၁၉၉၈ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ထောင်အတွင်းနေထိုင်ခဲ့ရချိန်အတွင်း ပန်းချီဆရာ ထိန်လင်းသည် အဖြူရောင် ထောင်ဝတ်စုံကို ကင်းဗတ်အဖြစ်နှင့် ဆပ်ပြာနှင့် မီးခြစ်များကို အနုပညာလက်ရာအဖြစ် ဖန်တီးခဲ့သည်။ အခြားသူများကို ပြန်လည်မျှဝေရန် အတွေ့အကြုံများရှိနေသည့် သူနှင့် ဘဝတူ နိုင်ငံရေးအကျဉ်းသားများ၏ လက်များကိုလည်း ပလာစတာဖြင့် ပုံဖေါ်ထိန်းသိမ်းပြသခဲ့သည်။
ယခု သူ၏ နောက်ဆုံးလက်ရာမှာ အငြင်းပွားစရာ အကြောင်းအရာဖြစ်နေသော ထဘီ သို့မဟုတ် အမျိုးသမီးဝတ် လုံချည်များဖြစ်သည်။
အမျိုးသမီးတို့ ခါးအောက်ပိုင်းတွင် ဝတ်ဆင်သည့် အဝတ်အစားများသည် မသန့်ရှင်းသောကြောင့် အမျိုးသားတို့ အဝတ်အစားများနှင့် ရောနှောမထားသင့်ဟူသည့် အယူသည်းမှု မြန်မာနိုင်ငံတွင် ရှိနေခဲ့သည်မှာ အစဉ်အလာ ရှည်ကြာလှပြီ ဖြစ်သည်။ ထို အယူသည်းမှုအရ အမျိုးသမီးတို့၏ အဝတ်အစားများ အထူးသဖြင့် ထဘီကို အမျိုးသားအဝတ်အစားများနှင့် ရောနှောလျှော်ဖွတ်ခြင်း မပြုရ သို့မဟုတ် အိမ်ရှေ့ သို့မဟုတ် အမျိုးသားအဝတ်အစားများထက် မြင့်သောနေရာတွင် မလှမ်းရဟု ထို အယူသည်းမှုက ဆိုသည်။ အမျိုးသမီး အဝတ်များ လှမ်းထားသော တန်း အောက်မှ အမျိုးသားများ မဖြတ်သန်းရဟုလည်း ဆိုသည်။
ထိုကဲ့သို့ လုပ်ဆောင်ပါက အမျိုးသားများသည် ဘုန်းနိမ့်မည်ဟု ထိုအတွေးအခေါ်က ဆိုသည်။ အမျိုးသမီးတဦးသည် ခင်ပွန်းသည်၏ အဝတ်များနှင့် သူမ၏ အဝတ်များကို အတူလျှော်ဖွတ်ပါက ညံ့ဖျင်းသော အိမ်ထောင်ဖက်ဟု သတ်မှတ်ခံရသည်။
လွန်ခဲ့သောလကမူ ပန်းချီ ထိန်လင်းသည် အမျိုးသမီးများကို သူ၏ အစီအစဉ်အတွက် ဖိတ်ခေါ်ပြီး ၎င်းတို့၏ ထဘီများကို လှူရန်ပြောကာ ထို ထဘီများတွင် အလှူရှင် အမျိုးသမီး၏ ပုံတူကိုရေးဆွဲသည်။ အမျိုးသမီး အဝတ်အစားနှင့် ပတ်သက်သော အယူသည်းမှုအပေါ် အမျိုးသမီး၏ အမြင်များကိုလည်း ထိုထဘီများတွင် ရေးသားစေသည်။
ထိုသို့သော အယူသည်း တားမြစ်မှုကို ချိုးဖေါက်ခြင်းအတွက် အချို့သူငယ်ချင်းများသည် ဇနီးခင်ပွန်းဖက်မှ ဆွေမျိုးများနှင့် ပြဿနာတက်ရပြီး တဦးမှာ ခင်ပွန်းဖြစ်သူက ကွာရှင်းသည်အထိ ဖြစ်ခဲ့ရသောကြောင့် ထိုသို့သော အယူသည်းမှုများ မည်မျှလွှမ်းမိုးနေသေးသည်နှင့် ထိုအယူသည်းမှုသည် အမျိုးသားများနှင့် အမျိုး သမီးများအနက် မည်သူတို့အကြားတွင်ရှိနေသည်ကို ပန်းချီ ထိန်လင်း သိလိုသည်။
ထဘီနှင့် ပတ်သက်သော အယူသည်းမှုများသည် ရှေးဟောင်းဒဏ္ဍာရီများမှ လာသည်ဟု ယူဆရသည်။ ထိုဒဏ္ဍာရီများများတွင် သူရဲကောင်းအမျိုးသားများသည် အမျိုးသမီး ထဘီ အောက်မှ မသိဘဲဖြတ်မိသောကြောင့် ဘုန်းတန်ခိုးများ ပျောက်ဆုံးသွားပြီး လုပ်ကြံသတ်ဖြတ်ခံရသည်။
နိုင်ငံ၏ အင်အားအကြီးမားဆုံး မဏ္ဍိုင်အဖွဲအစည်းသည်ပင် ထိုအယူသည်းမှု၏ သြဇာသက်ရောက်ခံနေရသည်။ တပ်မတော်သည် ထဘီကို အလေးအနက်ထားနေဆဲဖြစ်သည်။ ၂၀၁၅ ခုနှစ်က အမျိုးသမီးငယ်တဦးသည် ဒေါ်အောင်ဆန်းစုကြည်၏ ထဘီ အရောင်နှင့် တပ်မတော်၏ ဝတ်စုံအရောင်တို့ကို နှိုင်းယှဉ်ရေးသားသော ဖေ့ဘွတ် ရေးသားချက်ကို မျှဝေသောကြောင့် ရာဇဝတ်မှုဖြင့် စွပ်စွဲ ထောင်ချခံခဲ့ရသည့် အမှုကို ကိုထိန်လင်း ပြန်ပြောပြသည်။
“တကယ်လို့သာ ပုဝါတို့၊ တခြားအဝတ်တို့နဲ့ နှိုင်းယှဉ်ပြောရင် သူတို့အတွက် ပြဿနာမရှိဘူး” ဟု ကိုထိန်လင်းပြောသည်။
ကိုထိန်လင်းကိုယ်တိုင်ကမူ ထိုအယူသည်းမှုတွင် အယုံအကြည်မရှိပေ။ သူသည် သူ၏အဝတ်များကို သူ၏ဇနီးအဝတ်များနှင့် ခွဲလျှော်ခြင်းမရှိသလို သီးခြားအဝတ်ခြင်းတောင်းကိုလည်း အသုံးပြုခြင်း မရှိပေ။
အမျိုးသမီး အဝတ်တန်းအောက်မှ ဖြတ်လျှောက်သော အမျိုးသားတဦး ဘုန်းနိမ့်ခြင်းမှာ ထဘီများတွင် အစွမ်းရှိသောကြောင့်မဟုတ်ဘဲ ထဘီများတွင် အစွမ်းရှိနေမည်ကို စိုးရိမ်စိတ်ကြောင့်သာ ဖြစ်သည်ဟူသည့် အရှင် နန္ဒမာလာဘိဝံသ၏ စကားကို သူ ကိုးကားသည်။
“Skirting the Issue ” ဟု အမည်ပေးထားသည့် သူ၏ အစီအစဉ်၏ ရည်ရွယ်ချက်မှာ ထို အသူသည်းမှုကို အဆုံးသတ်ရန်မဟုတ်ဘဲ ၎င်းနှင့်ပတ်သက်သော ဆွေးနွေးမှုများဖြစ်ပွားစေရန် ဖြစ်သည်ဟု သူပြောသည်။
“ဒါက တော်လှန်တဲ့ အတွေးအခေါ် မဟုတ်ဘူး။ ဒါဟာ အမျိုးသမီးရေးရာ လှုပ်ရှားမှုဖြစ်တယ်၊ အနုပညာလှုပ်ရှားမှု တခုသာဖြစ်တယ်။ ဒီ အစီအစဉ်ကနေတဆင့် လူတွေပြန်လှန် စဉ်းစားသုံးသပ်တာပဲ လိုချင်တယ်” ဟုလည်း သူပြောသည်။
ထိုအစီအစဉ် စတင်ပြီးနောက် အမျိုးသား၊ အမျိုးသမီးများသည် ၎င်းတို့၏ အမြင်များကို ကိုထိန်လင်း၏ ဖေ့ဘွတ်စာမျက်နှာတွင် ရေးသားခဲ့ကြသည်။ အချို့အမျိုးသမီးများကိ ထိုအယူသည်းမှုကို သူတို့မယုံကြည်ကြောင်း ပြောပြီး အချို့ကမူ အမှားအယွင်းတခုကြောင့် ၎င်းတို့၏ ခင်ပွန်းသည်များ၊ သားများ ဒုက္ခရောက်မည်ကို မလိုလားကြောင်းပြောကြသည်။
ထိုအစီအစဉ်တွင် ပါဝင်သည့် တနင်္သာရီတိုင်းမှ အမျိုးသမီးတဦးကမူ သူမ၏ ရွာမှ အမျိုးသမီးအားလုံးတို့သည် ၎င်းတို့၏ ထဘီများကို သီးခြားသတ်မှတ်နေရာတွင် လျှော်ဖွတ်ဆဲဖြစ်ကြောင်း သူမ၏ ထဘီပေါ်တွင် ရေးသားခဲ့သည်။
အစီအစဉ်တွင် ပါဝင်သူ ရန်ကုန်အခြေစိုက် ရုပ်ရှင် ရိုက်ကူးသူ ရှင်ဒေဝီက ထိုအစီအစဉ်သည် သူမနေဖြင့် အယူသည်းမှုများနှင့် ပတ်သက်ပြီး ထုတ်ဖေါ်ပြောဆိုရန် အခွင့်အရေးတခုဖြစ်သည်၊ တယူသန်မှုများပြားသော နေ့စဉ်ဘဝတွင် တွေ့ရန်ခက်ခဲ့သော အရာဖြစ်သည်ဟု ပြောသည်။
“ကျမအတွက်တော့ ထဘီ ဆိုတာ အဝတ်တခုပဲ။ ကျမခင်ပွန်း အဝတ်တွေနဲ့ ရောလျှော်လို့လည်းရတယ်” ဟု သူ့ထမီပေါ်တွင် သူရေးသည်။
သို့သော် ရှင်ဒေဝီသည် သူငယ်ချင်းများထံမှ ထောက်ခံမှု အနည်းငယ်သာရရှိပြီး ယခုအစီအစဉ်ကြောင့် အယူသည်းမှုများ မည်မျှအထိ လွှမ်းမိုးနေသည်ကို သိရသည်ဟု ဆိုသည်။
“ဒီအစီအစဉ်ကြောင့် လူတွေ သူတို့ယုံကြည်ထားတာတွေကို ပြန်လည်သုံးသပ်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု သူက ဆိုသည်။
ထိုအစီအစဉ်၏ အစိတ်အပိုင်းအဖြစ် ကိုထိန်လင်းသည် အမျိုးသမီးလုံခြည်များဖြင့်ပြုလုပ်ထားသော လှိုဏ်ခေါင်းပုံတခုကို တည်ဆောက်ပြီး ပန်းချီကားများနှင့်အတူ ပြသမည်ဖြစ်သည်။ ထိုလှိုဏ်ခေါင်းမှ ဖြတ်မည်၊ မဖြတ်မည်ကို ဆုံးဖြတ်ရန်မှာ ပရိသတ် ၊ အထူးသဖြင့် အမျိုးသားများ၏ တာဝန်သာ ဖြစ်တော့သည်။
(Artist Turns Medium Into Message to Challenge Stigma of Women’s Sarongs ကို ဆီလျော်အောင် ဘာသာပြန်သည်။)