“Future Forward (အနာဂတ်ဆီ) ပါတီက သနာထုံ Thanathorn (သနာထုံ ဂျွမ်ဂရွန်ဂရူကစ် Thanathorn Juangroongruangkit) လား။ သူက ကျနော့် စံပြပေါ့။ သူ့မှာ အရမ်းကောင်းတဲ့ မူဝါဒ စိတ်ကူး တွေ ရှိတယ်။ အဲဒီ အပြင် သူက ဒီမိုကရေစီကို ယုံကြည်တယ်။”
လူဦးရေ ၁၀ သန်းရှိသော ဘန်ကောက်မြို့၏ အလယ်အချက်အချာနှင့် နီးသည့် ရတ်ချာထေဝီ Ratchathewi ခရိုင်မှ စနေနေ့ ညနေခင်း တခု ဖြစ်ပါသည်။ လူစည်ကားရှုပ်ထွေးချိန် ဖြစ်သည့်အတွက် ယာဉ်များက ရွေ့သည်ဆိုရုံမျှ ရွေ့လျားနေကြသည်။ လူသွားစြင်္ကန်များပေါ်တွင်လည်း အိမ်ပြန်ခရီးအတွက် အနီးဆုံး BTS ဘူတာရုံသို့ အလျှင်စလို သွားနေကြသော ခရီးသွားများဖြင့် ပြည့်ကျပ်နေသည်။
Ceritalah အဖွဲ့က အသက် ၂၆ နှစ်အရွယ် ထီရာပုံသက္က Teerapon Thetkerd နှင့် အတူထိုင်နေပါသည်။ မြို့တမြို့ အနေဖြင့် လေထုထဲတွင် စိုးရိမ်ကြောင့်ကျမှု (သက်တောင့်သက်သာ မရှိမှု) များ ရောပြွန်းနေသည်။ နောက်လာမည့် အထွေထွေ ရွေးကောက်ပွဲကို စောင့်မျှော်နေသည့် ကျန်သည့် တနိုင်ငံလုံးကို ထည့်ပြောရန် လိုမည် မထင်ပါ။
စစ်အုပ်ချုပ်ရေးအောက် ၄ နှစ်ကြာခဲ့ပြီးနောက် ထိုင်းနိုင်ငံသားများက ဒီမိုကရေစီသို့ ပြန်သွားရန် အသင့်ဖြစ်နေသည်။ အသစ်ဖွဲ့စည်းလိုက်သည့် Future Forward ပါတီအပါအဝင် နိုင်ငံရေး ပါတီ ၁၃ ခုက ယခုနှစ် အစောပိုင်း မတ်လအတွင်းတွင် အမည်စာရင်း တင်သွင်းခဲ့ကြသည်။
ရုပ်ဖြောင့်ပြီး မျက်နှာသစ်ဖြစ်သော အသက် ၃၉ နှစ်အရွယ် ဘီလီယံနာ စွန့်ဦးတီထွင် လုပ်ငန်းရှင် သနာထုံ ဂျွမ်ဂရွန်ဂရူကစ် (သူ၏ မိသားစုက ကုန်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းကြီးတခု ဖြစ်သည့် Thai Summit Group ကို ပိုင်ဆိုင်သည်) ဦးဆောင်သည့် နိုင်ငံရေးပါတီ အသစ်စက်စက်မှာ မတ်လအတွင်း တည်ထောင်ခဲ့သည်။
ပူးတွဲတည်ထောင်သူ အဖွဲ့ဝင် ၇၀၀ ပါဝင်သည့် ထိုပါတီသည် လူငယ် ပညာရှင်များ၊ စွန့်ဦးတီထွင်သူများနှင့် တက်ကြွ လှုပ်ရှားသူများ ပါဝင်သည့် အဖွဲ့တခု ဖြစ်သည်။ သူတို့ အများစုက စစ်အစိုးရ၏ အုပ်ချုပ်မှု အဆုံးသတ်ရေးကို မျှော်လင့်နေကြပြီး နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲရေးများတွင် ပါဝင် ဆောင်ရွက်နေကြသည်။
အရွယ်အစားအားဖြင့် သေးငယ်သော်လည်း ထိုင်းနိုင်ငံသား အများစုက သူတို့ပါတီကို ထိုင်းနိုင်ငံတွင် သက်တမ်း အရင့်ဆုံး ဖြစ်သည့် ဒီမိုကရက် Democrat ပါတီနှင့် မြောက်ပိုင်းဒေသ အများစုနှင့် ဆန်စပါးစိုက်ပျိုးရာ အရှေ့ဘက် လွင်ပြင်များဖြစ်သည့် အိစန် Isaarn ဒေသများတွင် လွှမ်းမိုးထားနိုင်ဆဲ ဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ ဖွေ့ထိုင်း Pheu Thai ပါတီတို့ပြီးလျှင် တတိယ အင်အားစုတခု အဖြစ် မြင်ထားကြသည်။
“ကျနော့် သူငယ်ချင်း စူနီး Sunee က ပါဝင်ဖို့ ဖိတ်ခေါ်ပြီးတဲ့နောက် ဇွန်လထဲမှာ ကျနော် Future Forward ကို ဝင်လိုက်တယ်။ ငါတို့ဆီက Call Centre မှာ နင့်အတွက် အလုပ်တခု ရှိတယ်။ စည်းရုံးဖို့အတွက် ငါတို့ကို လာကူပါ လို့ သူက ပြောတယ်။ ကျနော်က တိုင်းပြည်ရဲ့ ပြဿနာတွေ နိုင်ငံရေးပြဿနာတွေ လူမှုရေး ပြဿနာတွေကို ဖြေရှင်းဖို့ ကူညီပေးချင်တယ်။ အဲဒါကြောင့် ကျနော် ဝင်လိုက်တယ်။”
ဘန်ကောက်မြို့ မြောက်ဘက် ကီလိုမီတာ ၂၀၀ နီးပါး အကွာတွင်ရှိသော ချိုင်နက် Chai Nat ပြည်နယ်တွင် မွေးဖွားခဲ့သည့် ထီရာပုံသက္က၏ နိုင်ငံရေး နိုးကြားတက်ကြွမှုက အရင်ကပင် ရှိနေခဲ့သည်။
“၂၀၁၀ တုန်းက ရှပ်နီနဲ့ ရှပ်ဝါတွေကြားက ပဋိပက္ခကို People’s Television ရုပ်သံလိုင်းကနေ ကျနော် တိုက်ရိုက်ကြည့်ခဲ့ပါတယ်။ ကျနော် အကြမ်းဖက်မှု အားလုံးကို မြင်ခဲ့တယ်။ ကျနော့်ကိုယ့် ကျနော် မေးတယ်။ လူတွေကို ခွေးတွေလို သေနတ်နဲ့ ပစ်ဖို့ အမိန့်ကို ဒီစစ်သားတွေက ဘာကြောင့် လိုက်နာကြတာလဲ။ ဘန်ကောက်မြို့လယ်ခေါင်က လမ်းတွေပေါ်မှာတောင်မှလား။ ဒါကြောင့် လူ့အသိုင်းအဝိုင်း ပြောင်းလဲရေးအတွက် လုပ်ဖို့ ကျနော်ဆုံးဖြတ်ခဲ့တယ်။”
၂၀၁၁ ခုနှစ်တွင် ထီရာပုံသက္ကက ဘန်ကောက်ရှိ Srinakharinwirot တက္ကသိုလ်တွင် တက်ရောက်၍ ပြည်သူ့ အုပ်ချုပ်ရေး ဘာသာရပ်ကို သင်ကြားခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ဘွဲ့ရရှိခဲ့ပြီးနောက် Greenpeace မှသည် Mirror ဖောင်ဒေးရှင်း အထိ အကျိုးအမြတ်မယူသည့် အဖွဲ့အစည်း အများအပြားတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ များသောအားဖြင့် ဘန်ကောက်မြို့မှ အိမ်ခြေမဲ့ ၃၂၄၉ ခန့်ကို ကူညီရေးအတွက် လုပ်ခဲ့သည်။
ယနေ့ အချိန်တွင် သူက Future Forward ပါတီဝင် တဦးအနေဖြင့် တိုင်းပြည်တွင် ပါတီ၏ ပုံရိပ်ကို မြှင့်တင်ရန်နှင့် တရားမျှတမှု မရှိဟု သူ ယုံကြည်သော ကိစ္စများကို ထိုင်းနိုင်ငံသားများ သတိမူမိရေးတို့ကို အလေးပေး ဆောင်ရွက်နေသည်။
“တိုင်းပြည် စည်းလုံးညီညွတ်မှုနဲ့ သဟဇာတဖြစ်မှုကို ခိုင်မာစေရေး လိုအပ်လာရင် စစ်အစိုးရကို ဘယ်လို အရေးယူဆောင်ရွက်မှုမျိုးကို မဆို ပြုလုပ်ဖို့ အခွင့်အာဏာပေးထားတဲ့ ပုဒ်မ ၄၄ လိုမျိုး ဥပဒေတွေကို ကျနော်တို့က အဆုံးသတ်ပေးဖို့ တကယ်ကို လိုအပ်ပါတယ်။ အဲဒါက အစိုးရကို သူလုပ်ချင်ရာလုပ်ဖို့ ခွင့်ပြုထားတာ ဖြစ်ပါတယ်။”
ရွေးကောက်ပွဲ ရှိလာလိမ့်မည်ဟု ထီရာပုံသက္ကက ယုံကြည်ထားသော်လည်း ထိုင်းနိုင်ငံသား အများစုက အကောင်းမြင်မှုများ လျော့ကျလာနေကြသည်။
ရွေးကောက်ပွဲနေ့က ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ အထိစောနိုင်သည်ဟု ဒုတိယ ဝန်ကြီးချူပ် ဝစ္စနာ ကရီငမ် Wissanu Krea-ngam က မကြာသေးမီးက ပြောကြားခဲ့သည်။ သို့သော်လည်း ရွေးကောက်ပွဲအတွက် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ Prayut Chan-o-cha ၏ ကနဦး ကတိဖြစ်သည့် ယခုနှစ် ဒီဇင်ဘာလ ထက်များစွာ နောက်ကျနေပါသေးသည်။
သို့သော်လည်း စက်တင်ဘာလ ၁၄ ရက်နေ့က လက်ရှိ စစ်အစိုးရဖြစ်သည့် အမျိုးသား ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ် ပိပြားမှု ထိန်းသိမ်းရေးကောင်စီ (National Council for Peace and Order) က တော်ဝင်ပြန်တမ်းတွင် ယခုအခါ နိုင်ငံရေးပါတီများ စည်းရုံးနိုင်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ အကန့်အသတ်ဖြင့်သာ ဖြစ်သော်လည်း ၎င်းတို့ အာဏာရယူခဲ့သည့် ၂၀၁၄ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံရေး လှုပ်ရှားမှု အားလုံးကို ပိတ်ပင်တားမြစ်ထားရာမှ တပိုင်းတစ ဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။
“အဲဒါက ကျနော်တို့အတွက် အပေါင်းလက္ခဏာ ဆောင်တဲ့ ခြေလှမ်းပါ။ အခု ကျနော်တို့ ပိုပြီး လုပ်နိုင်ပါပြီ။”
သို့သော်လည်း ကြေညာချက် မထွက်ပေါ်မီ သြဂုတ်လ နှောင်းပိုင်းတွင် Facebook ပို့စ်တခု၌ စစ်အစိုးရကို ပုတ်ခတ်၍ မှတ်ချက်ရေးသားခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ပါတီခေါင်းဆောင် သနာထုံ တရားစွဲဆိုခြင်း ခံခဲ့ရသည်။
“အဲဒါ မတရားဘူး။ ဒါပေမယ့် ကျနော် မကြောက်ပါဘူး။ အခုအချိန်က ဒီအစိုးရ အဆုံးသတ်ရမယ့် အချိန်ပါ။”
သို့သော် ထီရာပုံသက္က ကဲ့သို့သော ထိုင်းနိုင်ငံသားများက ထိုသို့ ပြုလုပ်နိုင်ရန် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ၏ စစ်အစိုးရက အခွင့်အရေး ပေး မပေးကို အချိန်ကသာ အဖြေပေးနိုင်လိမ့်မည် ဖြစ်သည်။
ဖိလစ်ပိုင်နှင့် မလေးရှားတို့မှ အံ့အားသင့်စရာ ရွေးကောက်ပွဲများအရ ထိုင်းတပ်မတော်က စွန့်စားကြည့်ရန် ဆန္ဒ ရှိပါမည်လား။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)