အစိုးရ၊ တပ်မတော်၊ လွှတ်တော်မှ ထိပ်သီးခေါင်းဆောင် ၁၀ ဦးနှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်မှ ၁၆ ရက်ထိ နေပြည်တော်ရှိ ရွှေစံအိမ် ဟိုတယ်မှာ တွေ့ဆုံ၍ ခွဲမထွက်ရေးအပါအဝင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိစ္စများကို ဆွေးနွေးနေကြသည်။
အဆိုပါ တွေ့ဆုံပွဲကို ၁၀+၁၀ ဟုလည်း တင်စားထားပြီး အစိုးရဘက်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတပ်ချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ ဦးဆောင် တက်ရောက်ခဲ့ကြသည်။
လက်နက်ကိုင်များဘက်ကမူ NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့လုံးမှ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ပြီး မွန်ပြည်သစ်ပါတီ(NMSP) တဖွဲ့သာ ဥက္ကဋ္ဌ နေမကောင်း၍ ဒုဥက္ကဋ္ဌ နိုင်ဟံသာ တက်ရောက်သည်။
NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA)၊ ပအိုဝ်း အမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ ဖြစ်ကြသည်။
၁၀+၁၀ ထိပ်သီး ဆွေးနွေးပွဲလုပ်သည့် အောက်တိုဘာ ၁၅ ရက်သည် NCA လက်မှတ်ရေးထိုးခြင်း (၃) နှစ်ပြည့် နှစ်ပတ် လည်နေ့နှင့် တိုက်ဆိုင်သဖြင့် ကျင်းပချိန် နံနက် ၁၀နာရီမှ ၁၁နာရီအတွင်း လူစုံတက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ ကိုယ်စား KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့က အသီးသီး အမှာစကား ပြောခဲ့ကြသည်။
ထို့နောက် ၎င်းတို့ သုံးဦး သီးသန့် တွေ့ဆုံကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ဆွေးနွေးခဲ့ ကြပြီး နေ့လယ် ၁၁ နာရီမှ ၁၂ နာရီ ၂၀ မိနစ်အထိ ခေတ္တနားနေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၊ တပ်ချုပ်နှင့် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့ တဝိုင်း တည်း ထိုင်ကာ ရှမ်းပြည် ပြန်လည် ထူထောင် ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် ဒုဗိုလ်ချုပ်မှူး ကြီး စိုးဝင်းတို့ကလည်း အတူထိုင်ကာ စကားလက်ဆုံကြနေသည့် မြင်ကွင်းက ထူးခြားလှသည်။
ထိုသို့ ဒုတပ်ချုပ်နှင့် ဗိုလ်ချုပ်ကြီး ယွက်စစ်တို့၏ လက်ဖက်ရည်ဝိုင်းအတွင်း အပြန်အလှန် စကား ပြောနေခြင်းကို ကြည့်၍ ၁၀ + ၁၀ ထိပ်သီးဆွေးနွေးပွဲ ရလဒ်ကောင်းများ ထွက်နိုင်မည်ဟု တက် ရောက်သူများက ထင်ကြေးပေးခဲ့ကြသူများလည်း ရှိသည်။
တပ်မတော်နှင့် RCSS တို့အကြား ၂၀၁၅ ခုနှစ် NCA လက်မှတ်ထိုးချိန်မှစ၍ ၂၀၁၈ အထိ တိုက်ပွဲ ပေါင်း ၈၀ ကျော် ဖြစ်ပွားထားပြီး နယ်မြေကျော်လွန် လှုပ်ရှားသည်ဟုဆိုကာ အပြန်အလှန် ထောက်ပြ နေမှုများနှင့် ရင်ဆိုင်နေရသလို ခွဲမထွက်ရေးကိစ္စကလည်း RCSS အတွက် ကတိပြုပေးရန် အလွန် ခက်ခဲလှသည့် အချက်ဖြစ်နေခြင်းပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် RCSS သည် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်းလူမျိုး)ကို ယနေ့ တိုင် ကျင်းပနိုင်ခြင်း မရှိသေး၍ ရှမ်းလူထု၏ သဘောထားကိုရယူရန် လိုအပ်နေပြီး RCSS က လက်ခံရန် မဖြစ်နိုင်ဟုလည်း ပြောဆိုမှုများလည်း ရှိနေသလို၊ တပ်မတော်နှင့် RCSS တို့အကြား အဓိကဖြေရှင်းရန်ကိစ္စ သီးခြားရှိနေခြင်းကြောင့် ၁၀+၁၀ ထိပ်သီး ဆွေးနွေးပွဲ အပေါ် အများက မျက်ခြည်မပြတ် စောင့်ကြည့်နေကြသလို ဗိုလ်ချုပ်ကြီးယွက်စစ်၏ အခြေအနေကိုလည်း သိချင်နေကြ သည်။
သို့သော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုသည်က အချိန်နှင့် တပြေးညီ ပြောင်းလဲနေတတ်ရာ အဆင်ပြေသွား နိုင် ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲမှ ပုဂ္ဂိုလ်များက သုံးသပ်မှုများလည်း ထွက်ပေါ်နေသည်။
အများက အာရုံစိုက်နေကြသည့် အခြေအနေတွင် နေ့လယ် အစည်းအဝေး စတင်ချိန် ကာချုပ်နှင့် ဒုတပ်ချုပ်တို့ အစည်းအဝေး မတက်ဘဲ ပြန်သွားခဲ့သကဲ့သို့ ဗိုလ်ချုပ်ကြီးယွက်စစ်မှာလည်း နေပြည်တော်ရှိ တည်းခိုရာ ဟိုတယ်သို့ ပြန်သွားခဲ့ကြောင်း သိရသည်။
၎င်းတို့ သုံးဦး အစည်းအဝေး မတက်သည့်အပေါ် သတင်းမီဒီယာများ၊ နိုင်ငံရေး လေ့လာသုံးသပ်သူ များနှင့် ဆွေးနွေးပွဲ အတွင်း ပါဝင်သူပုဂ္ဂိုလ်များအကြား ဆွေးနွေးပွဲအခြေအနေမကောင်းဘူးဆိုသော သုံးသပ်မှုများရှိလာခဲ့သလို မတူညီသော ထင်ကြေးပေးမှုများလည်း ထွက်ပေါ်လာခဲ့သည်။
RCSS ကိုယ်စားလှယ်များကမူ ဗိုလ်ချုပ်ကြီးယွက်စစ်မှာ မနက်ပိုင်းတွင် အစားမှား၍ နေမကောင်း ချင်သည့်အတွက် ၁၀+၁၀ ဆွေးနွေးပွဲ မစတင်ခင်၊ နေ့လယ်ပိုင်း ထမင်းစားချိန် ကတည်းက ဟိုတယ် ပြန်ကာ အနားယူခြင်းသာ ဖြစ်ကြောင်း အစည်း အဝေး မတက်ရောက်ခြင်း မဟုတ်ကြောင်း၊ RCSS မှ အတွင်းရေးမှူး – ၃ ဗိုလ်မှူးကြီးစိုင်းငင်းကို တက်ရောက်ရန် တာဝန်ပေးခဲ့ခြင်းဖြစ်ကြောင်း ရှင်းသည်။
ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းက “ကျနော်တို့ မနက်မှာ ဥက္ကဌကြီး တက်ခဲ့ပါတယ်။ ကျနော်တို့ ၃ နှစ်မြောက် NCA လက်မှတ် ထိုးပွဲကို တက်ရောက်ခဲ့ပါတယ်။ ဆွေးနွေးဖို့အတွက်ကလည်း ဥက္ကဌကြီးက အတွင်းရေးမှူး-၃ ကို ကျနော်တို့ တာဝန်ပေး ထားပါတယ်”ဟု ပြောသည်။
ဗိုလ်ချုပ်ကြီး ယွက်စစ် ပထမနေ့ အစည်းအဝေး မတက်ရောက်ခြင်းကြောင့် အောက်တိုဘာ ၁၆ရက်နေ့ ပြုလုပ်မည့် ဒုတိယနေ့ အစည်းအဝေး တက်မည် မတက်မည် ဆိုသည်ကို စိတ်ဝင်စားမှု ပိုမိုမြင့် တက် လာသည်။
ထိုသို့ ထိပ်သီးဆွေးနွေးပွဲ၏ ပထမနေ့ အစည်းအဝေးကို ဗိုလ်ချုပ်ကြီးယွက်စစ် မတက်ရောက်ခဲ့ခြင်း သည် ဒုတိယနေ့ အစည်းအဝေးကို ရိုက်ခတ်မှု ရှိခဲ့ပြီး၊ တချို့ကလည်း NCA လက်မှတ်ထိုးခြင်း ၃ နှစ်ပြည့် အခမ်းအနားတွင် တပ်ချုပ် မိန့်ခွန်းမှ အချက်အချို့အပေါ် RCSS ဘက်မှ စိတ်ခုသွား၍ ဗိုလ်ချုပ်ကြီးယွက်စစ် အစည်းအဝေးတက်၊ မတက် မသေချာသေးဟု ဆိုကြသည်။
တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းတွင် “ RCSS (SSA) အဖွဲ့ဟာဆိုရင် နိုင်ငံရေးနဲ့ လုံခြုံရေး အကြောင်း ပြချက် အမျိုးမျိုးနဲ့ ပြောင်းလဲဖွဲ့စည်းလာတဲ့ ဦးခွန်ဆာခေါင်းဆောင်တဲ့ (MTA) အဖွဲ့က ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်နေ့မှာ အစိုးရထံ လက်နက်အပ်နှံပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာရာကနေ ဇန်နဝါရီလ အကုန် ပြန်လည်ခွဲထွက် တောခိုခဲ့ တဲ့ အဖွဲ့ဖြစ်ပါတယ်”ဟု ပြောဆိုခဲ့သလို “NCA စာချုပ်ကို သဘောတူလက်မှတ် ရေးထိုးထားပြီး နိုင်ငံရေး၊ လက်နက် အင် အား၊ လူအင်အား တည်ဆောက်မှု၊ သတ်မှတ်ပေးထားတဲ့ နယ်မြေထက် အဆများစွာကျော်လွန်ပြီး နယ်မြေတည်ဆောက် မှုတွေ ပြုလုပ်နေလို့ အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပဋိပက် ခများ ဖြစ်ပွားလျက်ရှိတာကို တွေ့ရပါတယ်။ NCA ကို တလွဲအသုံးမချဖို့ ပြောလိုပါတယ်။ တလွဲ အသုံးချရင် တိုင်းရင်းသား ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ် စည်းစိမ်ကို အကာအကွယ်ပေးဖို့ တာဝန်ရှိတဲ့ တပ်မတော်အနေနဲ့ လက်ပိုက် ကြည့်နေနိုင်မှာမဟုတ်ကြောင်း အသိပေးလိုပါတယ်”ဟု လည်း ဆိုခဲ့သည်။
သို့သော် RCSS ဘက်ကတော့ ဒီမိန့်ခွန်းအပေါ် တစုံတရာ မှတ်ချက်ပြုခြင်း မရှိပေ။
အမည်မဖော်လိုသူ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ တဦးကမူ ဗိုလ်ချုပ်ကြီး ယွက်စစ် အောက်တိုဘာ ၁၅ရက် နေ့လယ်အစည်းအဝေး မတက်ခြင်းမှာ တပ်ချုပ် မိန့်ခွန်းပါ အကြောင်းအရာ များနှင့် မဆိုင်ဘဲ တပ်မတော်နှင့် RCSS ကြား ဖြစ်နေသည့် စစ်ရေးပဋိပက္ခများကိစ္စကို ရှောင်လွှဲလိုခြင်းကြောင့် ဖြစ်နိုင်သည်ဟု ဆိုသည်။
“တပ်ချုပ် မိန့်ခွန်းကြောင့်တော့ မဆိုင်လောက်ဘူး။ ဒါပေမယ့် တပ်မတော်နဲ့ RCSS စစ်ရေးပဋိပက္ခ တွေ ဖြစ်နေတယ်။ ဒါကိုရှောင်ချင်တာ ဖြစ်မယ်။ ပုပ္ပါးမှာ လုပ်မယ်ဆိုကတည်းက သူက ငြင်းထား တာ။ KNU က တအားညှိပြီး ခေါ်လို့ လာ တက်တာလို့ ကြားရတယ်။ အဲဒီမှာတက်တော့ နေရာထိုင် ခင်း ပြင်ထားတာမှာ ထိပ်ဆုံးမှာ တပ်မတော်ဘက်က ထိပ်သီး ၂ ဦး၊ အစိုးရဘက်က ဒေါ်အောင်ဆန်း စုကြည်ပေါ့၊ တိုင်းရင်းသားဘက်က စောမူတူးစေးဖိုးနဲ့ နိုင်ဟံသာ ဖြစ်နေ တယ်။ ဦးယွက်စစ် မဟုတ် ဘူး။ ဒီအပေါ် သဘောမကျ ဖြစ်သွားတာလား မသိတာလည်း ဖြစ်နိုင်တာဘဲ”ဟု ၎င်းက ဆိုသည်။
ဗိုလ်ချုပ်ကြီးယွက်စစ် ထိပ်သီးအစည်းအဝေး ဆက်တက်ရေး၊ မတက်ရေး မသေချာ ဖြစ်နေကာ အမျိုးမျိုး ထင်ကြေးပေး နေမှုများမှာ အောက်တိုဘာလ ၁၆ ရက် အစည်းအဝေးသို့ ဗိုလ်ချုပ်ကြီး ယွက်စစ် တက်ရောက်လာသည့်အတွက် အဆုံးသတ်သွားခဲ့သည်။
အများ သတိမပြုမိသည့်အချက်မှာ အောက်တိုဘာလ ၁၅ ရက်က ဆွေးနွေးခဲ့သော အချက်များမှာ အောက်တိုဘာလ ၁၆ ရက်တွင် ဆွေးနွေမည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲမထွက်ရ Package အား ဖြေရှင်းကျော်လွှားနိုင်ရေးကိစ္စ၊ တခုတည်းသော တပ်မတော် ထားရှိရေးမူ ချမှတ်နိုင်ရေးကိစ္စ (Single Army) တို့ကဲ့သို့ အရေးကြီးသည့် အချက်များ မပါဝင်နေခြင်းပင် ဖြစ်သည်။
ယနေ့ ဆွေးနွေးပွဲတွင် ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ကာ ခွဲမထွက်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိစ္စ၊ တခုတည်းသော တပ်မတော် ထားရှိရေးမူ ချမှတ်ရေးကိစ္စတို့ကို ဆွေးနွေးနေပြီ ဖြစ်သည်။ တပ်မတော်ဘက်ကမူ ဒုတပ်ချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်သလို အစိုးရဘက်မှ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက် ဆွေးနွေးနေကြပြီဖြစ်သည်။