ဆောင်းပါး

ကမန် တိုင်းရင်းသား အမည်ခံပြီး မှတ်ပုံတင်များ ထုတ်ပေးခဲ့သလား

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲကျွန်းတွင် ရိုဟင်ဂျာခေါ် ဘင်္ဂလီများကို ကမန်တိုင်းရင်းသား အဆင့်ဖြင့် ထုတ်ထား ပေးသော နိုင်ငံသားစိစစ်ရေး ကတ် ၃၀၀၀ ကျော်ရှိနေကြောင်း ကမန်အမျိုးသား တိုးတက်ရေးပါတီ (KNPP) က စွပ်စွဲလိုက်ပြီး သမ္မတရုံးနှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ထံ တိုင်ကြားထားသည်။

ပန်းရောင်ကတ်ဟုလည်း ခေါ်ကြသော ထိုနိုင်ငံသားစိစစ်ရေး ကတ်များကို လူဝင်မှု ကြီးကြပ်ရေးဌာနက ထုတ်ပေး နေခြင်းအပေါ် ပြန်လည်သုံးသပ်ရန်လည်း ထိုပါတီက တောင်းဆိုထားသည်။

ယင်းကိစ္စကို စစ်ဆေးသွားမည် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

KNPP ၏ အဆိုအရ လူဝင်မှု ကြီးကြပ်ရေးဌာနသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၈ ခုနှစ် သြဂုတ်လအတွင်း ရမ်းဗြဲကျွန်းရှိ ကျောက်နီမော်မှ ကမန်မဟုတ်သူ မွတ်စလင်များကို နိုင်ငံသားစိစစ်ရေးကတ် ၃၃၀၆ ကတ် ထုတ်ပေးခဲ့သည်ဟု သိရသည်။

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ကလည်း အလားတူ ကန့်ကွက်စာ တစောင်ကို မြို့နယ် လူဝင်မှု ကြီးကြပ်ရေးရုံးနှင့် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (GAD) တို့ထံသို့ ပေးပို့ခဲ့သည်။ ထိုနိုင်ငံသား စိစစ်ရေးကတ်များကို ပြန်သိမ်းရန်လည်း ALD က တောင်းဆိုထားသည်။

လူဝင်မှုကြီးကြပ်ရေး ဌာနကမူ နိုင်ငံသားစိစစ်ရေးကတ်များကို ရိုဟင်ဂျာများအား မှားယွင်းစွာ ထုတ်ပေးခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

ကမန်ဆိုသည်မှာ

ကမန်တို့သည် မြန်မာနိုင်ငံတွင် တရားဝင် အသိအမှတ်ပြုထားသော တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင်ပါဝင်ပြီး ရခိုင်ပြည်နယ်မှ တိုင်းရင်းသားလူမျိုး အုပ်စုကွဲ ၇ ခုတွင် ပါဝင်သည်။ ၎င်းတို့သည် ဗုဒ္ဓဘာသာ ရခိုင်များနှင့် မတူဘဲ မွတ်စလင်များ ဖြစ်ကြပြီး ကမန်တိုင်းရင်းသားတို့ ရခိုင်ပြည်နယ်တွင် နေထိုင်နေသည်မှာ ရာစုနှစ်ချီ ကြာပြီဖြစ်သည်။

ရခိုင် ဘုရင့်နိုင်ငံတော်ခေတ်က ကမန်များသည် နန်းတွင်း လေးသည်တော်များအဖြစ် တာဝန် ထမ်းဆောင် ကြသော်လည်း ၁၇၈၄ ခုနှစ်တွင် မြန်မာ ကုန်းဘောင်မင်းဆက်က ရခိုင် ဘုရင့်နိုင်ငံတော်ကို သိမ်းပိုက်လိုက် သောအခါ ထိုအသက်မွေးဝမ်းကြောင်းလုပ်ငန်း ပျောက်ကွယ်သွားခဲ့သည်။ ယနေ့ခေတ် မြန်မာတနိုင်ငံလုံးတွင် ကမန် တိုင်းရင်းသား ၄၅၀၀၀ ခန့်ရှိသည်။

၎င်းကမန်တို့သည် အဓိကအားဖြင့် ရခိုင်ပြည်နယ်ရှိ သံတွဲ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ စစ်တွေ၊ မြေပုံ မြို့နယ်များတွင် နေထိုင်သကဲ့သို့ ရန်ကုန်နှင့် မန္တလေးတို့တွင်လည်း နေထိုင်ကြသည်။

ကမန်တိုင်းရင်းသားတို့သည် ဘာသာအယူအဆ ကွဲပြားသော်လည်း မြန်မာလူနေမှု ဘဝနှင့် ကောင်းစွာ ပေါင်းစည်းမိသည်။ သူတို့သည် ရခိုင်စကားကို ပြောကြပြီး ရခိုင်ရိုးရာ ဝတ်စုံကို ဝတ်ဆင်ကြသည်။ နေ့စဉ် ဘဝတွင် မြန်မာဝတ်စုံကိုသာ ဝတ်ဆင်ကြပြီး မြန်မာရိုးရာ နှစ်စဉ် ရေကစားပွဲတော်တွင် ပါဝင်ဆင်နွှဲသည်။

ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲမြို့နယ်ရှိ ရခိုင် ဘုန်းတော်ကြီးကျောင်းဟန် လွှမ်းနေသော ကမန် ဗလီတခု

ကြေကွဲစရာ ခေတ်သစ်သမိုင်း

သို့သော် ရခိုင်ပြည်နယ်၏ လူမျိုးစုံလင်မှု လက္ခဏာဖြစ်သော ရခိုင်တိုင်းရင်းသားများနှင့် ကမန်တိုင်းရင်းသား များ၏ ကောင်းမွန်သော ဆက်ဆံရေးမှာ ၂၀၁၂ ခုနှစ်က ဖြစ်ပွားသော အသိုင်းအဝန်းများ အကြား ပဋိပက္ခကြောင့် အခြေအနေ ဆိုးရွားခဲ့ရသည်။ ထိုနှစ် မေလတွင် ရခိုင်အမျိုးသမီးငယ် တဦးဖြစ်သော မသီတာထွေးကို ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာ အုပ်စုတွင် ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ သုံးဦးက အဓမ္မပြုကျင့်ပြီး ခေါင်းဖြတ်သတ်ခဲ့သည်။

နောက်လတွင် မွတ်စလင် ကိုးဦးကို တောင်ကုတ်မြို့နယ်တွင် ရခိုင်လူအုပ်က သတ်ဖြတ်လိုက်ပြီး မသီတာထွေး သေဆုံးခြင်းအတွက် လက်စားချေလိုက်သည်။ ပြည်နယ်အတွင်း နေရာအများအပြားတွင် ရခိုင်နှင့် ရိုဟင်ဂျာ ဘင်္ဂါလီ အသိုင်းအဝန်းများ ပဋိပက္ခဖြစ်ပွားကာ လူ ရာနှင့်ချီသေဆုံးပြီး ရိုဟင်ဂျာ တသိန်းကျော်ခန့်မှာ စခန်းများတွင် နေရပ်စွန့်ခွာ ထွက်ပြေးလာသူများအဖြစ် နေထိုင်ခဲ့ကြရသည်။

၂၀၁၂ ခုနှစ် ပဋိပက္ခများအပြီးတွင် ကျောက်ဖြူ၊ ရမ်းဗြဲ၊ စစ်တွေနှင့် သံတွဲမှ ကမန်များသည် ဘင်္ဂါလီများ နိုင်ငံသား စိစစ်ရေးကတ် ရအောင်ကူညီသည်ဟု စွပ်စွဲခံရပြီး ရခိုင်တို့၏ ပစ်မှတ်ထားခြင်း ခံလာရသည်။ ထိုနိုင်ငံသား စိစစ်ရေး ပန်းရောင်ကတ် ကိုင်ဆောင်သူများသည် မြန်မာနိုင်ငံသား ဖြစ်ခွင့် အပြည့်အဝရပြီး ဘင်္ဂါလီများသည် မြန်မာနိုင်ငံတွင် နိုင်ငံသားမဟုတ်ပေ။ ထိုကတ်များကို ထုတ်ပေးခြင်းသည် အစိုးရ အရာရှိများ၏ မသမာမှုကြောင့်ဖြစ်သည်ဟု KNPP နှင့် ရပ်ရွာ အသိုင်းအဝန်း ခေါင်းဆောင်များက ဧရာဝတီ သတင်းဌာနသို့ ယခင်ကပြောခဲ့ဖူးသည်။

တိုက်ဆိုင်သော အချက်မှာ လူဝင်မှုကြီးကြပ်ရေးက ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီများကို အငြင်းပွားဖွယ်ရာ နိုင်ငံသားစိစစ်ရေးကတ် ၃၃၀၆ ကတ် ထုတ်ပေးလိုက်သော နေရာမှာ ရမ်းဗြဲကျွန်းမှ ကျောက်နီမော် ကျေးရွာအုပ်စုတွင် ဖြစ်နေသည်။

“ဒီပြဿနာမှာ လဝက အရာရှိတွေရဲ့ လုပ်ရပ်ကြောင့် တုန်လှုပ်မိတယ်။ နိုင်ငံသားစိစစ်ရေးကတ် ကိုင်တဲ့ ရိုဟင်ဂျာတွေက ကျနော်တို့ အသိုင်းအဝန်းနဲ့ ဘာမှ မဆိုင်ဘူး။ ကျနော်တို့မှာ ရိုဟင်ဂျာ – ကမန် ကပြားတောင် မရှိဘူး” ဟု KNPP အတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြောသည်။

ကမန်တို့ ကန့်ကွက်ရခြင်း အကြောင်းရင်း

ရမ်းဗြဲတွင် လက်ရှိ ကမန်လူဦးရေမှာ ၅၀၀ အောက်သာရှိသည်ဟု တချို့သော ရခိုင်လေ့လာသူများက ပြောသည်။ မြို့တွင်နေသူနှင့် တောတွင်နေသူ အားလုံးပေါင်းလျှင် ရမ်းဗြဲတွင် ကမန် ၆၀၀ ခန့်သာရှိသည်ဟု ကမန်လူမှုကွန်ရက် တည်ထောင်သူ ဦးထွန်းငွေကပြောသည်။

ရခိုင်နှင့် ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ အပါအဝင် လူဦးရေ ၇၀၀၀ ခန့်ရှိသော ကျောက်နီမော်တွင် ကမန် ၃၀၀ သာရှိသည်။ သူ၏ အဖွဲ့အစည်းသည် လူဝင်မှု ကြီးကြပ်ရေးဌာန၏ လုပ်ရပ်ကို အပြင်းအထန် ကန့်ကွက်ကြောင်းနှင့် အစိုးရ ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ အဖွဲအစည်းများထံ အကြောင်းကြားထားပြီးဖြစ်ကြောင်း ဦးထွန်းငွေက ဆိုသည်။

၂၀၁၃ ခုနှစ်တွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်သည့် တရားဝင် မိသားစုစာရင်း တခုကို ဧရာဝတီ သတင်းဌာနက ကြည့်ခွင့်ရခဲ့ပြီး ထိုစဉ်က ကျောက်နီမော် ကျေးရွာ အုပ်စုတွင် လူဦးရေ ၄၃၀၀ ရှိကာ ကမန် လူဦးရေမှာ ၅၀၀ သာရှိသည်။

“အရင်ကလည်း လဝကက ရမ်းဗြဲက ကမန်-ဘင်္ဂါလီ သွေးနှောတချို့ကို ကမန်-ဘင်္ဂါလီ မျိုးရိုးဆိုပြီး ကတ်တွေ ထုတ်ပေးဖူးတယ်။ ဒါပေမယ့် အခုကျတော့ ကျောက်နီမော် ရိုဟင်ဂျာ အားလုံးကို ကမန်နိုင်ငံသားစိစစ်ရေး ကတ်ပေးလိုက်တာ။ ကျနော်တို့အတွက် အရမ်းကို မေးခွန်းထုတ်စရာ ဖြစ်နေပြီ” ဟု သူက ပြောသည်။

ထိုဒေသမှ ကမန်နှင့် ရခိုင် အသိုင်းအဝန်းနှစ်ခုစလုံးသည် ထိုစီမံကိန်းကို အပြင်းအထန် ဆန့်ကျင်ကြကြောင်းနှင့် အသေးစိတ်များကို တရားဝင် ပြန်လည် စစ်ဆေးရန် တောင်းဆိုထားကြောင်း ဦးထွန်းငွေက ရှင်းပြသည်။ အစိုးရအနေဖြင့် ထိုပြဿနာကို မဖြေရှင်းပါက ပဋိပက္ခများ ဖြစ်လာနိုင်သည်ဟု သူကသတိပေးသည်။

လဝက အရာရှိများသည် ရခိုင်နှင့် ကမန် အသိုင်းအဝန်းနှစ်ခုလုံးကို အသိမပေးဘဲ လိျှု့ဝှက်ပြီး ထို နိုင်ငံသား စိစစ်ရေး လက်မှတ်များကို ထုတ်ပေးနေသည်မှာ ၂၀၁၇ ခုနှစ်ကပင်ဖြစ်ကြောင်း KNPP အတွင်းရေးမှူး ဦးတင်လှိုင်ဝင်းကပြောသည်

“ကျနော်တို့က တခြားအုပ်စုတွေရဲ့ နိုင်ငံသားဖြစ်ခွင့်ကို ပိတ်ပင်နေတာ မဟုတ်ဘူး။ ကျနော်တို့ပြောနေတာက တိုင်းရင်းသား အဆင့်နဲ့ နိုင်ငံသား စိစစ်ရေးကတ်တွေ ထုတ်ပေးတဲ့ အကြောင်း ပြောနေတာ။ ကျနော်တို့ ပြောနေတာက ဌာနေတိုင်းရင်းသား အခွင့်အရေး။ နိုင်ငံသားအခွင့်အရေး မဟုတ်ဘူး” ဟု သူက ဆက်ပြောသည်။

နိုင်ငံရေး ဩဇာလွှမ်းမိုးမှု

ကမန်နိုင်ငံသား စိစစ်ရေးကတ် ကိုင်ဆောင်သူ နှစ်ဦးက ထောက်ခံလျှင် ဘင်္ဂါလီများအတွက် ပန်းရောင်ကတ် အလွယ်တကူ ရသည်ဟု ရမ်းဗြဲမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးက ရေးသားသည်။ ပေါ်ပေါက်လာသော ပြဿနာအတွက် တာဝန်ယူရန်လည်း အစိုးရကို သူက တိုက်တွန်းထားသည်။

နိုင်ငံသားစိစစ်ရေးကတ် ၃၃၀၆ ကတ်သည် အများပြည်သူ ဝေဖန်စရာဖြစ်နေပြီး လူမှုကွန်ရက်တွင် အမုန်းစကားများလည်း ပေါ်ပေါက်စေခဲ့သည်။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့်ညီလျှင် လူဝင်မှု ကြီးကြပ်ရေးက နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးသည်ကို ကန့်ကွက်ရန်မရှိကြောင်း တချို့ ဝေဖန်သူများက ရေးသားထားသည်။

သို့သော် ကမန်အတုများ ဖန်တီးခြင်းကို အများအပြားက အပြင်းအထန် ဆန့်ကျင်ကြပြီး တချို့ကမူ ကမန်အသိုင်းအဝန်းကို အပြစ်တင်ကာ ဘင်-ကမန် ဝင်ပေါက်ဟူ၍ ဝေဖန်ကြသည်။

ကြီးထွားလာနေသော ကမန်အတု အရေအတွက်သည် ပိုမို ကျယ်ပြန့်သော ကမန် အသိုင်းအဝန်းတွင် နိုင်ငံရေးဩဇာ ထူထောင်လာမည်ကို စိုးရိမ်ကြသည်။ မည်သည့်တိုင်းရင်းသား အုပ်စုမဆို ဤနိုင်ငံလူဦးရေ ၅၁ သန်း၏ ဝ.၁ ရာခိုင်နှုန်း ရှိလာပါက ဒေသဆိုင်ရာရွေးကောက်ပွဲတွင် တိုင်းရင်းသားရေးရာ ဝန်ကြီး နေရာအတွက် ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

ထိုကဲ့သို့သော ပူပန်မှုမျိုးကို ရမ်းဗြဲဒေသခံ ကိုထင်လင်းခိုင်က ထောက်ပြသည်။

“တခြားအုပ်စုတွေက ကမန်တိုင်းရင်းသားအမည်ကို အသုံးချပြီး သူတိုရဲ့ နိုင်ငံရေး အကျိုးစီးပွားအတွက် လုပ်သွားမှာကို ကျနော်တို့ အရမ်းစိတ်ပူနေကြတယ်” ဟု သူက ပြောသည်။

သို့သော် ကမန်နှင့် ရခိုင် အသိုင်းအဝန်းများသည် လက်ရှိအချိန်တွင် ခိုင်မာသောဆက်ဆံရေး ရှိနေပြီး ယခုပြဿနာနှင့် ပတ်သက်ကာ အမြင်ချင်းလည်း ဖလှယ်ထားကြောင်းလည်း သူက ဆက်ပြောသည်။

“ဒီပန်းရောင်ကတ် ပြဿနာကို လူတိုင်းသိတယ်။ ရမ်းဗြဲက ကျနော့် ကမန် မိတ်ဆွေတွေက ဒီမှာရှိတဲ့ ကမန်တွေကို အမည်နဲ့တကွ သိတယ်” ဟုလည်း သူက ဆိုသည်။

ရခိုင်နှင့် ကမန် နှစ်ဖက်စလုံးတို့သည် ယခုအခါ ပြဿနာ၏ ရင်းမြစ်နှင့် တာဝန်ရှိသူများကို ဖော်ထုတ်ရန် စုံစမ်းစစ်ဆေးနေကြသည်။ လူတချို့ကို ဖော်ထုတ်ထားပြီး ၎င်းတို့ကို လွှတ်တော်လမ်းကြောင်းမှ အရေးယူရန် ပြင်ဆင်နေသည်။

နေပြည်တော်၏ တုံ့ပြန်မှု

လူဝင်မှုကြီးကြပ်ရေး ဌာနက ရမ်းဗြဲမြို့နယ်ရှိ ရိုဟင်ဂျာမျာများကို ကမန်တိုင်းရင်းသားအဆင့်ဖြင့် နိုင်ငံသား စိစစ်ရေးကတ် သုံးထောင်ကျော် မှားယွင်းထုတ်ပေးသည် ဟူသည့် ကမန်နှင့် ရခိုင်နိုင်ငံရေးပါတီများ၏ စွပ်စွဲချက်ကို နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေး အရာရှိများက ငြင်းဆိုကြသည်။

ရမ်းဗြဲမြို့နယ် ကျောက်နီမော်မှ ကမန်အသိုင်းအဝန်း ခေါင်းဆောင်များသည် ၂၀၁၇ ခုနှစ်ကုန်က နိုင်ငံသား စိစစ်ရေးကတ် ကိစ္စကို လူဝင်မှုကြီးကြပ်ရေးဌာနသို့ မေးမြန်းခဲ့ကြောင်း အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသား ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရှိန်ဝင်းက တနင်္လာနေ့တွင် ဧရာဝတီသို့ ဖုန်းဖြင့်ပြောသည်။

ထိုရှေ့ပြေးစီမံကိန်းကို ကျောက်ဖြူအခြေစိုက် ခရိုင်အုပ်ချုပ်ရေး အရာရှိ တဦးက ဦးဆောင်ပြီး ရမ်းဗြဲမှ အစိုးရ အရာရှိများနှင့် ကျော်နီမော်ရှိ ကမန်အသိုင်းအဝန်း ခေါင်းဆောင်များက ကူညီသည်ဟု သူက ဆိုသည်။ ကျေးရွာ အသိုင်းအဝန်း ခေါင်းဆောင်များ၏ အမည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

နိုင်ငံသားစိစစ်သည့် လုပ်ငန်းများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် စတင်ပြီး လျှောက်ထားသူ တဦးချင်းစီ၏ မိသားစု နောက်ခံများကို စစ်ဆေးသည်ဟု ဦးရှိန်ဝင်းက ပြောသည်။ ယခုအချိန်အထိ ထိုအစီအစဉ်အရ အစိုးရသည် နိုင်ငံသား စိစစ်ရေးကတ် ၃၃၀၆ ကတ်ကို ထုတ်ပေးပြီးကြောင်း၊ လျှောက်ထားမှုအားလုံးတွင် ကမန်အသိုင်းအဝန်း ခေါင်းဆောင်များ၏ ထောက်ခံမှုလိုပြီး လျှောက်ထားသူ၏ မိဘများ၏ နိုင်ငံသား စိစစ်ရေးကတ် ပြသရန် လိုကြောင်း သူက ရှင်းပြသည်။

“လျှောက်ထားသူတွေဟာ သူတို့ ကမန်တိုင်းရင်းသားဖြစ်ကြောင်း ကျိန်ဆိုပြီး သူတို့လိမ်လည်ကျိန်ဆိုရင် ခံရမယ့် ဥပဒေပြစ်ဒဏ်ကို သိရှိကြောင်း လက်မှတ်ထိုးရတယ်” ဟု သူက ပြောသည်။

မှတ်ပုံတင် လျှောက်ထားရာတွင် ကမန်လူမျိုးစစ်စစ်ဖြစ်ကြောင်း ဝန်ခံချက်နှင့် ကမန်အသိုင်းအဝန်း ခေါင်းဆောင်များ၏ ထောက်ခံစာ

ထိုထုတ်ပေးထားသော မှတ်ပုံတင်သစ်များကို ပြန်လည်သုံးသပ်ရန် ရှိမရှိ ဦးရှိန်ဝင်းကို ဧရာဝတီ သတင်းဌာနက မေးမြန်းသောအခါ လျှောက်ထားသူများကို စိစစ်ပြီး ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသား စိစစ်ရေး ကတ်များ ထုတ်ပေးခဲ့ သောကြောင့် ပြန်လည်သုံးသပ်ရန် အစီအစဉ်မရှိကြောင်း သူက ဆိုသည်။

“ကျနော်တို့မှားတယ် ဆိုတာကို KNPP က ဖြစ်ရပ်တခုခြင်း အနေနဲ့ အထောက်အထား အခိုင်အမာပြသရင် တာဝန်ရှိသူတွေကို အရေးယူမယ်” ဟုလည်း သူက ပြောသည်။

နိုင်ငံသားစိစစ်ရေး ကတ်များကို မှားယွင်းထုတ်ပေးခြင်းသည် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ ပုဒ်မ ၁၈ နှင့် ၁၉ ကို ချိုးဖောက်ရာ ရောက်ကြောင်း ပါတီ အတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ထောက်ပြသည်။ ကမန်နှင့် ရခိုင်ပါတီ များနှင့် ရမ်းဗြဲဒေသခံများကမူ ထိုနိုင်ငံသားစိစစ်ရေးကတ် ၃၃၀၆ ကတ်ကို ရိုဟင်ဂျာစစ်စစ်များအား ထုတ်ပေးခြင်း ဖြစ်ကြောင်းနှင့် ရိုဟင်ဂျာနှင့် ကမန်သွေးနှောများပင် မဟုတ်ကြောင်း ပြောသည်။

၂၀၁၆ ခုနှစ် ဧပြီလက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရ စတင်တာဝန်ယူသောအခါ ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းဆွေကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အဖြစ် ခန့်အပ်ခဲ့သည်။ ထိုရှေ့ပြေး စီမံကိန်းများကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ညွှန်ကြားချက်ဖြင့် အကောင်အထည်ဖော်ခဲ့ခြင်း ဟုတ်မဟုတ် ဧရာဝတီသတင်းဌာနက ဦးရှိန်ဝင်းကို မေးသောအခါ ဝန်ကြီးဌာနသည် ဥပဒေနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်နေသည်ဟုသာ ဖြေသည်။

ဦးသိန်းဆွေသည် ယခင် စစ်အစိုးအဖွဲ့ဝင် တဦးဖြစ်ပြီး အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အစိုးရတွင် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဖြစ်ခဲ့သည်။ ဦးသိန်းဆွေသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြိုင်ဘက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဖြစ်သည်။

သူ၏ ဝန်ကြီးဌာနသည် ဥပဒေနှင့်အညီ လုပ်ကိုင်နေပြီး ထိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာန၏ ဆောင်ရွက်ချက် များကို တခုခြင်း မှတ်တမ်းတင်ထားကြောင်း အထက်ပါ လူဝင်မှုကြီးကြပ်ရေးအရာရှိက အခိုင်အမာ ပြောသည်။ သို့သော် တာဝန်ရှိသူများသည် နိုင်ငံသား စိစစ်ရေးကိစ္စအတွက် ကမန်နိုင်ငံရေးပါတီနှင့် လူမှုအခြေပြု အဖွဲ့များကို ညှိနှိုင်းရန် ပျက်ကွက်ခဲ့ကြောင်း သူက ဝန်ခံသည်။

(Party Says Gov’t Issuing Fake Kaman Citizenship Cards to Rohingya, Demands Probeကို ဆီလျော်အောင် ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading