ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေ့၏ ၂၀၁၈ တိုကျို မဟာဗျူဟာ(Tokyo Strategy 2018) ကို အကောင်အထည် ဖော်ရာတွင် မြန်မာ အစိုးရက ကူညီမည် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂျပန် ဝန်ကြီးချုပ်ကို ကတိပြုခဲ့သည်။ Tokyo Strategy 2018 သည် အာရှတွင် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို စိန်ခေါ်ရန် ဂျပန်နိုင်ငံက မျှော်လင့်ထားသည့် ပူးပေါင်းဆောင်ရွက်ရေး ၃ နှစ် အစီအစဉ်တရပ် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် အပတ်အတွင်းက တိုကျိုတွင် ပြုလုပ်ခဲ့သော မဲခေါင်-ဂျပန် ၁၀ ကြိမ် မြောက် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်စဉ်အတွင်းတွင် ထိုသို့ ကတိပြုခဲ့ခြင်း ဖြစ်သည်။
“ဒါက ဂျပန်အတွက်ရော မဲခေါင် နိုင်ငံတွေ အတွက်ပါ အလွန်အကျိုးကျေးဇူး ဖြစ်ခဲ့တယ်ဆိုတာကို ကျမတို့ အားလုံး သဘောတူညီခဲ့ကြပါတယ်။ မြန်မာနိုင်ငံကိုယ်တိုင်က ၂ နိုင်ငံသဘောတူညီမှုနဲ့ ဆောင်ရွက်တဲ့ စီမံကိန်း ၆၀ ကျော်နဲ့ မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်ရေးရဲ့ အစိတ်အပိုင်းဖြစ်တဲ့ နိုင်ငံစုံ စီမံကိန်း ၁၀၀ ကျော်ကနေ အကျိုးအမြတ်တွေ ရရှိခဲ့ပြီး ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ထိပ်သီးအစည်းအဝေး အပြီးတွင် ပြုလုပ်သည့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
အောက်တိုဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက် တစောင်တွင် မြန်မာအစိုးရက ဗျူဟာသစ်၏ အောက်တွင် ကဏ္ဍအလိုက်ပူပေါင်းဆောင်ရွက်မှုကို ဆက်လက်ပြုလုပ်သွားရန် ကတိပြုခဲ့သည်။
ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး တရားဝင် အကူအညီ(Official Development Assistance)၏ ရံပုံငွေ ထောက်ပံ့မှုဖြင့် ၂၀၁၈ တိုကျို မဟာဗျူဟာ(၂၀၁၉-၂၀၂၁) တွင် စက်မှု ပေါင်းစည်းချိတ်ဆက်မှု အပါအဝင် ဒေသတွင်းပေါင်းစည်း ချိတ်ဆက်မှု မြှင့်တင်ရေးကဏ္ဍ(vibrant and effective connectivity )၊ လူသား အရင်း အမြစ်ဖွံ့ဖြိုးရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ပညာရေးနှင့် ဥပဒေရေးရာနှင့် တရားစီရင်ရေး ပူးပေါင်း ဆောင်ရွက်မှု အပါအဝင် ပြည်သူ အခြေပြု အသိုက်အဝန်း ထူထောင် ရေး ကဏ္ဍ(people-centered society) နှင့် သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး၊ ရေအရင်းအမြစ် စီမံခန့်ခွဲရေး နှင့် ရေထွက်ကုန် အရင်းအမြစ်များ ရေရှည်တည်တံ့အောင် အသုံးပြုရေး အပါအဝင် စိမ်းလန်းသော မဲခေါင်ဒေသ ထူထောင်ရေးကဏ္ဍ( Realization of a Green Mekong) တို့ပါဝင် မည်ဖြစ်ကြောင်း ကြေညာချက် အရသိရသည်။
ဂျပန် ဝန်ကြီးချုပ်က ဦးဆောင်၍ ၁၀ ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီး အစည်း အဝေးသို့ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နှင့် လာအိုနိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ ထိပ်သီး အစည်း အဝေးတွင် ဂျပန်နိုင်ငံက မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသ နိုင်ငံ ၅ ခုမှ စီမံကိန်း ၁၅၀ အတွက် ရံပုံငွေ ထောက်ပံ့ရန် ကတိပြုခဲ့သည်။
၂၀၁၈ တိုကျို မဟာဗျူဟာ အရ ခေါင်းဆောင်များက မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း ကို လုပ်ငန်း အစီအစဉ် ၃ ခုဖြစ်သည့် မဲခေါင်-ဂျပန် ပူးပေါင်း ဆောင်ရွက်ရေးနှင့် ရေရှည်ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ၂၀၃၀ အစီအစဉ်(Mekong-Japan Cooperation and the 2030 Agenda for Sustainable Development)၊ မဲခေါင်-ဂျပန် ပူးပေါင်း ဆောင်ရွက်ရေး နှင့် လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ် (Mekong-Japan Cooperation and Free and Open Indo-Pacific) နှင့် မဲခေါင်-ဂျပန် ပူးပေါင်း ဆောင်ရွက်ရေး နှင့် ဧရာဝတီ-ချောင်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဗျူဟာ(ACMECS) တို့မှ တဆင့် အကောင်အထည်ဖော်သွားရန် ခေါင်းဆောင်များက အောက်တိုဘာလ ၉ ရက်နေ့တွင် သဘောတူ ညီခဲ့ကြသည်။
မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်ရေးကို ၂၀၀၉ ခုနှစ်တွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် နှင့် ဂျပန်တို့က စတင်တည်ထောင်ခဲ့သည်။ ၎င်း၏ ရည်ရွယ်ချက်မှာ မဲခေါင်ဒေသ အတွင်းတွင် ဂျပန် ဖွံဖြိုး တိုးတက်ရေး အထောက်အကူပြု ရံပုံငွေ (Japan Development Assistance Fund) မှ တဆင့် လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်ရေး ရရှိရန် နှင့် ဆက်သွယ်ပေါင်းစည်းမှုကို မြှင့်တင်ရန် ဖြစ်သည်။
မဲခေါင်-ဂျပန် ပူးပေါင်း ဆောင်ရွက်ရေးနှင့် ရေရှည်ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ၂၀၃၀ အစီအစဉ် သည် ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကို ကျဉ်းမြောင်းစေရန်၊ ကျေးလက်ပြည်သူ အသိုင်းအဝိုင်းများအတွက် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု၊ ရေဆိုးထုတ် စနစ် စီမံခန့်ခွဲရေး၊ သိပ္ပံနှင့် နည်းပညာ ပူးပေါင်း ဆောင် ရွက်မှု၊ သန့်ရှင်းသောလေ၊ အရည်အသွေး ရှိသော အခြေခံ အဆောက်အဦး နှင့် ဆိုက်ဘာ လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုများကို အဓိက ထားသည်။
လက်ရှိ လုပ်ငန်းအစီအစဉ် ဖြစ်သည့် “၂၀၂၀ အစိမ်းရောင် မဲခေါင်သို့ ဆယ်စုနှစ် တခု A Decade Toward the Green Mekong” by 2020 ကို ၁၁ ကြိမ် မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်း အဝေးတွင် “၂၀၃၀ သို့ ရေရှည်ဖွံ့ဖြိုးရေး ရည်မှန်းချက်များအတွက် မဲခေါင်-ဂျပန် လုပ်ဆောင်ချက် Mekong-Japan Initiative for Sustainable Development Goals toward 2030” သို့ မြှင့်တင်ရန် ခေါင်းဆောင်များက သဘောတူညီခဲ့ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်
လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ် (Free and Open Indo-Pacific)သည် မဲခေါင်-ဂျပန် ပူးပေါင်း ဆောင် ရွက်ရေး၏ အဓိက ရည်မှန်းချက်များထဲမှ တခုဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာ၊ ပစိဖိတ် သမုဒ္ဒရာတို့နှင့် ဆက်နွယ် နေသော မဲခေါင် ဒေသအတွင်းတွင် တရားဥပဒေစိုးမိုးရေး၊ ရေကြောင်း လွတ်လပ်ရေး၊ လွတ် လပ်သော ကုန်သွယ်ရေး၊ ငြိမ်ချမ်းရေးနှင့် တည်ငြိမ်မှုတို့ ထူထောင်ရန် ဖြစ်ကြောင်း ကြေညာချက်က ဆိုသည်။
လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ် သဘောတူညီချက်အရ ဂျပန်နိုင်ငံက မြန်မာနိုင်ငံတွင် အဓိက စီမံကိန်း ၈ ခုကို အကောင်အထည်ဖော်ရန် မျှော်လင့်ထားသည် အများစုမှာ စီးပွားရေး အောင်မြင် ဖြစ်ထွန်းမှု မြှင့်တင်ရေးကို ဦးတည်သည်။
မြန်မာနိုင်ငံတွင် စီမံကိန်း ၂ ခုက စီစဉ်သည့် အဆင့်တွင် ရှိနေသည်။ ဒေသတွင်း ပေါင်းစည်းချိတ်ဆက်မှုကို တိုးမြှင့်ရန် အလေးပေးသည့် ထားဝယ်မြို့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း နှင့် နိုင်ငံတကာ လေကြောင်း ခရီးစဉ်များအတွက် လိုအပ်ချက်မြင့်မားလာခြင်းကို ပြည့်မီစေရန် အထောက်အကူ ဖြစ်စေမည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ရေးတို့ ဖြစ်သည်။
ထို့ပြင် လက်ရှိ အကောင်အထည်ဖော်နေသော စီမံကိန်း ၅ ခုရှိသည်။ သီလဝါ ဧရိယာမှ ဆိပ်ကမ်းတခု၏ စွမ်း ဆောင်ရည်ကို တိုးချဲ့ရန် ရည်ရွယ်သည့် သီလဝါ ဧရိယာ အဆင့်(၁) အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက် ရေး၊ ရဲတပ်ဖွဲ့ စီမံခန့်ခွဲရေး လေ့ကျင့်သင်တန်းပေးမှု အထူးသဖြင့် အဖွဲ့အစည်းဆိုင်ရာ စီမံခန့်ခွဲ့မှု နှင့် စုံစမ်း စစ်ဆေးရေး စွမ်းရည်များ အဆင့်မြှင့်တင်ခြင်းတွင် နည်းပညာ ပူးပေါင်းဆောင်ရွက်ခြင်း၊ မန္တလေး ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း နှင့် လက်ရှိ ရထားလမ်းနှင့် သက်ဆိုင်ရာ အဆောက်အဦးများကို ပြန်လည် ပြင်ဆင်မွမ်းမံခြင်းအားဖြင့် ရထားပို့ဆောင်ရေး စွမ်း ဆောင်ရည်ကို မြှင့်တင်ရန် ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ခြင်း တို့ ဖြစ်သည်။ ရန်ကုန်နှင့် မန္တလေးကြား ခရီးသွားလာရန် ကြာမြင့်ချိန်ကို ၁၅ နာရီမှ ၈ နာရီ သို့ လျှော့ချပေးလိမ့်မည် ဖြစ်သည်။
ဂျပန်နိုင်ငံက နိုင်ငံအဆင့် ပြတင်းတပေါက် စနစ် (National Single Window process ) မှတဆင့် စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလိုအလျောက် ကုန်စည် ရှင်းလင်းရေး စနစ်တခုကို စတင် ခြင်းအားဖြင့် အကောက်ခွန်စနစ် ခေတ်မီတိုးတက်ရေးကို လည်း အကူအညီပေးနေသည်။ အဆိုပါ ဆောင်ရွက်မှုများက ကုန်သွယ်ရေးကို မြှင့်တင်ရန် နှင့် သင့်တော်သော အကောက်ခွန်များ ကောက်ယူ နိုင်ရေး သေချာစေရန် ရည်ရွယ်ထားသည်။
နောက်ဆုံး အနေဖြင့် ကြေညာချက်အရ အရှေ့ အနောက် စီးပွားရေး စၾကၤံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၏ အဆင့် ၂ က ခြုံငုံလေ့လာသည့် အဆင့်တွင် ရှိနေသည်။ ထိုအဆင့်က ခရီးသွားလာချိန်ကို လျှော့ချနိုင်ရေး အတွက် လမ်းများကို အဆင့်မြှင့်တင်မည် ဖြစ်ပြီး ပတ်ဝန်းကျင် ဧရိယာများမှ စီးပွားရေးများကို တိုးမြှင့်ပေးနိုင် မည် ဖြစ်သည်။
ဧရာဝတီ-ချောင်ဖရား-မဲခေါင်
၂၀၁၉- ၂၀၂၀ ဧရာဝတီ-ချောင်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မာစတာ ပလန် ACMECS Master Plan 2019-2020 အရ ဂျပန်နိုင်ငံက မြန်မာနိုင်ငံမှ လမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းများကို ဦးစားပေးသည်။ အထူးသဖြင့် အရှေ့အနောက် စီးပွားရေး စၾကၤံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း တလျှောက်တွင် ဖြစ်သည်။
ACMECS Master Plan တွင် မြန်မာနိုင်ငံမှ စီမံကိန်း စုစုပေါင်း ၅၄ ခုပါဝင်သည်။ အများစုမှာ ၂၀၁၅ တိုကျို မဟာဗျူဟာ (Tokyo Strategy 2015) ၏ တစိတ်တပိုင်း အနေဖြင့် ၂၀၁၅-၁၈ အတွင်းတွင် ပြီးဆုံးခဲ့သည်။ အဓိက စီမံကိန်းများထဲမှ အချို့မှာ အရှေ့အနောက် စီးပွားရေး စၾကၤံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ New Thaketa ဆောက်လုပ်ရေး စီမံကိန်း၊ ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း၊ ရန်ကုန် မြို့ ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း၊ ရန်ကုန်မြေပုံရေးဆွဲရေး စီမံကိန်း နှင့် အမျိုးသားအဆင့် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေး စီမံကိန်းတို့ ဖြစ်ကြသည်။
ဆောင်ရွက်ဆဲ စီမံကိန်း ၆ ခုမှာ စာတိုက် ဝန်ဆောင်မှု စွမ်းဆောင်ရည်တိုးမြှင့်ရေး စီမံကိန်း၊ စာတိုက် ကွန်ရက်ကို အသုံးပြုသော e-money စနစ်တခု၊ တယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု၊ မြန်မာ အကျဉ်းထောင်အရာရှိများ ဂျပန်နိုင်ငံသို့ လေ့လာရေး ခရီးစဉ်များ သွာရောက်ခြင်း၊ ဆန်စပါး မျိုးကောင်း မျိုးသန့် မွေးမြူသည့် စနစ်ကို အဆင့်မြှင့်တင်ခြင်း နှင့် ကျယ်ပြန့်သည့် သဘာဝဘေးအန္တရယ် တုန့်ပြန်မှု စနစ် တခု ဖွံ့ဖြိုးတိုးတက်ရေး တို့ ဖြစ်သည်။
ကြေညာချက်အရ ကျောက်ဆည်တွင် လျှပ်စစ် ဓာတ်အားပေးစက်ရုံ တခု တည်ဆောက်ရေး စီမံကိန်းတခုကို စီစဉ်ထားပြီး ဖြစ်သည်။
ပြင်ဆင်ရေးအတွက် သုံးသပ်မှုများ ပြုလုပ်နေသည့် စီမံကိန်း ၂ ခုမှာ ရန်ကုန်မြို့ပြ အများပြည်သူသုံး ယာဉ်ဝန်ဆောင်မှုစနစ် Yangon Urban Mass Rapid Transit တည်ဆောက်ရေး စီမံကိန်း နှင့် ဂျပန်-မြန်မာ အောင်ဆန်း အသက်မွေး ပညာသင်ကျောင်း တည်ထောင်ရေး စီမံကိန်း ဖြစ်သည်။
ထိပ်သီး အစည်းအဝေးအတွင်းတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်က ဂျပန် ဝန်ကြီးချုပ် နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ သူက မြို့တွင်း ယာဉ်ကျော ပိတ်ဆို့မှု၊ ရေကြီး ရေလျှံမှု လျော့ကျ စေရေး၊ ရေဆိုး စွန့်ပစ်မှု စနစ်များ၊ ရန်ကုန်မှ လမ်းများနှင့် လူသွား စြင်္ကန်များ ကောင်းမွန်လာစေရေး စသည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် ယန်းငွေ ဘီလီယံ ၇၀ (အမေရိကန်ဒေါ်လာ ၆၁၈သန်း) ကျော် အတိုးနှုန်းနည်းပါးစွာဖြင့် ထုတ်ချေးပေးရန် ကတိပြုခဲ့သလို ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေး နှင့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများ ပြန်လည်နေရာချ ထား ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့သည်။
ပူးတွဲ ကြေညာချက်အရ ဂျပန်နိုင်ငံက ပြီးခဲ့သည့် ၃ နှစ် အတွင်းတွင် မဲခေါင် ဒေသတွင်း အခြေခံ အဆောက် အဦး အရည်အသွေး တိုးတက်ရေး အတွက် ယန်းငွေ ၇၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သိရသည်။
“မဲခေါင်ဒေသမှာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အောင်မြင်မှု အတွက် ကြီးမားတဲ့ အလားအလာရှိပါတယ်။ ကျနော်တို့ အနေနဲ့ ဒီဗျူဟာကို အနာဂါတ်မှာ အတူတကွ ချမ်းသာကြွယ်ဝ မှုကို အကောင်အထည်ဖော်ဖို့ အတွက် ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။” ဟု ရှင်ဇိုအာဘေ့က ထိပ်သီး အစည်းအဝေး အပြီးတွင် ပြုလုပ်သည့် ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မဲခေါင် နိုင်ငံများတွင် လုပ်ခလစာ ဈေးနှုန်းချိုသာသည့် လုပ်သားအင်အားထု ကြီးမားစွာ ရှိနေပြီး ကျယ်ပြန့် သော ဈေးကွက်တခု ဖြစ်သည့် တရုတ်နိုင်ငံနှင့် ထွန်းသစ်စ မဟာဈေးကွက်ကြီး ဖြစ်သည့် အိန္ဒိယ နိုင်ငံ တို့ကြားတွင် ဗျူဟာမြောက်စွာ တည်ရှိနေသည်ဟု ကျွမ်းကျင်သူများက ပြောကြသည်။ တရုတ် နိုင်ငံ၏ ရည်မှန်းချက် ကြီးမားလှသော Belt and Road Initiative ၏ တစိတ်တပိုင်း အနေဖြင့် မဲခေါင် နိုင်ငံများက ကြီးမားသော တရုတ် ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဆွဲဆောင်နေသည်။
ဘန်ကောက် Chulalongkorn တက္ကသိုလ် နိုင်ငံရေး သိပ္ပံ မဟာဌာန ရှိ Institute of Security and International Studies မှ တွဲဖက် ပါမောက္ခ Thitinan Pongsudhirak က “မဲခေါင် ဒေသမှာ ဂျပန် နိုင်ငံရဲ့ အခန်း ကဏ္ဍက မဲခေါင်နိုင်ငံတွေနဲ့ တရုတ်နိုင်ငံရဲ့ ကြား အပြန်အလှန် ဟန်ချက်တခုနဲ့ စည်းရိုးတခု ပေးတဲ့ နေရာမှာ အဓိက ကျပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မဲခေါင် ဧရိယာက တရုတ်နိုင်ငံ၏ တိုက်ရိုက် လောင်းရိပ်အောက်တွင် ရှိနေကြောင်း ကျွမ်းကျင်သူများက ပြောကြသည်။ ဒေသတွင်းတွင် တရုတ်နိုင်ငံမှ လွဲ၍ အင်အားကြီးနိုင်ငံက ဂျပန်သာလျှင် ရှိသည်။ အကယ်၍ ဂျပန်က ၎င်း၏ ပထဝီ နိုင်ငံရေး အားထုတ်မှုများကို အရှိန်မမြှင့်ခဲ့လျှင် မဲခေါင်ဒေသတွင်းတွင် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကသာ ကြီးထွားလာမည် ဖြစ်သည်။ အမေရိကန် နိုင်ငံက ပင်လယ်ရေကြောင်း လွှမ်းမိုးမှု အထူး သဖြင့် တောင်တရုတ်ပင်လယ်တွင် ကြီးမားစွာ ရှိနေသော်လည်း အရှေ့တောင်အာရှ ပင်မကုန်းမြေတွင် ရှိမနေပါ။ သြစတြေးလျနှင့် နယူးဇီလန် အပါအဝင် အခြား ပလေယာများရှိသော်လည်း သူတို့က တရုတ်နိုင်ငံ ကို တန်းတူ တုန့်ပြန်မှု ပေးနိုင်ခြင်း မရှိကြပါ။
“ မဲခေါင် နိုင်ငံတွေအတွက် ဂျပန်ရဲ့ ဗျူဟာသစ်က ပထဝီနိုင်ငံရေးဗျူဟာကို ထင်ထင်ရှားရှား အဆင့်မြှင့် တင်ဖို့ ဖြစ်ပါတယ်။ ဂျပန်က အရှေ့တောင် အာရှ ပင်မကုန်းမြေမှာ သူ့ရဲ့ အခန်းကဏ္ဍကို မြှင့်တင်ချင်တယ် ဆိုတာထင်ရှားပါတယ်။ အရေးပါတဲ့ ဒီဒေသခွဲကို ဂျပန်က တရုတ်လက်မှာ အဆုံးခံမှာ မဟုတ်ပါဘူး” ဟု Thitinan Pongsudhirak က ပြောသည်။
(အင်္ဂလိပ်ဘာသာဖြင့် Suu Kyi Commits to Japan’s ‘Tokyo Strategy 2018’ Development Plan တွင် ဖတ်ပါ။)