အညာဒေသလို့ ပြောလိုက်ရင် အတူတွဲ မြင်လေ့ မြင်ထရှိတာက အရွက်ဖားဖားနဲ့ အပင်မြင့်မြင့်ကြီးပေါ်က ထန်းတက် သမားတွေပါ။
ရှေးစာဆို ဝန်ကြီး ပဒေသရာဇာရဲ့ တျာချင်းတွေထဲက ထန်းတက်သမားဖွဲ့ တျာချင်းကိုလည်း အလိုအလျောက် အမှတ် ရမိ ကြပါ။
ဝန်ကြီး ပဒေသရာဇာက“နွေဦးကာလ မြူထသောခါ ရင်းထောင် ရင်းဆွဲ ဆောင်မြဲအိုး လွယ်ကာ ဓားနှီးထက်စွာ ခါးမှာ ချပ်လျက် ထန်းပွင့် ထန်းခိုင် ရွှန်းမြိုင်မြိုင် ကလိုင်သာလွယ်လို့ တက်သည်နင့်လေး”လို့ အစချီပြီး ထန်းတက်သမား ဘဝကို ဖွဲ့ဆိုထားပါတယ်။
ဒီတျာချင်းမှာ ထန်းတက်သမား မိသားစုဘဝကို ဖတ်သူတို့ နှလုံးရွှင်အောင် ရသမြောက် ရေးဖွဲ့ထားပေမယ့်လည်း တကယ်တော့ ထန်းတက်သမား ရဲ့ ဘဝက ထင်သလောက် မချောမွေ့လှပါဘူး။
နှစ်ပေါင်း ၃၀ ကျော် ထန်းတက်ခဲ့တဲ့ ဦးကြယ်နီရဲ့ ဘဝကလည်း ထို့နည်းလည်းကောင်း ပါပဲ။ ဒါပေမယ့် သူ့ရဲ့ မျိုးဆက် သားဖြစ်သူက ထန်းတက်သမား ဘဝကို စွန့်လွှတ်တော့မယ်လို့ ပြောကြားလာချိန် ဦးကြယ်နီ တယောက် စကား မပြောနိုင် ဆွံ့အလို့ နေပါတယ်။
နှစ်ပေါင်းများစွာ လုပ်ကိုင်နေပေမယ့် ထမင်းဝရုံကလွဲလို့ ကြီးပွားတိုးတက်လမ်း မမြင်တဲ့ ထန်းတက်သမား ဘဝကို သား ဖြစ်သူ စွန့်လွှတ်မယ့်ကိစ္စ တားဆီးဖို့ ခွန်အားနဲ့ အကြောင်းပြချက်တွေ မရှိပါဘူး။ သူတို့ရဲ့ အညာဒေသ ညောင်ဦး မှာ သူ ကြုံတွေ့နေရသလိုပဲ ထန်းတက်သမား အိုကြီးတွေရဲ့ မျိုးဆက်သစ်တွေဟာ ထန်းတက်သမား ဘဝထက် ဘေး ကင်းပြီး ဝင်ငွေပိုရနိုင်မယ့် တခြားဒေသတွေကို သွားရောက် အလုပ်လုပ်နေတာကို ဦးကြယ်နီ သိထားတာကြောင့် ပါ။
“ကျနော့်သားက ထန်းမတက်ချင်တော့ဘူးလို့ ပြောတော့ ကျနော် မတားတော့ပါဘူး။ လာမယ့် ထန်းတက်ရာသီမှာ တက်မယ့်သူမရှိတော့တဲ့အတွက် ကျနော့် ထန်းတောကို ဒီအတိုင်းပဲ လွှတ်ထားဖို့ ဆုံးဖြတ်လိုက်ပြီ” လို့ မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့နယ် ချောက်ကန်ရွာမှ ဦးကြယ်နီက ပြောပြပါတယ်။
ဒီလို လူငယ်မျိုးဆက် ထန်းတက်သမားတွေ ထန်းတောကို စွန့်ခွာနေကြတဲ့ အခြေအနေဟာ ဦးကြယ်နီ နေထိုင်တဲ့ ညောင် ဦးဒေသတင် မဟုတ်ပါ။ မန္တလေး၊ မကွေးနဲ့ စစ်ကိုင်းတိုင်းအတွင်းက ထန်းတောရှိရာ အညာဒေသ အများစုမှာ တဖြည်း ဖြည်း ပိုများလာတဲ့အတွက်ကြောင့် ဒီဖြစ်ရပ်ဟာ ဦးကြယ်နီအတွက် မထူးဆန်းတော့တဲ့ အကြောင်းအရာလို့ ဆိုရမှာပါ။
အညာ မြင်ကွင်းလို့ ဆိုရမယ့် ထန်းပင် ထန်တောတွေမှာ အရင့်အရင်က မြင်နေကြတဲ့ မြင်ကွင်းဖြစ်တဲ့ ထန်းတက် သမား နဲ့ ထန်းပင်၊ ရင်းထောင် ရင်းဆွဲနဲ့ ဆောင်မြဲအိုးဆိုတာ ဝန်ကြီးပဒေသရာဇာရဲ့ တျာချင်းထဲမှာ ကျန်ခဲ့တော့မယ့် အခြေ အနေ ကို ဆိုက်ရောက်လို့ လာနေပါပြီ။
အရင်က အညာဒေသဘက်ကို သွားမယ်ဆိုရင် ထန်းတက်နေတဲ့ မြင်ကွင်းတွေကို လမ်းဘေးဝဲယာ တလျှောက်မှာ လွယ် လင့် တကူ မြင်တွေ့နိုင်ပေမယ့် လက်ရှိမှာတော့ ဒီမြင်ကွင်းတွေ တွေ့ရဖို့ဆိုတာ အတော့်ကို ခဲယဉ်းသွားပါပြီ။
ထန်းလှီးသူ ထန်းတက်သမား မရှိ၊ ထန်းရည်ခံ မြူအိုးမဲ့နေတဲ့ ထန်းပင်အလွတ်တွေက အညာဒေသမှာ တစထက် တစ ပိုမိုများပြားလာနေပါတယ်။
“ကျနော်တို့ရွာမှာ အိမ်ခြေ ၄၀၀ ကျော်ရှိတာ။ အခုဆိုရင် ထန်းတက်မိသားစုအိမ် ၁၀၀ လောက်ပဲရှိတော့တယ်။ တချို့ ရွာ တွေဆို ထန်းတက်တဲ့ လူ ၁ ယောက်၊၂ ယောက်ပဲ ကျန်တော့တဲ့ ရွာတွေတောင် ရှိတယ်။ ထန်းသမားက အရင်ကထက် တော်တော်ကို နည်းသွားပြီ”လို့ ညောင်ဦးမြို့နယ် ချောက်ကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွေးမောင်က ပြောပြ ပါတယ်။
လူငယ်မျိုးဆက်တွေ ထန်းတက်သမားဘဝကို စွန့်လွှတ်ရတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါ။ ဒီထဲမှာ တူညီတဲ့ အချက်တွေကတော့ လုပ်ငန်းခွင်ဟာ ပင်ပန်းသလောက် အန္တရာယ်များတာ၊ အကျိုးအမြတ် ကြည့်ပြန်တော့ လည်း ပင်ပန်းသလောက် တွက်ခြေ မကိုက်တာတွေရယ်ကြောင့်လို့ ညောင်ဦး ဒေသခံတွေက ဆိုပါတယ်။
ထန်းတက်သမား အများစုဟာ ထန်းရည်ကို သောက်ဖို့အတွက် အဓိက မဟုတ်ဘဲ ထန်းလျက်ချက်ဖို့ အတွက် လုပ် ဆောင် ကြတာပါ။
ထန်းတက် အလုပ်နဲ့ အဓိက လုပ်ငန်းဖြစ်တဲ့ ထန်းလျက်ချက်လုပ်ငန်းဟာ ထန်းတက်သမား အိမ်ထောင်ဦးစီး ဖခင် အပြင် မိသားစု တခုလုံး ပင်ပန်းကြီးစွာ အလုပ်လုပ်ရတဲ့ လုပ်ငန်း အမျိုးအစားပါ။
ဖခင်ဖြစ်သူ ထန်းတက်သမားက ဝေလီဝေလင်း မနက်စောစော ၅ နာရီလောက်မှာ ညရည် (ညပိုင်း ခံထားတဲ့ ထန်းရည်) အိုး သိမ်းဆည်းပြီး အိုးသစ်တွေ ချိတ်ဆွဲရပါတယ်။
တဖန် နေ့လယ်ခင်း အချိန်ကျပြန်တော့ မနက်ရည် (မနက်ပိုင်း ခံထားတဲ့ ထန်းရည်) အိုးကို ပြန်သိမ်းပြီး ညရည်ခံအိုး ကို ချိတ်ရပြန်ပါတယ်။ ဒီလို ညရည်၊ မနက်ရည် အိုး ချိတ်ဆွဲတာဟာ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပါဘူး။
ပိဿာ ၂၀ ကျော် အလေးချိန်ရှိပြီး ရင်းထောင်လို့ ခေါ်တဲ့ ထန်းတက်လှေကားကို တပင်ကတပင် ကူးလူးသယ်ယူပြီး အိုးတွေ ချိတ်ဆွဲရတာပါ။ ထန်းတက်သမား တဦးဟာ တနေ့ကို ထန်းအပင် ၂၀ ကနေ ၅၀ အထိ တက်ရပါတယ်။
ဒီလို ထန်းပင် တက်တဲ့အခါမှာလည်း မြူအိုး (ထန်းရည်အိုး) ကို ခါးမှာချိတ်ပြီး အမြင့် ၂၅ ပေ ကျော်တဲ့ ထန်းတပင်ကို နိစ္စဓူ၀ အတက်အဆင်း လုပ်ရတဲ့ ထန်းတက်သမား ဘဝကို နှောင်းပိုင်းလူငယ်တွေ ခြေစုံကန်ပြီး တခြား အလုပ်တွေ ပြောင်းလာကုန်တာလည်း မထူးဆန်းတော့ပါဘူး။
ဖခင် ဖြစ်သူ ထန်းတက်သမားက တပင်ပြီး တပင်ကူး ထန်းရည်အိုး ချိတ်ရသလို အိမ်သူ ဇနီးနဲ့ သားသမီးတွေကလည်း မနားကြရပါဘူး။ ထန်းပင်ပေါ် ချိတ်ဆွဲမယ့် ထန်းရည်အိုးအလွတ်တွေကို အပင်ခြေရင်းထိ လိုက်ချပေးရသလို အပင် ပေါ် က ဆင်းလာတဲ့ ထန်းရည်အပြည့်ပါ မြူအိုးတွေကို ထန်းလျက်ဖိုထဲ သိမ်းဆည်းဖို့ ပြန်သယ်ကြရပါတယ်။
ထန်းတောက သယ်လာတဲ့ ထန်းရည်အိုးတွေ အိမ်ရောက်လာပြီဆိုရင်တော့ အိမ်ရှင်မရဲ့ တာဝန်က စပါပြီ။ သယ်လာ တဲ့ ထန်းရည်တွေက မီးပြင်းပြင်းနဲ့ ထန်းလျက် အဆင့် ရောက်တဲ့အထိ တနေကုန်နီးပါး ကြိုရပါတော့တယ်။ ပူပြင်းတဲ့ အညာ နွေရဲ့အောက်မှာ တနေကုန်နီးပါး မီးဖိုနားကပ် ထန်းလျက် ကြိုရတဲ့ အိမ်ရှင်မရဲ့ နိစ္စဓူ၀ ဒုက္ခကလည်း မသေးလှ ပါဘူး။
ဒီလိုမျိုး လင်ကော၊ မယားကော အပြင် သားသမီးတွေ စုပေါင်းပင်ပန်းခံ အလုပ်လုပ်ပြီးတဲ့အခါမှာတော့ ထန်းလျက် ပိဿာ ၂၀ ကနေ ၃၀ လောက် ရတယ်လို့ သိရပါတယ်။ ဒီလိုမျိုး ပင်ပင်ပန်းပန်း လုပ်ဆောင်ပေမယ့် သူတို့ ပေးဆပ်ရ မယ့် အကြွေးတွေက ရှိနေပါသေးတယ်။ အဲဒါကတော့ လုပ်ငန်းတွင်း သုံးဖို့အတွက် ထန်းလျက် လုပ်ငန်းရှင်တွေဆီက ကြိုယူထားတဲ့ ငွေတွေပါ။
“ဆင်းရဲတဲ့ ထန်းသမားတွေက အလုပ်မရှိတဲ့အချိန်၊ ထန်းတက်ရာသီ အတွက် လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ဖို့ ငွေလို တဲ့ အချိန်မှာ ထန်းလျက်ပွဲရုံတွေဆီကနေ ငွေကြိုထုတ်ရတယ်။ ထန်းလျက်ရမှ ပွဲရုံမှာ ပြန်သွင်း။ ဒီလို ရရစားစားနဲ့ပဲ ထန်း တက်သမားတွေ လည်ပတ်နေကြတာပါပဲ”လို့ နှစ်ပေါင်း ၃၀ ကျော် ထန်းတက်ခဲ့တဲ့ ဦးကြယ်နီက ပြောပြပါတယ်။
တကယ်တော့ ထန်းတက်သမားတွေဟာ တနှစ်ပတ်လုံး အလုပ်လုပ်ကြရတာ မဟုတ်ပါဘူး။ ဇန်နဝါရီကနေ ဇွန်လ (မြန်မာပြက္ခဒိန်အရ ပြာသိုကနေ နယုန်လ) အထိပဲ ထန်းသမားတို့ အလုပ်လုပ်ရပြီး ကျန်တဲ့ အချိန်ကတော့ ထန်း မတက် ရတာကြောင့် တခြား အလုပ်တွေ လုပ်ကြရပါတယ်။
ထန်းလျက်တွေ ရလာတဲ့အခါ ဈေးကွက်မှာ ထန်းလျက်ဈေး ကောင်းရပါမှ ထန်းတက်သမားတို့အတွက် အမောပြေစေ ပါတယ်။ အရင်နှစ် ၂၀၁၇ က ထန်းလျက် တပိဿာကို ၁၀၀၀ ကျပ်အထက်ကို မြင့်တက်ခဲ့အတွက် ထန်းတက်သမား မိသားစုတွေ အဆင်ပြေခဲ့ရပါတယ်။
ဒါပေမယ့်လည်း ၂၀၁၇ အရှေ့ပိုင်းနှစ်တွေတုန်းကတော့ ထန်းလျက် တပိဿာကို အရည်အသွေးအလိုက် ၅၀၀ ကနေ ၆၀၀ ကျပ်သာ ဈေးပေါက်ခဲ့ဖူးပါတယ်။ ဒါကြောင့် တမိသားစုလုံးရဲ့ ဝင်ငွေဟာ ကျပ် တသောင်း ဝန်းကျင်သာ ရှိတဲ့ အတွက် ထမင်းစားဖို့တောင် အနိုင်နိုင်ရယ်လို့ ထန်းတက်သမားတွေ ညည်းခဲ့ရဖူးပါတယ်။ ဒါဟာလည်း ထန်းတက် သမား တွေ ထန်းတောကို စွန့်ဖို့အတွက် အကြောင်းရင်း တခု ဖြစ်လာရပါတော့တယ်။
“အရင်နှစ်တွေကဆို ရွာမှာက တမိသားစုလုံး ထန်းလျက်ချက်မှ တနေ့ ၁ သောင်းလောက်ပဲ ရတာ။ ညောင်ဦးက ဟိုတယ် ဆိုက်တွေမှာ အလုပ်သွားလုပ်ရင် လူ ၃ ယောက်လုပ်ရင် ၁ သောင်းခွဲ ၂ သောင်းက သာသာလေးရနေ တာ လေ။ အဲဒီတော့ ထန်းမတက်တော့ဘဲ တခြားအလုပ်ပဲ သွားလုပ်ကြတာပေါ့”လို့ ညောင်ဦးမြို့နယ် နတ်ပလင်ကျေးရွာ က ဦးသောင်း က ရှင်းပြပါတယ်။
ထန်းတက်သမားတွေဟာ မိသားစု စားဝတ်နေရေးအတွက် နိစ္စဓူ၀ ထန်းပင်တက် မြူအိုးချိတ်ရတာ အသက်အန္တရာယ် နဲ့ နီးလှပါတယ်။ အခန့်မသင့်လို့ ထန်းပင်ပေါ်က ပြုတ်ကျတဲ့အခါ ကံကောင်းရင် ကျိုးပဲ့ ဒဏ်ရာရပြီး ဒုက္ခိတ ဖြစ်နိုင်ပြီး ကံမကောင်းရင်တော့ အသက်ပါ ပေးရတတ်ပါတယ်။
ထန်းရည် ထုတ်နိုင်တဲ့ အပင်တွေဟာ အနိမ့်ဆုံး ၁၅ ပေကနေ အမြင့်ဆုံး ပေ ၈၀ ခန့်အထိ ရှိနိုင်တာကြောင့်ပါ။
အညာဒေသမှာ ထန်းတက်ရင်း ပြုတ်ကျလို့ သေဆုံးတယ်ဆိုတဲ့ သတင်းဆိုးတွေကို မကြာခဏဆိုသလို ကြားသိနေရ တာကလည်း ထန်းတက်သမားတွေ အတွက် ဒီအလုပ်အပေါ် စိတ်ပျက်လာစေမှု တခုပါပဲ။
“ကျမ အဖေတုန်းက ထန်းပင်ပေါ်က ပြုတ်ကျတော့ တခါတည်း တန်းသေခဲ့တာလေ။ အဲဒီတော့ ယောက်ျားကိုလည်း ထန်းမတက် စေချင်တော့ဘူး။ တခြားအလုပ်ရှိရင် လုပ်စေချင်တာ။ သူကလည်း ထန်းတက်တာပဲ လုပ်တတ်လို့ ဒါပဲ လုပ်နေရတာ။ သူထန်းတက်ရင် ကျမမှာ အမြဲတမ်း စိတ်ပူနေရတယ်” လို့ ညောင်ဦးမြို့နယ် နတ်ပလင်ကျေးရွာမှ မကြူကြူနိုင် က ပြောပြပါတယ်။
သူက ဆက်လက်ပြီး “ထန်းတက်အလုပ်က ရန်ကြီး (အန္တရာယ်များ) တယ်။ ဒါကြောင့် ကျုပ်သားတွေကို ပညာတတ် အောင် ထားမယ်။ ထန်းတော့ လုံးဝကို မတက်ခိုင်းဘူး။ ဟိုတယ်တွေ ဘာတွေမှာပဲ အလုပ်ခိုင်းမယ်”လို့ ဆိုပါတယ်။
ပင်ပန်းသလောက် အကျိုးအမြတ် မရတဲ့အပြင် အခန့်မသင့်ရင် အသက်ပါပေးရနိုင်တဲ့ ဒီ ထန်းတက်သမား ဘဝကို အညာသားလို့ အခေါ်ခံရတဲ့ ဒေသခံတွေက စိတ်ပျက်တဲ့အလျောက် မိသားစုလိုက် ထန်းပင် ထန်းတောကို စွန့်ခွာမှု ရှိလာနေပါပြီ။
သူတို့ဟာ ပုဂံ-ညောင်ဦး ဒေသ အပါအဝင် ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေသာမက အိမ်နီးချင်း ထိုင်းနဲ့ မလေးရှား အထိ သွားပြီး အလုပ်လုပ်ကိုင်မှုတွေ လုပ်လာကြပါတော့တယ်။
ထန်းတောကို မစွန့်လွှတ်နိုင်သူတွေကတော့ သူတို့ရဲ့ သားသမီးတွေကို ဒီ့ထက် ဝင်ငွေပိုရပြီး အန္တရာယ်ကင်းတဲ့ တခြား အလုပ်တွေ လုပ်ကြဖို့အတွက် တိုက်တွန်းတာတွေလည်း မြင်တွေ့လာရပါတယ်။
“ကျနော်တို့ ရွာမှာ ထန်းတက်တဲ့လူငယ် တယောက်မှ မရှိတော့ဘူး။ အဓိကက ပင်ပန်းပြီး အန္တရာယ်များလို့။ ကျနော် လည်း ထန်းတက်သမား မလုပ်ချင်လို့ ဟိုတယ်မှာ ဝန်ထမ်း လာလုပ်နေတာ” လို့ ညောင်ဦးမြို့က ဟိုတယ်တခုမှာ ဝန်ထမ်းလုပ်နေတဲ့ ကျောက်ပန်းတောင်း နယ်သား မောင်ဝင်းမင်းက ဆိုပါတယ်။
မိသားစုလိုက် ထန်းတောကို စွန့်လွှတ်မှုတွေ၊ မျိုးဆက်သစ် လူငယ်တွေက ထန်းတောကို ကျောခိုင်းတာတွေ တစ ထက် တစ များလာတဲ့အတွက် မိရိုးဖလာ ထန်းလျက်ချက် လုပ်ငန်းတွေ၊ အညာဒေသ ပြယုဂ် ထန်းတောတွေ ပျောက်ဆုံး ကုန်မှာကို စိုးရိမ်နေကြတဲ့ သူတွေလည်း ရှိပါတယ်။ သူတို့က ဘယ်လိုပင် စိုးရိမ်နေကြပါစေ ထန်းတောကို စွန့်ခွာ သွား သူတွေကို စိတ်မချမ်းမြေ့စွာနဲ့ပဲ လက်ပိုက်ကြည့်နေရမှာပါ။
“ဝင်ငွေလည်း မျှတမယ်။ ကိုယ့်မိသားစု စားဝတ်နေရေး ဖူလုံမယ်ဆို အိုးမကွာ အိမ်မကွာနဲ့ ထန်းတက်အလုပ်ပဲ လုပ် ချင် ကြတာပေါ့။ ဒါပေမယ့် မိသားစု မစားလောက်တော့လည်း တခြားလုပ်ငန်းတွေ ထွက်လုပ်ကြရတာကိုး။ ဒီလိုနဲ့ တဖြည်း ဖြည်း ထန်းသမား ရှားပါးလာပြီး ထန်းတက်လုပ်ငန်းတွေ တိမ်ကောသွားမှာတော့ အရမ်းစိုးရိမ်မိတယ်ဗျာ” လို့ နှစ်ပေါင်း ၂၀ ကျော် ထန်းတက်ခဲတဲ့ ညောင်ဦးမြို့နယ် နတ်ပလင်ကျေးရွာမှ ဦးသောင်းမြင့်က ပြောလာပါတယ်။
တက်သူမဲ့နေတဲ့ ထန်းတောတွေ များလာတာနဲ့အလျောက် အညာဒေသလို့ ခေါ်တဲ့ မန္တလေးတိုင်း ကျောက်ပန်း တောင်း၊ မကွေးတိုင်း ရေနံချောင်း၊ ချောက်နဲ့ ရေစကြိုမြို့နယ်တွေမှာ ထန်းရည် မထုတ်တဲ့ အပင်တွေကို အပင်လိုက် ခုတ်လှဲ ရောင်းချမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ထန်းသားက သစ်အစားထိုး အသုံးပြုဖို့၊ ပရိဘောဂ နဲ့ ရေထိန်းနံရံ လုပ်ဖို့ဆိုပြီး စီးပွားရေးသမားတွေက ဝယ်ယူကြတာ ဖြစ်ပြီး အညာဒေသခံတွေကလည်း အသုံးမဝင်တော့တဲ့ (ထန်းရည် မထွက်တဲ့) အပင်အိုတွေကို အပင်လိုက် ခုတ်လှဲ ရောင်းချနေကြတာ ဖြစ်ပါတယ်။
သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တွေကတော့ မိုးခေါင်ရေရှား အညာဒေသအတွက် ထန်းပင်တွေဟာ ရွှေထက် ကို တန်ဖိုးရှိတဲ့ အရာတွေလို့ တင်စားကြပါတယ်။ ထန်းပင်ရဲ့ အမြစ်ဟာ ရေစုပ်အား ကောင်းမွန်တဲ့အတွက် အညာ ဒေသ ရဲ့ အပူချိန်ကို ပိုမိုမဆိုးဝါးသွားစေဖို့ ထိန်းသိမ်းပေးထားနိုင်တယ်လို့ သိရပါတယ်။
ပညာရှင်တွေ အဆိုအရ သစ်ပင်ရှိတဲ့ အရပ်ဒေသတွေရဲ့ ရေစုပ်အားဟာ ၃၅၀ ကုဗ စင်တီမီတာ ရှိပြီး သစ်ပင်မရှိတဲ့ အရပ်တွေမှာတော့ ၅၀ ကုဗ စင်တီမီတာသာ ရေထိန်းအားရှိတာကြောင့် ရေစုပ်အားက ၇ ဆခန့် ကွာခြားပါတယ်။
ဒါ့အပြင် သစ်ပင်ရှိတဲ့ အရပ်ဒေသတွေဟာ လေထုထဲက ရေငွေ့ကို ပိုမို ထိန်းထားနိုင်တာကြောင့် သစ်ပင်မရှိတဲ့ ဒေသ ထက် အပူချိန် ၆ ဒီဂရီဖာရင်ဟိုက် ပိုမိုအေးမြစေလို့ ထန်းပင်တွေကို ထိန်းသိမ်းခြင်းဟာ အညာဒေသ မိုးခေါင် ရေရှားမှု သဘာ၀ ကပ်ဆိုးတွေကို တဖက်တလမ်းက ကာကွယ်ပေးနေတယ်လို့ သိရပါတယ်။
“ထန်းပင်မှ မဟုတ်ပါဘူး။ သစ်ပင်ဟူသမျှ ခုတ်ရင်တော့ ရေစုပ်အားတွေ မရှိတော့ဘူး။ ရေကြီးရေလျှံတွေ ဖြစ်မယ်။ ရာသီ ဥတုတွေ ပူပြင်းပြီး ခြောက်သွေ့သထက် ခြောက်သွေ့လာမယ်။ သစ်ပင်မရှိခြင်းဟာ ဂေဟစနစ်ကို လုံးဝကို ဆိုးဝါး တဲ့ အနေအထားတွေ ဖြစ်လာနိုင်ပါတယ်။ ထန်းပင်တွေ ခုတ်ခြင်းအားဖြင့် မိုးခေါင်ရေရှားမှုတွေ ပိုဖြစ်လာနိုင်တယ်။ ဒါကြောင့် ထန်းပင်တွေ ခုတ်မယ်ဆို ဒီအချက်တွေကို အရင်စဉ်းစားစေချင်တယ်”လို့ အမြဲစိမ်းလန်းရေး သဘာ၀ ပတ် ဝန်း ကျင် ထိန်းသိမ်းရေး အသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဒေါ်စိန်စိန်သိန်းက အကြံပြု ပြောဆို ထားပါတယ်။
ထန်းပင် ထန်းတောတွေနဲ့ ထန်းလျက်ချက် လုပ်ငန်းတွေ တိမ်ကောကုန်မယ်ဆိုရင်ဖြင့် မြန်မာ့လူမှု အသိုင်းအဝိုင်းထဲ နှစ်ပေါင်း ရာချီ ရှိနေခဲ့တဲ့ မြန်မာ့ရိုးရာ အစားအစာတွေနဲ့ လူမှုအသုံးအဆောင်တွေလည်း တစထက် တစ ပျောက်ကွယ် ကုန်မယ့် အရေး ရှိနေပါတယ်။
သြင်္ကန်သင်္ကေတ ထန်းလျက်နဲ့ လုပ်ရတဲ့ မုန့်လုံးရေပေါ် အပြင် မုန့်လုံးကြီး၊ မုန့်လက်ကောက်၊ မုန့်စိမ်းပေါင်း၊ မုန့်ပြား သလက်၊ သာကူကြို၊ မုန့်စလင်းတောင်၊ ခေါက်မုန့်နဲ့ မုန့်ပေါင်း စတဲ့ မြန်မာရိုးရာမုန့်တွေလည်း ပျောက်ကွယ်ကုန်ပါ လိမ့် မယ်။
ဒါ့အပြင် ထန်းပင်က ထွက်တဲ့ ထန်းရည်နဲ့ ထန်းမြစ်တို့အပြင် ထန်းနဲ့လုပ်တဲ့ လက်မှု ပရိဘောဂတွေလည်း ပျောက် ကွယ် ဖို့ ခြိမ်းခြောက် ခံရပါလိမ့်မယ်။
“လက်ရှိတော့ ထန်းတက်သူ နည်းပါးလာတဲ့အတွက် ဒေသရဲ့ ထန်းလျက် အထွက်နှုန်းကလည်း တဖြည်းဖြည်းတော့ ကျဆင်းလာတာ အမှန်ပဲ။ ဒီအပေါ်မှာ နိုင်ငံတော် လူကြီးများလည်း အာရုံစိုက်ပြီး ကူညီနိုင်တာတွေ ကူညီပေးရင်တော့ ထန်းလုပ်ငန်း ပြန်တိုးတက်လာနိုင်မယ် ထင်မိတယ်။ ဒီပုံအတိုင်း ဆက်သွားရင်တော့ အခြေအနေက ပိုဆိုးဖို့ပဲရှိတယ်” လို့ နတ်ပလင် ကျေးရွာနေ ထန်းတက်သမားဟောင်း ဦးသောင်းမြင့်က ဆိုပါတယ်။
ထန်းပင်ကို ပဒေသာပင် ရယ်လို့ အညာမှာ ခေါ်ကြပါတယ်။ ဘာကြောင့်လဲဆိုရင် ထန်းတပင်လုံး အသုံးမဝင်တဲ့ ပစ္စည်း မရှိတာကြောင့်ပါ။ ထန်းပင်ကို အဖို၊ အမ ခွဲခြားထားပေမယ့် နှစ်မျိုးစလုံးက ထန်းရည် ထွက်ပါတယ်။
ထန်းမ အပင်ဟာ ထန်းရည် ထွက်သလို ထန်းသီးလည်း သီးပါတယ်။ အသီးနုစဉ် လူတွေ စားနိုင်သလို ရင့်တဲ့အခါမှာ လည်း နွားစာအဖြစ် စဉ်းကျွေးကြပါတယ်။ အတော့်ကို ရင့်မှည့်လာရင်တော့ အမှည့်ရည်ကို စစ်ပြီး ထန်းသီး မုန့်ပေါင်း ထဲ ထည့်သုံးလို့ ရပါတယ်။ ကျန်တဲ့ အစေ့ကိုတော့ မြေကျင်းထဲ ထည့်ထားရင် ထန်းမြစ် ရပါတယ်။
ထန်းဖိုက ထွက်တဲ့ ထန်းလျက်ဦးရည်ကတော့ ဆေးဘက်ဝင်တယ်လို့ သိရပါတယ်။
ထန်းအဖိုဖြစ်စေ၊ အမ ဖြစ်စေ တနှစ်ကို ထန်းရွက် ၁၀ ရွက်ကနေ ၂၀ အထိ ထွက်ရှိပြီး အမိုးအဖြစ် သုံးနိုင်သလို အညာ ဖာတောင်းလို့ ခေါ်တဲ့ ထန်းခေါက်ဖာလည်း လုပ်လို့ ရပါတယ်။
ထန်းရွက်ကနေ လည်ဆွဲ ပုတီး ပြုလုပ် ရောင်းချမှုတွေ ရှိပြီး တေးရေးဆရာ ရွာစား စိန်တင်ဟန်က “ထန်းရွက် ပုတီး” ဆိုတဲ့ နာမည်နဲ့ တေးသီချင်း တပုဒ် စပ်ဆိုဖူးပြီး ဒီတေးသီချင်းထဲမှာ “အသက် မကြီးသေးပေါင် မောင်ရယ်.. ထန်းရွက် ပုတီးလေး ဆွဲဖို့ ရွှေစာရံကို အရောက်သွားလို့ဝယ်…”လို့ ထည့်သွင်း ရေးဖွဲ့ခဲ့ဖူးပါတယ်။
ဒါ့အပြင် ထန်းသားကို အိမ်သုံး ပရိဘောဂအဖြစ် သစ်အစားထိုး သုံးနိုင်တာကြောင့် မျိုးစုံသုံးလို့ရတဲ့ ပဒေသာပင် ရယ် လို့ အညာဒေသက သုံးနှုန်းကြတာပါ။
တခြားသော မြို့နယ်တွေမှာ ထန်းပင်အိုတွေကို ခုတ်လှဲ ရောင်းချနေပမယ့် ပုဂံ-ညောင်ဦးနယ် တဝိုက်မှာတော့ ထန်း တော တွေကို ထိန်းသိမ်းထားကြဆဲပါ။ ထန်းတက်သူ မဲ့နေတဲ့ ထန်းတောတွေထဲမှာ တချိန်ကျ ထန်းတက်သမားတွေ ပြန်လာစည်ကားလာမယ့် အချိန်ကို မဝံ့မရဲ စောင့်ဆိုင်းရင်း ဒေသခံတွေက ထိန်းသိမ်းနေကြတာပါ။
“ထန်းလျက်ဈေးနှုန်း တောက်လျောက် ကောင်းနေခဲ့ရင် ထန်းလုပ်သူတွေ ပြန်များလာမယ် ထင်ပါတယ်။ ကျနော်တို့ မျိုးရိုးစဉ်ဆက် တက်ခဲ့တဲ့ ထန်းပင်တွေတော့ ခုတ်ရောင်းဖို့ မရှိပါဘူး။ ထန်းတက်သူတွေ ပြန်လည် စည်ကားလာမယ့် အချိန်ကို စောင့်နေပြီးထိန်းသိမ်းထားမှာပါ”လို့ ဆိုလိုက်တဲ့ နှစ်ပေါင်း ၃၀ ကျော် ထန်းတက်ခဲ့တဲ့ ထန်းတက်သမားကြီး ဦးကြယ်နီရဲ့ မျှော်လင့်ချက်တွေ ပြည့်ပါ့မလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။ ။