၈၈ စစ်အာဏာသိမ်းမှု အမွေဆိုးမှ ရုန်းမထွက်နိုင်သေး
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ ညဦးမတိုင်မီအချိန်တွင် ရန်ကုန်စစ်ရုံး၏ အခိုင်အမာပြုလုပ်ထားသော ဂိတ်ပေါက်တံခါး ပွင့်လာပြီး စစ်ယာဉ်တန်းတခု မောင်းထွက်လာသည်။ ရန်ကုန်မြို့ကြီးမှာ သြဂုတ်လမှ စတင်သည့် သွေးထွက်သံယို များသော တနိုင်ငံလုံး ဒီမိုကရေစီတောင်းဆိုသည့် ဆန္ဒပြပွဲများကို မြင်တွေ့ခဲ့ရပြီးနောက် ပင်ပမ်းနွမ်းနယ် တိတ်ဆိတ်နေသည်။
စစ်ယာဉ်တန်း သံချပ်ကာ ကားတစီးအတွင်းတွင် ထိုင်နေသူများမှာ ထိုစဉ်က တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးခင်ညွန့်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင်တို့ ဖြစ်သည်။ ၎င်းတို့ ဦးတည်သွားနေသော နေရာမှာ အင်းလျားကန် အနီးရှိ သစ်ရိပ်ဝါးရိပ်ရှိသော ရပ်ကွက်ရှိ ၎င်းတို့၏ ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း၏ နေအိမ် ဖြစ်သည်။ ဗိုလ်ချုပ်ကြီးနေဝင်းသည် မကြာသေးမီကမှ ဆိုရှယ်လစ်မြန်မာနိုင်ငံ၏ အာဏာရှင်အဖြစ်မှ အနားယူထားသော်လည်း လက်အောက် ငယ်သားများအပေါ် သြဇာရှိနေဆဲဖြစ်သည်။
၎င်းတို့၏ တာဝန်မှာ နိုင်ငံ၏ လက်ရှိအခြေအနေကို ခေါင်းဆောင်ဟောင်းကြီးအား တိုက်ရိုက် အစီရင်ခံရန် ဖြစ်သည်။ အဖျက်သမားများ၏ အကြမ်းဖက်မှု၊ မင်းမဲ့ဝါဒနှင့် အုပ်စုဖွဲ့လုယက်ခြင်းများကြောင့် “အသက်ခန္ဓာနှင့် ပစ္စည်းဥစ္စာတို့အတွက် အန္တရာယ်သည် သည်းခံနိုင်သော အတိုင်းအတာထက် ကျော်လွန်နေပြီ”ဟု သမ္မတ ဒေါက်တာမောင်မောင်က ထိုစဉ်က ပြောသည်။ နိုင်ငံကို ရပ်တန့်သွားစေခဲ့သော ၈၈ အရေးတော်ပုံဟု ခေါ်သည့် နိုင်ငံတဝန်း ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများအပြီးတွင် အစိုးရသည် တရားဥပဒေ စိုးမိုးရေးကို ထိထိရောက်ရောက် ထိန်းသိမ်းနိုင်ခြင်း မရှိတော့ပေ။
၎င်းတို့ ဦးတည်ရာသို့ ရောက်သောအခါ ဗိုလ်မှူးကြီးခင်ညွန့်နှင့် ဗိုလ်ချုပ်ကြီးစောမောင်တို့သည် အငြိမ်းစားဗိုလ်ချုပ်ကြီးထံ အစီရင်ခံပြီး ထိုအငြိမ်းစားဗိုလ်ချုပ်ကြီးက “အခြေအနေ ဒီလောက်ဆိုးနေမှန်း ငါမသိဘူး” ဟု ပြန်ပြောကြောင်း “ကျနော်ဖြတ်သန်းခဲ့သော ဘဝ” အမည်ရှိ စစ်ထောက်လှမ်းရေး အကြီးအကဲ၏ ၂၀၁၅ ခုနှစ်ထုတ် ပြန်ပြောင်း အမှတ်ရခြင်းစာအုပ်တွင် ဖော်ပြထားသည်။
ဦးခင်ညွန့်၏ အဆိုအရ ထိုသို့သွားရောက်တွေ့ဆုံခြင်းမှာ ယင်းနေ့အစောပိုင်းက သူနှင့် ဒုတိယ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သန်းရွှေတို့ ဆွေးနွေးပြီးနောက်တွင် ဖြစ်သည်။ စစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးသည် ထိုစဉ်က လမ်းမများပေါ်မှ ဖြစ်ရပ်များကြောင့် ဒေါသ ပေါက်ကွဲနေသည်။ သူတို့နှစ်ဦးသည် အခြေအနေကို ဗိုလ်ချုပ်ကြီး စောမောင်အား ရှင်းပြကြရာ ဗိုလ်ချုပ်ကြီးစောမောင်က “ကျနော်တို့ ဥက္ကဋ္ဌကြီး ဦးနေဝင်းနဲ့ တွေ့မှဖြစ်မယ်” ဟု ပြန်ပြောခဲ့သည်။
နောက်တနေ့ ဖြစ်သော စက်တင်ဘာလ ၁၈ ရက်နေ့တွင် အာဏာရှင်ကြီးသည် သမ္မတ ဒေါက်တာမောင်မောင်၊ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး အပါအဝင် အဆင့်မြင့်အစိုးရ အရာရှိ ခြောက်ဦးကို သူ၏ရုံးသို့ ဆင့်ခေါ်ပြီး “ခင်ဗျားတို့တိုင်းပြည်ကို တာဝန်ယူနိုင်လား” ဟုမေးသည်။ ဗိုလ်မှူးကြီး ခင်ညွန့်နှင့် ဗိုလ်ချုပ်ကြီးစောမောင်တို့လည်း ထိုနေရာတွင် ရှိနေကြသည်။
“ကျနော်တို့ တာဝန်မယူနိုင်တော့ဘူး။ ညွှန်ကြားတဲ့အတိုင်း လုပ်ပါ့မယ်” ဟု အစိုးရ ဝန်ကြီးများကဖြေကြသည်။
ဦးနေဝင်းသည် ဗိုလ်ချုပ်ကြီး စောမောင်ဘက်သို့ လှည့်လိုက်ပြီး တိုင်းပြည်ကို ဥပဒေအရ ကာကွယ်ရန် အမိန့်ပေးရင်း မည်သူမျှ အခြေအနေကို မကိုင်တွယ်နိုင်တော့ကြောင်း ပြောလိုက်သည်။
“တပ်မတော်တခုပဲ ဒါကိုလုပ်နိုင်တယ်။ ဒါတာဝန်ပဲ” ဟု ဥက္ကဋ္ဌကြီးကပြောကြောင်း အထက်ပါ ပြန်ပြောင်း အမှတ်ရခြင်း စာအုပ်ကဆိုသည်။
မည်သို့ ဆက်လက်လုပ်ကိုင်ရမည်ကို မသိကြောင်း ဗိုလ်ချုပ်ကြီး စောမောင်ကပြောသောအခါ ဦးနေဝင်းက အာဏာသိမ်းမှုကို တရား ဝင်စေရန်အတွက် ဗိုလ်ချုပ်ကြီးစောမောင်ကို ကူညီရန် ယခင်တရားသူကြီးချုပ် လုပ်ခဲ့ဖူးသူ ဒေါက်တာမောင်မောင်ကို အမိန့်ပေးခဲ့သည်။ ဒေါက်တာမောင်မောင်က အမိန့်နှင့်ကြေညာစာ လေးစောင်ကို နှုတ်ဖြင့်ရွတ်ပေးပြီး ဗိုလ်မှူးကြီး ခင်ညွန့်က လိုက်ရေးကာ ထိုနေ့ နေ့လယ်တွင် အများပြည်သူသို့ ထုတ်ပြန်ကြေညာသည်။
ညနေ ၄ နာရီတွင် မြန်မာ့အသံမှ အမျိုးသား သတင်းကြေညာသူတဦးက “တိုင်းပြည်၏ ယိုယွင်းနေသော အခြေအနေအရပ်ရပ်ကို အချိန်မီ ထိန်းသိမ်းနိုင်ရန်နှင့် ပြည်သူလူထု အကျိုးအတွက် တပ်မတော်က နိုင်ငံတော်အာဏာကို ယနေ့မှစတင် ထိန်းချုပ်လိုက်သည်” ဟု ကြေညာသည်။ ထိုနောက် မြန်မာ့အသံ၏ ပုံမှန်အစီအစဉ်များအစား စစ်ချီတေးများဖြင့် အစားထိုးလိုက်ပြီး အဖွဲ့ဝင် ၁၉ ဦးပါဝင်သည့် အစိုးရဖွဲ့စည်းခြင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (SLORC) ဖွဲ့စည်းခြင်း စသည့် ကြေညာချက်များကိုလည်း ကြားရသည်။
SLORC တွင် ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေနှင့် ဗိုလ်မှူးချုပ်အဖြစ် ရာထူးတက်သွားသော ဦးခင်ညွန့်လည်း အတွင်းရေးမှူး (၁) အနေဖြင့် ပါဝင်သည် (ဦးခင်ညွန့်သည် နောင်တွင် ဗိုလ်ချုပ်ကြီးအဆင့်အထိ ရာထူးတိုးမြှင့်ပေးခြင်းခံရပြီး ၂၀၀၄ ခုနှစ်တွင် အဂတိ လိုက်စားမှု အတွက် အဖမ်းခံရချိန်အထိ စစ်အစိုးရတွင် သြဇာအကြီးမားဆုံးသူဖြစ်ခဲ့သည်)။
ထိုနေ့ ညနေနှောင်းပိုင်းတွင် ယခုရပ်ဆိုင်းသွားပြီဖြစ်သည့် အရှေ့ဖျားဒေသ စီးပွားရေးစာစောင် (Far Eastern Ecomomic Review) အတွက် မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက်အဖြစ် လုပ်ကိုင်နေသော ဘန်ကောက်ရှိ ဆွီဒင် သတင်းစာဆရာ ဘာတေးလ် လစ်တနာ၏ ရုံးခန်းတွင် ဖုန်းသံမြည်လာသည်။ လစ်တနာက ဖုန်းကို ကောက်ကိုင်လိုက်သောအခါ Associated Press ၏ ဘန်ကောက်ဗျူရို အကြီးအကဲ ဒင်းနစ် ဂရေးက “ဗိုလ်ချုပ်ကြီးစောမောင် အာဏာသိမ်းလိုက်ပြီ။ ရန်ကုန်မှာ အာဏာသိမ်းလိုက်ပြီ” ဟု ပြောသည်။
ဒီမိုကရေစီ လိုလားသူများအပေါ် တပ်မတော်၏ တန်ပြန်ထိုးစစ်နှင့် ပတ်သက်သော သတင်းအချက်အလက်များ ရရှိထားပြီး ဖြစ်သောကြောင့် စစ်တပ်သည် သွေးထွက်သံယိုများမည့် အကြီးအကျယ် ထိတ်တိုက်ရင်ဆိုင်မှု ပြုလုပ်ရန် အားယူနေကြောင်း သူသိနေသည်။ သူရရှိထားသော သတင်းများတွင် စက်တင်ဘာလ ၁၂ ရက်နေ့မှစတင်ပြီး ထူးခြားသော တပ်များနေရာ ချထားမှုသတင်းများ ရနေပြီး နိုင်ငံတဝန်းလုံးမှ စစ်သားများသည် ထိုစဉ်က မြို့တော် ရန်ကုန်သို့ ရောက်လာနေကြသည့် သတင်းများပါဝင်သည်။
ထိုသို့သော အလားအလာနှင့် ပတ်သက်ပြီး အာဏာသိမ်းမှု မတိုင်မီ သုံးရက်ကြိုတင်ပြီး FEER တွင် ရေးခဲ့သည်။
“ဒါကြောင့်မို့ ကျနော်ကတော့ မအံ့သြဘူး။ ဒါပေမယ့် ၁၈ ရက်နေ့နဲ့ နောက်ပိုင်းရက်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ဖြိုခွဲမှုရဲ့ ရက်စက် ကြမ်းကြုတ်မှုကို တွေ့ရတော့ တုန်လှုပ်မိတယ်” ဟု လစ်တနာက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရန် ရန်ကုန်၏ လမ်းမများသို့ ထွက်လာသော လက်နက်မဲ့ပြည်သူ ၁၀၀၀ နီးပါးကို စစ်တပ်က မဲမဲမြင်ရာ ပစ်ခတ်သတ်ဖြတ် ခဲ့သည့် ဖြစ်ရပ်ကို သူရည်ညွှန်း ပြောကြားခြင်းဖြစ်သည်။
“သြဂုတ်လတုန်းကလိုပဲ ကြုံသလိုပစ်တယ်။ သြဂုတ်လကထက် လူတွေပိုသေတယ်။ သုံးထောင်လောက်တောင် ရှိနိုင်တယ်။ ဒါပေမယ့် စက်တင်ဘာ အစုလိုက် အပြုံလိုက် သတ်မှုကို စစ်ရေးအရ တိတိကျကျ ဆောင်ရွက်ခဲ့တယ်” ဟု လစ်တနာ ရှင်းပြသည်။ လစ်တနာသည် ထိုသတ်ဖြတ်မှုများကို သူ၏ ၁၉၈၉ ခုနှစ်ထုတ် စာအုပ်ဖြစ်သော ဒေါမာန်ဟုန် “Outrage” တွင် မှတ်တမ်းတင်ခဲ့သည်။ ထိုစာအုပ်သည် ၈၈ အရေးတော်ပုံနှင့် နောက်ဆက်တွဲ ကာလများအကြောင်း ရေးသားထားသော စာအုပ်ဖြစ်သည်။
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းက ရေဒီယိုမှ အာဏာသိမ်းကြောင်း ထုတ်ပြန်ကြေညာချက်သည် ၂၃ နှစ်ကြာ စစ်အာဏာရှင် စနစ်၏ နိဒါန်းပင်ဖြစ်သည်။ ထိုခေတ်တွင် စစ်ယူနီဖောင်းဝတ်များသည် ဘဏ်မှ ဘတ်စ်ကားလိုင်းများ အထိ နိုင်ငံ၏ ကဏ္ဍအားလုံးကို စီမံအုပ်ချုပ်ကြတော့သည်။ စီးပွားရေးမှာ တစစီပြိုကွဲပြီး အလုပ်အကိုင် အလားအလာမှာ လွန်စွာ နည်းပါးလှသောကြောင့် စစ်သားများက တိုင်းပြည်ကို စီမံအုပ်ချုပ်နေပြီး ပညာတတ် ဘွဲ့ရများက တက္ကစီမောင်းနေရသော နိုင်ငံဟုပင် အများပြည်သူက လှောင်ပြောင် ပြောစရာဖြစ်ခဲ့သည်။
၂၀၁၁ ခုနှစ်တွင် စစ်တပ်က ရေးဆွဲသည့် ၂၀၀၈ ဖွဲ့စည်းပုံအရ ဗိုလ်ချုပ်ဟောင်းကြီးများ၏ အရပ်သား အစိုးရ အတုအယောင်ထံသို့ စစ်တပ်က အာဏာပြန်လွှဲ ပေးသည်။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီ နည်းလမ်းမကျဟု ၂၀၁၅ ခုနှစ်တွင် မဲ အပြတ်အသတ် အနိုင်ရပြီး အာဏာရလာသည့် လက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရအပါအဝင် အများအပြားက ဝေဖန် ခဲ့ကြသည်။ ထိုဖွဲ့စည်းပုံအရ လွှတ်တော် ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်းကို စစ်တပ် ကိုယ်စားလှယ်များအတွက် သီးခြားထားရှိပြီး လုံခြုံရေးနှင့် ဆိုင်သော ဝန်ကြီးဌာန သုံးခုကို စစ်တပ် လက်အောက်တွင်ထားသည်။
နှစ်ပေါင်း ၃၀ ကြာသောအခါ ၁၉၈၈ ခုနှစ်အာဏာသိမ်းမှု၏ အမွေနှစ်ခုရှိသည်ဟု လစ်တနာက မြင်လာသည်။
ထိုစဉ်ကလှုပ်ရှားမှုသည် စစ်အစိုးရကို မကျဆုံးစေခဲ့သော်လည်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို အဆုံးသတ်နိုင်ခဲ့သည်။ ၂၀၁၁ ခုနှစ် အထိ အခြေခံအခွင့်အရေးများနှင့် နိုင်ငံသားအခွင့်အရေးများကို ပိတ်ပင်သည့် ဖိနှိပ်မှုသည် ပြင်းထန်သော်လည်း လှုပ်ရှားမှုသည် သေဆုံးသွားခဲ့ခြင်းမရှိပေ။
တဖက်တွင်လည်း ထိုအာဏာသိမ်းမှုသည် ပျောက်ကွယ်သွားတော့မည့် လက္ခဏာမရှိသည့် စစ်အင်အားယဉ်ကျေးမှုကို ထူထောင် ပေးခဲ့သည်။ ပြည်သူများသည် ယခင်ကထက် ပိုမိုလွတ်လပ်လာသော်လည်း မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံ ဖြစ်မလာသေးပေ။ နေပြည်တော်တွင် ရွေးကောက်ခံ လွှတ်တော်နှင့် အစိုးရရှိသော်လည်း စစ်တပ်သည် နိုင်ငံ၏ အင်အားအကြီးမားဆုံး မဏ္ဍိုင် အဖွဲ့အစည်း ဖြစ်နေသေးသည်။
“အာဏာကို မစွန့်လွှတ်ဖို့ စစ်တပ်က ၁၉၈၈ ခုနှစ်မှာ ဆုံးဖြတ်ခဲ့တယ်။ အဲဒီသဘောထားက မပြောင်းလဲသေးဘူး” ဟု သူက ပြောသည်။
ဗိုလ်ချုပ်ကြီးများက တနည်းတဖုံမြင်ကြသည်။ ၂၇ နှစ်ကြာပြီးနောက် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့အကြောင်း သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် ရေးသောအခါ ဗိုလ်ချုပ်ကြီးခင်ညွန့်က စစ်အာဏာသိမ်းမှု မဖြစ်ခဲ့ကြောင်း အကြောက်အကန်ငြင်းသည်။
“တပ်မတော်သည် ပြည်သူတို့၏ လုံခြုံရေး၊ နိုင်ငံ၏ တည်ငြိမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အစိုးရ ယန္တရား ပြည်လည် ထူထောင်ရေးအတွက် ကြားဝင်ဆောင်ရွက်ခဲ့သည်” ဟု သူက ရေးသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းအယ်ဒီတာ ကျော်ဖြိုးသာရေးသော Myanmar Still Living with Legacy of 1988 Military Coup ကို ဆီလျော်အောင် ဘာသာပြန်သည်။)