သီတင်းကျွတ် ရောက်ပြီဆိုလျှင် ကိုးခရိုင်သားတို့ ပျော်ရွှင်ကြရသည့် ပွဲတော် တခုကို မြန်မာနိုင်ငံ အလယ်ပိုင်း ကျောက်ဆည် မြို့တွင် ကျင်းပလေ့ ရှိသည်။
ကျောက်ဆည်မြို့၊ ဈေးတန်း ရပ်ကွက် ရွှေသာလျောင်း တောင်ခြေ၊ ရွှေမုဌောဘုရား အနီး ကွင်းပြင်မှာ နှစ်စဉ် ကျင်းပမြဲ ဖြစ်သည့် မြန်မာနိုင်ငံ၏ တခုတည်းသော ဆင်ပွဲတော်ပင် ဖြစ်သည်။
ကျောက်ဆည်မြို့က သီတင်းကျွတ် ဆင်ပွဲတော်သည် တကျောင်း တဂါထာ၊ တရွာ တပုဒ်ဆန်း ဆိုသည့် အတိုင်း ရိုးရာ ပွဲတော်များ အနက် အလွန် ထင်ရှား ထူးခြားသည့် ပွဲတော်တခုလည်း ဖြစ်သည်။
ဆင်ပွဲတော် ဆိုသည်မှာ သီတင်းကျွတ် လပြည့်နေ့တွင် အနော်ရထာမင်းကြီး တည်ထား ကိုးကွယ်တော်မူသည့် ရွှေသာ လျောင်း စေတီတော်ကို ဆွမ်းတော်ကြီး ကပ်လှူပူဇော်စေပြီး အဓိဋ္ဌာန်ဖြင့် ဗုဒ္ဓမြတ်စွယ်တော် တင်ဆောင်ခဲ့ သည့် ဆင်မ ယဉ်သာကိုပါ အမှတ်တရ ရှိစေရန် အတွက် ဘုရားတွင် မုန့်ဆင်ရုပ်လေးများ ပြုလုပ်ကာ လှူဒါန်း ပူဇော်စေခဲ့ရာမှ အစပြုပြီးနောက် လူထမ်းဆင် ဖြစ်လာသည်ဟု သိရသည်။
ထိုကဲ့သို့ ထမ်းဆင်မှ အစပြုခဲ့ရာက မြေနင်းဆင်၊ မြေနင်းဆင်မှသည် ယခု မျက်မှောက်မြင်တွေ့နေရသည့် လက်ရာ မြောက်လှသော ဘော်ကြယ်ဆင်များ အထိ ပြောင်းလဲ တိုးတက်ခဲ့သည်။
ကျောက်ဆည် ဆင်ပွဲတော်တွင် ဆင်ပြိုင်ပွဲ ထည့်သွင်းခဲ့သည်မှာ နှစ် ၄၀ ကျော် ရှိပြီး ဆင်ပြိုင်ပွဲ စတင်ဖြစ် ပေါ်လာစေ ရန် စွန့်ဦး တီထွင်ခဲ့သူမှာ ကျောက်ဆည် ဆူးကုန်းရပ်မှ မဏ္ဍပ်ဆရာကြီး ဦးငယ် ဖြစ်ကြောင်း၊ ထမ်းဆင်ရုပ် စတင် တီထွင်ခဲ့ပြီး ၁၉၂၅ ခုနှစ်မှ စ၍ ဆင်ရုပ်အတွင်း လူဝင်၍ ကရသည့် ဆင်ကို တီထွင် ဖန်တီးခဲ့ကြောင်း၊ ထမ်းဆင်၏ သက်တမ်းသည် နှစ်ပေါင်း ၁၄၀ ကျော်ရှိနေပြီ ဖြစ်သလို လူဝင်၍ ကရသည့် ဆင်၏ သက်တမ်းမှာ နှစ်ပေါင်း ၉၀ ကျော် ပြီ ဟု သိရသည်။
ကျောက်ဆည်မြို့၏ ဆင်အလှူပွဲတော်သည် သီတင်းကျွတ်လတွင် ကျင်းပသော်လည်း ဝါမဝင်ခင် အချိန်ကတည်းက ပွဲတော်တွင် ကပြရန် ဆင်ရုပ်များကို အပြိုင်အဆိုင် ချိုးကာ ပြင်ဆင်ထားကြရခြင်း ဖြစ်သည်။
သီတင်းကျွတ်လ ရောက်ရှိပြီး ပွဲတော်ကာလ ရောက်ပြီဆိုလျှင် ကျောက်ဆည် ခရိုင်အတွင်းရှိ ကျေးရွာများမှ ဆင်ပြိုင်ပွဲ ဝင်ရောက်မည့် အဖွဲ့များသည် ဆင်ပြိုင်ပွဲ ပြုလုပ်ရာ ရွှေသာလျောင်း တောင်ခြေကွင်း အတွင်း ရောက်ရှိလာပြီး အလှည့် ကျ ယှဉ်ပြိုင် ဖျော်ဖြေမှုများကို ပြုလုပ်ကြသည်။
ထိုသို့ ယှဉ်ပြိုင်ရာ၌ ပြိုင်ပွဲဝင် ဆင်များသည် ဘုရားဝတ္တကမြေ ဖြစ်သည့် ကျောက်ဆည်မြို့မ ဈေးကြီးကိုလည်း သုံးပတ် ပြည့်အောင်ပတ်ရပြီး တပတ် ပတ်ပြီးတိုင်း ဈေးထိပ်တွင်ရှိသည့် ဘုရားကို ဦးတိုက်ရသည်။
ထို့နောက် ဈေးပတ်လည်နေရာ သတ်မှတ် ဒိုင်ခုံ အသီးသီး ဖြစ်သည့် ခုံ(၁)ရွှေသာလျောင်းတောင်ခြေ ဆင်ပြိုင်ကွင်း၊ ခုံ(၂) ရန်ကုန်-မန္တလေးလမ်း လက်ပြတိုင် မီးပွိုင့်၊ ခုံ(၃)လေးမျက်နှာပွဲခင်း အရှေ့ထိပ်တို့တွင် ဝင်ရောက် ယှဉ်ပြိုင်ကြရ သည်။
ဆင်ကရာ၌ ဘုရားကန်တော့၊ နတ်ပင့်၊ ဆင်ကြိမ်း၊ လေးခင်း၊ အရိုင်အက၊ ရိုးရာဗုံထောက် စသည်ဖြင့် သမားစဉ် အတိုင်း ကပြ ပြိုင်ပွဲဝင် ရသည်။
ရှေးယခင်က ဆင်အဖွဲ့များသည် ရှိရင်းစွဲ မြန်မာသံ သီချင်းများဖြင့်သာ ကပြဖျော်ဖြေ ပြိုင်ပွဲဝင်ခဲ့ကြရာက ယခုအခါ ကိုယ်ပိုင်မြန်မာသံစဉ် သီချင်းများဖြင့်လည်း ဖျော်ဖြေလာကြသလို ဆင်ပြိုင်ပွဲ နေ့ရက်တွင် တဖွဲ့နှင့် တဖွဲ့ အပြိုင်အဆိုင် ရုပ်ရှင် ဗီဒီယိုသရုပ်ဆောင်များ၊ အဆိုတော်များကိုလည်း ငှားရမ်း ထည့်သွင်း ဖျော်ဖြေမှုများ ပြုလုပ်လာကြသည်။
ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှု အနေဖြင့် ရိုးရာဆင်၊ အရိုင်းဆင်၊ အလှဆင် (ဘော်ကြယ်ဆင်) စသဖြင့် သတ်မှတ်ထားပြီး ရှေး ယခင်က လှည့်လည်ကပြ ပူဇော်ပြီးသည့် ဆင်များကို တောင်ပေါ်တက် စွန့်ပစ်ခဲ့ကြကာ ယခုအခါ ဆင်တကောင်၏ တန်ဖိုး မြင့်မားလာခြင်းကြောင့် ဆင်အဖွဲ့များက စွန့်ပစ်ခြင်း မပြုတော့ဘဲ ပြန်လည် သိမ်းဆည်းလာကြသည်။
ဆင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် အချိန်၊ လူအင်အား၊ ငွေကြေးနှင့် ပညာရှင်များ စုပေါင်း ပါဝင်ရပြီး ခေတ် ကာလ အခြေအနေ အရ ဆင်တဖွဲ့၏ ကုန်ကျစရိတ်မှာ ကျပ်သိန်း ၁၀၀ ခန့် ကုန်ကျမှုရှိသည်ဟု ဆိုသည်။
ဆင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြသည့် ဆင်အဖွဲ့များ၏ ဖျော်ဖြေ ယှဉ်ပြိုင်မှုများ အနက် ရိုးရာဆင် (အရိုင်းဆင်)ကို ဆင် ဦးစီးက ချွန်းဖြင့် ယဉ်အောင်ပြုသည့် ကကွက်ကို လူကြိုက်အများဆုံး ဖြစ်သည်။
အရိုင်းဆင်က ဆင်ဦးစီးကို လိုက်လံ ရန်ပြု၊ ဆင်ဦးစီးကလည်း ရှောင်တိမ်းရင်း ချွန်းဖြင့် အုပ်ဖို့ ကြိုးစား၊ ထို့နောက် ဆင်ရိုင်း သည် ယဉ်သွားပြီး ဆင်ဦးစီးရဲ့အောက်သို့ ရောက်သွားပုံ၊ ဆင်ဦးစီးရဲ့ ဦးဆောင်မှုအောက် အယဉ်အကကို မြိုင်မြိုင် ဆိုင်ဆိုင် ပြန်လည် တီးမှုတ် ကခုန်ကြပုံများကို အဆင့်ဆင့် သရုပ်ဖော်ကပြပြီး ယှဉ်ပြိုင်ကြရခြင်း ဖြစ်သည်။
ကျောက်ဆည် ခရိုင်အတွင်း၌ ကျေးရွာ ၉၆ ရွာရှိပြီး ယခင်က ခရိုင်အတွင်းရှိ ကျေးရွာများမှ ဆင်အဖွဲ့များ ပါဝင် ယှဉ်ပြိုင် ခဲ့ကြသော်လည်း ယခုအခါ ပြိုင်ပွဲဝင် စရိတ် ကြီးမြင့်မှုကြောင့် ကျေးရွာရိုးရာဆင်များ အနေဖြင့် ဖွင့်ပွဲသာ တက်ရောက်ကြ ကာ ဖွင့်ပွဲပြီးလျှင် မြို့တွင်း၌ လှည့်လည် ဖျော်ဖြေကြတော့သည်။
ကျေးရွာများမှ ဆင်ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မှုမှာ၂၀၀၄၊ ၂၀၀၅ ခုနှစ်ခန့်မှ စတင် လျော့နည်းလာပြီး ဆင်ပြိုင်ပွဲသို့ မြို့ပေါ် ပုဂ္ဂလိက ဆင်များ ပါဝင်လာမှုနှင့် အတူ မြို့ပေါ် ပုဂ္ဂလိက ဆင်များက ဆင်ကသူ၊ ဆိုင်းဝိုင်းတီး သူတို့အား အပြိုင်အဆိုင် ငှားရမ်းမှုများ ပြုလုပ်၍ ပြိုင်ပွဲဝင်ကြရာ ကျေးရွာဆင်အဖွဲ့များ အနေဖြင့် ရန်ပုံငွေ အားနည်းသည့် အတွက် ဆုတံဆိပ်ရရှိမှု နည်းပါးလာခြင်းကြောင့် ကျေရွာ ဆင်အဖွဲ့များ ပါဝင် ယှဉ်ပြိုင်ခြင်း မရှိတော့ကြောင်း သိရ သည်။
ယခုအခါ ကျေးရွာဆင် အဖွဲ့များ ဝင်ရောက် ယှဉ်ပြိုင်မှု နည်းပါးလာခြင်းကို ပြိုင်ပွဲ ကျင်းပရေး ကော်မတီ အနေဖြင့် ကျေး ရွာ ဆင်များပါ ဝင်ရောက် ယှဉ်ပြိုင်နိုင်စေရန် အတွက် လုပ်ဆောင်ပေးနိုင်မည် ဆိုပါက ပို၍ စည်ကားသော ပွဲတော် ဖြစ် လာနိုင်မည်ဟု ဆင်အဖွဲ့များက အကြံပြု ပြောဆိုသည်။
ယခင် ပြိုင်ပွဲ စတင်ကျင်းပစဉ် အချိန်က ကျောက်ဆည် ခရိုင် အတွင်းရှိ ကျေးရွာများ အားလုံးနီးပါး ဝင်ရောက် ယှဉ်ပြိုင် ခဲ့ ကြပြီး ညိုချော၊ ရွှေဝါမောင်၊ ရွှေစဉ်မောင်၊ ရတနာဦး၊ စောလူးမောင် စသည့် ဆင်များမှာ နာမည်ကြီး ပြိုင်ပွဲဝင် ဆင်များ ဖြစ်ခဲ့ကြောင်း၊ ဆင်ပြိုင်ပွဲ ပြုလုပ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ တရွာနှင့် တရွာ ချစ်ခင်ရင်းနှီးမှုကို အခြေခံ ကာ ဝါသနာ ဖြင့် ယှဉ်ပြိုင်ခြင်းမျိုး ဖြစ်ကြောင်း သိရသည်။
ယခုအခါ ရိုးရာဆင် ပြုလုပ်ခ တကောင်လျှင် အနည်းဆုံး ငွေကျပ် ၃ သိန်းခွဲ ဝန်းကျင်၊ ကလေးဆင် ၁ သိန်းခွဲ၊ ဘော်ကြယ် ဆင်မှာ အနည်းဆုံး ငွေကျပ် ၁၁ သိန်းခန့်ရှိပြီး အလှဆင်မှု အတွက် သုံးလျှင်သုံးသရွေ့ ကုန်ကျလေ့ ရှိသည်။
၂၀၀၈ ခုနှစ် နောက်ပိုင်းမှစ၍ ကျောက်ဆည် ခရိုင် အတွင်းရှိ ကျေးရွာ ကိုယ်စားပြု ဆင်အဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်မှု တဖြည်းဖြည်း လျော့နည်းလာခဲ့သလို လက်ရှိ ဆင်ချိုး ပညာရှင် အနေဖြင့်လည်း ဦးဝင်း၊ ဦးသိန်းနိုင်ဦး၊ ဦးသိန်းအောင်၊ ဦးဇော်ဝင်း၊ ဦးဇော်သင်း၊ ဦးရွှေအိုး တို့သာ ရှိကြောင်း သိရသည်။
ယခုအခါ ဆင်ပြိုင်တွင် ဝင်ရောက် ယှဉ်ပြိုင်မှုတွင် ရိုးရာ ကလေးတန်း၌ ဝဏ္ဏသူရ၊ မင်းဇာနည်၊ ခန့်မှူးပိုင်၊ ဇာနည်မောင်၊ မျိုးချစ်ရင်သွေး၊ မင်းကျန်စစ်၊ အေးချမ်းမြန်မာ၊ ရိုးရာ အကြီးတန်း၌ ပိတောက်မြိုင်၊ လှယဉ်ကျေး၊ ပြည့်အားမာန်၊ ဒို့ညီနောင်၊ ဇာတိသွေး၊ မျိုးဆက်သစ်၊ မြင်စိုင်း ဇာနည်၊ မင်းမင်းနိုင်၊ မြတ်ဂုဏ်ရောင်၊ လှရွှေဆည်၊ နောက်တိုး၊ ဇာနည်ဘွား၊ ရဲထက်အောင်၊ ဘော်ကြယ်တန်းတွင် ဉာဏ်လင်းထက်၊ ရွှေမြန်မာ၊ ဧရာမိုး၊ မိုးဇော်၊ ရွှေဧရာ၊ ရွှေဇင်မောင်၊ ဇာတိမာန်၊ မင်းမြန်မာ၊ သဘာဝ ဆင်ပြိုင်ပွဲ၌ ပဏ်၊ ဂရုဏာရှင်၊ မင်းရွှေဆည်တို့ ဖြစ်ပြီး သက်ကြီး ဆင်တကောင် ဖြစ်သည့် နွဲ့ဆိုး ဆင်သည် သက်တမ်း ၇၀ ရှိပြီ ဖြစ်ကာ ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုတော့ဘဲ ဖျော်ဖြေရေး သက်သက်သာ ကပြတော့သည်။
ယခင်နှစ် ၁၃၈၀ ပြည့်နှစ် ဆင်ပြိုင်ပွဲတွင် ရိုးရာ အငယ်တန်း၊ ဘော်ကြယ်ဆင်၊ ရိုးရာအကြီးတန်း စုစုပေါင်း ၂၃ စီး ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ယခုနှစ် ဆင်ပြိုင်ပွဲကို အောက်တိုဘာ ၂၃ ရက် (သီတင်းကျွတ် လဆန်း၁၄ ရက်)တွင် ကျောက်ဆည်မြို့ ရှိ ဆင်ပြိုင်ကွင်း အတွင်း၌ ကျင်းပ သွားမည်ဖြစ်ပြီး ရိုးရာ အငယ်တန်း ၄ စီး ၊ ဘော်ကြယ်ဆင် ၄ စီး ၊ ရိုးရာအကြီးတန်း ၉ စီး၊ သဘာဝဆင် ၃ စီး ပါဝင် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
မုန့်ဖြင့် ပြုလုပ်သည့် ဆင်ရုပ်လေးများဖြင့် ပြုလုပ် လှူဒါန်းရာကစပြီး အစပြုခဲ့သည့် ဆင်ပွဲတော်သည် ကိုးခရိုင်သားများ တန်ဖိုးထား မြတ်နိုးကြပြီး ဆင်ပွဲနီးလာပြီ ဆိုလျှင်ဖြင့် နယ်ဝေးသို့ ရောက်ရှိနေသည့် ကျောက်ဆည်သား စစ်စစ် ကိုးခရိုင် သားများသည် မဖြစ်မနေ ပြန်လာကြမြဲဖြစ်သည်။
ထိုနေ့သည်ကား ဆင်ပွဲကျင်းပသည့် သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့ ဖြစ်ပြီး ကျောက်ဆည် ဆင်အလှူပွဲသည် ကျောက် ဆည်မြို့ပေါ်တွင် သာမက ကျောက်ဆည် တနယ်လုံးရှိ ကျေးရွာများကပါ လာရောက် ဆင်နွှဲလေ့ ရှိသည့် ပွဲတော်ကြီး တခု ဖြစ်သည်။
ဆင်ပွဲနေ့တွင် အနယ်နယ်အရပ်ရပ်က လာရောက်ကြသူများ၊ နိုင်ငံခြားသား ဧည့်သည်များ၊ မြို့ခံများဖြင့် ကျောက်ဆည် မြို့သည် အလွန်စည်ကားနေပြီး နံနက် ၉ နာရီ ကျော်က စတင်ခဲ့သည့် ဆင်ပွဲသည် ည ၁၀ နာရီ နောက်ပိုင်း ပြိုင်ပွဲဝင်ဆင်များ ဆု ကြေညာပြီးသည် အထိ စည်ကားလျက်ရှိသည်။
သီတင်းကျွတ် လပြည့်နေ့ နံနက်တွင် မြို့သူမြို့သားများ၊ ဆင်အဖွဲ့များသည် ရွှေသာလျောင်း တောင်ထိပ်၌ ရှိသည့် ရွှေသာလျောင်း စေတီတော်မြတ်ကြီးကို ရွှေဆင်ရုပ်၊ ငွေဆင်ရုပ်များဖြင့် လက်ျာရစ် သုံးပတ် လှည့်လည် ပူဇော်ကြပြီး ဆွမ်းတော်ကြီး ကပ်လှူပူဇော်ကာ လယ်တွင်းကိုးခရိုင် အဖြစ် သတ်မှတ်ဖော်ဆောင်ပေးခဲ့သည့် မင်းမြတ် အနော်ရထာ နှင့် ဆင်မယဉ်သာတို့၏ ကျေးဇူးကို ဆပ်သောအားဖြင့် ရည်စူး ကုသိုလ်ပြု အမျှပေးဝေ ကြကြောင်း သိရသည်။
ထိုကဲ့သို့ သက်ရှိ ထင်ရှားမရှိတော့သည့် မင်းတပါးအား နှစ်ပေါင်းများစွာ ကြာသည်အထိ ကျေးဇူးကို အထူးသိမှတ်ကာ ကုသိုလ် ကောင်းမှုပြုလုပ် အမျှအတန်း ပေးဝေခြင်းမှာ ကျောက်ဆည် ဆင်အလှူပွဲတော်၏ အဓိကကျသော အနှစ်သာရ တခုပင် ဖြစ်သည်။
ဆင်ပွဲတော်၏ သမိုင်းအစသည် အနော်ရထာမင်းကြီးသည် သက္ကရာဇ် ၃၇၉ ခုနှစ်က သီဟိုဠ်ဘုရင် ဓာတုသေနမင်းက ပေး လှူခဲ့သည့် ဂေါတမ မြတ်စွာဘုရား၏ လက်ဝဲ အောက်စွယ်တော်နဲ့ စွယ်တော်ပွားများကို ဆင်ဖြူတော်ပေါ် တင်လှူ အဓိဋ္ဌာန် ပြုပြီး လွှတ်တော်မူခဲ့ရာ ဆင်ဖြူတော်သည် ပုဂံ ရွှေစည်းခုံ၊ တန့်ကြည်တောင်၊ လောကနန္ဒာ၊ ကျောက်ဆည် ရွှေ သာလျောင်းတောင်နှင့် ခရွှေတောင် (ပြက္ခရွှေတောင်)များ၌ ဝပ်ခဲ့သည်။
ထို စွယ်တော်ပွားများ တင်လှူခဲ့သည့် ဆင်ဖြူတော်ဝပ်ခဲ့သော နေရာ ဌာနများတွင် အနော်ရထာမင်းကြီးက စွယ်တော် ပွား များကို ဌာပနာပြီး စေတီတော်များ တည်ထားခဲ့သည်။
ဆင်ဖြူတော် ဝပ်ရာ ရွှေသာလျောင်းတောင်ပေါ်၌ အနော်ရထာမင်းကြီး တည်ထားခဲ့သည့် စေတီတော်တွင် နှစ်စဉ် သီတင်း ကျွတ် ရောက်တိုင်း ကိုးခရိုင်သူ၊ ခရိုင်သားများက ရတနာဆင်ရုပ်များ လှူဒါန်းခြင်း၊ ဆွမ်းကပ်လှူခြင်း စသည် တို့ ပြုလုပ်လေ့ရှိပြီး လှူဒါန်းသူများက ကောက်ပဲသီးနှံများ ဖွံ့ဖြိုး၍ စီးပွားရေးအောင်မြင်ကာ အသက်ရှည်စွာ နေနိုင်စေ ကြောင်း အဓိ ဋ္ဌာန်ပြု ဆုတောင်းကြသည်။
ကျောက်ဆည်မြို့ကို ပုဂံခေတ်ကတည်းက အနော်ရထာမင်းကြီးက တည်ထောင်ခဲ့ပြီး အမြင့် ၉၇၅ ပေရှိ ရွှေသာ လျောင်း တောင်ခြေတွင် တည်ထားသော မြို့တမြို့ဖြစ်ကာ လယ်တွင်းကိုးခရိုင် အတွင်းပါရှိသည့် မြို့လည်း ဖြစ်သည်။
အနော်ရထာ မင်းကြီးသည် ကျောက်ဆည်ကို လယ်တွင်း ကိုးခရိုင် အဖြစ် သမုတ်ခဲ့ပြီး မြို့တွင်း၌ ဇော်ဂျီမြစ်၊ ဇီးတော ဆည်၊ မင်းရဲမြောင်း၊ တမုတ်မြောင်း စသည့် မြစ်၊ ချောင်းများလည်း ရှိသလို အနော်ရထာမင်း လက်ထက်က ဆည် မြောင်း တည်ဆောက်ရာ၌ ကျောက်သားများဖြင့် ထုဆစ် ဆောက်လုပ်ခဲ့ရခြင်းကြောင့် ကျောက်ဆည်မြို့ဟု ခေါ်ဆိုခဲ့ ကြောင်း သိရသည်။
အနော်ရထာမင်းကြီးက ကျောက်ဆည်နယ်တွင် ဆည်များ၊ မြောင်းများ အများကြီး တူးဖော် တည်ဆောက်ပေးခဲ့သဖြင့် ရေ သယံဇာတ ပေါကြွယ်ဝကာ လယ်တွင်း ကိုးခရိုင်၏ စိုက်ပျိုးရေး လုပ်ငန်းများ အဆင်ပြေ ကောင်းမွန်ခြင်းများ ကြောင့် မင်းကြီး၏ ကျေးဇူးတရားများကို အောက်မေ့ သတိရသည့် အနေဖြင့် ဆင်အလှူ ပွဲတော်ကို ပြုလုပ်ကြခြင်းပင် ဖြစ် သည်။ ။