ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ အများစုဖြစ်သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင်မှ ကျောင်းများတွင် ဘာသာစကား အခက်အခဲကို ကျော်လွှားနိုင်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရက ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ ဆရာများ စတင်ခေါ်ယူနေရာ စက်တင်ဘာလ ၁၉ ရက်နေ့အထိ ခရိုင်ပညာရေးမှူးရုံးတွင် လျှောက်လွှာ ၁၀၀၀ ကျော် ရရှိခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ တလွှားမှ အစိုးရ ကျောင်းဆရာများက သူတို့၏ စာသင်ခန်းများတွင် ဗမာဘာသာစကားနှင့် သင်ကြားရေး ပစ္စည်းများကို အသုံးပြုကြသော်လည်း စစ်တကောင်း ဒေသသုံး ဘာသာစကားတခုကို အများဆုံး ပြောဆိုကြသည့် ရိုဟင် ဂျာ ခေါ် ဘင်္ဂါလီ ကလေးငယ်များကို သင်ကြားရေးတွင် အခက်အခဲရှိကြောင်း တွေ့ရှိရသည်။ တခါတရံ ရိုးစင်းသော စကားပြောဆိုမှုများတွင်ပင် ဆရာများနှင့် အပြန်အလှန် ပြောဆိုနိုင်ခြင်း မရှိပါ။ မောင်တောဒေသတွင် အစိုးရအလုပ် လုပ်ကိုင်သည့် ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ အလွန်နည်းပါးသည့်အတွက် ပညာရေးဝန်ကြီးဌာန၏ ရှားရှားပါးပါး ယခုကမ်းလှမ်းချက်က ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ အသိုင်းအဝိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။
စက်တင်ဘာလ ၁၉ ရက်နေ့ အထိ လျှောက်လွှာခေါ်ယူပြီး တပတ်အတွင်းမှာပင် ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီများထံမှ လျှောက်လွှာ ၁၀၀၀ ကျော် ရရှိပြီး ဖြစ်ကြောင်း မောင်တောခရိုင် ပညာရေးမှူး ဦးခင်အောင်က ဧရာဝတီသို့ ပြောသည်။ မောင်တောမြို့နယ်မှ လျှောက်လွှာ ၄၀၀ နှင့် ဘူးသီးတောင်မြို့နယ်မှ လျှောက်လွှာ ၆၀၀ အသီးသီး တင်သွင်းခဲ့ကြသည်ဟု ဆိုသည်။ လျှောက်လွှာ ခေါ်ယူရာတွင် တရားဝင် အသုံးအနှုံးအဖြစ် ကျောင်းဆရာ ဆိုသည့် အစား “သင်ကြားရေး လက်ထောက်/ အကူ” ဆိုသည့် စကားလုံးကို သုံးစွဲခဲ့သည်။
ကျောင်းသား ၆၈ ရာခိုင်နှုန်းက ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းများတွင် ရောက်နေ
အပြီးသတ် ဆုံးဖြတ်ချက်က အဆင့်မြင့် အာဏာပိုင်များ၏ လက်ထဲတွင် ရှိသည့် အတွက် ယခု စမ်းသပ် စီမံကိန်းနှင့် ပတ် သက်၍ ပညာရေး ဝန်ကြီးဌာနက ဘဏ္ဍာငွေမည်မျှ ခွဲဝေချထားမည် ဆိုခြင်းနှင့် အနာဂတ်တွင် အစိုးရက လျှောက်လွှာများ ပိုမို ခေါ်ယူရန် ရှိ/မရှိကို ယခုအချိန်အထိ သဲသဲကွဲကွဲ မသိရသေးပါ။ ဝန်ကြီးဌာနက သင်ကြားရေးလက်ထောက်များကို လစာ တလ လျှင် ကျပ် ၅၀၀၀၀ မှ ၁၅၀၀၀၀ အတွင်း ပေးသွားမည်ဟု ဦးခင်အောင်က ပြောသည်။
သူ၏ အဆိုအရ လက်ရှိ အချိန်တွင် မောင်တော ခရိုင် ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်နေသော မွတ်ဆလင် ၁၃၀ ကျော် ရှိပြီး ၎င်းတို့ထဲမှ အနည်းငယ်မှာ ပြီးခဲ့သည့်နှစ်က အငြိမ်းစား ယူခဲ့ကြသည်။ အရည်အချင်း ပြည်မီသည့် လျှောက် ထားသူများသည် သူတို့တွင် လုံလောက်သည့် အတွေ့အကြုံများ ရရှိလာသည့်အခါ အနာဂတ်တွင် ဆရာရာထူးသို့ တိုးမြှင့် ပေးရန် အခွင့်အရေးရနိုင်ခြင်း ရှိ/မရှိကလည်း မသဲကွဲသေးပါ။
၇၀၀၀၀၀ ကျော် ဘင်္ဂလား ဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ရသည့် ၂၀၁၇ သြဂုတ်လ ပဋိပက္ခများ မပေါ်ပေါက်မီက မွတ်ဆလင် ကျောင်းသား ၁၄၀၀၀၀ ကျော်နှင့် မွတ်ဆလင် မဟုတ်သည့် ကျောင်းသား အနည်းငယ် မူလတန်း၊ အလယ်တန်း နှင့် အထက်တန်း အပါအဝင် အစိုးရကျောင်း ၅၀၀ နီးပါးတွင် ရှိခဲ့သည်။
ကျေးရွာ ၂၀၀ ကျော်မှာ မီးလောင်ပြာကျသွားပြီး ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ ၉၀ ရာခိုင်နှုန်း မရှိတော့သည့်အတွက် ယခုအခါ ကျောင်းအများစုမှာ ဟောင်းလောင်း ဖြစ်နေသည်။ ယခုနှစ် အစောပိုင်းမှစ၍ ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာ အစိုးရများက ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ် တခုကို ဆောင်ရွက်နေသော်လည်း ယနေ့ အထိ တရားဝင်လမ်းကြောင်းမှ ပြန်ရောက်လာသည့် ဒုက္ခသည် တယောက်မျှ မရှိသေးပါ။
၂၀၁၇ ခုနှစ် အစောပိုင်းက မောင်တော မြို့နယ်တွင် ကျောင်းသား ၈၀၀၀၀ ကျော်နှင့် ဘူးသီးတောင် မြို့နယ်တွင် ကျောင်း သား ၆၀၀၀၀ ကျော် အစိုးရကျောင်းများတွင် ပညာသင်ကြားနေခဲ့သည်ဟု ဦးခင်အောင်က အတည်ပြုခဲ့သည်။ ယခုအခါ တွင် မောင်တော ခရိုင်တခုလုံးတွင် မွတ်ဆလင် ကျောင်းသား အရေအတွက်က ၆၀၀၀၀ (မောင်တောမြို့နယ်တွင် ၂၀၀၀၀ ခန့်နှင့် ဘူးသီးတောင်မြို့နယ်တွင် ၄၀၀၀၀ ခန့်) သို့ ကျဆင်းသွားခဲ့သည်။
အဆိုပါ အရေအတွက်မှာ မောင်တောခရိုင်အတွင်းမှ မွတ်ဆလင် ကျောင်းသားအရေအတွက် (၈၀၀၀၀ ခန့်)၏ အနည်းဆုံး ၆၈ ရာခိုင်နှုန်း က အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဒုက္ခသည် စခန်းများတွင် ပညာသင်ကြားနိုင်ခြင်း မရှိဘဲ ရောက်ရှိနေကြောင်း ဖော်ပြနေသည်။ ဒုက္ခသည်ကျောင်းသား အရေအတွက်တွင် သေဆုံးသူများနှင့် ပျောက်ဆုံးသူများ ပါဝင်ခြင်း မရှိပါ။
မွတ်ဆလင်များအတွက် ရှားပါးသော အလုပ်အကိုင် အခွင့်အလမ်း
ယခုအခါ ရသေ့တောင်မြို့နယ်တွင် သူ၏ ဆွေမျိုးများနှင့် အတူ ခိုလှုံနေထိုင်နေသည့် အဘ်ဒူလ်ဝါဟစ် ကဲ့သို့ ထွက်ပြေး သွားခြင်း မရှိသည့် မွတ်ဆလင်များက လနှင့် ချီ၍ ငွေကြေး အကျပ်အတည်း ဖြစ်နေသည့် အတွက် အခု အလုပ်အကိုင် အခွင့်အလမ်းက အိုးအိမ်မဲ့ ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီများအတွက် မက်လုံးတခု ဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။
ထိုရာထူးအတွက် သူ၏ ကျေးရွာမှု လူ ၅ ဦး ညောင်ချောင်း ကျေးရွာ ပညာရေးဌာနမှ တဆင့် လျှောက်ထားခဲ့သည်ဟု သူက ပြောသည်။
“သူတို့အတွက် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တခု ဖြစ်လာနိုင်လို့ အလုပ်ခေါ်တဲ့ အတွက် သူတို့ ပျော်ရွှင်နေကြ ပါတယ်။ တချိန်တည်းမှာပဲ အဲဒါက သူတို့နေ့စဉ် ဘဝအတွက် အထောက်အပံ့ ဖြစ်လာနိုင်ပါတယ်” ဟု အဘ်ဒူလ်ဝါဟစ် က ပြောသည်။
သို့သော်လည်း ထိုရာထူးနေရာအတွက် ဘူးသီးတောင်နှင့် မောင်တောမှ လျှောက်ထားသည့် မွတ်ဆလင်များကို ဦးစားပေး မည် ဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ကျေညာခဲ့သည့် အတွက် သူတို့ လျှောက်လွှာများ၏ ကံကြမ္မာက မရေ မရာ ဖြစ်နေသည်။
“အစိုးရရဲ့ ဦးစားပေးမှု အကြောင်းကို ကြားတဲ့ အချိန်မှာ လျှောက်ထားတဲ့သူတွေ စိတ်ပျက်ကြရပါတယ်။ ဒါပေမယ့် သူတို့ မျှော်လင့်နေတုန်းပါပဲ” ဟု အဘ်ဒူလ်ဝါဟစ် က ပြောသည်။
အမျိုးသားရေး လှုပ်ရှားသူများ၏ ကန့်ကွက်မှုများ
စမ်းသပ် စီမံကိန်း၏ ကနဦး အဆင့်သာ ဖြစ်သည်ဟု ပညာရေးဌာနက ပြောသော်လည်း အစိုးရ အပေါ် မြန်မာနိုင်ငံမှ အမျိုးသားရေး ဝါဒီ များ၏ အလေးအနက် ကန့်ကွက်မှုများက ရှိနေပြီး ဖြစ်သည့်အတွက် ပိုမို၍ စိန်ခေါ်မှုများ ရှိလာရန် ရှိနေ သည်။
မောင်တော ခရိုင်မှ အထက်တန်း အောင်မြင်ထားသည့် မွတ်ဆလင်များကို ရာထူးပေးခြင်းအား ကန့်ကွက်ရေး အတွက် ဗုဒ္ဓဘာသာ အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ရခိုင် နိုင်ငံရေးပါတီများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် အရပ်ဘက် အဖွဲ့အစည်းများက ယခုအပတ်အတွင်းတွင် ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေ၌ အရေးပေါ် အစည်းအဝေး တခု ပြုလုပ်ခဲ့ကြသည်။ သမ္မတ ရုံးသို့ ကန့်ကွက်စာတစောင် ပေးပို့မည် ဖြစ်ကြောင်း မွတ်ဆလင် ဆန့်ကျင်ရေး တက်ကြွ လှုပ်ရှားသူများက ပြောခဲ့ကြသည်။
အစည်းအဝေးသို့ တက်ရောက်ခဲ့သော ရခိုင် အမျိုးသားရေး လှုပ်ရှားသူတဦး ဖြစ်သည့် ဦးသန်းထွန်းက ၂၀၁၃ ခုနှစ် ယခင်သမ္မတ ဦးသိန်းစိန်လက်ထက်တွင် မွတ်ဆလင်များကို အလားတူ ကမ်းလှမ်းမှု ပြုလုပ်ခဲ့သော်လည်း ရာထူးမှာ “လုပ်အားပေးဆရာ” ဖြစ်သည်ဟု ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်ဟု ဧရာဝတီသို့ ပြောသည်။ လက်ရှိ NLD ဦးဆောင် သော အစိုးရက ၎င်းတို့၏ အလုပ်ခေါ်စာတွင် “လက်ထောက်ဆရာ” နှင့် “ပညာရေးဝန်ထမ်း” ဟု တရားဝင်ဖော်ပြထား သည်။ လက်ရှိ မြန်မာနိုင်ငံ၏ ဥပဒေများတွင် အစိုးရ ဝန်ထမ်းနေရာများ အတွက် နိုင်ငံသားများကိုသာ ခွင့်ပြုထားပြီး နိုင်ငံသား မဟုတ်သူများကို ခွင့်မပြုကြောင်း ပြောသည်။
အမျိုးသားရေးလှုပ်ရှားသူတို့၏ ကန့်ကွက်မှုနှင့် ပတ်သက်၍ ဦးခင်အောင်က “ အစိုးရ ပညာရေးစနစ်မှာ ခွဲခြားတဲ့ မူဝါဒ မရှိ ပါဘူး။ ကျနော်တို့ အစိုးရဝန်ထမ်းတွေက ဝန်ကြီးဌာနက ညွှန်ကြားတဲ့ အတိုင်း အောက်ခြေမှာ အကောင်အထည်ဖော်နေပါ တယ်” ဟု ပြောသည်။
ရန်ကုန် အခြေစိုက် Gender Equality Network ကို တည်ထောင်သူ ဦးအောင်မျိုးမင်းက ပညာရေးသည် ကလေးတိုင်း အတွက် မရှိမဖြစ် အရေးကြီးကြောင်း မှတ်ချက်ပေးသည်။ ကျောင်းသင်ကြားရေး စနစ်တွင် ယခု အပြောင်းအလဲကို ပြုလုပ် ခြင်းက ကျောင်းသားများ၏ သင်ယူနိုင်မှု အလားအလာကို တိုးတက်စေနိုင်ကြောင်း နှင့် ကလေးငယ်များကို လူမျိုး သို့မဟုတ် ဘာသာရေး နောက်ခံ မခွဲခြားဘဲ ပညာရေး အခွင့်အလမ်းပေးသင့်ကြောင်း သူက ပြောသည်။
“လူတွေ အနေနဲ့ ကလေးက ကလေးပါပဲဆိုတာကို အလွယ်တကူ လက်ခံသင့်ပါတယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။
ထိရှလွယ်မှုနှင့် ဒေသ၏ အခြေအနေကို သိရှိသူများက သင်ကြားရေးလက်ထောက် သို့မဟုတ် ဆရာ ဖြစ်ရန် သင့်တော် ကြောင်း နှင့် သူတို့က ကျောင်းသူကျောင်းသားများကို ကျောင်းသင်ရိုး ညွှန်းတန်းမှ တဆင့် အကဲဆတ်သည့် ကိစ္စရပ်များ ပို ပညာပေးသင့်ကြောင်း ဦးအောင်မျိုးမင်းက အကြံပြုသည်။ ပဋိပက္ခကြောင့် ထိခိုက်ပျက်စီးရသည့် ဒေသများတွင် ပညာရေးကို မြင့်တင်ရန် လိုအပ်ပြီး ကလေးငယ်များ အနေဖြင့် သင့်တော်သည့် ပညာရေးကို ကျောင်းများတွင် သင်ကြားသင့်သည်ဟု သူက အလေးအနက် ပြောကြားခဲ့သည်။
“ပညာရေး အဆင့်နိမ့်ကျတဲ့ ဒေသတွေမှာ ပဋိပက္ခတွေ ပိုဖြစ်လွယ်တယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။
စစ်တွေ အခြေစိုက် ဝံလက် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းကို ထူထောင်သူဖြစ်သော ဦးခိုင်ကောင်းစံက ပြီးခဲ့သည့် နှစ်တွင် မောင်တော၌ လက်နက်ကိုင် ပဋိပက္ခများ စတင်ပေါ်ပေါက်သည့် အချိန်မှ စ၍ မောင်တောတွင် အလုပ်လုပ်နေသည့် အခြား ဒေသများမှ ကျောင်းဆရာများက သူတို့၏ ဇာတိမြို့များသို့ ပြန်သွားခဲ့ကြပြီး လုံခြုံ စိတ်ချရမှု မရှိသေးဟု ခံစားနေကြဆဲ ဖြစ်သည့် အတွက် မောင်တောသို့ ယခုအချိန်အထိ ပြန်မသွားကြသေးကြောင်း ပြောသည်။ ကွက်လပ်ကို အစိုးရက ယာယီ ဆရာ/ဆရာမ များဖြင့် အလျှင်အမြန် ဖြည့်ဆည်းခဲ့ကြသည်။ ထို့ကြောင့် အစိုးရ၏ ချဉ်းကပ်မှုက လက်တွေ့ကျပြီး ကျိုးကြောင်း ဆီလျှော်သည်ဟု သူက သဘောတူသည်။
မည်သည်ကြောင့် အခြားအသိုင်းအဝိုင်းများ၏ အခွင့်အရေးကို မလေးစားသနည်း
ရခိုင်တိုင်းရင်းသားအများစုမှာ အခြေခံ လူ့အခွင့်အရေး သဘောတရားများနှင့် အကျွမ်းတဝင် မရှိဘဲ တခါတရံတွင် သူတို့၏ ကိုယ်ပိုင် အခြေခံ အခွင့်အရေးများကိုပင် မသိရှိကြကြောင်း ရခိုင် အရပ်ဘက် အဖွဲ့အစည်းအချို့က ပြောကြသည်။ အခြားသော အသိုင်းအဝိုင်းများ၏ အခြေခံ အခွင့်အရေးကို လေးစားရန် လိုအပ်ကြောင်း သူတို့ မသိကြသည့် အတွက် အခြားသူများ၏ အခွင့်အရေးကို ပိတ်ဆို့ခြင်း သို့မဟုတ် ပယ်ဖျက်ရန် တောင်းဆိုခြင်းများ ပြုလုပ်ကြသည်။
အလားတူစွာပင် သဘောထား ကျဉ်းမြောင်းသည့် တုန့်ပြန်မှုများက နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ အနုတ် သဘော ထင်မြင်ချက်များကိုသာ ရလဒ်ထွက်စေလိမ့်မည် ဖြစ်သည်။
တုန့်ပြန်မှုများကို ဦးခိုင်ကောင်းစံက ဝေဖန်လိုက်ပြီး အခြေခံ လူ့အခွင့်အရေးနှင့် ပတ်သက်၍ အသိုင်းအဝိုင်းက ကောင်း ကောင်း မသိကြသည်ကို ဖော်ပြနေခြင်း ဖြစ်သည်ဟု ပြောသည်။ ပြည်သူများ အနေဖြင့် အလုပ်အကိုင် အခွင့်အလမ်း နှင့် နိုင်ငံသား ဖြစ်ခွင့်ကိစ္စကို မဆက်စပ်သင့်ဟု သူကပြောပြီး အိမ်နီးချင်း ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်း အခြေချသူ များသည် နိုင်ငံသားများ မဟုတ်သည်မှာ ထင်ရှားသော်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ခွင့်ပြုထားကြောင်း ဥပမာ ပြသည်။
ရခိုင် အသိုင်းအဝိုင်းမှ အချို့သော အဖွဲ့ဝင်များသည် ကာလကြာရှည်ခဲ့ပြီ ဖြစ်သော လူ့အခွင့်အရေးချိုးဖောက်မှု များကြောင့် ဒုက္ခရောက်ခဲ့ကြသော်လည်း ရခိုင်ပြည်နယ်ကို ဦးတည်သည့် လူ့အခွင့်အရေးစောင့်ကြည့်သူများ သို့မဟုတ် အဖွဲ့အစည်း များ၏ အရေအတွက်က အလွန်ပင် အကန့်အသတ်ဖြင့် ရှိနေသည်။ ကျောက်ဖြူ ကျေးလက်ဖွံ့ဖြိုးရေး အသင်း(KRDA) နှင့် ဝံလက် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ အဖွဲ့ဝင်များ အပါအဝင် ရခိုင်ပြည်နယ်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ အများအပြားကို ရခိုင်တိုင်းရင်းသားများကြားမှ လူ့အခွင့်အရေးချိုးဖောက်မှုများကို စောင့်ကြည့်နေသည့် လူ့အခွင့်အရေး အဖွဲ့အစည်း သို့မဟုတ် စောင့်ကြည်သူ ရှိ/မရှိ ဧရာဝတီက မေးမြန်းသည့်အခါ သူတို့အားလုံးက ထိုကဲ့သို့သော လုပ်ရပ်များကို သူတို့ မသိရှိကြောင်း ဖြေကြားခဲ့ကြသည်။
ပြည်ပရောက် ရခိုင်တိုင်းရင်းသားများက ၂၀၁၁ ခုနှစ်တွင် တည်ထောင်ခဲ့သော The Arakan Human Rights and Development Organisation (AHRDO) ကို All Arakan Students and Youths Congress (AASYC) မှ အဖွဲ့ဝင် အများစုဖြင့် ဖွဲ့စည်းထားသည်။ အဖွဲ့၏ ရည်ရွယ်ချက်မှာ ပြည်နယ်အတွင်းတွင် လူ့အခွင့်အရေးကို မြှင့်တင်ရန်၊ စီးပွားရေး နှင့် လူမှုရေး အခြေအနေများတိုးတက်ကောင်းမွန်စေရန် ဖြစ်သလို ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလည်းပါဝင်သည်။ သူတို့က USAID နှင့် ပူးပေါင်း၍ ၂၀၁၃ ခုနှစ် က စစ်တွေမြို့တွင် လေ့ကျင့်သင်တန်းပေးမှု အချို့ ပြုလုပ်ခဲ့သည်။ ထိုနောက်ပိုင်းတွင် လှုပ်ရှားမှု မရှိတော့ပါ။
KRDA မှ ညှိနှိုင်းဆောင်ရွက်သူ ဦးထွန်းကြည်က ရခိုင်တိုင်းရင်းသားများသည် အခြေခံ လူ့အခွင့်အရေးနှင့် ပတ်သက်၍ မသိရှိကြဘဲ လူအနည်းငယ်မျှကသာ လူ့အခွင့်အရေး ကျေညာစာတမ်းကဲ့သို့သော လူ့အခွင့်အရေး ကိစ္စများနှင့် နီးစပ်မှု ရှိ ကြသည်ဟု ပြောသည်။ ရခိုင် လူမှုအသိုင်းအဝိုင်းတွင် လူ့အခွင့်အရေး စောင့်ကြည့်သည့် အဖွဲ့အစည်းများ လိုအပ်ကြောင်း သူကလည်း သဘောတူသည်။
လူ့အခွင့်အရေးနှင့် ပတ်သက်လျှင် ရခိုင် အသိုင်းအဝိုင်းက အဖွဲ့အစည်းများက ရိုဟင်ဂျာ အသိုင်းအဝိုင်းကိုသာ ကူညီနေ သည်၊ နိုင်ငံတကာ အသိုင်းအဝိုင်းထံမှ ဘဏ္ဍာငွေများရယူနေသည်၊ နိုင်ငံခြား အစိုးရများအတွက် အလုပ်လုပ်နေသည် ဟု စွပ်စွဲတတ်သည်။ တခါတရံတွင် လူ့အခွင့်အရေး လှုပ်ရှားသူများကို အစိုးရ၏ အနီးကပ်စောင့်ကြည့်ခြင်းခံရသည့် အတွက် ထိုအကြောင်းများကြောင့်ပင် တိုက်တွန်းမှုများ ရှိသည့်တိုင် အလယ်အလတ်သဘောထားရှိသည့် ရခိုင်တက်ကြွလှုပ်ရှား သူများက လူ့အခွင့်အရေး အဖွဲ့အစည်းများ ထူထောင်ရန် လက်တွန့်နေခဲ့ကြသည်။
“Facebook profile မှာ ကျနော်တို့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်ကို ဖော်ပြဖို့ကိုတောင် ကျနော်တို့ ရှောင် ကျဉ်ခဲ့ကြတယ်” ဟု ဦးခိုင်ကောင်းစံက ပြောသည်။
ငြိမ်းချမ်းရေးအတွက် စိတ်သဘောထား ပြောင်းရန် လို
မည်သည့် အဖွဲ့အစည်းတခုက ပရောဖက်ရှင်နယ် ကျကျ အလုပ်လုပ်သည် ဖြစ်စေ ဝေဖန်မှုက အမြဲရှိသည်ဟု ဦးထွန်းကြည်က ပြောသည်။ အသိုင်းအဝိုင်း၏ အယူအဆ သဘောထားများ ပြောင်းလဲရေး အတွက် အရပ်ဘက်အဖွဲ့အစည်းများ နှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြည်နယ်တလွှားတွင် လူ့အခွင့်အရေး နားလည်သဘောပေါက်စေရေး လှုပ်ရှားမှုများ နှင့် အသိပညာပေးရေး လှုပ်ရှားမှုများ ပြုလုပ်ရန် လိုအပ်ပါသည်။
သဘောတရားသစ်တခုကို သွပ်သွင်းနိုင်ရန် အတွက် လူ့အခွင့်အရေး လှုပ်ရှားသူများ အနေဖြင့် ထင်ရှားသော ရခိုင်နိုင်ငံ ရေးသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ အများက လေးစားသည့် အသိုင်းအဝိုင်းခေါင်းဆောင်များ နှင့် ဘာသာရေး ခေါင်း ဆောင်များကို စည်းရုံးသင့်သည်ဟု ရခိုင်တက်ကြွလှုပ်ရှားသူများပ အကြံပြုခဲ့သည်။ မွတ်ဆလင်နှင့် ရခိုင်အသိုင်းအဝိုင်းမှ ဒဏ်ရာများ ကို နိုင်ငံရေးရေးအဖြစ် နောက်ထပ် အသုံးမချရန် နိုင်ငံရေးသမားများကို သူတို့က အကြံပေးလိုက်သည်။
အသိုင်းအဝိုင်း ၂ ခုကြားတွင် ယုံကြည်မှုတည်ဆောက်ရေး တိုးတက်စေရန် အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ အနေ ဖြင့် အသိုင်းအဝိုင်းအဆင့် ဆွေးနွေးပွဲများတွင် ရခိုင်နှင့် မွတ်ဆလင်များ အတူလာရောက်ရန် ဖိတ်ခေါ်ခြင်းအားဖြင့် ယဉ်ကျေးမှု ဖလှယ်သည့် အစီအစဉ်များ ပြုလုပ်သင့်ပါသည်။ ထို့ပြင် နိုင်ငံတကာမှ ကယ်ဆယ်ရေး အဖွဲ့အစည်းများ နေဖြင့် ရိုဟင်ဂျာများအတွက် အစားအစာ ဖြန့်ဝေသည့် လှုပ်ရှားမှုများသာမကဘဲ ဒုက္ခသည် စခန်းများတွင် နှစ်ပေါင်းများစွာ နေ ထိုင်ခဲ့ကြရသည့် အိုးအိမ်မဲ့ ရိုဟင်ဂျာများနှင့် ပတ်သက်၍ သဘောထားများ ပြောင်းလဲရေးကိုလည်း အားပေးဆောင်ရွက် သင့်ပါသည်။
လူမှုရေး ပေါင်းစည်းမှုနှင့် ဟန်ချက်ညီမျှသည့် လူ့အဖွဲ့အစည်းတခု အတွက် အယူအဆသဘောထားပြောင်းလဲခြင်းက အရေးပါကြောင်း Gender Equality Network မှ ဦးအောင်မျိုးမင်းက သဘောတူသည်။ လူ့အဖွဲ့အစည်းတခုသည် ကွဲပြား သည့် အသိုင်းအဝိုင်းများဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရှိသင့်ကြောင်း နှင့် သို့မှသာလျှင် အဖြေရှာရာတွင် ကွဲပြားခြားနားသည့် အမြင်များကို ပေးနိုင်မည်ဖြစ်သည်ဟု ထပ်ပြောသည်။ အကယ်၍ အသိုင်းအဝိုင်းတခုက ကွဲပြား ခြားနားမှုကို လက်ခံရန် ငြင်းဆန်ခဲ့လျှင် ၎င်း အသိုင်းအဝိုင်းအနေဖြင့် ကိုယ့်ဖာသာ အထီးကျန်ခြင်းသို့ ဦးတည်သွားစေနိုင်ပြီး ပြင်ပ ကမ္ဘာနှင့် အဆက်အသွယ် ပြတ်သွားလိမ့်မည်ဟုလည်း သူက ဆိုသည်။
“ကလေးငယ်တယောက်က အဖြူရောင် စာမျက်နှာ အလွတ်တခုလိုပါပဲ။ သူတို့က သူတို့ရဲ့ ပတ်ဝန်းကျင်ကနေ လေ့လာ သင်သူတာ ဖြစ်တဲ့ အတွက် သူတို့ကို ယုံကြည်မှုနဲ့ လမ်းညွှန်မှုနဲ့ အတူ သင့်တင်လျောက်ပတ်စွာ ပညာပေးသင့်ပါတယ်။ ကလေးငယ်တွေကို သူတို့ရဲ့ အသိုင်းအဝိုင်းက လမ်းညွှန်မှု မှားယွင်းခဲ့မယ်ဆိုရင် အဲဒါက ကူးစက်တတ်တဲ့ ရောဂါတခု သို့ မဟုတ် ကင်ဆာ ဖြစ်လာနိုင်ပါတယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။
(Analysis: Why the Rohingya Teaching Assistants Project is Facing Opposition ကို ဘာသာပြန်ဆိုသည်။)