လတ်တလောနောက်ဆုံး အားထုတ်မှုအနေဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသည် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး(ICC) တွင် ရိုဟင်ဂျာခေါ် ဘင်္ဂါလီများ ပြဿနာများအတွက် တာဝန်ရှိသူများကို တရားစွဲဆိုရာတွင် အသုံးပြုရန် သက်သေအထောက်အထားပြင်ဆင်မည့် အဖွဲ့အစည်းတခု တည်ထောင်ရန် စက်တင်ဘာလ ၂၇ ရက်နေ့တွင် မဲပေးဆုံးဖြတ်ခဲ့သည်။
ပြီးခဲ့သည့်လက လူ့အခွင့်အရေးအဖွဲ့အစည်းတခု ဖြစ်သည့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) ကလည်း အလိုရှိသူ အဖြစ် မြန်မာ့တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရုပ်ပုံများကို နယူးယောက်မြို့ တဝိုက်တွင် ကပ်ထားခဲ့သည်။ ပိုစတာများတွင် “အစုအပြုံလိုက် သတ်ဖြတ်မှုအတွက် အလိုရှိသည်။ သူ့ကိုထွက်ပြေး ခွင့်မပေးပါနှင့်” ဟု ရေးသားထားသည်။
ထိုသို့ လူသိရှင်ကြား ရှုတ်ချသည့် လှုပ်ရှားမှုနှင့် ကုလသမဂ္ဂတွင် မဲပေးခြင်းက မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် သူ၏ တပ်ဖွဲ့များ၏ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရိုဟင်ဂျာခေါ် ဘင်္ဂါလီများအပေါ် ကျူးလွန်ခဲ့သည်ဆိုသောကိစ္စများအတွက် နိုင်ငံတကာ ဖိအားများတိုးမြှင့်ရန် ရည်ရွယ်၍ ဆက်တိုက်ဆောင်ရွက်နေမှုများထဲမှ ယခုနောက်ဆုံး ကိစ္စရပ်များ ဖြစ်သည်။
ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်း လုံခြုံရေးတပ်ဖွဲ့များ၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများကြောင့် လူ ၇၀၀၀၀၀ နီးပါး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။ အဆိုပါစစ်ဆင်ရေးများသည် ဒေသအတွင်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်း များကို ရခိုင်ရိုဟင်ဂျာ ကယ်ဆယ်ရေးတပ်(ARSA) အကြမ်းဖက်အဖွဲ့က ဆက်တိုက် ဝင်ရောက်တိုက်ခိုက်မှုများကြောင့် ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်သည်။ မြန်မာအစိုးရက ARSA ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားပြီး ဖြစ်သည်။
ထိုအချိန်မှ စ၍ နိုင်ငံတကာ ဖိအားများမြင့်တက်လာခြင်းကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရင်ဆိုင်ခဲ့ရသည်။ ကုလသမဂ္ဂ၏ အချက်အလက်ရှာဖွေရေးအဖွဲ့တခုက သူနှင့် သူ၏ လက်အောက်မှလူများကို ရိုဟင်ဂျာခေါ် ဘင်္ဂါလီများ အပေါ် လူမျိုးဖြုတ်သုတ် သင်ခြင်းနှင့် လူမျိုးဖြုတ်သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းများအတွက် ICC သို့ လွှဲပြောင်းပေးရန် ထောက်ခံချက်ပေးခဲ့သည်။ လွန်ခဲ့သော ၂ ပတ်က မြန်မာနိုင်ငံ ခရီးစဉ်အတွင်းတွင် ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဂျယ်ရမီဟန့်က အကယ်၍ တာဝန်ရှိသူများကို ပြည်တွင်းတွင် အရေးယူနိုင်ခဲ့ခြင်း မရှိပါက နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မြန်မာနိုင်ငံကို ICC သို့ လွှဲပြောင်းပေးရန် စဉ်းစားသင့်ကြောင်း ပြောကြားခဲ့သည်။ ထို နောက်ပိုင်းတွင် AI ၏ ပိုစတာလှုပ်ရှားမှုနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် မဲပေးဆုံးဖြတ်ခြင်းများ ပေါ်ပေါက်လာသည်။
ရိုဟင်ဂျာခေါ် ဘင်္ဂါလီအရေးအတွက် မြန်မာ့တပ်မတော်၏ ခေါင်းဆောင်ပိုင်းကို အရေးယူရန် ဆက်တိုက် လှုံ့ဆော်နေခြင်းကို ထောက်ရှုခြင်းအားဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် တပ်မတော်ကို မြန်မာ့နိုင်ငံရေးမှ ဖယ်ထုတ်ရေး အခွင့်အရေးယူ အသုံးချရန် ကြိုးစားနေသည့် အသွင်ပေါ်နေပါသည်။ မြန်မာနိုင်ငံ၏ အငြင်းပွားဖွယ်ရာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေက တပ်မတော်က ခန့်အပ်သူများကို လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်းနေရာပေးခြင်းနှင့် လုံခြုံရေးနှင့် သက်ဆိုင်သော ဝန်ကြီးဌာန ၃ ခုကို တပ်မတော်က ထိန်းချုပ်ခွင့်ပြုထားခြင်းတို့ အားဖြင့် တပ်မတော်၏ နိုင်ငံရေး အခန်းကဏ္ဍကို ခိုင်မာစေခဲ့သည်။
တပ်မတော်က နိုင်ငံရေးတွင် ပါဝင်ပတ်သက်သည်ကို မြန်မာနိုင်ငံတွင် လူတိုင်းနီးပါးက ကျေနပ်နှစ်သက်ခြင်းမရှိ ဟု ပြောနိုင်ပါသည်။ ၂၀၁၁ အထိ ဆယ်စုနှစ် ၅ ခုနီးပါးမျှသော စစ်အုပ်ချုပ်ရေးကာလအတွင်းတွင် ယူနီဖောင်းဝတ် ထားသူများက သူတို့၏ နိုင်ငံကို အရှေ့တောင်အာရှတွင် အဖွံ့ဖြိုး အတိုးတက်ဆုံး နိုင်ငံတခုအဖြစ်မှနေ၍ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံတခု အဖြစ်သို့ ပြောင်းလဲပစ်ခဲ့သည်ကို မြန်မာနိုင်ငံသားများ တွေ့မြင်ခဲ့ကြရသည်။ ထို့ကြောင့်လည်း လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက တပ်မတော်ကို နိုင်ငံရေးအပြင်ဘက်တွင် ထားရှိနိုင်ရေးအတွက် ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ဆက်လက်တွန်းအားပေးနေခြင်း ဖြစ်သည်။ တပ်မတော်၏ ခုခံကာကွယ်မှုကြောင့် အခြေခံဥပဒေပြင်ဆင်ရေးမှာ ယခုအချိန်အထိ မြင်သာထင်သာ တိုးတက်မှုမရရှိသေးပါ။ သို့သော်လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူတွင် ပြီးခဲ့သည့် လအတွင်းက “ကျမတို့အနေနဲ့ အမျိုသား ပြန်လည်သင့် မြတ်ရေး လိုအပ်တာကို သိထားပြီးတော့ စေ့စပ်ညှိနှိုင်းခြင်းကနေတဆင့် တဆင့်ချင်းလုပ်သွားရပါမယ်” ဟု ပြောကြားခဲ့သည်။
“အမျိုးသား ပြန်လည်သင့်မြတ်ရေး” ဆိုသည်မှာ တပ်မတော်ခေါင်းဆောင်များက အစိုးရသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့် အခြေခံဥပဒေ ပြင်ဆင်ရေးကဲ့သို့သော အရေးကြီးသည့် အမျိုးသားရေး ကိစ္စများကို ကိုင်တွယ်နိုင်ကြောင်း လက်ခံယုံကြည် ရေးအတွက် အပြန်အလှန် ယုံကြည်မှုတည်ဆောက်ခြင်းကို သူက ဆိုလိုခြင်း ဖြစ်သည်။
ထို့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက နိုင်ငံရေးအတွင်းမှ တပ်မတော်အား ဖယ်ထုတ်ရေးအတွက် ဖိအားပေးရန် (မြန်မာနိုင်ငံတွင် အငြင်းပွားဖွယ်ရာ အဖြစ်ဆုံးနှင့် တပ်မတော်အတွက် အကဲအဆတ်ဆုံး ကိစ္စလည်း ဖြစ်ကောင်းဖြစ်နိုင်သော) ရိုဟင်ဂျာခေါ် ဘင်္ဂါလီအရေးကို အခွင့်အရေးတခုအဖြစ် သဘောထားခြင်းက လက်တွေ့ကျမကျ ဆန်းစစ်ရန်လိုသည်။
“ဒါက လက်တွေ့မကျတဲ့ အမြင်ပါ။ မြန်မာ့တပ်မတော်ရဲ့ အရာရှိတွေ ဘယ်လို တွေးခေါ် စဉ်းစားတတ်တယ် ဆိုတာကို နားမလည်ကြလို့ အဲဒီလို ပြောကြတာ” ဟု မြန်မာနှင့် အာရှသတင်းများကို ဆယ်စုနှစ် ၄ ခုနီးပါး ရေးသားခဲ့သည့် ဆွီဒင်နိုင်ငံသား ဂျာနယ်လစ်နှင့် မြန်မာ့အရေးကျွမ်းကျင်သူ ဘာတေးလင့်တနာက ပြောသည်။
အရာရှိ စစ်သည်များက သူ့အပေါ်တွင် သစ္စာရှိကြပြီး အငြိမ်းစားယူသွားသည့် တိုင်အောင်ပင် ဆက်လက်၍ သစ္စာ စောင့်သိကြမည် ဖြစ်သည့်အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် များစွာ စိုးရိမ်စရာ မရှိဟု ဘာတေးလင့်တနာက ပြောသည်။
“သူ့ကို ဘယ်သူကမှ ဘယ်နိုင်ငံတကာ တရားရုံးကိုမှ လွှဲပြောင်းပေးမှာ မဟုတ်ဘူး။ သူ့မှာ တရုတ်နဲ့ ရုရှားတို့လိုမျိုး သြဇာရှိတဲ့နိုင်ငံတွေက ကျောထောက်နောက်ခံပေးနေသရွေ့ သူ့အတွက် လုံခြုံတယ်” ဟု သူက ပြောသည်။
တပ်မတော်သည် ပြင်ပမှ ဖိအားများကို မည်သည့်အခါမျှ အလေးထားသည့် ထုံးစံ မရှိသည့်အတွက် တပ်မတော်ကို နိုင်ငံရေးမှ ဖယ်ထုတ်ရန် ကြိုးစားနေသောပြင်ပမှ လူများ၏ ချဉ်းကပ်မှုက မှားယွင်းနေသည်ဟု NLD ပါတီ၏ ပြောရေးဆိုခွင့် ရှိသူ ဦးမျိုးညွှန့်က ပြောသည်။ မြန်မာ့တပ်မတော်က ပြင်ပမှ ဖိအားများကို မည်သို့ ဖီဆန်ခဲ့သည်ကို သမိုင်းက သက်သေပြနေသည်။ ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်းတွင် NLD ကို အာဏာလွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့ခြင်းနှင့် သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေးကို ဖြိုခွဲခဲ့ခြင်းတို့ကို ဥပမာအဖြစ် ကြည့်နိုင်ပါသည်။
“ဖိအားကြောင့် ထွက်ရတယ်ဆို တပ်က သိက္ခာကျမှာပေါ့” ဟု ဦးမျိုးညွန့်က ပြောသည်။
ရခိုင်မြောက်ပိုင်းအရေးတွင် မြန်မာပြည်သူအများစုက တပ်မတော်နှင့်အတူ ရပ်တည်ကြသည့်အတွက် တပ်မတော်ကို နိုင်ငံရေးမှ ဖယ်ထုတ်ရန် ရိုဟင်ဂျာခေါ် ဘင်္ဂါလီအရေးကို အသုံးချခြင်းက ဆန့်ကျင်ဘက် ရလဒ် ထွက်ပေါ်လာလိမ့်မည်ဟု NLD ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။
“ပြင်းထန်တဲ့ ဖိအားပေးမှုတွေ ရှိလာရင် ပြည်သူတွေက အနောက်နိုင်ငံတွေကို ဆန့်ကျင်လာကြလိမ့်မယ်” ဟု ဦးမျိုးညွှန့်က ပြောသည်။
ဖိအားပေးခြင်းအစား နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်လာရေးလုပ်ငန်းစဉ် အမြန်ပြီးမြောက်စေရန် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်သင့်သည်ဟု သူက ပြောသည်။
“တကယ်လို့ သူတို့ ဒီလိုလုပ်မယ်ဆိုရင် အဲဒါက အရမ်းကို ထိရောက်ပါလိမ့်မယ်” ဟု သူက ပြောသည်။ အဘယ်ကြောင့်ဆိုသော် ဒုက္ခသည်များကို ပြန်လာမည်ဆိုပါက သူတို့ လုံခြုံရေးအတွက် တပ်မတော်ကသာ အာမခံချက် ပေးနိုင်သောကြောင့် ဖြစ် သည်။
ထိုသို့ နိုင်ငံတကာ ပါဝင်ရေးအတွက် တောင်းဆိုသူက သူတဦးတည်း မဟုတ်ပါ။ အမေရိကန် နိုင်ငံမှ Institute of Peace က မကြာသေးမီက ထုတ်ပြန်ခဲ့သည့် မြန်မာပြည်တွင်းပဋိပက္ခမှ တရုတ်နိုင်ငံ၏ အခန်းကဏ္ဍဆိုင်ရာ အစီရင်ခံစာ တစောင် တွင်လည်း ထိုသို့ အကြံပြုထားသည်။
အမေရိကန် အစိုးရက မြန်မာနိုင်ငံမှ ဒီမိုကရေစီအဖွဲ့အစည်းများ အင်အားကောင်းလာရေး၊ ရခိုင်ပဋိပက္ခအတွက် အဖြေရှာ ရေး နှင့် တိုင်းပြည်တွင်းမှ ပြုပြင်ပြောင်းလဲရေး ဆက်လက်တိုးတက်ရေးတို့တွင် မြန်မာ့တပ်မတော်အပေါ် ဖိအားပေးခြင်း နှင့် သင့်တင့်လျှောက်ပတ်စွာ ထိတွေ့ဆက်ဆံခြင်း ၂ မျိုးလုံးကို အသုံးချရန် နည်းလမ်းများ ရှာဖွေနေသည်။
ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် တပ်မတော်ခေါင်းဆောင်များကို အရေးယူခြင်းအစား ဒုက္ခသည်များ ပြန်လာနိုင်ရေးကဲ့သို့သော ပို၍ အရေးကြီးသည့် ကိစ္စများအပေါ်တွင် အလေးပေးသင့်သည်ဟု ရန်ကုန် အခြေစိုက် နိုင်ငံရေး လေ့လာဆန်းစစ်သူ တဦးဖြစ်သော ဦးမောင်မောင်စိုးက ပြောသည်။
“သူတို့ အခုလုပ်နေတာက တပ်မတော်ရဲ့ ဒေါသကို မီးထိုးနေသလိုမျိုးပဲ။ သူတို့တွေ ပိုပြီး ဒေါသဖြစ်လာတာနဲ့ အမျှ ဒုက္ခသည်တွေက ပြန်လာရေးက ပိုခက်လာလိမ့်မယ်” ဟု သူက ပြောသည်။
ထိုသို့ နိုင်ငံတကာမှ ဖိအားများ များလာခြင်းအပေါ် တပ်မတော် ခေါင်းဆောင်ပိုင်းကလည်း မကျေနပ်မှု အရိပ်အယောင်များကို ပြသနေသည်။ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဂျယ်ရမီဟန့်က တွေ့ဆုံခွင့် ပြုရန် တောင်းဆိုခြင်းကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြင်းဆန်ခဲ့ပြီး သူ၏ လက် ထောက်များနှင့်ပင် တွေ့ဆုံခွင့် မပြုခဲ့ပါ။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခင် က သူ့နှင့် တွေ့ဆုံသော နိုင်ငံတကာ ဧည့်သည် အားလုံးနီးပါး ကို ရခိုင်အရေးနှင့် ပတ်သက်သော တပ်မတော်၏ အမြင်ကို ရှင်းပြပြီး သူ၏ တပ်ဖွဲ့များက ရခိုင်ပြည်နယ်တွင် ဥပဒေ နှင့်အညီ လိုက်နာဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း တို့ကို အပင်ပန်းခံ ရှင်းပြတတ်လေ့ရှိသူ ဖြစ်သည်။ ဗြိတိန်သည် သူ့ကို ICC သို့ လွှဲပြောင်းပေးရန် တောင်းဆိုနေသည့် နိုင်ငံများထဲမှ တခု ဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြင်သောကြောင့် ဖြစ်ဖွယ်ရာ ရှိပါသည်။
ပြီးခဲ့သည့် လတွင် ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံခြား စွက်ဖက်မှုများနှင့် ပတ်သက်၍ သတိပေးပြောဆိုခဲ့သည်။ “နိုင်ငံများ၏စံတန်ဖိုးချင်း မတူညီကြသည်ဖြစ်ရာ နိုင်ငံတနိုင်ငံ၏ အချုပ်အခြာအာဏာကို မည်သည့်နိုင်ငံ၊ အဖွဲ့အစည်း၊ အုပ်စု၊ အဖွဲ့များက ဝင် ရောက်စွက်ဖက် ဆုံးဖြတ် နိုင်ခွင့် မရှိကြောင်း”သူက ပြောကြားလိုက်သည်။ မြန်မာ့တပ်မတော် ခေါင်းဆောင်ပိုင်းကို ICC တွင် တရားစွဲရန် တောင်းဆိုထားသည့် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့၏ အစီရင်ခံစာ ထွက်ပေါ်ပြီးနောက် ပိုင်းတွင် ထိုကိစ္စနှင့် ပတ်သက်၍ ပထမဆုံး လူသိရှင်ကြား ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။
လက်ရှိ အနေအထားက တပ်မတော်က နိုင်ငံရေးမှ ထွက်ခွာရန် မျှော်လင့်ချက်များ မှေးမှိန်စေပြီး အာဏာကို ပို၍ပင် ဆုပ်ကိုင်ထားရန် ဖိအားပေးသလို ဖြစ်သွားနိုင်သည်ကို စိုးရိမ်ကြောင်း ဦးမောင်မောင်စိုးက ပြောသည်။
“အခု သူတို့မှာ အာဏာရှိနေတာတောင် သူတို့ကို ICC ပို့တာ ခံနေရတယ်။ တကယ်လို့ သူတို့မှာ အာဏာမရှိဘူးဆိုရင် သူတို့ ပိုဆိုးတော့မှာဘဲ ဆိုပြီး စိုးရိမ်လာနိုင်တယ်” ဟု သူက ရှင်းပြသည်။
ဘာတေးလင့်တနာအတွက်မှာမူ ဖြစ်နိုင်ချေ အရှိဆုံး အနေအထားမှာ မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်မှု အောက်၌ ဆက်လက်၍ ရှိနေလိမ့်မည် ဖြစ်သည်။ အကယ်၍ အပြောင်းအလဲ ရှိလာလျှင်လည်း အပြောင်းအလဲက တပ်မတော်အတွင်းမှ လာလိမ့်မည်ဟု သူက ပြောသည်။
သို့သော်လည်း ထိုဖြစ်စဉ်သည် ဖြစ်လာနိုင်သေးဖွယ် မရှိကြောင်းနှင့် ယခုကဲ့သို့ တပ်မတော်က နိုင်ငံတကာ ဖိအားအောက်တွင် ရှိနေချိန်မျိုးတွင် ဖြစ်နိုင်ချေက ပို၍ပင် နည်းကြောင်း သူက ပြောသည်။ အာဏာကို စွန့်လွှတ်ခြင်း အစား တပ်မတော်က ၎င်းတို့၏ ခံစစ်ကို ပို၍ ခိုင်မာအောင် တည်ဆောက်လိမ့်မည်၊ နိုင်ငံတကာ၏ ဝေဖန်မှုနှင့် အပြစ်တင်မှုများ တဖြည်းဖြည်း အားပျော့သွားသည်ကို ထိုင်စောင့်နေလိမ့်မည်ဟု သူက ထပ်ပြောသည်။
“ဒါက ၁၉၈၈ ခုနှစ် သြဂုတ်လနဲ့ စက်တင်ဘာလ တွေအတွင်းက ဒီမိုကရေစီ တောင်းဆိုဆန္ဒပြတဲ့သူတွေကို အစုအပြုံလိုက် သတ်ပြီးတော့ သူတို့ လုပ်ခဲ့တဲ့ အတိုင်း တသွေမတိမ်းပဲ။ အဲဒီလို လုပ်ခဲ့တာ က အလုပ်ဖြစ်ခဲ့တာကိုး။”
(Analysis: History Suggests Int’l Targeting of Tatmadaw over Rohingya Is Misguided ကို ဘာသာပြန်သည်။)