရယူခဲ့သည်။

မြို့တော် ဟနွိုင်း၏ အပြင်ဘက်တွင်ရှိသော Samsung ၏ ထုတ်လုပ်ရေး စက်ရုံ ၂ခု ဖြစ်သည့် Bac Ninh နှင့် Thai Nguyen တို့က မြစ်နီ မြစ်ဝှမ်းတလျှောက်တွင် မြို့ငယ်လေးများသဖွယ် ဖြန့်ကျက်ထားသည်။ စက်ရုံ အလုပ်ရုံများက အလွန် ကြီးမားသလို အလုပ်သမား ၁၄၉ ၀၀၀ ကျော် အလုပ်လုပ်နေကြသည်။

ထို့ကြောင့် ကုန်ကျစရိတ်တိုးလာနေသည့် တရုတ်နိုင်ငံမှ စက်မှုလုပ်ငန်းများ ပြန်လည်နေရာချထားရေး အဓိကလှိုင်းလုံး၏ အလားအလာမှ အကျိုးကျေးဇူး ခံစားရရန် အဆိုပါ ၃ နိုင်ငံအတွက် အမိအရ ယူရမည့် အမှန်တရားတခု ဖြစ်လာသည်။

ဝမ်းနည်းစရာမှာ ဖိလစ်ပိုင်နိုင်ငံက အခြေခံ အဆောက်အဦး အားနည်းခြင်း၊ စွမ်းအင် ဈေးကြီးခြင်းနှင့် နာမည်ဆိုးနှင့် ကျော် ကြားသည့် ဗျူရိုကရေစီ စနစ်က အဓိကနေရာများတွင် ဆက်လက်၍ အမြစ်တွယ်နေခြင်းများ ရှိနေသည်။

ဗီယက်နမ် နိုင်ငံက ထိပ်ဆုံးတွင် ဦးဆောင်နေသည်။ ဥပမာပြရလျှင် ၂၀၁၇ ခုနှစ် တခုတည်းမှာပင် ဗီယက်နမ်က နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) အမေရိကန်ဒေါ်လာ ၃၅.၈၈ ဘီလီယံ ဆွဲဆောင်နိုင်ခဲ့ချိန်တွင် ၎င်းထက် လူဦးရေ ၃ ဆ နီး ပါး ပိုများသည့် အင်ဒိုနီးရှား နိုင်ငံက ဒေါ်လာ ၃၂.၃၄ ဘီလီယံသာ ဆွဲဆောင်နိုင်ခဲ့သည်။

၁၉၈၇ ခုနှစ်တွင် GDP က အမေရိကန်ဒေါ်လာ ၃၆.၆၅ ဘီလီယံ သာ ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ဒေါ်လာ ၂၂၃.၈ ဘီလီယံ ဖြစ်လာခဲ့သည်

ကျနော့် အမြင်အရဆိုလျှင် နိုင်ငံချင်းချင်း ယှဉ်ပြိုင်မှုအားသာချက်ကို ဆုံးဖြတ်ပေးသည့် အဓိက အချက် ၄ ခုရှိပါသည်။

ပထမ တခုမှာ ပညာရေး ဖြစ်သည်။ အဆိုပါ နိုင်ငံ ၃ ခုလုံးတွင် သန်းနှင့် ချီသည့် လူငယ် အလုပ်သမားများ ရှိနေသည်။ စိန်ခေါ်မှုမှာ လုပ်သားအင်အားစုက စက်မှုလုပ်ငန်းများ၏ လိုအပ်ချက်နှင့် ကိုက်ညီရေး ဖြစ်သည်။ ဗီယက်နမ်နှင့် အင်ဒိုနီး ရှား ၂ နိုင်ငံလုံးက နှစ်စဉ် အင်ဂျင်နီယာ ၁၀၀၀၀၀ ကျော် ကောင်းကောင်း မွေးထုတ်ပေးနိုင်သော်လည်း သူတို့၏ သင့်တော်မှုက တခါတရံ မေးခွန်းထုတ်ဖွယ်ရာ ဖြစ်သည်။ လက်တွေ့တွင်လည်း လာမည့် ၂ နှစ်မှ ၅ နှစ်အတွင်းတွင် အင်ဂျင်နီယာ ရှားပါး ပြတ်လတ်မည့် အလားအလာရှိနေသည်။

Institution of Engineers Indonesia ၏ အဆိုအရ ၂၀၂၃ ခုနှစ်ရောက်သည့်အခါ စက်မှုလုပ်ငန်းတွင် အင်ဂျင်နီယာ ၂၈၀၀၀၀ လိုအပ်လာလိမ့်မည် ဖြစ်သည်။ အွန်လိုင်း အလုပ် အကိုင်ရှာဖွေရေး အေဂျင်စီ တခုဖြစ်သည့် VietnamWorks က ၂၀၂၀ ရောက်သည့် အချိန်တွင် IT အင်ဂျင်နီယာ ၅၀၀၀၀၀ လိုအပ်လိမ့်မည်ဟု ခန့်မှန်းထားသည်။

အသက်မွေးဝမ်းကျောင်းပညာ လေ့ကျင့်သင်ကြားပေးမှုနှင့် စက်မှုလုပ်ငန်း၏ လိုအပ်ချက် အသေးစိတ်ပေါ်တွင် အခြေခံ၍ နေရာချထားမှု ကျယ်ကျယ်ပြန့်ပြန့် လိုအပ်လာမည်မှာ သေချာပါသည်။

ဒုတိယ အချက်မှာ အမျိုးသားရေး ဝါဒဖြစ်သည်။ စီးပွားရေး လုပ်ငန်းများအတွက် အဆီးအတားများက များသောအားဖြင့် အပြောသက်သက်သာ ဖြစ်ပြီး လူတစု၏ အကျိုးစီးပွားအတွက် ယှဉ်ပြိုင်မှုများကို တားဆီးရန် အသုံးများကြသည်။

စိတ်ဝင်စားစရာ ကောင်းသည်မှာ အင်ဒိုနီးရှားနိုင်ငံတွင် လုပ်ငန်းကဏ္ဍ ၁၆ ခုအောက်မှ စီးပွားရေးလုပ်ငန်း(အမျိုးအစား) ၃၅၀ ကျော်က အစိုးရ၏ တားမြစ် ပိတ်ပင်သည့် စာရင်းတွင် ရှိနေသည်။ နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ဗီယက်နမ်နိုင်ငံမှ ကွန်မြူနစ် အစိုးရက အသံလွှင့်လုပ်ငန်း၊ ပို့ကုန်/သွင်းကုန်၊ လေဆိပ်များနှင့် တယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်းများ အပါအဝင် ဗျူဟာကျသည့် လုပ်ငန်း ကဏ္ဍ ၁၄ ခုကိုသာလျှင် ရင်းနှီးမြှုပ်နှံခြင်းမှ တားမြစ်ထားသည်။

မည်သို့ပင် ဖြစ်စေ အစိုးရများအနေဖြင့် မည်သည့်အတွက်ကြောင့် မည်သည့် လုပ်ငန်းကဏ္ဍကို နိုင်ငံခြားပါဝင်မှုမှ ချန်လှပ် ထားရသည်ဆိုသည်ကို ရှင်းလင်းအောင် ပြုလုပ်ထားရန် လိုအပ်မည် ဖြစ်ပါသည်။ အမျိုးသားလုံခြုံရေး (ကာကွယ်ရေးနှင့် ဆိုင်သော စက်မှုလုပ်ငန်းများ) သို့မဟုတ် အလုပ်သမား လိုအပ်ချက်မြင့်မားသည့် အချို့သော လုပ်ငန်းကဏ္ဍများ (စိုက်ပျိုးရေးနှင့် အစားအစာ ထုတ်လုပ်ရေး) ကို ကာကွယ်ထိန်းသိမ်းခြင်း အစရှိသဖြင့် အဖြေရှိရန် လိုအပ်ပါမည်။

အင်ဒိုနီးရှား စီးပွားရေးက ဖွံ့ဖြိုးနေသော်လည်း လုပ်ငန်းကဏ္ဍ ၁၆ ခုအောက်မှ စီးပွားရေးလုပ်ငန်း(အမျိုးအစား) ၃၅၀ ကျော်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံခွင့် တားမြစ် ပိတ်ပင်ထားသည်

တတိယ ကိစ္စက ဒီမိုကရေစီ ဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူ အများစုက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့နှင့် ပတ်သက်၍ အလေးမထားနိုင်ကြဟု အနောက်တိုင်း လစ်ဘရယ် မီဒီယာတို့၏ ပြောဆိုမှုနှင့် ဆန့်ကျင်စွာ ပြီးခဲ့သည့် ဆယ်စုနှစ် အနည်းငယ် အတွင်းတွင် အမေရိကန် ကော်ပိုရေးရှင်း အမြောက်အများက တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ သွားရောက် ရင်းနှီး မြှုပ်နှံခဲ့ကြသည်မှာ အခြားမည်သည့် အကြောင်းကြောင့်ပါနည်း။

ဒီမိုကရေစီ၏ အခြေခံသဘောတရားများနှင့် ဥပဒေပိုင်းဆိုင်ရာ သေချာခြင်းကြား ခွဲခြား နားလည်ရန် အရေးကြီးပါသည်။ နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးများသည် ကန်ထရိုက်စာချုပ်များ၏ အရေးပါမှုကို လေးစားသော၊ အကျင့်ပျက် ခြစားမှု ပို၍ နည်းပါးသည့် ဥပဒေစနစ်များရှိသော (ဥပမာ စင်ကာပူ) ဈေးကွက်များတွင် အလုပ်လုပ်ရာ၌ ပို၍ အဆင်ပြေကြပါသည်။

ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့ကဲ့သို့သော နိုင်ငံများတွင် နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးများမှ မန်နေဂျာများ စိတ်ညစ်ရမည့် အုပ်ချုပ်ရေးဆိုင်ရာ စည်းမျဉ်း ဥပဒေများ မရေတွက်နိုင်အောင် ရှိနေသည်ကလည်း အမှန်ပင် ဖြစ်သည်။ အဆိုပါ အချက်က စီးပွားရေးလုပ်ငန်း တိုးချဲ့မှုတွင် သိသာထင်ရှားသော ကွဲပြားခြားနားမှုကို ဖြစ်စေနိုင်ကြောင်း ပြောရန် လိုမည် မဟုတ်ပါ။

စတုတ္ထ ကိစ္စက ဖွင့်ဆိုရန် ပို၍ ခက်ပါသည်။ အမျိုးသားရေး စရိုက်လက္ခဏာနှင့် သမိုင်းဆိုင်ရာ မေးခွန်းဟု ဆိုရပါမည်။ ဗီယက်နမ်လူမျိုးများက နှစ်ပေါင်း ၃၀ ကျော်ကြာမြင့်သည့် စစ်ပွဲကို ကြံ့ကြံ့ခံကျော်ဖြတ်ခဲ့ကြသည်။ ပြင်သစ်၊ အမေရိကန် နှင့် တရုတ်တို့၏ ကျူးကျော်ရန်စမှုကို တခုပြီး တခု ရင်ဆိုင်ခဲ့ကြရသည်။ Doi Moi ဟု ခေါ်သည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု များကို ၁၉၈၆ ခုနှစ်မှသာ စတင်နိုင်ခဲ့ပြီး ထိုနောက်ပိုင်းတွင် တိုင်းပြည်က မယုံနိုင်လောက်စရာ တိုးတက်ဖွံ့ဖြိုးလာခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် GDP က အမေရိကန်ဒေါ်လာ ၃၆.၆၅ ဘီလီယံ သာ ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ဒေါ်လာ ၂၂၃.၈ ဘီလီယံ ဖြစ်လာခဲ့သည်။

ပြီးခဲ့သည့် ဆယ်စုနှစ် အနည်းငယ်သည် အမီလိုက်သည့် ကာလတခု ဖြစ်ခဲ့ပြီး လူငယ်မျိုးဆက်တခုက ပိုမို၍ အရင်းရှင်ဆန်သည့် စီးပွားရေးစနစ်တခု၏ အသီးအပွင့်များကို ခံစားနေကြရသည်မှာ ထင်ရှားပါသည်။

ထိုကဲ့သို့သော အလားတူ ဖြစ်ရပ်မျိုးက အနောက်တိုင်းစတိုင် စီးပွားရေး စနစ်များ ဆယ်စုနှစ်နှင့် ချီ၍ ရှိခဲ့သော်လည်း လူသန်း ပေါင်းများစွာ ဆင်းရဲနွမ်းပါးနေဆဲ ဖြစ်သည့် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် နိုင်ငံများတွင် ရှိမနေပါ။ အင်ဒိုနီးရှားမှာပင် ဆင်းရဲနွမ်းပါးမှု စံသတ်မှတ်ချက်မျဉ်း၏ အောက်တွင် နေရသူ ၂၆ သန်းနီးပါး ရှိပါသည်။

ဖိလစ်ပိုင်တွင် စွမ်းအင် ဈေးကြီးခြင်းနှင့် နာမည်ဆိုးနှင့် ကျော်ကြားသည့် ဗျူရိုကရေစီ စနစ်က ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီး ဖြစ်သည်

များများပေးသော်လည်း နည်းနည်းသာ ပြန်ရသည့် Washington Consensus (မဖွံ့ဖြိုးသေးသော နိုင်ငံများအတွက် IMF၊ ကမ္ဘာ့ဘဏ်နှင့် အမေရိကန် ဘဏ္ဍာရေးဌာန တို့ကဲ့သို့သော ဝါရှင်တန် အခြေစိုက်အဖွဲ့အစည်းများက ရေးဆွဲချမှတ်ပေးထားသည့် စီးပွားရေး မူဝါဒ ၁၀ ချက်ပါ ပြုပြင်ပြောင်းလဲရေး လမ်းညွှန်) အပေါ် မယုံကြည်နိုင်ခြင်းကို ထည့်ပြောရန်ပင် လိုမည် မထင်ပါ။

ထို့ကြောင့် ထရမ့်က တရုတ်နိုင်ငံ အပေါ် ဆက်လက် အပြစ်ရှာနေသည်နှင့် အမျှ အရှေ့တောင် အာရှ နိုင်ငံများသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မှုရှိစေရေး ခက်ခဲသော ဆုံးဖြတ်ချက်များကို ပြုလုပ်ကြရတော့မည်ဖြစ်သည်။

အကယ်၍ မလုပ်နိုင်ခဲ့လျှင် ဤသမိုင်းဝင် အခွင့်အရေးက အလဟဿ ဖြစ်သွားပြီး ဒေသတွင်းသို့ ရောက်လာမည့် သန်းနှင့် ချီသော ထုတ်လုပ်ရေး အလုပ်နေရာများကို ဆုံးရှုံးရလိမ့်မည် ဖြစ်ပါသည်။

(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading