မြန်မာနိုင်ငံတွင် လိုဏ်ဂူများကို များသောအားဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ခေါင်းစဉ်အောက်တွင် ထည့်သွင်းလေ့ မရှိခဲ့သော်လည်း တိုင်းပြည်၏ လူများစု ဗုဒ္ဓဘာသာဝင်များကြား ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးတတ်သည့် အလေ့အထ ဖြစ်သော တောင်တန်းတောင်ကုန်းများပေါ်နှင့် လိုဏ်ဂူများအတွင်းတွင် ဗုဒ္ဓဆင်းတုတော်များ ထားရှိခြင်း သို့မဟုတ် စေတီပုထိုးများ တည်ထားခြင်းတို့က ၎င်းတို့ကို အလုံးစုံ ပျက်စီးခြင်းမှ ကာကွယ်ပေးရန် အထောက်အကူဖြစ်စေခဲ့သည်။
ဗုဒ္ဓဘာသာဆိုင်ရာ အထိမ်းအမှတ်များရှိရာ ဂူများသည် ဘုရားဖူး ခရီးသွားများနှင့် လူကြီးများက ဝတ်ပြု ရှိခိုးသည့် အလေးအမြတ်ထားရာ နေရာဖြစ်သလို ကလေးငယ်များအတွက်မူ ဆော့ကစားရန် အံ့သြဖွယ်ရာနေရာတခု ဖြစ်သည်။ ထိုကဲ့သို့ ကလေးဘဝမှ အံ့သြဖွယ်ရာများကို အရွယ်ရောက်လာသည့်အခါ လေ့လာလိုက်စားပြီး အဆိုပါနေရာများကို ထိန်းသိမ်းစောင့်ရှောက်ရန် အားစိုက်ထုတ်နေသည့် လူအနည်းငယ်ထဲတွင် တောင်တက်သမားနှင့် လိုဏ်ဂူ သုတေသီ ကိုညီညီအောင်လည်း တဦးအပါအဝင်ဖြစ်သည်။
သူ တောင်တက်သမားတဦး အဖြစ် စတင်ခဲ့သည်မှာ လွန်ခဲ့သည့် ၁၄ နှစ်က ဖြစ်သည်။ ၂၀၁၆ ခုနှစ်က ဧဝရတ်တောင်ကို တက်ရောက်ခဲ့သည့် မြန်မာ ဧဝရတ်တောင်တက်အဖွဲ့ (Myanmar Everest Expedition) တွင် ပါဝင်ခဲ့ပြီး သူ၏ တောင်တက်ဖော် ၂ ဦးမှာ ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်သို့ ရောက်ရှိခဲ့ကာ ဧဝရတ်တောင်ထိပ်ရောက် ပထမဆုံး မြန်မာတောင်တက်သမားများ ဖြစ်ခဲ့ကြသည်။
“ကျနော်ရဲ့ စိတ်ဝင်စားမှု ပိုးက ငယ်ငယ်လေးကတည်းက စတာ။ အသက် ၆ နှစ် ၇ နှစ်လောက်မှာ။ ဘုရားဖူးကိစ္စက စတာ။ အဲဒီတုန်းက ကျနော့်အဖေက အဓိဌာန်ဝင်တယ်။ ကျိုက်ထီးရိုးမှာ ပုတီးစိပ်တယ်။ သောကြာနေ့ညဆို သွားပြီ။ ကျနော်က လိုက်သွားရတော့ ဟိုမှာ ပျင်းတယ်။ ကျီးကန်းပါးစပ်ကို သွားတယ်။ အဲတုန်းက တောင်ခြေကနေ ခြေလျင်တက်တယ်။ ဒီလိုသွားရတာ ကြိုက်မှန်းမသိ ကြိုက်လာတယ်။ ကရင်ပြည်နယ်က သာမည သွားတာမှာ သိသာတယ်။ ဓါတ်ပုံရိုက်တယ်။ ငှက်လိုက်ကြည့်တယ်” ဟု ကိုညီညီအောင်က ဆိုသည်။
တက္ကသိုလ်ရောက်သည့် အခါ တက္ကသိုလ်ခြေလျင်တောင်တက်အသင်း (သဘာဝခေါ်သံ ဖောင်ဒေးရှင်း) သို့ ဝင်ရောက်ခဲ့သည်။ တောင်တက်အသင်းဝင်ဖြစ်လာပါက နှင်းဖုံး ရေခဲတောင်တခုလောက် တက်နိုင်ရေးကိုသာ သူ မျှော်လင့်ခဲ့သည်။
လွန်ခဲ့သည့် ၂ နှစ်မှစ၍ ကိုညီညီအောင်က သူ၏ တောင်တက်ကျွမ်းကျင်မှု အပြင် speleology (လိုဏ်ဂူများကို လေ့လာ ဖော်ထုတ်သည့် ဘာသာရပ်) ကို စတင်လေ့လာခဲ့သည်။ သူက မြန်မာ့လှိုဏ်ဂူမှတ်တမ်း သုတေသနအဖွဲ့ Myanmar Cave Documentation Project (MCDP) ၏ အဓိက ညှိနှိုင်းရေးမှူး တဦးလည်း ဖြစ်သည်။ MCDP ကို ဆွစ်ဇာလန်နိုင်ငံသား Joerg Dreybrodt နှင့် အခြား နိုင်ငံတကာ ကျွမ်းကျင်သူ အချို့က ၂၀၀၈ ခုနှစ် စက်တင်ဘာလကတည်းက တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ထိုအဖွဲ့မှ အတွေ့အကြုံရင့် လိုဏ်ဂူလေ့လာရေးပညာရှင်များက ၂၀၁၇ ခုနှစ် ဇွန်လအတွင်းတွင် Fauna and Flora International (FFI) နှင့် တွဲဖက်၍ ပြည်တွင်းမှ လိုဏ်ဂူလေ့လာရေး ဝါသနာရှင်များကို လိုဏ်ဂူ မှတ်တမ်းပြုစုခြင်းဆိုင်ရာ လေ့ကျင့်သင်တန်းပေးခဲ့သည်။
မြန်မာ လိုဏ်ဂူမှတ်တမ်းတင်သူ ၁၉ ဦး က နိုင်ငံတကာမှ လိုဏ်ဂူလေ့လာရေးပညာရှင်များ ၏ စူးစမ်းရှာဖွေရေး အဖွဲ့တခု တွင် ယခုနှစ် အစောပိုင်း ဖေဖော်ဝါရီနှင့် မတ်လများအတွင်းက ပူးပေါင်းပါဝင်ခဲ့ကြသည်။ ၎င်းမတိုင်မီက မြန်မာနိုင်ငံတွင် လိုဏ်ဂူများရှာဖွေ စူးစမ်းခြင်းကို မြန်မာနိုင်ငံသား အနည်းငယ်မျှကသာ ပါဝင်ဆောင်ရွက်ခဲ့ကြသည့်အတွက် များသော အားဖြင့် နိုင်ငံတကာ ပညာရှင်များသာ ရှိခဲ့သည်။
“လှိုဏ်ဂူ မှတ်တမ်းတင်တာက များသောအားဖြင့် တောထဲမှာ များတယ်။ တခါတလေတော့လည်း ရွာရဲ့ အလည်က တောင်ယာစိုက်ခင်းမှာ ရှိနေတတ်တယ်။ အဲဒီမှာ အပေါက်လေးတပေါက်ရှိတယ်။ ဒေသခံတွေကတော့ မဆင်းဘူး။ ကျနော်တို့ ဝင်ကြည့်လတ်တော့ ဂူလေးဖြစ်နေတယ်။ ဂူမှန်း မသိရတဲ့နေရာမှ ာရှိနေတာ။ ကြိုးနဲ့ဆက်သွားဖို့ လွန်နဲ့ဖောက်။ ငုတ်ရိုက်ထည့်ပီး ဆက်သွားရတယ်။ မှောင်နေတဲ့နေရာမှာ တောင်တက်ရတဲ့ ပုံစံမျိုးပေါ့။ ဒီလိုဂူတွေကျ အဆင်းတွေ များတယ်” ဟု ကိုညီညီအောင်က ရှင်းပြသည်။ MCDP အနေဖြင့် လေ့လာတိုင်းတာ မှတ်သားထားပြီးသား လှိုဏ်ဂူ ၆၀၀ ကျော် ရှိကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် အရှည်လျားဆုံး လိုဏ်ဂူများမှာ ရှမ်းပြည်နယ် ရွာငံနှင့် ပင်လောင်းမြို့နယ်များနှင့် ကယားပြည်နယ် လွိုင်ကော်၊ ဖရူဆိုနှင့် ဘော်လခဲ မြို့နယ်များတွင် တည်ရှိသည်။ အဆိုပါ လိုဏ်ဂူများကို ၂၀၁၂ ခုနှစ်နှင့် ထိုနောက်ပိုင်း လေ့လာတိုင်း ထွာမှုများ ပြုလုပ်ရာမှ သိရှိရခြင်း ဖြစ်သည်။ ထို့အပြင် ၂၀၀၉ ခုနှစ်မှ စတင်၍ နိုင်ငံတကာမှ ပညာရှင်များ၏ လေ့လာစူးစမ်းရေးအဖွဲ့များက ကရင်၊ ကယား နှင့် ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းအတွင်းနှင့် တနင်္သာရီတိုင်း မြိတ်ကျွန်းစုရှိ လိုဏ်ဂူများကို နှစ်စဉ် လေ့လာစစ်တမ်းကောက်ယူခြင်းများ ပြုလုပ်ခဲ့ကြသည်။
ခရီးသွားပြည်သူများကြားတွင် ရေပန်းအစားဆုံး မြန်မာနိုင်ငံမှ လိုဏ်ဂူများမှာ ဘာသာရေးဆိုင်ရာ နေရာများနှင့် ဆက်နွယ်နေပြီး၊ ရှမ်းပြည်နယ်မှ ပင်းတယ နှင့် ထန်ဆမ် (Htam Sam) လိုဏ်ဂူများ၊ မန္တလေးတိုင်း ပြင်ဦးလွင်မှ ပိတ်ချင်းမြောင်၊ ကရင်ပြည်နယ်မှ ဆဒ္ဒန်၊ ကော့ဂွန်းနှင့် ရသေ့ပျံဂူ နှင့် စစ်ကိုင်းတိုင်းမှ ဥမင်သုံးဆယ် နှင့် ဖိုဝင်တောင်ဂူ စသည်တို့ အပါအဝင် ဖြစ်သည်။
ထိုဒေသရှိ လှိုဏ်ဂူ ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ဘုရားဂေါပကများ သို့မဟုတ် ဒေသခံအသိုင်းအဝိုင်းက တာဝန်ယူကြပြီး လက်ရှိ အချိန်၌ ထိုကဲ့သို့သော ထိန်းသိမ်းမှုများတွင် အစိုးရ၏ ရှေးဟောင်းသုတေသန ဌာနမှ ကျယ်ကျယ်ပြန့်ပြန့် ထောက်ပံ့မှု ကင်းမဲ့နေသည်။ အစိုးရက ၁၉၆၀ ခုနှစ်တွင် တွေ့ရှိခဲ့သည့် ရှေးဟောင်းသုတေသန နယ်မြေတခု ဖြစ်သော ရွာငံမြို့နယ်မှ ပြဒါးလင်း ဂူကဲ့သို့ သမိုင်းအမွေအနှစ်အဖြစ် ယူဆနိုင်သော လိုဏ်ဂူ အနည်းအကျဉ်း ထိန်းသိမ်းရေးကိုသာ ဆောင်ရွက်လျက် ရှိသည်။
သတ္တုတူးဖော်ရေးနေရာများနှင့် နီးကပ်သော အချို့လိုဏ်ဂူများသည် ဖျက်ဆီးခံရနိုင်သည့် အန္တရယ်ရှိသည်ဟု ကိုညီညီ အောင်က ပြောသည်။ အချို့ထုံးကျောက်ဂူများမှာ ကျောက်တွင်းများအနီးတွင် ရှိပြီး ထိုနေရာများတွင် လက်နက်ကိုင် အစောင့်အကြပ်များ ရှိနေခြင်းကြောင့် လေ့လာရေးအဖွဲ့များ လိုဏ်ဂူအတွင်းသို့ ဝင်ရောက်ရေးကို အတားအဆီး ဖြစ်စေသည်။
မြန်မာနိုင်ငံတွင် ထုံးကျောက်ဂူများ ထုံးကျောက်မြေများနှင့်ပတ်သက်သော သတင်းအချက်အလက်များသည် ဘိလပ်မြေထုတ်လုပ်သည့် ကုမ္ပဏီများထံတွင် ပိုမို ရှိနေတတ်လေ့ရှိသည်။ ၎င်းကုမ္ပဏီများက ထုံးကျောက်များ မည်သည့်နေရာတွင် ထုတ်ယူရမည်ကို ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ထားနိုင်ကြသည်။
“ကျနော်တို့ရဲ့ လိုဏ်ဂူ အများအပြားက ဆရာတော်ကြီးတွေရဲ့ ကာကွယ်စောင့်ရှောက်မှုကြောင့် လုံးဝဖျက်ဆီးခံရမယ့် ဘေးက ကင်းလွတ်ရတာရှိတယ်။ ကျနော်တို့က လိုဏ်ဂူတွေကို ဘုရားဖူးနေရာတွေအဖြစ် ရင်းနှီးကြတယ်။ ဘုရားဖူးသွားရင်းနဲ့ ဒေသန္တရဗဟုသုတအဖြစ် အတွေ့အကြုံ တစုံတရာရတယ်။ ဒါပေမယ့် ထဲထဲဝင်ဝင်လေ့လာမှုတော့ မရှိဘူး။ အကြောင်းအမျိုးမျိုး ကြောင့် ဒီလိုဏ်ဂူတွေနဲ့ ပတ်သက်လို့ နက်နက်ရှိုင်းရှိုင်း သိနားလည်မှု မရှိကြဘူး” ဟု ကိုညီညီအောင်က ပြောသည်။
“တချို့နေရာတွေမှာ မြန်မာပြည်မှာက ဘုရားတည်တယ်။ ဘုရားတည်လိုက်လို့ ဂူရဲ့ ဂေဟ စနစ်က ပျက်စီးသွားတာ မှန်တယ်။ ဒါပေမယ့် ဒီဂူလေ့လာမှု လုပ်ရင်းနဲ့ သိလာတော့ အရမ်းကြီးလည်း ဒီဟာကို အပြစ်မဆိုသာတော့ဘူး။ တချို့ နေရာတွေဆိုရင် ဒါဟာ ဘာသာရေးနယ်မြေ ဖြစ်နေလို့သာ ခုန ကပြောတဲ့ ထုံးကျောက်တောင်ကို ဖြိုပြီး ဘိလပ်မြေစက်ရုံတည်တဲ့ ဒုက္ခကနေ လွတ်သွားတဲ့ ဂူတွေလည်း ရှိတယ်။ သူ့ဟာနဲ့သူ ကောင်းတာလေးတွေ ရှိတယ်။ ဆိုးတာလေးတွေ ရှိတယ်” ၎င်းက ဆိုသည်။
နှစ်သန်းနှင့် ချီ၍ တည်ရှိခဲ့သော လိုဏ်ဂူများသည် သိပ္ပံပညာရှင်များအတွက် တိရိစ္ဆာန်မျိုးစိတ် အမျိုးမျိုးနှင့် အခြားသော သဘာဝဖြစ်စဉ်များကို လေ့လာခွင့်ရစေနိုင်သော သဘာဝသမိုင်းပြတိုက်များ ဖြစ်သည်ဟု ကိုညီညီအောင် ကပြောသည်။ FFI ၏ ရွာသူရွာသားများကို အသိပညာပေးသည့် အလုပ်ရုံဆွေးနွေးပွဲများ ကျေးဇူးကြောင့်လည်း ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်မှုကို ဒေသခံများ ပိုမိုသိရှိ နားလည်လာကြသည်ဟု ဆိုသည်။
သူ၏ အတွေ့အကြုံအရဆိုလျှင် ဒေသခံများက လင်းနို့ချေးများ၏ အသုံးဝင်ပုံနှင့် လင်းနို့ချေးသည် စိုက်ပျိုးရေးအတွက် အကောင်းဆုံးသော သဘာဝမြေသြဇာများ ဖြစ်ကြောင်း သိရှိထားပြီး ဖြစ်ကြသည်ဟု ဆိုသည်။ ထို့အပြင် ဝတ်မှုန်ကူးခြင်းတွင် လင်းနို့များ၏ အခန်းကဏ္ဍ နှင့် မျိုးစိတ်တိုင်းက ဂေဟစနစ်ရှင်သန်ရေးတွင် အရေးပါကြောင်းကိုလည်း ယခုအခါ ဒေသခံအများအပြားက သိရှိလာကြပြီ ဖြစ်သည်။
“လိုဏ်ဂူအတွင်းက ကျောက်ဆက်ပန်းဆွဲတွေနဲ့ ကျောက်မိုးမျှော်တွေအကြောင်းနဲ့ ကျောက်ဆက်ပန်းဆွဲလေးတခု ကျောက်ဆက်မိုးမျှော်လေးတခု ဖြစ်လာဖို့ နှစ်သန်းနဲ့ချီပြီး ကြာတယ်ဆိုတာ ဒေသခံတွေ သိလာကြပါတယ်။ တကယ်လို့ သူတို့ လိုဏ်ဂူတွေကို ထိန်းသိမ်း စောင့်ရှောက်မယ်ဆိုရင် အဲဒါတွေက ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်လိမ့်မယ်။ သူတို့ဝင်ငွေလည် းတိုးလာနိုင်တယ်ဆိုတာကို သတိထားမိလာကြပါပြီ” ဟု ကို ညီညီအောင်က ပြောသည်။
အသိအမြင်ဖွင့် သင်တန်းများ ပိုမိုပေးသွားရန် လိုအပ်ကြောင်းပြောရင်း ဒေသခံရွာသားများသည် တခါတရံတွင် သူတို့၏ ဘဝရပ်တည်ရေးအတွက် ရှာဖွေလုပ်ကိုင်ရင်း သဘာဝပတ်ဝန်းကျင်ကို ရည်ရွယ်ချက် မရှိပါဘဲနှင့် ထိခိုက်ပျက်စီးစေတတ်သည်ကို သူ နားလည်လာသည်။
“တကယ်လို့ သူတို့ နားလည်သိရှိခဲ့မယ်ဆိုရင် သူတို့တွေက ဒီသဘာဝ အရင်းအမြစ်တွေကို သေချာပေါက် ထိန်းသိမ်းကြပါလိမ့်မယ်။ ဒါပေမယ့် အဲဒါက အချိန်ယူရပါလိမ့်မယ်” ဟု ကိုညီညီအောင်က ပြောသည်။ လိုဏ်ဂူများ ထိန်းသိမ်းစောင့် ရှောက်ရေး အတွက် ပညာရှင်များ၊ ဒေသတွင်းမှ ကျောင်းဆရာများ နှင့် ဒေသခံများ ပါဝင်သည့် ခိုင်မာသော ကွန်ရက်တခု ရှိနှင့် ပြီး ဖြစ်သည်ဟုလည်း ဆိုသည်။
FFI ၏ သဘာ၀၀န်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အလုပ်ရုံဆွေးနွေးပွဲများက ဒေသခံများကို သဘာဝခရီးသွားလုပ်ငန်းအတွက် စိတ်ကူးစိတ်သန်းများ ပိုမိုရရှိရန် အားပေးသလို ဘေးကင်းလုံခြံမှုရှိသည့် အလေ့အထကောင်းများ ပိုမိုသိရှိ နားလည်လာစေသည်။ ဥပမာအားဖြင့် ရွာငံမြို့နယ် ကျောက်ငှက် ကျေးရွာမှ ဆင်လည်ရေဝင် လိုဏ်ဂူတွင် ဂူအပြင်ဖက်ရှိ ဒေသခံ လဘက်ရည်ဆိုင်တဆိုင်က ခရီးသွားများကို သူတို့၏ လုံခြုံရေးအတွက် အကာအကွယ် ဦးထုပ်များ အသုံးပြုရန် သတိပေးလေ့ရှိသည်။ ထို့အပြင် ဓာတ်ခဲများ ရောင်းချခြင်း နှင့် ဂူအတွင်းသို့ ဝင်ရောက်သူများအတွက် အခြားလိုအပ်သော ပစ္စည်းများကို ရောင်းချခြင်းအားဖြင့်လည်း ဝင်ငွေများ ရရှိသဖြင့် သဘာ၀ အခြေပြု ခရီးသွားလုပ်ငန်းကို တဖက်တလမ်းက အထောက်အကူ ပြုနေသည်ဟု သူက ဆိုသည်။
“ဒေသခံတွေရဲ့ အသိအမြင်က မြင့်တယ်။ အဲ့ဒေသတခုလုံးသည် တကယ့်ကို ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်တဲ့ ရှမ်းရွာတွေ ဖြစ်သော်လည်း ဂူထဲမှာ လုံး၀ ဘုရားမတည်ထားဘူး။ တချို့ အရမ်း မက်စောက်လွန်းတဲ့အတွက် လှေကားထစ်တွေ လုပ်ထားပေမယ့် ဘယ်လောက်ထိ တော်သလဲဆို ကွန်ကရစ်နဲ့ မလုပ်ထားဘူး။ ဧည့်သည်တွေ အန္တရာယ်များမှာ စိုးတဲ့အတွက် လက်ရန်းတောင် အရမ်းလိုအပ်မှ ဝါးလုံးလေးနဲ့ ဆောက်ထားတယ်။ ဆာလာအိတ်ထဲမြေကြီးထည့်ပီး လှေကားထစ်လုပ်ထားတယ်။ အဲဒီမြေကြီးအိတ်ကို ဆွေးအောင်လည်း မထားဘူး။ လဲ ပေးတယ်။ ဂူထဲမှာ မှင်တွေနဲ့ ရေးတာ ခြစ်တာ ဘာညာလည်း မတွေ့ရဘူး။ အတတ်နိုင်ဆုံး ထိန်းသိမ်းထားတယ်။ ဒါကကျနော်တို့ အားလုံးလိုက်နာသင့်တဲ့ နမူနာတခုပါပဲ” ဟု ကိုညီညီအောင်က ပြောဆိုသည်။
(Caves Are More than Sites for Buddhist Shrines: Expert ကို ဘာသာပြန်သည်။)