ဆောင်းပါး

အင်ဒိုနီးရှား ဆူနာမိတွေ ဘာကြောင့် အသေအပျောက် များသလဲ

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့သည့် ရက်များအတွင်း ပြင်းအား ၇.၅ ရှိသော ငလျင်နှင့် နောက်ဆက်တွဲ ဆူနာမီတို့က အင်ဒိုနီးရှားနိုင်ငံ ကို ပြင်းထန်စွာ ရိုက်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၁၅၀၀ ကျော် သေဆုံးခဲ့ရသည်။

ပျက်စီးဆုံးရှုံးမှုအတိုင်းအတာကို အာဏာပိုင်များက တွက်ချက်နေဆဲ ဖြစ်သော်လည်း မြေငလျင်နှင့် ဆူနာမီ တို့က ဆူလာဝေဆီ ကျွန်း အလယ်ပိုင်း ဒေသ အထူးသဖြင့် မြို့တော် ပါလူကို အကြီးအကျယ် ဖျက်ဆီးပစ်ခဲ့သည်။

ယခုတကြိမ်သည် အင်ဒိုနီးရှားနိုင်ငံတွင် ငလျင်ကြောင့် ကြီးမားစွာပျက်စီးခြင်းနှင့် လူအသေအပျောက် များပြားခြင်းများ ဖြစ်ပေါ်ခဲ့ရသည့် ပထမဆုံး အကြိမ်မဟုတ်ပါ။ နောက်ဆက်တွဲပါလာသည့် ဆူနာမီကလည်း အထူးပင် ထိခိုက်ပျက်စီးစေခဲ့သည်။ သို့သော် အဘယ်ကြောင့် နည်း။

ဒေသတွင်းမှ tectonic plate (အလွှာ၂ ထပ်ပါဝင်သော ကမ္ဘာ့မျက်နှာပြင် အပေါ်ယံလွှာ)၊ ကမ်းရိုးတန်း ပုံသဏ္ဍန်၊ ကာကွယ်နိုင်စွမ်းအားနည်းသော အသိုင်းအဝိုင်းများနှင့် ကြိုတင်သတိပေးစနစ် အားနည်းခြင်းများ အားလုံးစုပေါင်း၍ အင်ဒိုနီးရှားနိုင်ငံမှ ဆူနာမီများကို အထူးသဖြင့် အန္တရာယ် ကြီးမားသွားစေခဲ့သည်။

Tectonic plates

အင်ဒိုနီးရှားနိုင်ငံက များပြားရှုပ်ထွေးသည့် tectonic ပတ်ဝန်းကျင်ရှိသည်။ ၎င်းတို့၏ အသေးစိတ် အကြောင်း အရာများကို ယခုအချိန်အထိ အနည်းငယ်မျှသာ သိရှိထားသေးခြင်းက ကျမတို့၏ ငလျင်နှင့် ဆူနာမီ အန္တရယ် ကြိုတင် ခန့်မှန်းနိုင်စွမ်းကို ထိခိုက်အားနည်းစေပါသည်။

ကမ္ဘာပေါ်တွင် အကြီးမားဆုံး ငလျင်များသည် tectonic plate ၂ ခု ဆုံတွေ့သည့် subduction zone (plate တခုက အခြားတခုအောက်သို့ တိုးဝင်သွားသည့်နေရာ) ငလျင်များ ဖြစ်ကြပါသည်။

၂၀၀၄ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၀၅ ခုနှစ် မတ်လတို့တွင် ဆူမာတြား အနောက်ဘက် ကမ်းရိုးတန်း၏ Sunda Trench ကမ်းလွန် ပင်လယ်ပြင်တွင် subduction zone ငလျင် ၂ ခု လှုပ်ခတ်ခဲ့သည်။ အတိအကျဆိုရသော် ၂၀၀၄ ခုနှစ် ဒီဇင်ဘာလတွင် လှုပ်ခဲ့သော ပြင်းအား ၉.၁ ရှိ ငလျင်က ပြင်းထန်သော ဆူနာမီတခုကို ပေါ် ပေါက်စေခဲ့ပြီး အိန္ဒိယ သမုဒ္ဒရာ တဝိုက်ရှိ နိုင်ငံများနှင့် ကျွန်းများတွင် လူ ၂၅၀၀၀၀ နီးပါး သေဆုံးခဲ့ရသည်။

သို့သော်လည်း အဆိုပါ ငလျင်အမျိုးအစားများကိုသာ သတိထားနေခြင်းက ကျမတို့ကို အခြား အန္တရာယ်များ မမြင်နိုင်အောင် ဖြစ်စေတတ်ပါသည်။ အင်ဒိုနီးရှားနိုင်ငံတွင် microplates (သေးငယ်သော tectonic plate) အများအပြားရှိပြီး ၎င်းတို့က ပတ်လည်ရှိကြီးမားသော Australia၊ Sunda၊ Pacific နှင့် Philippine Sea plate တို့၏ လှုပ်ရှားမှုကြောင့် တိုးဝှေ့နေကြသည်။

စက်တင်ဘာလ ငလျင်သည် အဆိုပါ plate များထဲမှ တခု၏ အတွင်းဘက်မှ အလျားလိုက် ပွတ်တိုက် နေ သော ပြတ်ရွေ့တခုကြောင့် ဖြစ်သည်။ အဆိုပါ ငလျင်အမျိုးအစားက ဆူနာမီဖန်တီးခြင်း ရှားပါးပါသည်။
ပြတ်ရွေ့စနစ်များက ပို၍ကျယ်ပြန့်သည်။ တိုက်စားခြင်း ဖြစ်စဉ် တလျှောက်တွင် ကျယ်ပြန့်သည့် မြစ်ဝှမ်းများ နှင့် မြစ်ဝများကို ဖန်တီးခဲ့သည်။ ဒေသ၏ မြို့တော်ဖြစ်သော ပါလူ မြို့တည်ရှိရာ ပါလူ မြစ်ဝှမ်းနှင့် ၎င်း၏ မြစ်ဝကို အဆိုပါ ရှုပ်ထွေးသော ပြတ်ရွေ့စနစ်က ဖန်တီးထားခြင်း ဖြစ်သည်။ အဆိုပါ ပြတ်ရွေ့ စနစ်တလျှောက်မှ သမိုင်းမတင်မီကာလက ငလျင်များကို လေ့လာကြည့်သည့် အခါ ဤပြတ်ရွေ့က အကြမ်းဖျင်း အားဖြင့် နှစ် ၇၀၀ ကြာ တိုင်း ပြင်းအား ၇ နှင့်၈ ကြားရှိ ငလျင်များကို ဖြစ်စေတတ်ကြောင်း တွေ့ရှိရသည်။

ပင်လယ်ကြမ်းပြင်က လှိုင်းကို ပုံဖော်သည်

ဆူနာမီ၏ နောက်ထပ် အရေးကြီးသည့် အကြောင်းရင်းတခုမှာ ပင်လယ်ကြမ်းပြင်၏ အနက်နှင့် ပုံသဏ္ဍန် ဖြစ် သည်။ ကနဦးလှိုင်းများ၏ အရှိန်ကို ၎င်းက ဆုံး ဖြတ်သည်။ သမုဒ္ဒရာ ကြမ်းပြင်မှပြင်းထန်သည့် subduction zone ငလျင်က သမုဒ္ဒရာရေကို ပင့်တင်လိုက်နိုင်သည်။ ထို့နောက် ချက်ချင်းပြန်ကျလာ၏။ ရေတွင် အဟုန် ရှိသွားသည့်အတွက် မူလမျက်နှာပြင်အမြင့်ထက် နိမ့်ကျသွားပြီးနောက် ပြင်းထန်သော တုန်ခါမှုများကို ဖန် တီးပေးသည်။

ငလျင်တခု၏ ဗဟိုမှ အပြင်ဘက်သို့ ပြန့်ကားထွက်လာသည့် ရေ၏ အမြင့်က အကန့်အသတ်( ၁ မီတာထက် ကျော်ခဲသည်) ဖြင့်ရှိနိုင်သော်လည်း ရေထုထည် ပမာဏက (ငလျင်ကြောင့် ရွေ့လျားသွားသည့် မျက်နှာပြင် ဧရိယာပေါ်မူတည်၍) အလွန်ကြီးမားပါသည်။

ဆူနာမီ လှိုင်းများက လျှင်မြန်စွာ ရွေ့လျားနိုင်သည်။ ဂျက်လေယာဉ်တစင်း၏ အရှိန်သို့ ရောက်နိုင်သည်။ ရေ အနက် ၂ ကီလိုမီတာတွင် တနာရီလျှင် ၇၀၀ ကီလိုမီတာ နှုန်းဖြင့် ရွေ့လျားနိုင်ပြီး အလွန်နက်သည့် သမုဒ္ဒရာ ထဲတွင်ဆိုလျှင် တနာရီ ကီလိုမီတာ ၁၀၀၀ နှုန်းအထိ ရောက်ရှိသွားနိုင်ပါသည်။

လှိုင်းက ရေတိမ်သည့် ကမ်းရိုးတန်းသို့ ချဉ်းကပ်လာသည့် အချိန်တွင် အရှိန်ကျဆင်းသွားပြီး လှိုင်းအမြင့်က တိုးလာသည်။ ဆူနာမီ လှိုင်းတခုသည် သမုဒ္ဒရာအတွင်းတွင် ၁ မီတာခန့်မြင့်သော်လည်း ကမ်းရိုးတန်း ရောက် သည့် အခါ ၅ မီတာမှ ၁၀ မီတာ အထိ မြင့်တက်သွားသည်။ အကယ်၍ မတ်စောက်သော ကမ်းရိုးတန်းကို ချဉ်းကပ်မိခဲ့လျှင် ထိုသက်ရောက်မှုက ပိုကျယ်ပြန့်သွားပြီး လှိုင်းများကို မီတာ ဆယ်နှင့်ချီ၍ မြင့်အောင် ဖန် တီးပေးနိုင်သည်။

ကမ်းရိုးတန်း နှင့် နီးကပ်လာလျှင် လှိုင်း၏ အရှိန်က ကျဆင်းသွားသော်လည်း စတင်ခဲ့သည့် အရှိန်က ကြီးမားလွန်းသည့်အတွက် ကုန်းတွင်းတွင် ရေလွှမ်းမိုးခံရသည့် ဧရိယာက ကီလိုမီတာနှင့် ချီ၍ ရှိနိုင်ပါသည်။ သမုဒ္ဒရာကြမ်းပြင်၏ သွင်ပြင်အနေအထားက ဆူနာမီလှိုင်းများ၏ အရှိန် အပေါ်သက်ရောက်မှု ရှိသည်။ နက်ရှိုင်းသည့် ဧရိယာများတွင် သူတို့က လျှင်မြန်စွာ သွားနိုင်ပြီး ရေအောက်သောင်ခုံများပေါ်ဖြတ် သန်းချိန်တွင် အရှိန်ကျသွားသည်။ ရေပေါ်တွင်ဖြစ်စေ၊ ရေအောက်တွင် ဖြစ်စေ အလွန်မတ်စောက်သည့် နေရာများက လမ်းကြောင်းကွေ့ကောက်သွားခြင်းနှင့် တန်ပြန်လှိုင်းများကိုပင် ဖြစ်ပေါ်စေနိုင်သည်။

အင်ဒိုနီးရှား ကျွန်းစု၏ ကမ်းရိုးတန်းက ထင်ထင်ရှားရှားရှိပြီး အရှေ့ဖက်ပိုင်း၊ အထူးသဖြင့် ဆူလာဝေဆီတွင် ဖြစ်သည်။ ပါလူတွင် ကျဉ်းမြောင်း နက်ရှိုင်း ရှည်လျားသော ပင်လယ်အော် တခုရှိသည်။ ဆူနာမီ လှိုင်းများ ကို ပို၍ပြင်းထန်အောင် ပို၍ အန္တရယ်များအောင် အထူးဖန်တီးထားသကဲ့သို့ပင် ဖြစ်သည်။
ထိုကဲ့သို့ ရှုပ်ထွေးသော ဖွဲ့စည်းပုံက အလားအလာရှိသည့် ဆူနာမီ ပုံစံကို သတ်မှတ်ရန် အခက်အခဲ ဖြစ်စေ သည်။ ထို့ကြောင့် သက်ရောက်နိုင်သည့် ပြည်သူများကို တချိန်မီ တိတိကျကျ သတိပေးချက် ထုတ်ပြန်ရန် အတွက်လည်း ခက်ခဲစေခဲ့သည်။

ကုန်းမြေမြင့်သို့ သွားပါ

ငလျင် တခု၏ သက်ရောက်ခြင်းခံခဲ့ရသည့် ကမ်းရိုးတန်း ဧရိယာမှ ပြည်သူများအတွက် အရိုးရှင်းဆုံး နှင့် အလုံခြုံဆုံး အကြံပေးချက်မှာ ပိုမိုမြင့်မားသည့် နေရာသို့ ချက်ချင်းသွား၍ ထိုနေရာတွင် နာရီ အနည်းငယ် နေထိုင်ရန် ဖြစ်သည်။ လက်တွေ့တွင် ထိုသို့ ပြုလုပ်ရေးက ပိုရှုပ်ထွေးသည့် ပြဿနာတခု ဖြစ်သည်။

ဟာဝိုင်ယီနှင့် ဂျပန်တွင် ထိရောက်သည့် ကြိုတင် သတိပေးစနစ်များရှိသည်။ သို့သော်လည်း ဆက်သွယ်ရေး ဆိုင်ရာ အခြေခံ အဆောက်အဦး အားနည်းမှုနှင့် ကျယ်ပြန့်သည့် ကျွန်းစုများတလျှောက်တွင် ဘာသာစကား အမျိုးမျိုးကို ပြောဆိုသုံးနှုန်းကြသည့် အတွက် အင်ဒိုနီးရှားနိုင်ငံတွင် ထိုသို့ ပြုလုပ်ရေးက စိန်ခေါ်မှု တခုဖြစ် သည်။

၂၀၀၄ ခုနှစ်က အိန္ဒိယ သမုဒ္ဒရာ ကပ်ဘေးပြီးခဲ့သည့်နောက် ဒေသတွင်းတွင် ဆူနာမီသတိပေး ကွန်ရက်များ အဆင့်မြှင့်တင်ရေးအတွက် နိုင်ငံတကာက အားထုတ်မှုများ ပြုလုပ်ခဲ့သည်။ လက်ရှိ အချိန်တွင် အင်ဒိုနီးရှား နိုင်ငံက ဒီရေ တိုင်းတာရေးစခန်း ၁၃၄ခု၊ ကြိုတင် သတိပေးချက်ထုတ်လွှင့်ရန်အတွက် ပင်လယ်ကြမ်းပြင် အာရုံခံကိရိယာ နှင့် ဆက်သွယ်ထားသော ဗော်ယာ ၂၂ ခု၊ မြေပြင် အခြေစိုက် မြေငလျင်တိုင်း ကိရိယာများ၊ နေရာ ၅၅ခုတွင် အချက်ပေး ဥသြများနှင့် သတိပေးချက်ကို message မှတဆင့် ဖြန့်ဖြူးနိုင်သည့် စနစ်တခု တို့ ပါဝင်သည့် ကွန်ရက်တခုဖြင့် ဆူနာမီ သတိပေးစနစ်တခုကို အကောင်အထည်ဖော်နေသည်။

သို့သော်လည်း ကြိုတင်သတိပေးစနစ်အတွက် ဘဏ္ဍာရေးနှင့် အထောက်အကူပေးရေးက ရေရှည်တွင် ကြီးမားသော ပြဿနာတခု ဖြစ်သည်။ ဗော်ယာများ သက်သက်က တပ်ဆင်ရန် တခုလျှင် အမေရိကန် ဒေါ်လာ ၂၅၀၀၀၀ ကျသင့်ပြီး နှစ်စဉ် ပြင်ဆင်ထိန်းသိမ်း စရိတ်က ဒေါ်လာ ၅၀၀၀၀ ရှိသည်။

မြေငလျင်နှင့် ဆူနာမီ ဘေးအန္တရယ် လျှော့ချရေးအတွက် တာဝန်ရှိသော အင်ဒိုနီးရှား အေဂျင်စီ ၃ ခုမှာ ဘတ် ဂျက် နည်းပါးနေပြီး ဌာန အခန်းကဏ္ဍ နှင့် တာဝန်ရှိမှု သတ်မှတ်ရေးတွင် လည်း အခက် အခဲများနှင့် ရင်ဆိုင်နေကြရသည်။

မကြာသေးမီက ပေါ်ပေါက်ခဲ့သော ပါလူ မှ ဆူနာမီ ဘေးက ကျမတို့၏ လက်ရှိ ဆူနာမီပုံစံများက လုံလောက် မှု မရှိကြောင်း ဖော်ပြနေပါသည်။ ၎င်းတို့က ငလျင်အမျိုးမျိုး သို့မဟုတ် ငလျင်ကြောင့် ဖြစ်နိုင်သည့် ရေအောက်မြေပြိုမှုများကို စနစ်တကျ သုံးသပ်နိုင်ခြင်း မရှိပါ။

မည်သည့် ကြိုတင်သတိပေး စနစ်ကမှ ပြင်းထန်သော မြေငလျင်များကို ကြိုတင်တားဆီးခြင်း မပြုနိုင်ပါ။ ဆူနာမီ နှင့် အကျိုးဆက်ဖြစ်သည့် အခြေခံအဆောက်အဦးပျက်စီးခြင်းနှင့် လူအသေအပျောက်ရှိခြင်းတို့က အနာ ဂတ်တွင် အများအပြား ဖြစ်လိမ့်ဦးမည် ဖြစ်သည်။ သို့သော်လည်း တိုးတက်ခေတ်မီပြီး အားကိုးအားထားပြု နိုင်လောက်သည့် ကြိုတင်သတိပေးစနစ် နှင့် ပိုမိုကောင်းမွန်သော ဆက်သွယ်ရေး နှင့် ပြည်သူလူထုကို အသိ ပညာ ပိုမိုဖြန့်ဖြူးပေးခြင်းများဖြင့် ဝမ်းနည်းဖွယ်ရာ နောက်ဆက်တွဲများကို ကျမတို့ လျှော့ချပေးနိုင်ပါသည်။

ကမ်းခြေနှင့် အလွန်နီးကပ်သည့်နေရာတွင် ငလျင်ပေါ်ပေါက်ခဲ့ပါက(အင်ဒိုနီးရှားနိုင်ငံတွင် ဖြစ်လေ့ရှိသည့် အတိုင်း) အလွန်ကောင်းမွန်သော စနစ်တခုဖြစ်လျှင်ပင် လိုအပ်သော သတင်းအချက်အလက်ကို အလျှင် အမြန် ထုတ်ပေးနိုင်လိမ့်မည် မဟုတ်ပါ။ အင်ဒိုနီးရှားနိုင်ငံ၏ ပထဝီ အနေအထားနှင့် အားနည်းသော ကမ်းခြေ အခြေအနေများက ဆူနာမီများကို ပို၍ အန္တရယ်များစေသည်။ ထို့ကြောင့် ငလျင်နှင့် ဆူနာမီကို ကြံ့ကြံ့ ခံနိုင် သည့် အသိုင်းအဝိုင်းများ ဖန်တီးရေးအတွက် ကျမတို့ ပိုမို၍ ညီညွတ်သော အားထုတ်မှုများ လိုအပ်ပါသည်။

(Anja Scheffers သည် ဩစတြေးလျ တက္ကသိုလ် Southern Cross University မှ ပထဝီဆိုင်ရာ ပါမောက္ခတဦး ဖြစ်သည်။ The Conversation ပါ Why Indonesia’s tsunamis are so deadly ကို ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading