လွန်ခဲ့သည့် ၂ နှစ်ကျော်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အာဏာ ရရှိချိန်မှ စတင်၍ လူငယ် အဖွဲ့ဝင်များမှသည် နိုင်ငံ တော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အထိ ၂ နိုင်ငံ ဆက်ဆံရေးကို မြှင့်တင်ရန်အတွက် အာဏာရပါတီမှ အဖွဲ့ဝင် ၁၀၀ ကျော် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြသည်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ အစိုးရ၊ အာဏာရပါတီတို့နှင့် ဆက်ဆံရေး ခိုင်မာအားကောင်းစေရန် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ နောက်ပိုင်းတွင် ခြေလှမ်းများ လှမ်းခဲ့ပြီး ဖြစ်သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်း ပြဿနာ ပြင်းထန်လာသည်နှင့်အမျှ ၂၀၁၇ ခုနှစ်တွင် အနောက်နိုင်ငံများက မြန်မာနိုင်ငံနှင့် ဝေးရာသို့ စတင်ရှောင်ခွာသွားသည့် နောက်ပိုင်း အိမ်နီးချင်းတရုတ်နိုင်ငံသို့ NLD အဖွဲ့ဝင်များ သွားရောက်လည်ပတ်မှု အရှိန်မြင့်တက်လာခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီနှင့် ပါတီချင်းဆက်ဆံရေးကို မြှင့်တင်ရန်၊ လွှတ်တော် အတွေ့အကြုံများ ဖလှယ်ရန်၊ ချစ်ကြည်ရေး ခရီးစဉ်များ၊ လေ့လာရေး ခရီးစဉ်များနှင့် လူငယ်ခေါင်းဆောင်သင်တန်းများ အပါအဝင် တရားဝင် ရည်ရွယ်ချက်များဖြင့် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လူငယ်အဖွဲ့ဝင်များကို တရုတ်နိုင်ငံသို့ ဖိတ်ကြားမှုက အကြိမ်ရေ များပြားလာခဲ့သည်။
၂၀၁၆ ခုနှစ်မှ စတင်၍ ဗဟိုကော်မတီဝင် အများအပြား တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြကြောင်း ခရီးစဉ်များတွင်ပါ ဝင် ခဲ့ သည့် NLD ပါတီဝင်များ၏ အဆိုအရသိရသည်။
ပြီးခဲ့သည့် အပတ်အတွင်းတွင် ပါတီ ဒုတိယ ဥက္ကဌ၊ မန္တလေးတိုင်း ဝန်ကြီးချုပ် နှင့် မကွေးတိုင်း ဝန်ကြီးချုပ် တို့အပါအဝင် ထိပ်တန်းအဖွဲ့ဝင် ၁၈ ဦး ပါဝင်သည့် အဖွဲ့က တရုတ်နိုင်ငံသို့ ၉ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်သွားရောက်ခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီက ပါတီချင်းဆက်ဆံရေးမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် အများအပြားကို ထိုကဲ့သို့ ဖိတ်ခေါ်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပါသည်။
ခရီးစဉ်အတွင်းတွင် တရုတ်ကွန်မြူနစ်ပါတီက နိုင်ငံတကာဆက်ဆံရေး၊ ကျေးလက်ဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ် ထိန်းသိမ်းရေးနှင့် အခွန်ပြုပြင် ပြောင်းလဲရေး စသည့် ဧရိယာများတွင်း ၎င်းတို့၏ အောင်မြင်မှုများကို ဖော်ထုတ်ပြသခဲ့သည်။
ထိပ်တန်းကိုယ်စားလှယ် အဖွဲ့ဝင်များက ဘေဂျင်းမြို့တွင် တရုတ်ကွန်မြူနစ်ပါတီ၏ ဝါဒဖြန့်ချီရေးဌာန အကြီးအကဲနှင့် နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ဟွမ်ကွန်မင်းနှင့် တွေ့ဆုံခဲ့ကြသည်။ အငြင်းပွားဖွယ်ရာ ကမ္ဘာ့ အကြီးဆုံး ရေအားလျှပ်စစ် စက်ရုံရှိရာ Three Gorges ဆည်သို့လည်း ကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့ကြသည်။ ယန်စီမြစ်ပေါ်တွင်ရှိသော အဆိုပါ ဆည်သည် ဓာတ်အား ၂၂၅၀၀ မီဂါဝပ် ထုတ်လုပ်နိုင်သည်။
အခြား ကိုယ်စားလှယ်အဖွဲ့ဝင်များက စက်တင်ဘာလ ၂၄ ရက်နေ့တွင် တရုတ်နိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့သော်လည်း မြန်မာလွှတ်တော်ကိုယ်စားလှယ် ၉ ဦးက ၅ ရက်ကြာ လွှတ်တော် ဆိုင်ရာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဘေဂျင်းသို့ သွားရောက်ခဲ့ကြသည်။
သိရှိပြီးသားလိုဖြစ်လာသည့် ပုံစံတခုအတိုင်း ကိုယ်စားလှယ်များက ဘေဂျင်းသို့ ပထမ သွားရောက်ခဲ့ကြသည်။ သူတို့၏ ခရီးစဉ်က မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ယူနန်ပြည်နယ်၏ မြို့တော် ကူမင်း၌ အဆုံးသတ်သည်။ ခရီးစဉ် တလျှောက်တွင် မြန်မာကိုယ်စားလှယ်များက တရုတ်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှု ပုံစံနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲရေးများကို လေ့လာကြရလိမ့်မည်ဟု တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သော NLD ကိုယ်စားလှယ်များ၏ အဆိုအရ သိရသည်။
NLD ၏ ဝက်ဘ်ဆိုက်၊ တရားဝင် Facebook စာမျက်နှာနှင့် ပါတီသတင်းလွှာ D-Wave၏ အဆိုအရ ၂၀၁၆ ခုနှစ်မှ စ၍ အဓိက ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လူငယ်အဖွဲ့ဝင်များ အပါအဝင် NLD ပါတီဝင် အနည်း ၁၁၀ က တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သိရသည်။
NLD ကို ဖိတ်ခေါ်ကြိုဆိုခဲ့သည့် နိုင်ငံက တရုတ်နိုင်ငံ တခုတည်းသာ မဟုတ်ပါ။ အနောက်နိုင်ငံ အချို့အပါအဝင် အခြားနိုင် ငံများကလည်း အလားတူပင် ပြုလုပ်ခဲ့ကြသည်။ NLD ပါတီဝင်များ၏ နိုင်ငံခြားခရီးစဉ် စုစုပေါင်းနှင့် ပတ်သက်၍ ဧရာဝတီ က အသေး စိတ်မေးမြန်းသည့်အခါ ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးညွှန့်က အချက်အလက် အတိအကျ ပေးရန် တွန့်ဆုတ်နေခဲ့ပြီး သံတမန်ရေးနှင့် သက်ဆိုင်သော ကိစ္စများဖြစ်ကြောင်း ပြောသည်။
သို့သော်လည်း သူကိုယ်တိုင် တရုတ် နိုင်ငံသို့ ၂ ကြိမ် သွားရောက်ခဲ့ပြီး လွှတ်တော်ဆိုင်ရာ လုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေး စနစ်များကို လေ့လာရန် ဂျာမနီနှင့် ဆွစ်ဇာလန်နိုင်ငံများသို့လည်း သွားရောက်ခဲ့သော ဦးမျိုးညွှန့်က “ပါတီချင်း ဖိတ်ခေါ်မှု အရ ကြည့်ရင်တော့ နိုင်ငံ တွေထဲမှာ တရုတ်နိုင်ငံက နံပါတ် ၁ ပါပဲ” ဟု ဝန်ခံခဲ့သည်။
ဖိတ်ခေါ်သည့် ကိုယ်စားလှယ် အရေအတွက်အရ ကြည့်မည်ဆိုလျှင် တရုတ်နိုင်ငံက အခြားနိုင်ငံများထက် များစွာသာလွန် နေကြောင်း NLD လွှတ်တော်ကိုယ်စားလှယ်နှင့် ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ဝင် ဒေါ်နီနီမေမြင့်၏ အဆိုအရ သိရသည်။
“တရုတ်နိုင်ငံက ကျမတို့ကို အများကြီးဖိတ်တယ်။ နိုင်ငံအများစုက တခါဖိတ်ရင် ကိုယ်စားလှယ် ၁ ဦး သို့မဟုတ် ၂ ဦးပဲ ဖိတ်တယ်။ ဒါပေမယ့် တရုတ်ကတော့ NLD က ကိုယ်စားလှယ် ၁၀ ဦးကျော် အမြဲတမ်း ဖိတ်တယ်” ဟု သူက ပြောသည်။
အောက်တိုဘာလအတွင်းတွင် ဗဟိုလူငယ် လုပ်ငန်းကော်မတီ ခေါင်းဆောင်များ အပါအဝင် NLD လူငယ် အဖွဲ့ဝင် ၂၅ ဦး က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယူနန်တက္ကသိုလ်တွင် ၆ ရက်ကြာ သင်တန်းတခု တက်ရောက်လိမ့်မည် ဖြစ်သည်။
အဖွဲ့ဝင် ၁၅ ဦးပါ NLD ဗဟိုလူငယ် လုပ်ငန်းကော်မတီ၏ ခေါင်းဆောင် မမိုးဆန်းစုကြည်က “ယူနန်တက္ကသိုလ်က NLD လူငယ်တွေကို ဖိတ်တာ ဒါက တတိယ အကြိမ်မြောက်ပါ။ သင်တန်းက သုတေသန လေ့လာရေးကို အလေးပေးပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သူက အခြားသော NLD ထိပ်တန်းအဖွဲ့ဝင်များနှင့် အတူ တရုတ်နိုင်ငံသို့ ဥပဒေ လေ့လာရေးခရီးစဉ်များ ယခင်က သွားရောက်ခဲ့ဖူးသည်။
NLD သတင်းထုတ်ပြန်ရေး တာဝန်ခံနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် မုံရွာအောင်ရှင်က အနောက်နိုင်ငံများနှင့် တင်းမာမှု မြင့်တက်လာချိန်တွင် NLD က တရုတ်နိုင်ငံနှင့် အပြုသဘောဆောင်သော ဆက်ဆံရေးတခုကို တည်ဆောက် ခဲ့သည်ဟု ပြောသည်။
“ဒီအချိန်အတွင်းမှာ မြန်မာနိုင်ငံရဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးက တခြားနိုင်ငံတွေနဲ့ ဆက်ဆံရေးတွေထက် ပိုပြီး ကျယ်ပြန့် လာပါတယ်” ဟု မုံရွာအောင်ရှင်က ပြောသည်။ သူက ပါတီချင်း ဆက်ဆံရေးကို တိုးမြှင့်ရန် မကြာသေးမီက တရုတ်နိုင်ငံ သို့ သွားရောက်ခဲ့သူ ဖြစ်သည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ပိုမိုထောက်ခံမှုကို ပြသခြင်းနှင့် လူ့အခွင့်အရေးကိစ္စများနှင့် ပတ်သက်၍ အနောက်တိုင်းနှင့် ဥရောပမှ ဖိအားများ ရင်ဆိုင်ရသည့် အချိန်တွင် မြန်မာနိုင်ငံနှင့်အတူ ရပ်တည်ခြင်းတို့အားဖြင့် တရုတ် နိုင်ငံက မိတ်ဆွေကောင်းတဦး ဖြစ်လာခဲ့သည်ဟု မုံရွာအောင်ရှင်က ဝန်ခံခဲ့သည်။
ထို့ပြင် အခြားသော အရင်းအမြစ်များမှ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းခြင်းနှင့် ရင်ဆိုင်နေရချိန်တွင် NLD ဦးဆောင်သော အစိုးရက တရုတ်နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များ လက်မှတ်ထိုးခဲ့သည်။
သမိုင်းအရဆိုလျှင် မြန်မာ-တရုတ် ၂ နိုင်ငံဆက်ဆံရေးသည် မြန်မာနိုင်ငံနှင့် ဒေသတွင်းတွင် ၎င်း၏ အကျိုးစီးပွားများ သေချာစေရေးအတွက် တရုတ်အစိုးရ၏ အားထုတ်မှုများဟု မှတ်သားခဲ့ကြသည်။ ၁၉၉၀ ရွေးကောက်ပွဲပြီးသည့် အချိန်တွင် ထိုစဉ်က တရုတ်သံအမတ် ချန်ရွှေရှန်းသည် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားရန် NLD ရုံးချုပ်သို့ ပထမဆုံး ဖုန်းခေါ်သည့် နိုင်ငံခြား သံတမန် ဖြစ်ခဲ့သည်။ သို့သော်လည်း အဆိုပါရွေးကောက်ပွဲ ရလဒ်ကို ထိုစဉ်က စစ်အစိုးရက ဥပေက္ခာပြုခဲ့သည့်အခါ တရုတ်နိုင်ငံက အာဏာရှင်နှင့် ကောင်းမွန်သော ဆက်ဆံရေးကို ဆက်လက်တည်ဆောက်ခဲ့သည်။
နိုင်ငံရေးအရ ဖိနှိပ်ချုပ်ချယ်သည့် ကာလတခု အတွင်းတွင် တပ်မတော်နှင့် နီးကပ်သော ဆက်ဆံရေးကို တည်ဆောက်ခဲ့သည်။ ထိုကာလအတွင်းတွင် တရုတ်နိုင်ငံက မြန်မာ့တပ်မတော်အတွက် အဓိက ထောက်ပံ့သူဖြစ်ခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှု၊ မြေယာသိမ်းယူမှုနှင့် တိုင်းပြည်၏ သဘာဝ သယံဇာတများကို လက်ဝါးကြီးအုပ်မှု မှတ်တမ်း များရှိခဲ့သည့်တိုင် အကူအညီပေးခဲ့သည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက်တွင် တရုတ်နိုင်ငံ က NLD နှင့် တည်ငြိမ်သော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလအတွင်းတွင် တရုတ် သံအ မတ် လီကျုံဟွာက ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ နေအိမ်တွင် တွေ့ဆုံခဲ့သည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်း တွင် ပထမဆုံးလာရောက်ခြင်း ဖြစ်သည်။
၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် ပြည်တွင်းမှ ပညာတတ်များနှင့် ဆက်ဆံရေးကို တည်ဆောက် ခြင်းအားဖြင့် တပ်မတော်နှင့် နိုင်ငံရေးပါတီများနှင့် ဆက်ဆံရေး အပြင်ဖက်သို့ ၎င်း၏ ဗျူဟာကို တိုးချဲ့ လာခဲ့သည်။ မြန်မာနိုင်ငံအတွက် ၎င်း၏ စီမံကိန်းများနှင့် အစီအစဉ်များကို ရှင်းပြရန် ပြည်တွင်းမှ ကျွမ်းကျင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ နှင့် ဂျာနယ်လစ်များကို ဘေဂျင်းသို့ ဖိတ်ခေါ်ခဲ့ပါသည်။
၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် အောင်မြင်မှု ရရှိခဲ့ပြီးနောက် NLD က ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ ၂ ခုကို ၂၀၁၃ ခုနှစ် မေလနှင့် ဇွန်လများတွင် တရုတ်နိုင်ငံသို့ သီးခြားစီ စေလွှတ်ခဲ့သည်။
၎င်း၏ ရည်မှန်းချက်ကြီးမားသော အခြေခံ အဆောက်အဦး စီမံကိန်းများ သေချာစေရေး နှင့် ၂ နိုင်ငံ ဆက်ဆံရေးတိုးတက် မှုအတွက် တရုတ်နိုင်ငံက ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်ရေး ထောက်ခံခြင်းနှင့် အတူ တရုတ် နိုင်ငံက မည်သည့် ပါတီ အနိုင်ရရှိသည် ဖြစ်စေ အလုပ် တူတူလုပ်ရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့သည်။
ထိုနှစ် နိုဝင်ဘာလတွင် ပြုလုပ်မည့် မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ မတိုင်မီ ၂၀၁၅ ခုနှစ် ဇွန်လတွင် ဒေါ်အောင် ဆန်းစုကြည် ဘေဂျင်းသို့ သွားရောက်ခဲ့သည်။ အတိုက်အခံခေါင်းဆောင်တဦးကို ရှားရှားပါးပါး ဖိတ်ခေါ်ခြင်းက ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိလိမ့်မည်ဟု တရုတ်နိုင်ငံက ယုံကြည်ထားကြောင်း ပြသနေပါသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြီးသည့် အခါ တရုတ်ကွန်မြူနစ်ပါတီက NLD ခေါင်းဆောင်များနှင့် လူငယ် အဖွဲ့ဝင်များကို ပါတီ စည်းကမ်းနှင့် ပတ်သက်၍ အယူအဆ ဝေမျှမှုများ၊ ခေါင်းဆောင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေး ကဏ္ဍ နှင့် ကျေးလက် ဖွံ့ ဖြိုးရေးတို့ကို ဦးတည်သည့် ကာလတိုလေ့လာရေးခရီးစဉ်များ ဖိတ်ကြားရန် တရားဝင် လမ်းကြောင်းများကို အသုံး ပြုခဲ့သည်။
၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ထိုအချိန်၌ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးဖြင့် မြန်မာနိုင်ငံ၏ ခေါင်းဆောင် ဖြစ်နေပြီ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်က တရုတ်ကွန်မြူနစ်ပါတီနှင့် ကမ္ဘာ့နိုင်ငံရေးပါတီများ အဆင့်မြင့်အစည်းအဝေး အတွင်းတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဘေဂျင်း၌ တွေ့ဆုံခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်အစိုးရက မြန်မာနိုင်ငံနှင့် မိတ်ဆွေဖြစ် ဆက်ဆံရေးကို ဆက်လက်ကိုင်စွဲရင်း၊ ၂ နိုင်ငံ ဆက်ဆံရေးကို ဗျူဟာမြောက် ရေရှည် အမြင်ဖြင့် ရှုမြင်ရင်း နိုင်ငံရေးပါတီများနှင့် အပြန်အလှန်ဆက်ဆံရေးကို ဖွံ့ဖြိုး တိုးတက်အောင် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ကတိပြုခဲ့သည်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်လာပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ ၃ ကြိမ် သွားရောက်ခဲ့ပြီး ဖြစ်သည်။
၂၀၁၄ မှ ၂၀၁၇ အထိ NLD လူငယ်အဖွဲ့၏ ခေါင်းဆောင် ၁၅ ဦးထဲမှ တဦးဖြစ်သော လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးအောင်က ရွေးကောက်ပွဲနောက်ပိုင်းတွင် တရုတ်နိုင်ငံက ပါတီချင်း တရားဝင်ဆက်ဆံရေး တခုကို တည် ဆောက်ရန် ဆန္ဒရှိကြောင်း ပြသခဲ့သည်ဟု ဧရာဝတီသို့ ပြောသည်။ ယခင်ကဆိုလျှင် တရုတ်နိုင်ငံက NLD ကိုယ်စားလှယ် များကို ပြည်နယ် အုပ်ချုပ်ရေးမှူးများမှ တဆင့် ဖိတ်ကြားသည်။
တရုတ်နိုင်ငံက NLD ကိုယ်စားလှယ်များကို ဖိတ်ခေါ်ရန် လမ်းကြောင်း အမျိုးမျိုးကို အသုံးပြုခဲ့သည်ဟု သူက ပြောသည်။ အဓိက လမ်းကြောင်းများမှာ အစိုးရချင်း ဖိတ်ခေါ်ခြင်း၊ ပါတီချင်း ဖိတ်ခေါ်ခြင်းနှင့် လွှတ်တော်ချင်း ဖိတ်ခေါ်ခြင်းတို့ ဖြစ်သည်။
၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ဦးဝေဖြိုးအောင်က တိုင်းရင်းသား ပြည်နယ်နှင့် ဒေသများမှ အချို့ အပါအဝင် NLD လူငယ် အဖွဲ့ဝင် ၂၀ ခန့်ကို ဦးဆောင်၍ တရုတ်နိုင်ငံသို့ လေ့လာရေး ခရီးစဉ်တခု သွားရောက်ခဲ့သည်။ ခရီးစဉ်က လူငယ် ခေါင်းဆောင်မှုနှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို လေ့လာရန် ဦးတည်သည်ဟု သူက ပြောသည်။
သို့သော်လည်း မြန်မာ့နိုင်ငံရေးတွင် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှု တိုးလာခြင်းနှင့် ပတ်သက်၍ ကျွမ်းကျင်သူ အချို့က စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောဆိုခဲ့ကြပြီး မြန်မာနိုင်ငံ၏ အာဏာရပါတီအတွက် သင့်လျှော်သည့် ပုံစံတခုကို တရုတ်ကွန်မြူ နစ်ပါတီက ပေးနိုင်ခြင်း ရှိ/မရှိ အပေါ် မေးခွန်းထုတ်ခဲ့ကြသည်။
“သူတို့က သူတို့ရဲ့ ကိုယ်ပိုင် အစီအစဉ် (ရင်းနှီးမြှုပ်နှံမှု နှင့် စီမံကိန်းများ) ကို မြှင့်တင်ဖို့အတွက် မြန်မာပြည်သူတွေကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ခြင်းအားဖြင့် ကြိုးစားနေခဲ့ကြတယ်” ဟု Institute for Strategy and Policy-Myanmar မှ သုတေသီတဦး ဖြစ်သည့် ဒေါ် ခင်ခင်ကျော်ကြီးက ပြောသည်။
“နိုင်ငံတွေမှာ ကွဲပြားတဲ့ နိုင်ငံရေးတန်ဖိုးတွေ ရှိပါတယ်။ တရုတ်အစိုးရက ဗဟိုက ချုပ်ကိုင်တဲ့အတွက် သိကြတယ်။ တကယ်လို့ မြန်မာနိုင်ငံက အာဏာရပါတီက တရုတ်နိုင်ငံရဲ့ အတွေ့အကြုံတွေကို နမူနာတခု အနေနဲ့ အသုံးချမယ်ဆိုရင် အဲဒါက ကျမတို့ကို လွှမ်းမိုးသွားလိမ့်မယ်” ဟု သူက ပြောသည်။
မြန်မာအစိုးရက အများပြည်သူကို အသိမပေးဘဲ တရုတ်နိုင်ငံနှင့် နားလည်မှု စာချွန်လွှာ အများအပြား လက်မှတ်ရေးထိုး ခဲ့သည်။ အရပ်ဖက် အဖွဲ့အစည်းများကိုလည်း ပိုမို၍ ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။ ထိုအရာများကို ၂ နိုင်ငံ ခရီးစဉ်များ၏ ရလဒ်များ အနေဖြင့် မြင်နိုင်သည်ဟု ဒေါ်ခင်ခင်ကျော်ကြီးက ပြောသည်။
ရခိုင်ပြည်နယ် ပြဿနာကြောင့် မြန်မာနိုင်ငံက အနောက်တိုင်း အပူနှင့် ရင်ဆိုင်နေရချိန်တွင် မြန်မာအစိုးရက တရုတ်အစိုးရနှင့် သဘောတူညီချက် အများအပြားကို လက်မှတ်ရေးထိုးရန် ဆက်လက် ဆောင်ရွက်နေခဲ့သည် ဟု ကျွမ်းကျင်သူများက ထောက်ပြကြသည်။ သတိထားမိဖွယ်ရာ အဖြစ်ဆုံးမှာ တရုတ် သမ္မတ၏ ကျယ်ပြန့်သည့် နိုင်ငံတကာ အခြေခံအဆောက်အဦး ဖွံဖြိုးရေး အစီအစဉ်တခု ဖြစ်သော Belt and Road Initiative (BRI) ၏ အစိတ်အပိုင်း ဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေး စြင်္ကန် ထူထောင်ရေး နားလည်မှု စာချွန်လွှာဖြစ်ပါသည်။
တရုတ် အစိုးရက ကျောက်ဖြူ အထူးစီးပွားရေးဇုန် အပါအဝင် မြန်မာနိုင်ငံမှ အခြားသော ရည်မှန်းချက်ကြီးသည့် စီမံကိန်းများ တိုးချဲ့ရေးတွင်လည်း အောင်မြင်မှုများ ရအောင် ပြုလုပ်နိုင်ခဲ့သည်။ အဆိုပါ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းသစ်က တရုတ်နိုင်ငံသို့ ရေနံတင်သွင်းရာတွင် မလက္ကာရေလက်ကြားကို ရှောင်ရှား၍ အိန္ဒိယသမုဒ္ဒရာနှင့် တရုတ်နိုင်ငံကို တိုက်ရိုက်ဆက်သွယ်ခွင့် ရရှိရေးအတွက် သေချာစေခဲ့သည်။ ကျောက်ဖြူ စီမံကိန်းက တရုတ်နိုင်ငံ၏ ကုန်းတွင်းပိတ် ယူနန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုကိုလည်း တိုးမြှင့်ပေးနိုင်လိမ့်မည် ဖြစ်သည်။
“BRI ကြောင့် ကျနော်တို့ ပိုမို နီးကပ်တဲ့ ဆက်ဆံရေးကို ရရှိပါလိမ့်မယ်” ဟု NLD ၏ ပြောရေးဆိုခွင့်ရှိသူ မုံရွာ အောင်ရှင် က ပြောသည်။
လန်ဒန် ဘောဂဗေဒ ကျောင်း London School of Economics ၏ International Growth Center က ပြုလုပ်ခဲ့သည့် စစ်တမ်းကောက်ယူမှုတခုအရ ၂၀၁၁ ခုနှစ်မှ စ၍ အစိုးရက အရပ်ဘက် အဖွဲ့အစည်းများအတွက် နေရာဖွင့်ပေးခဲ့ခြင်းနှင့် ပြည်သူများကို သူတို့၏ အမြင်များထုတ်ဖော်ပြောဆိုခွင့် ပြုခဲ့ခြင်းက မြန်မာနိုင်ငံတွင် တရုတ်ဆန့်ကျင်ရေး သဘောထားများ တိုးပွားစေခဲ့သည်ဟု သိရသည်။ တရုတ် ရင်းနှီးမြှုပ်နှံမှုများအတွက် အန္တရယ်ရှိနေသည်။ ဒေသခံပြည်သူအသိုင်းအဝိုင်းနှင့် ထိတွေ့ဆက်ဆံရန် ပျက်ကွက်ခဲ့ခြင်းက တရုတ်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ရာတွင် ခက်ခဲစေခဲ့သည်ဟု International Growth Center က ဆိုသည်။
ကချင်ပြည်နယ်မှ မြစ်ဆုံဆည် စီမံကိန်းကို ပြန်လည်စတင်ရန် တရုတ်နိုင်ငံက အစိုးရကို စည်းရုံးနေသည်။ ဆည်၏ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို ပြည်သူများက စိုးရိမ်မှု ကျယ်ပြန့်လာခြင်းနှင့် အတူ ယခင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က စီမံကိန်းကို ရွှေ့ဆိုင်းထားခဲ့သည်။
NLD အနေဖြင့် တရုတ်နိုင်ငံနှင့် ပတ်သက်၍ ပြည်သူများ၏ စိတ်သဘောထားက ယေဘုယျအားဖြင့် အနုတ်သဘော ဆောင်နေဆဲ ဖြစ်ကြောင်း နားလည်ထားရန် လိုအပ်သည်ဟု ကျွမ်းကျင်သူများက သတိပေးခဲ့ကြသည်။
သို့သော်လည်း မုံရွာ အောင်ရှင်က “တရုတ်နိုင်ငံနဲ့ ပတ်သက်လို့ မြန်မာပြည်သူတွေရဲ့ ခံစားချက်က သိပ်မကောင်းဘူး ဆိုတာ ကျနော်တို့ နားလည်ပါတယ်။ ဒါပေမယ့် NLD အစိုးရ ရွေးချယ်ခံရတဲ့ အချိန်က စလို့ တရုတ်နိုင်ငံရဲ့ ချဉ်းကပ်မှုက ပြောင်းလဲသွားပါတယ်။ သူတို့က ပါတီချင်းဆက်ဆံရေး အရ ထိတွေ့ဖို့ ပိုပြီး ဆန္ဒ ရှိလာကြပါတယ်။ ဒေသခံ တွေရဲ့ စိုးရိမ်မှုနဲ့ ဥပဒေတွေကို လေးစားဖို့ ကျနော်တို့က ပြောတဲ့အတွက် သူတို့ကလည်း ဒေသခံ အသိုင်းအဝိုင်းတွေ၊ ပြည်သူ တွေနဲ့ ထိ တွေ့ဆက်ဆံဖို့ အားထုတ်မှုတွေ ပိုပြီးလုပ်နေပါတယ်” ဟု ပြောသည်။
(Analysis: NLD Cozying Up to Beijing as Ties with West Fray ကို ဘာသာပြန်သည်။)