(၁)
“မြိုင်ဟေဝန်ရယ်…မြိုင်ဟေဝန်ရယ်…မြိုင်ဟေဝန်ရယ်
ရေတံခွန် စိမ့်စမ်း…လွမ်းဖွယ်ဖြာ…ပန်းရနံ့စုံလှပါ…
မြင်ရန်ဆန်းတယ်နော်ဗျာ…ပန်းမင်းမြတ်…ရွှေအာသာ…”
ကျနော်သည် ငယ်စဉ်က ရခဲ့သော မြိုင်ထ တပုဒ်ကို စိတ်လိုလက်ရ သံကုန်ဟစ်ကာ ဆိုပြ နေမိ၏။ ကျနော် ဆိုပြနေသူက စာရေးဆရာ သော်တာဆွေ။ ဆရာသော်ကလည်း လက်ဖျစ် တီးကာ စည်းဝါး လိုက်ပေးနေ၏။
“အို ဘာတဲ့တုန်း”ဟု တချက်တချက် အားပေးသံပင် ပေါ်ထွက်နေ၏။ ဆရာသော်က မြှောက်ပေးလေ ကျနော်က သွေးမြောက် လေ။ အသံရှိန် ပိုမြှင့်ကာ ရောက်နေသည့် နေရာကိုမေ့။ ကျနော့်ရွာ လယ်ကွင်းပြင်ထဲမှာဟု ထင်မှတ်ကာ ဆိုကောင်းကောင်းဖြင့် မြိုင်ထ ဟဲနေမိခြင်း ဖြစ်ပါသည်။
ဆရာ သော်တာဆွေက ကျနော် မြိုင်ထ ဆိုသံကို အားပေးကာ စည်းဝါးလိုက်ပေးနေသော်လည်း ကျနော့် ရှေ့တွင် မရှိပါ။ အနီးနားတွင်လည်း မရှိပါ။ ထိုစဉ်က ဆရာ သော်တာဆွေသည် ရန်ကုန် ကမာရွတ် စွပ်ကျယ်စက်လမ်း သူ့အိမ်တွင် ရှိနေ သည်ဟု ယူဆရပါသည်။
ကျနော်က ရန်ကုန် ပြည်လမ်းမတဖက် မဟာမြိုင်လမ်းထဲရှိ ဆရာမကြီး ဒေါ်ခင်မျိုးချစ်၊ ဆရာကြီး ဦးခင်မောင်လတ် တို့ အိမ်တွင် ရှိနေပါသည်။
ဆရာ သော်တာဆွေအား မြိုင်ထ ဆိုပြနေခြင်းသည် ဖုန်းထဲမှ ဆိုပြ နေခြင်း ဖြစ်ပါသည်။ သို့သော် ကျနော့် မြိုင်ထ ဆိုသံကို ပြုံးစေ့စေ့ဖြင့် နားဆင်နေသည့် ပရိသတ် ၂ ဦးတော့ ရှိနေပါသည်။ တဦးက ဆရာမကြီး ဒေါ်ခင်မျိုးချစ်၊ နောက်တဦးက စာရေးဆရာ နိုင်ဝင်းဆွေ။
၁၉၇၀ ခုနှစ် မေလ၏ နေ့တနေ့။ ထိုနေ့က ဒေါ်ခင်မျိုးချစ်၊ နိုင်ဝင်းဆွေ နှင့် ကျနော်တို့ ၃ ဦးသား စာပေစကားဝိုင်းဖွဲ့ ဆွေးနွေး နေကြခြင်း ဖြစ်ပါသည်။
ကြည်အေး ၏ ကျမပညာသည် မှ “မင်းသမီး မြစပယ်ကြိုင်” နှင့် ခင်နှင်းယု ၏ ပန်းပန်လျက်ပါ မှ “မင်းသမီး မဗေဒါ”တို့ အငြိမ့်မင်းသမီး ၂ လက်၏ ဘဝ ဖြတ်သန်းမှု၊ စရိုက်၊ စိတ်ဓာတ်တို့ကို နှိုင်းယဉ် ဆွေးနွေးနေကြခြင်း ဖြစ်သည်။
“မြစပယ်ကြိုင် ကတော့ ဘဝနဲ့ ရင်းပြီး ရုန်းကန်ရင်း ခေါင်းဆောင် မင်းသမီး ဖြစ်လာရသူ ဖြစ်တယ်။ သူ့အဖွဲ့ထဲမှာ တကယ် သဘင်ပညာ တော်တဲ့သူကိုမှ သုံးမယ်လို့ စီမံတယ်။ သူ့ဖခင် ကိုခန့် ကိုတောင်မှ လူရွှင်တော် တနေရာ မပေးနိုင်ဘူး။ အသလောက် ပညာသည် ပီသတဲ့၊ စိတ်ဓာတ် ရှိတဲ့ ကျမ ပညာသည်…”
“မဗေဒါ ကတော့ သူ့ဘဝမှာ လောကဓံ လှိုင်းလေတွေကြားထဲမှာ ဇာတ်ဆရာ ကိုသာလှ ရဲ့ ကြွေးကျေအောင် အငြိမ့် ကနေရတယ်။ သူလည်း သဘင်ပညာကို ချစ်တာပါပဲ။ ခင်နှင်းယု က ဆရာဇော်ဂျီ ရဲ့ ဗေဒါလမ်း ကဗျာကို အကြောင်းခံပြီး ရေးဖွဲ့ထားတဲ့ အင်မတန် လှတဲ့ စိတ်ကူး၊ ပန်းပန်လျက်ပါ…”
ဆရာမကြီး၏ ဆွေးနွေးချက်ကို ကျနော် ပြန်ဆွေးနွေးရန် ဟန်ပြင်ဆဲ တယ်လီဖုန်း ခွက်က အသံမည်လာသည်။ ဒေါ်ခင်မျိုးချစ် က ကျနော်တို့အား ခဏနေဦး ဆိုသည့်သဘောဖြင့် လက်ကာပြပြီး ကမန်းကတန်း ဖုန်းသွား ကိုင်သည်။
ကျနော်နှင့် နိုင်ဝင်းဆွေက ဒေါ်ခင်မျိုးချစ်ကို စောင့်နေကြသည်။
“အေး နေဦးကွ မြိုင်ထ ရတဲ့ သူငယ် ဒီမှာ ရှိတယ်၊ သူနဲ့ ပြောလိုက်ဦး”
ဆရာမကြီးက ကျနော့်ကို လှမ်းခေါ်သဖြင့် ခပ်လှမ်းလှမ်းရှိ တယ်လီဖုန်းခွက် တင်ထားရာ ခုံကလေးဆီ ကျနော် လျှောက် သွားကာ ဆရာမကြီး ကမ်းပေးသည့် တယ်လီဖုန်းကို ဘုမသိဘမသိ ကိုင်လိုက်သည်။
“ဟဲလို မင်္ဂလာပါ၊ ကျနော် သော်တာဆွေပါ” တဲ့။
“ဗုဒေါ”
“ဗုဒေါ မဟုတ်ပါဘူး ကိုရင်လေးရဲ့ ကျနော် သော်တာဆွေပါ”
ကျနော် ထိတ်ခနဲ ဝမ်းသာသွားသည်။ ဆရာ သော်တာဆွေ၏ စာတချို့ကို ကျနော် ဖတ်ဖူးသည်။ ဆရာသော် ၏ စကားပြေ သည် ရှင်းသန့်ပြီး အကြည်ဓာတ် ရှိသည်ဟု ကျနော် ခံစားမိသည်။ သော်တာဆွေသည် ဝတ္ထုတို သမား ဖြစ်၏။
ဆရာသော်၏ “မှန်ကန်ခြင်း နှင့် ရဲရင့်ခြင်း” ဝတ္ထုတိုကို ကျနော် စွဲနေမိသည်။ ဆရာသော် နှင့် ကျနော် လူချင်း မတွေ့ဘူး ပေ။ စာများသာ ရင်းနှီးနေသည်။ တွေ့မည့်တွေ့တော့ တယ်လီဖုန်းထဲမှာ အသံချင်း ဆုံရသည်။
ကျနော်က အဆိုသမား၊ ဆရာသော်က ချက်ကျကျ စည်းဝါးလိုက်ပေးသူ။
“မြိုင်ဟေဝန်ရယ်…မြိုင်ဟေဝန်ရယ်…မြိုင်ဟေဝန်ရယ်…”
ပထမတော့ ကျနော်က အသံထည့် မဆိုပါ။ “ရေတံခွန် စိမ့်စမ်း ပါတဲ့ မြိုင်ထ ရသလား” ဟု ဆရာသော်က မေး၍ ရပါသည် ဟု ဖြေကာ စာသားကို ရွတ်ပြသည်။
သို့သော် ဆရာသော်က
“ဒီအတိုင်းချည်းပဲလား၊ ပျင်းစရာကြီးဗျာ၊ ကိုရင်လေးရေ အဲဒီ မြိုင်ထ အလိုက် အသံနဲ့ မရဘူးလား”
“ရပါတယ် ဆရာ၊ ကျနော်တို့ တောမှာ လယ်ကွင်းထဲ ကျနော် ဟစ်လိုက်တာ ကောက်စိုက်သမတွေဆို ငေးလို့”
“ဟာ ဟုတ်ပြီဗျာ၊ အဲဒီအတိုင်း ကိုင်းစ ဗျောင့်နောင်ဗျောင် တတယ့်နယ် တူနယ်”
ဆရာ သော်တာဆွေက ဖုန်းထဲက အတောလေး စလိုက်လျှင်ပဲ ကျနော့် ဝါသနာ ဘာဂီက ဆက်တိုင်းမီ ထင်ပါ့ အသံနေ အသံထားနှင့် ဟစ်လိုက်မိပါတော့သည်။
ဘာ့ကြောင့် ဆရာ သော်တာဆွေကို ဖုန်းထဲက မြိုင်ထ ဆိုပြရပါသနည်း။
ထိုအချိန်က ၁၉၇၀ ခုနှစ် နှစ်ဆန်းပိုင်းကာလ Horizon မဂ္ဂဇင်းက ဝတ္ထုတို ပြိုင်ပွဲ ဖိတ်ခေါ်သည်။ ဒေါ်ခင်မျိုးချစ်အား ဝင်ပြိုင် ရန် ဆရာ ဦးခင်မောင်လတ်၊ ဆရာ ထင်လင်း တို့ကအစ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ပြိုင်သင့်ကြောင်း တိုက်တွန်း ကြသည်။
အန်တီ ခင်မျိုးချစ် ဝင်ပြိုင် ဖြစ်သည်။ နေ့မနား ညမနား တဖျောက်ဖျောက် လက်နှိပ်စက် ရိုက်နေသည်ကို ကျနော် တွေ့ နေရသည်။
ထိုကာလတွင် ကျနော် ဒေါ်ခင်မျိုးချစ် အိမ်တွင် နေနေသည်။ စာပေလောက နှင့် ပိုမို နီးစပ်မှု ရှိရန်၊ စာနယ်ဇင်း ပညာများ၊ နိုင်ငံတကာ စာပေများ လေ့လာ သင်ယူနိုင်ရန် ကျနော်၏ စာပေ လက်ဦးဆရာမ ဒေါ်စိန်စိန် က ဆရာမကြီး အိမ်သို့ ကျနော့်အား ပို့ပေးထားခြင်း ဖြစ်သည်။ ဆရာမကြီးအား ခွင့်ပန်ကာ နိုင်ဝင်းဆွေကို ကျနော် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
ဆရာမကြီး ဝတ္ထုတို စကိုင်သည်မှ ၇ ရက်မြောက်သည့်နေ့ နံနက်ပိုင်း လက်ဖက်ရည်ဝိုင်းတွင် ဆုံကြသည်။
“မရိုသေ့စကား ပြောရရင် ကလေး မီးဖွားသလိုပါပဲကွာ အခုတော့ ရှောရှောရှုရှု မွေးနိုင်ခဲ့ပါပြီ”ဟု ဒေါ်ခင်မျိုးချစ် က ပြောသည်။
ထိုနေ့က အန်တီ ခင်မျိုးချစ် ပြိုင်ပွဲဝင် ဝတ္ထုတို ရေးပြီးသည့်နေ့၊ ပို့ရမည့် နောက်ဆုံး ရက်လည်း ဖြစ်သည်။ နံနက် ၉ နာရီခန့် တွင်တော့ အန်တီ ဖုန်းဆက်လိုက်ရာ အမေရိကန် သံရုံးမှ လူတဦး စာမူ လာယူသွားသည်။
တပတ်ခန့် ကြာပြီးနောက် ပြိုင်ပွဲ ဆုများ ထွက်လာသည်။ ပြိုင်ပွဲဝင် ၁၁ နိုင်ငံ ပြိုင်ကြသည့်အနက် မြန်မာနိုင်ငံမှ ခင်မျိုးချစ် က ပထမ ဆု ရသည်။ ဒေါ်ခင်မျိုးချစ် ဝတ္ထုတိုအမည်က Her Infinite Variety ဖြစ်သည်။ Horizon မဂ္ဂဇင်းတွင် အင်္ဂလိပ် လို ပါလာသည်။
Horizon မဂ္ဂဇင်း ထွက်လာတော့ –
“မောင်ဆွေရေ Horizon ထဲက အစ်မကြီး ဝတ္ထု မြန်မာလို ဖတ်ရအောင်” တဲ့။ ဒေါ်ခင်မျိုးချစ် က ဆရာ သော်တာဆွေဆီ ဖုန်း ဆက်သည်။ ဝတ္ထုက ရုပ်သေး ဆရာကြီး တဦးအကြောင်း ဖြစ်သည်။ ဆရာသော် ထိုဝတ္ထုတိုကို ဘာသာပြန် ဖြစ်သည်။
ဝတ္ထု စစချင်း အဖွင့်တွင်ပင် ရုပ်သေးဆရာကြီးက မြိုင်ထ ဆိုကာ မင်းသမီးရုပ်ကလေး ဆွဲ ထွက်လာခြင်း ဖြစ်သည်။
မြိုင်ထကို ဒေါ်ခင်မျိုးချစ် ရေးထားသည့် အင်္ဂလိပ်စာသား အတိုင်း ပြန်သည်ထက် မြန်မာလို မြိုင်ထ သီချင်း မူရင်းရေးလိုက် သည်က ပိုအဆင်ပြေမည် ဖြစ်၍ မြိုင်ထရသူ ကျနော်က ဆရာ သော်တာဆွေအား ဖုန်းထဲက မြိုင်ထ ဆိုပြရခြင်း ဖြစ်သည်။
ထိုအချိန်က ကျနော်ကလည်း အသက် ၂၀ ကျော်စ အရွယ်၊ ဆရာသော်ကလည်း ဖုန်းထဲကနေ မြှောက်ပေးတော့ လက်ထဲ မိုက်ခွက် ရောက်သလို မြောက်ကြွကြွ ဖြစ်ကာ ဖုန်းခွက် ကိုင်ကာ မြိုင်ထ ဟဲ ပြရခြင်း ဖြစ်ပါသည်။
ဆရာမကြီး ဒေါ်ခင်မျိုးချစ်၏ ၁၁ နိုင်ငံ ပြိုင်ပွဲဆုရ Her Infinite Variety ဝတ္ထုကို ဆရာ သော်တာဆွေ မြန်မာလိုပြန် “သူ့အချစ်မျိုးသည်” ဝတ္ထုတိုသည် ၁၉၇၀ ခုနှစ် သြဂုတ်လ ရှုမဝ မဂ္ဂဇင်းတွင် ဖော်ပြခဲ့ပါသည်။
ထို့နောက်ပိုင်းတွင်တော့ ဆရာ သော်တာဆွေသည် ဒေါ်ခင်မျိုးချစ် အိမ်သို့ ပေါက်ချလာပါသည်။
“မင်းကို ဖုန်းထဲမှာ မြိုင်ထ ဆိုပြတဲ့သူငယ် မောင်လှကြည်…တဲ့…”
“ဟုတ်ကဲ့ဆရာ ဆရာ့စာတွေတော့ အသည်းစွဲပေါ့”
“သြော် မြိုင်ထ ကိုရင်လေးကိုး တွေ့ရတာ ဝမ်းသာတယ်၊ အထူးသဖြင့်တော့ ကျနော်စာတွေ ကြိုက်တယ် ဆိုလို့..ဟဲ..ဟဲ”
“ကဲ ရေးသူ ဖတ်သူတော့ တွေ့ကြပြီ၊ လာကြ ကော်ဖီ သောက်ရအောင်”
ဆရာ သော်တာဆွေနှင့် ဆုံတွေ့ရသော ထိုနေ့ရက်များကို ကျနော် မမေ့နိုင်ပါ။
(၂)
“ကျနော့် ငယ်နာမည်က ဘိုနီ၊ သော်တာဆွေ့ နာမည်ကလည်း ဘိုနီပဲ…၊ ဒီပွဲဟာ ဗိုလ် ဗိုလ်ချင်း ဂါရဝ ပြုကြတဲ့ ပွဲပါပဲ”
ထိုစကားကို ပြောလိုက်သူက ဆရာ ကာတွန်း ဦးဖေသိန်း။ သူနှင့် ဆရာ သော်တာဆွေသည် ငယ်သူငယ်ချင်းများ ဖြစ်ကြ သည်။ ဆရာ သော်တာဆွေ ဂါရဝ ပွဲတွင် သူတို့ ငယ်ငယ်က အကြောင်းများ အမှတ်တရ ပြောကြားသွားသည်။
ဆရာ သော်တာဆွေ အင်းစိန်သို့ ပြောင်းလာပြီး မကြာခင်ပင် ကျနော်တို့ အင်းစိန် စနေ စာပေဝိုင်းမှ ဆရာ မောင်လင်းယုန် (ရှမ်းပြည်) နှင့် ဆရာ တင်မိုးတို့ ဦးဆောင်၍ ဆရာ သော်တာဆွေအား ဝိုင်းဝန်းကြရန် တိုင်ပင်ပြီး “ဆရာ သော်တာဆွေ ဂါရဝပွဲ” ပြုလုပ်ရန် ဆုံးဖြတ်ကာ ကြိုးပမ်းခဲ့ကြသည်။
ပန်းချီ ယဉ်မင်းပိုက်၏ ဆောင်ရွက်ပေးမှုဖြင့် ဟံသာဝတီ ကမ္မဌာန်း ကျောင်းတိုက်အတွင်း ခန်းမကျယ်တွင် ပွဲကျင်းပ ဖြစ်ခဲ့ သည်။ အနယ်နယ် အရပ်ရပ်မှ စာရေးဆရာ၊ ဆရာမများ၊ စာပေသမားများ၊ အယ်ဒီတာများ၊ စာပေ ထုတ်ဝေသူများ စုံစုံ ညီညီပင် တက်ရောက်ခဲ့ကြသည်။
ဆရာ မောင်လင်းယုန် (ရှမ်းပြည်)၊ ဆရာ တင်မိုး၊ ဆရာမကြီး ဒေါ်ခင်ဆွေဦး၊ ဆရာ ကာတွန်း ဖေသိန်း နှင့် အခြား ဆရာ၊ ဆရာမ တချို့တို့က အမှတ်တရ စကားများ ပြောခဲ့ကြသည်။ ဓာတ်ပုံ ထိန်ဝင်းကလည်း ဆရာ သော်တာဆွေအား ဂါရဝပြု အလှူငွေများ လှူဒါန်းခဲ့သည်။
ကျနော်ကလည်း ဆရာ တင်မိုး၏ တိုက်တွန်းမှုဖြင့် “သော်တာဆွေ တစေ့တစောင်း” စာတမ်း ပြုစုကာ ထိုပွဲတွင် ဖတ်ကြား ခဲ့ သည်။ ထိုစာတမ်းကို စပယ်ဖြူ မဂဇင်းတွင် ၂ လ ဆက်ကာ ဖော်ပြခဲ့သည်။
ကဗျာဆရာ မောင်ခိုင်မာ၊ ဆရာ ဖေမြင့်၊ စိုးမြင့်လတ်၊ မောင်တင်ဆင့်၊ နေဝင်းမြင့်၊ ဆရာ မောင်ထွန်းသူ၊ ယဉ်မင်းပိုက်၊ ညွန့်သစ်၊ ယုယု၊ မရီဝေ၊ ကြည်ဇော်တူး၊ ခင်နှင်းဦး၊ ငြိမ်းငြိမ်း၊ သန့်စင်အေး၊ မအိ၊ ပန်းချီ ခမ်းဘို၊ မောင်တင်ဝင်း (ယုလင်)၊ မောင်လွင်သော်၊ နိုင်မောင်၊ ကြည်ဇော်မိုး၊ သစ်တောပိုက်၊ သျှားတဲ့အောင်၊ ကိုထွဋ် စသဖြင့် အင်းစိန် စနေ စာပေ ဝိုင်းသူ ဝိုင်းသား အများအပြားပင် တက်ရောက် ခဲ့ကြသည်။ ဝိုင်းဝန်းခဲ့ကြသည်။ ဆရာ သော်တာဆွေ ဂါရဝပွဲသည် စာသမား စုံစုံ ညီညီဖြင့် စည်ကား သိုက်မြိုက်ခဲ့သည်။
ထို့နောက်ပိုင်းတွင် မောင်ခိုင်မာ အပါအဝင် ကျနော်တို့ အင်းစိန် စနေ စာပေ ဝိုင်းသားများ ဆရာ သော်တာဆွေ အိမ်သို့ ရောက်ခဲ့ကြသည်။ ဆရာ သော်တာဆွေ ဇနီး အန်တီမေ ချက်ကျွေးသည့် မုန့်ဟင်းခါးကို အားပါးတရ စားသောက် ခဲ့ကြ သည်။
ထိုစဉ်က ကျနော်တို့ စနေ စာပေဝိုင်းတွင် ၁ လလျှင် ၂ ကြိမ်ခန့် ဆရာ တဦးဦးအား ဖိတ်ကြားလျက် ရေးသူဖတ်သူ ဆွေးနွေး ပွဲများ ပြုလုပ်ဖြစ်ခဲ့ကြသည်။
ဆရာ မောင်လင်းယုန် (ရှမ်းပြည်)၊ ဆရာ တင်မိုး၊ ဟံသာဝတီ ဦးဝင်းတင်၊ မင်းလှညွန့်ကြူး၊ ချစ်ဦးညို၊ ဆရာ ဖေမြင့်၊ စောရွှေဗိုလ်၊ ဆရာ မောင်ထွန်းသူ၊ ဆရာ သော်တာဆွေတို့အား တပတ်ခြား တဦး ဖိတ်ကြားလျက် တနေကုန် စာပေ ဆွေးနွေးပွဲများ ပြုလုပ် ဖြစ်ခဲ့ကြသည်။
ဦးတည် ဆွေးနွေး ဖြစ်ခဲ့ကြသည့် စာပေ အကြောင်းအရာ များလည်း အတော်စုံလင်သည်ဟု ဆိုရမည်။ မျက်မှောက်ခေတ် မြန်မာ ကဗျာ၊ ဘာသာပြန် စာပေ ရေးရာ၊ သတင်းစာ ဆရာ ၏ ရပ်တည်ချက်နှင့် ခံယူချက်၊ ရာဇဝင် နောက်ခံ ဝတ္ထု၊ ခေတ်ပေါ် နှင့် ဂန္ထဝင် ကဗျာ အကြောင်း၊ ဝတ္ထု အကြောင်း စသဖြင့် စာပေ ရေးရာများ အစုံပင် ဖြစ်သည်။
ဆရာ သော်တာဆွေနှင့်မူ ဝတ္ထုတို အကြောင်း၊ စာပေ အယူအဆများ အကြောင်း ဆွေးနွေးဖြစ်ခဲ့ကြသည်။ အင်းစိန် စနေ ဝိုင်းသား မောင်လွင်သော်၏ အိမ်တွင် ပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲကို နံနက် ၉ နာရီလောက်မှ စ၍ ဘိန်းမုန့် ပူပူနွေးနွေး၊ ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်းတို့ဖြင့် ပျော်ပျော်ရွှင်ရွှင် ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
“ဆရာ… ဒီနေ့အထိ အငြင်းပွားနေကြတဲ့ အနုပညာသည် အနုပညာ အတွက်၊ အနုပညာသည် ပြည်သူ အတွက် ဆိုတဲ့ အယူအဆ ၂ ရပ် အပေါ် ဆရာ့အမြင်ကို သိပါရစေ”ဟု ဆရာ ဖေမြင့်က ဆွေးနွေးပွဲကို မေးခွန်းဖြင့် စတင်လိုက်သည်။
ထိုအခါ ဆရာ သော်တာဆွေက သူ့အတွေ့အကြုံ တခုကို ပြန်ပြောပြခဲ့သည်။
မြန်မာပြည်မှာ နေသွားဖူးသည့် အနောက် ဂျာမနီ သံရုံး အတွင်းဝန် ဒေါက်တာ အက်ဒွင်၏ အိမ်တွင် တီးပါတီပွဲကလေး ပြုလုပ်ရာ ဆရာ သော်တာဆွေကို ဒေါက်တာ အက်ဒွင်က မြန်မာစာပေ လေ့လာနေသည့် အင်္ဂလိပ်ကြီး တဦးနှင့် မိတ်ဆက် ပေးကြောင်း၊ အင်္ဂလိပ်ကြီးက ဆရာသော်ကို “အနုပညာသည် အနုပညာ အတွက် ဖြစ်အောင် ရေးပါသလား”ဟု မေးခဲ့ ကြောင်း အဲဒီ အခါ ဆရာသော်က “မဟုတ်ဘူး၊ အနုပညာသည် ပြည်သူအတွက် ဖြစ်အောင် ရေးပါတယ်”ဟု ပြန်ဖြေ ခဲ့ကြောင်း၊ ထိုအခါ အင်္ဂလိပ်ကြီးက –
“သြော် လူတွေအတွက်တော့ ရေးတယ်၊ တိရစ္ဆာန်တွေ အတွက်တော့ မရေးဘူး၊ ဒါဆို မင်းတို့ တိုင်းပြည်မှာ တိရစ္ဆာန်တွေ ဖတ်ဖို့ စာအုပ် မရှိဘူးပေါ့”ဟု သရော်ခဲ့ကြောင်း၊ “ကျနော် မဟာဗမာ အရှက်ကွဲခဲ့ရတယ်”ဟု ဆရာသော်က ပြန်ပြောပြ ခဲ့ သည်။
ထိုအခါ ကျနော်တို့ လူငယ်များက ထို အင်္ဂလိပ်ကြီး သရော်ချက်အား ဆရာသော် လက်ခံလာသည်ကို မကျေနပ်၍ –
“မဟုတ်ဘူး ဆရာ Art for People’s Sake ဆိုတာ လူထု အကျိုးစီးပွားဘက် လိုက်မှုကို ပြောတာ မဟုတ်ဘူးလား”ဟု ပြန် ဆွေးနွေးခဲ့ကြသည်။
ဆရာ ဖေမြင့် ကလည်း မေးခွန်းတခု ဝင်မေးပြန်သည်။ ထိုအခါ အိမ် အပြောင်းအရွှေ့ကြောင့် ဆရာသော် ခေါင်းရှုပ် နေဟန် တူပါသည်။
“ဟေ့ ကိုဖေမြင့်ရေ ပီးပဲလ် ဆိတ်ဆိတ်၊ အဲနီးမဲလ် ဆိတ်ဆိတ်၊ ဆိတ်ချင်တာ ဆိတ်ကွာ၊ အရေးကြီးတာက စာတပုဒ် ဖြစ်အောင်ရေး၊ ရေးလို့ မဂ္ဂဇင်း ပါရင် စာမူခရ၊ အိမ်က မိန်းမကို ပေးလိုက်၊ ကဲ ဘယ်လောက် ကောင်းသလဲ”ဟု ကရုဏာ ဒေါသော နှင့် ပြန်ဖြေခဲ့သည်။
“ဟောဒီမှာကြည့် ဘိန်းမုန့်ဟာ ဘိန်းမုန့် အတွက်ဆိုရင် ဘာအဓိပ္ပာယ် ရှိမလဲ၊ ဘိန်းမုန့်ဟာ မင်းတို့တွေ အတွက် မဟုတ် လား ကွ”ဟု ဆိုပြီး ဆရာသော်က ဘိန့်မုန့်တခု ကောက်ဝါးသည်။ ထိုအခါမှ ကျနော်တို့ အားလုံး ပျော်ပျော်ရွှင်ရွှင် ဘိန်းမုန့် ကောက်ဝါးကြတော့သည်။
လူငယ်တဦး ကလည်း“ယနေ့ခေတ် လူငယ်တွေ မဂ္ဂဇင်းမှာ ရေးတဲ့ ဝတ္ထုတိုတွေကို ဘယ်လိုမြင်ပါသလဲ”ဟု ဆရာသော်ကို မေးမြန်းသည်။
“တမျိုးပဲကွ၊ ဘယ်လိုမှ မမြင်ပါဘူး၊ တချို့ ဝတ္ထုတွေ ဖတ်လို့ကို မရဘူး၊ ဘာရေးထားမှန်းလည်း မသိဘူး၊ ငါကြိုက်တာက တော့ ငါတို့ခေတ်က သာဓု၊ မင်းရှင်၊ သန်းဆွေ၊ တင့်တယ် တို့ပါပဲကွာ”ဟု ပြန်ဖြေကြားခဲ့သည်။
ထို့နောက် ဆရာသော်က ဝတ္ထုတို တပုဒ် မွေးဖွားဖြစ်ပုံ ကိုယ်တွေ့ရေးသားမှု အတွေ့အကြုံတရပ်ကို လူငယ်စာသမားများ မှတ်သားစဖွယ် ပြောပြခဲ့သည်။ နောက်ပိုင်းတွင်တော့ စာပေ ဗိမာန် စာတမ်းဖတ်ပွဲ တခုတွင် “ကျနော် ဝတ္ထုတိုသမား” စာတမ်း ဆရာ သော်တာဆွေ ဖတ်ကြားခဲ့သည်ကို ဖတ်ရှုရပါသည်။
ဆရာ သော်တာဆွေ အကြောင်း ပြန်စဉ်းစားမိသည့်အခါ အမှတ်တရ ဖြစ်ရပ်များ တသီကြီး ပြန်ပေါ်လာပါသည်။
ဆရာသော် အတွဲဆုံး လက်ကသုံး တောင်ဝှေး တဦးမှာ မုဆိုးဝတ္ထုများ ရေးသည့် ကိုပိုက်၊ သစ်တောပိုက် ဖြစ်သည်။ အင်းစိန် လေဟာပြင် ဈေးထဲရှိ ကျနော့် “ကြည်စာပေ” စာအုပ်ဆိုင်ကလေးသို့ ဆရာသော်နှင့် သစ်တောပိုက် ဈေးအတွင်း ယမကာဆိုင် ထိုင်ရင်း ဝင်ဝင်လာတတ်သည်။
ဆိုင်ကအထွက် ဆရာသော်က မျက်နှာကြီး နီမြန်းလာသည်။ ဆရာသော်တို့ လူစု မူးလာလျှင် ဆရာ တင့်တယ်ကို ဖက်နမ်း တတ်ကြောင်း ကြားဖူးထားပြီးမို့ ကျနော် လန့်နေသည်။
ထိုစဉ်က ကျနော်၏ ရွံ့တွန့်တွန့် အမူအရာကို ဆရာသော်ကော၊ ကိုပိုက်ကော ရိပ်မိကြသလား မသိ၊ သူတို့ ရယ်မောကာ ထွက်သွားကြသည့် ပုံဟန်ကိုလည်း ကျနော် ပြန်မြင်နေမိသည်။
ယခု နောက်ပိုင်း စိတ်ကူးချိုချို စာအုပ်တိုက်က ဆရာ သော်တာဆွေ၏ စာအုပ်များ ပြန်ထွက်လာသည်ကို တွေ့ရသည်။
ပြောရဦးမယ် မမြရီရေ၊ ပြောရမှာပေါ့ မခင်ကျော့ရယ်၊ အယ်ဒီတာ မှတ်စုများနှင့် စာပေဆုရ ဝတ္ထုတို ၃ အုပ် ကျနော် ဝယ်ယူ ခဲ့သည်။
ဆရာ သော်တာဆွေ၏ စာအုပ်များကို ကြည့်ရင်း ဆရာ သော်တာဆွေသာ ရှိလျှင် –
“ငါ၏စာအုပ်၊ လစဉ်ထုတ်၊ အဟုတ်မြတ်စေသော…သြကာသ…သြကာသ…” ဆိုလေမလားဟု အဟိခေတ် ဆောင်ပုဒ် ကလေးကို ကျနော် အမှတ်ရမိ နေပါတော့သည်။ ။
စာရေးသူ ကြည်နိုင်သည် ဝတ္ထုတို၊ ဝတ္ထုရှည်၊ အက်ဆေး၊ စာပေ ဆောင်းပါးများ အပါအဝင် ရသ စာပေဆိုင်ရာများကို မြန်မာ စာနယ်ဇင်း မီဒီယာများတွင် ရေးသားနေသူ ဖြစ်ပြီး အမျိုးသား စာပေဆုရ စာရေးဆရာ တဦးလည်း ဖြစ်ပါသည်။