အပေါ်ဖြူ၊ အောက်ဖြူ တူညီဝတ်စုံ ဝတ်ဆင်ထားကြသည့် ဝတ်ဖြူတော်အသင်း တခုသည် အဖိတ်နေ့တိုင်း မြို့အတွင်း ကို အလှူခံ လှည့်လည်ရာ ယခင်နှစ်များနှင့် မတူဘဲ ပိုမိုတက်ကြွနေသည်။
ယင်းသို့ တက်ကြွနေကြခြင်းမှာ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်များထဲမှ အစဉ်အလာ အကြီးမားဆုံးနှင့် အစည်ကားဆုံး ဖြစ်သည့် နှစ် ၁၀၀ ပြည့် ပျဉ်းမနား နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲကို ဖြတ်သန်းရန် ကြိုးစားနေရခြင်းကြောင့် ဖြစ်သည်။
ယခုနှစ်သည် နှစ်ပေါင်း ၁၀၀ တိုင်ခဲ့သည့် ပျဉ်းမနား နှစ်ကျိပ်ရှစ်ဆူ ရာပြည့်ပွဲတော် ကျင်းပမည့် နှစ်ဖြစ်ပြီး မြန်မာနိုင်ငံရှိ နှစ်ကျိပ် ရှစ်ဆူသော ဘုရားပွဲတော်များထဲမှ ပျဉ်းမနားမြို့တွင် ကျင်းပခြင်း၏ ထူးခြားချက်မှာ သီတင်းဝါလကျွတ် နှစ်ကျိပ် ရှစ်ဆူ လှည့်လည် အပူဇော်ခံပွဲ ကျင်းပခြင်းမျိုး မဟုတ်ဘဲ၊ ဝါတွင်းကာလ ၁၃ ပတ်လုံးကို မြို့တွင်းနှင့် နီးစပ်ရာ ဒေသများသို့ အသံချဲ့ စက်များဖြင့် လှည့်လည် အလှူခံခြင်းပင်။
ဝတ်ဖြူတော် အသင်းအလိုက် လှည့်လည်အလှူခံရာတွင် အသက် ၅ နှစ် အရွယ်မှစ၍ အသက် ၇၀ ကျော်အထိ တူညီဝတ်စုံ အဖြူရောင်များ ဆင်မြန်း၍ တန်းစီလမ်းလျှောက်၍ မြို့တပတ်လုံး အလှူခံခြင်း ဖြစ်သည်။
ပျဉ်းမနားမြို့သည် မြို့ပေါ်ရပ်ကွက် ၈ ခု၊ ကျေးရွာပေါင်း ၁၄၀ ကျော်ဖြင့် ဖွဲ့စည်းထားပြီး အိမ်ထောင်စုပေါင်း ၃ သောင်းကျော်၊ လူဦးရေပေါင်း ၇ သောင်းကျော် နေထိုင်လျက်ရှိသည်။
ဘုန်းကြီးကျောင်း ၁၉၇ ကျောင်း၊ ဗလီ ၁၃ ခု၊ ခရစ်ယာန် ဘုရားကျောင်း ၄ ခု၊ ဟိန္ဒူဘုရားကျောင်း ၁ ကျောင်း ရှိသဖြင့် ဘာသာပေါင်းစုံ နေထိုင်သည့် မြို့ တမြို့လည်း ဖြစ်သည်။
ဘာသာရေးပွဲတော်များ ကျင်းပရာတွင်လည်း ဘာသာရေး ခွဲခြားမှု မရှိဘဲ၊ စည်းလုံးညီညွတ်ကြပြီး ပျဉ်းမနားတွင် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ မဖြစ်ပွားခြင်းက ဘာသာပေါင်းစုံ ညီညွတ်မှု၏ ပြယုဂ်တခု ဖြစ်နေသည်။
ရှေ့တွင် ပွင့်ခဲ့သည့် အဆူဆူသော ဘုရားများကို ကမ္ဘာနှင့် ပိုင်း၍ သတ်မှတ်ခဲ့သဖြင့် နှစ်ကျိပ်ရှစ်ဆူဟု ခေါ်ဝေါ်ခြင်း ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀၊ ၁၉၁၈ ခုနှစ်ကတည်းက အဘိုးအဘွားများ စတင်ခဲ့ကြသော ယဉ်ကျေးမှု အမွေတခု ဖြစ်ခဲ့ သည့် ၂၈ ဆူသော ဘုရားများ လှည့်လည် အပူဇော်ခံသော ရိုးရာဓလေ့ကို ဗုဒ္ဓဘာသာဝင်များ လက်ဆင့်ကမ်း ထိန်းသိမ်း ခဲ့ကြခြင်း ဖြစ်သည်။
ပျဉ်းမနားမြို့ ဝတ်ဖြူတော် အသင်းတသင်းလျှင် အသင်းသားဦးရေ ၂၀၀ မှ ၃၀၀ ကြားရှိပြီး အဖိတ်နေ့ အလှူခံထွက် ရာတွင် အားလုံးနီးပါး ပါဝင်ဆင်နွှဲကြကြောင်း၊ ဝါတွင်းကာလတွင် ရရှိထားသည့် အလှူငွေများစုပေါင်း၍ သီတင်းကျွတ် ပြီ ဆိုသည်နှင့် ၂၈ ဆူ ဘုရားများ မြို့အတွင်းသို့ လှည့်လည် အပူဇော်ခံကြကြောင်း သိရသည်။
သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့မှ စ၍ ၂၈ ဆူသော ဘုရားများကို မြို့အတွင်း လှည့်လည် အပူဇော်ခံရာတွင် ရပ်ကွက် ၈ ခု ဖြစ်သည့် မြို့ဦး၊ တပ်တွင်း၊ ရွာကောက်၊ တောင်သာ၊ နံတော်စဉ်၊ ပဌာန်း၊ ရန်အောင် ၁၊ ရန်အောင် ၂ ရပ်ကွက်ရှိ ဝတ်ဖြူ အသင်း သားများက ဘုရားများကို ခွဲယူ ပင့်ဆောင်ကာ လှည့်လည် အပူဇော်ခံကြသည်။
ထိုကဲ့သို့ လှည့်လည် အပူဇော်ခံရာတွင် အသင်းသား လူကြီးများမှာ ရှေ့ဆုံးတွင် မြသပိတ်၊ ကျိုင်း၊ သျှိုင်း၊ ယပ် ကိုင် ကာ လူငယ် ၂ ဦး က ရှေ့နောက် ပုခုံးထမ်းစင်ဖြင့် ဗုဒ္ဓရုပ်ပွားတော်များ ပင့်ဆောင်ပြီး ကျန်အသင်းသား လူငယ်များက သပိတ် များပွေ့၍ သစ်သီးဝလံ၊ ဆွမ်းဆန်စိမ်း၊ ဖယောင်းတိုင်ဟု သံပြိုင်ရွတ်ဆိုပြီး အလှူခံကြရာ အလှူခံရရှိသည့် ဆွမ်း ဆန်နှင့် သစ်သီး ဝလံများကို နွားလှည်းများနှင့် သယ်ယူ ရသည်အထိ စေတနာ ထက်သန်မှု ရှိခဲ့ကြကြောင်း တပ်တွင်း ရပ်ကွက် ဝတ်ဖြူတော် အသင်းမှ နာယက ဦးသိန်းလွင်က လွန်ခဲ့သည့် နှစ် ၆၀ ခန့်က နှစ်ကျိပ် ရှစ်ဆူပွဲကို ပြောပြသည်။
“နှစ် ၁၀၀ မပြည့်ခင် ကြားကာလမှာ ၈၈ အရေးအခင်းမှာတောင် ဘုရားပွဲတော်ကို ရအောင် ကျင်းပခဲ့တာ၊ မပျက်ခဲ့ ဘူး။ ဒါကြောင့်လည်း နှစ် ၁၀၀ ပွဲတော်ကို အခမ်းနားဆုံး ဖြစ်အောင်လုပ်မယ်။ သမိုင်းမှတ်တမ်းတခု ကျန်ခဲ့အောင် လုပ်မှာပါ”ဟု တပ်တွင်း ဓမ္မာရုံမှ အလုပ် အမှုဆောင် နာယက အသက် ၇၅ နှစ် အရွယ်ရှိသူ ဦးသိန်းလွင်က ပြော သည်။
လျှပ်စစ်မီးများ မရရှိသေးသည့် ရှေးယခင်က လှည့်လည်ခဲ့ပုံမှာ အောက်လင်းဓာတ်မီး အလင်းရောင်နှင့် အိုးစည်ဒိုးပတ်၊ မောင်ရွှေရိုး၊ နှစ်ကိုယ့်တစိတ်၊ မြေဝိုင်းအကများဖြင့် ကြက်ပျံမကျ စည်ကားလှပြီး လမ်းဘေးတလျှောက် တွင်လည်း စတုဒီသာ အကျွေးအမွေးများ၊ မီးအလှများ ထွန်းထားကြသည်မှာ သာယာရှုမောဖွယ် ဖြစ်သည်ဟု ဒေသခံများက ပြန်လည် ပြောပြကြသည်။
ယင်းနောက်ပိုင်းတွင် ခေတ်ကာလ ရွေ့လျားလာသည်နှင့်အမျှ ဆိုက်ကားတွင် ပန်းရထားတင်၍ ပင့်ဆောင် ပူဇော် လှည့် လည်ခြင်း၊ လျှပ်စစ်မီးများ ရရှိလာသည့်အခါ ဂျစ်ကားယာဉ်ဖြင့် အလှဆင် ပင့်ဆောင်ပူဇော်ကြခြင်း၊ သစ်တိုက် ကားကြီးများ ပေါ်တွင် ရပ်ကွက် အလိုက် တပင်တိုင်အက၊ ဓားယိမ်း၊ ဖိုးသူတော်ယိမ်း၊ လှပျိုဖြူယိမ်း၊ လှေလှော်ယိမ်း အဖွဲ့များ ပါဝင်လာပြီး လှည့်လာကြသည်။
ယခုခေတ် ကာလတွင် ဘုရားကားများကို ဝတ်ဖြူတော် ၈ သင်းအပြင် ဟိန္ဒူ၊ တရုတ် ဗုဒ္ဓဘာသာ အသင်းများ၊ ဌာန ဆိုင်ရာများမှ ဘုရား တဆူဆီ ပင့်ဆောင်လာကြပြီး ဘုရားကားများ နောက်တွင် ဖျော်ဖြေရေး သီးသန့် ကားများပေါ်၌ နာမည်ကြီး တီးဝိုင်း၊ အဆိုတော်များ ငှားရမ်း၍ အပြိုင်အဆိုင် ကျင်းပလာကြသည်။
ရန်အောင် ၁ ဝတ်ဖြူအသင်းမှ ဥက္ကဋ္ဌ ဦးဌေးကိုကိုက “ဝါတွင်း ၃ လဆို ဘယ်ကို ရောက်ရောက် ပြန်လာကြတာပဲ။ ပျဉ်းမနားကလည်း ကြိမ်နဲ့ ရိုက်ခေါ်သလား ထင်ရတယ်၊ ပြန်လာချင်စိတ်ကို ပေါက်တာ။ ဘာလို့လဲ ဆိုတော့ ကလေး ဘဝကတည်းက ဒါမျိုးလုပ်လာခဲ့လို့”ဟု ပျဉ်းမနားမြို့၏ နှစ်ကျိပ်ရှစ်ဆူ အစဉ်အလာ ကြီးမားခဲ့ပုံကို ပြောပြသည်။
ပျဉ်းမနားမြို့တွင် အလှူပေးရာ၌ ကျော်ဇောထင်ရှားသူ (စိုးလျှပ်စစ်) မှ ဦးစိုးတင့်သည်လည်း ရန်ကုန်မြို့သို့ ပြောင်းကာ အလုပ်များ လုပ်၍ ကြီးပွားချမ်းသာသည်နှင့် ပျဉ်းမနားမြို့ကို ပြန်လာခဲ့ပြီး မြို့အတွင်းရှိ အသင်း ၈ သင်း၏ ဓမ္မာရုံ ၁ ရုံ ကို သိန်းပေါင်း သောင်းချီ အကုန်ကျခံကာ ဓမ္မာရုံ ၈ ခုစလုံးကို ပြင်ဆင်မွမ်းမံပေးခဲ့သည်ဟု သိရသည်။
“စိုးလျှပ်စစ်က ဦးစိုးတင့်ဆိုရင်လည်း သူငယ်ငယ်က ဝတ်လှည့်လိုက်ရင်း စိုးတင့်၊ မင်းအဖေ နေမကောင်းဘူး၊ သွားကြည့် ဦးလို့ ပြောတော့မှ အဝတ်ဖြူ ဝတ်ထားရင်းနဲ့ပဲ သွားကြည့်တော့ သူ့အဖေ အသက်တောင် မမီလိုက်ဘူး” ဟု ပျဉ်းမနားမြို့ခံ ဦးဌေးကိုကိုက ပြောပြသည်။
ယခုနောက်ပိုင်း ဘုရားကားများကို အလှဆင်ရာတွင် ကျပ်သိန်း ၅၀ နှင့်အထက် အကုန်ကျခံ ပြင်ဆင်ကြပြီး ဖျော်ဖြေ ရေး အဆိုတော် ကားများအတွက် နာမည်ကြီး အဆိုတော်နှင့် တီးဝိုင်းများ ငှားရမ်းသည့် ကုန်ကျစရိတ်မှာ ကျပ်သိန်း ၂၀၀ နှင့် ၃၀၀ အကြား အကုန်အကျ ခံ၍ ငှားရမ်းရသည်။
ထိုသို့ ဘုရားကားများနှင့် ဖျော်ဖြေရေး ယာဉ်များကို တချို့ ရပ်ကွက်များတွင် ၂ ည လှည့်လည်၍ အပူဇော်ခံ ဖျော်ဖြေ သကဲ့သို့၊ တချို့ ရပ်ကွက်မှာ ၃ ည လှည့်လည် အပူဇော်ခံသည်ဟု သိရသည်။
ထေရဝါဒ ဓမ္မပြန့်ပွားရေးနှင့် နာရေးကူညီမှု အကျိုးဆောင် လူငယ်အသင်းမှ နာယက ဦးစိုးဦးကလည်း“မြို့မိ မြို့ဖတွေ ဆီက အလှူခံ ရတဲ့ အလှူငွေရယ် တခြား စီးပွားရေး လုပ်ငန်းရှင်တွေက ကြော်ငြာဘုတ်ထည့်ပြီး စပွန်ဆာပေးတာရယ် ရှိတယ်။ ဒီလို အလှူရှင်တွေ ရှိလို့ လုပ်နိုင်တာပါ။ ပရဟိတ၊ ဘာသာရေး အသင်းတွေ ဖြစ်တာကြောင့် ဒီလို သိန်းရာနဲ့ ချီပြီး အကုန်ကျခံ လုပ်နိုင်တာပါ”ဟု ပြောသည်။
ပွဲတော်ရက် ပြီးဆုံးသွားပါက ပရဟိတအသင်းများက နီးစပ်ရာ ဓမ္မာရုံများ အပါအဝင် ရပ်ကွက်ထဲတွင် ပစ်ခဲ့သည့် အမှိုက်များ လိုက်လံကောက်ကြပြီး မြို့သန့်ရှင်းရေး အတွက် ပူးပေါင်း ဆောင်ရွက်ရကြောင်းလည်း ဦးစိုးဦးက ပြောပြ သည်။
ပျဉ်းမနားမြို့မှ အသက် ၅၀ အရွယ်ရှိသူ ဦးမြင့်သန်းကမူ ယခုနောက်ပိုင်း နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲကို ဘုရားပွဲဟု မမြင် တော့ဘဲ လူငယ်များ ပျော်ပွဲ၊ ရွှင်ပွဲအတွက် စတိတ်ရှိုးပွဲဟုသာ မြင်တော့သဖြင့် ယင်းကဲ့သို့ ဖျော်ဖြေရေး ကားများ အတွက် အကုန် ကျခံ ငှားရမ်းသည့် ပိုက်ဆံများအား တခြား အကျိုးရှိသည့် ပရဟိတ လုပ်ငန်းများ ဆောင်ရွက်စေလို သည်ဟု ဆိုသည်။
“အခုနောက်ပိုင်း ဘုရားကား လှည့်လာရင် ဘုရားကိုတောင် အာရုံပြုပြီး ရှိခိုးဖို့ မလွယ်တော့ဘူး။ နောက်ကနေ မူးတဲ့ သူတွေရော၊ ရူးတဲ့သူတွေကော အော်ဟစ်ပြီးလိုက်နေကြတာ။ အဲဒါကို သဘောမကျတာ”ဟုလည်း ၎င်းက ပြောသည်။
ပွဲတော် ကျင်းပသည့်ရက်နှင့် အဝေးသင်တက္ကသိုလ် ကျောင်းသားများ ကျောင်းသွားရသည့် ရက်မှာ နှစ်စဉ် တိုက်ဆိုင် သော် လည်း ထိုပွဲတော်ကာလ ပိတ်ရက်ကို ပျဉ်းမနားမှ ကျောင်းသွားတက်သည့် လူငယ်တိုင်းပင် ကိုယ့်မြို့ဒေသသို့ ပြန်လာကြပြီး ဖျော်ဖြေရေး ကားများ နောက်သို့ မိုးလင်းပေါက်သည် အထိ လိုက်လံကြည့်ရှု အားပေးတတ်ကြသည်ဟု ေးသခံ လူငယ်များက ပြောသည်။
“ကျနော် ကျောင်းသွားတက်တာ ၃ နှစ်ရှိပြီ၊ နှစ်တိုင်းပြန်လာတယ်။ တခြားမြို့က သူတွေတောင် တမင်လာကြတယ် လေ။ ဒီနှစ်လည်း ပြန်လာဦးမှာပဲ။ ဒီလို အဆိုတော်အစုံ ကြည့်ရဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ”ဟု ကျောက်ဆည် တက္ကသိုလ်တွင် တက်ရောက် ပညာသင်ယူနေသူ မောင်ကျော်စွာမင်းက ပြောသည်။
၁၉၈၈ ခုနှစ် အရေးအခင်း ကာလအတွင်းက ပျဉ်းမနားမြို့အတွင်းရှိ မြန်မာဘုန်းတော်ကြီး ကျောင်းများကို ခဲများဖြင့် ဝိုင်းပစ်ရာတွင် လူ့အဖွဲ့အစည်းအတွင်း အထင်လွဲမှုများ ရှိခဲ့သော်လည်း ပျဉ်းမနားမြို့တွင်းရှိ မွတ်စလင်များ အားလုံး ကို ဈေးကုန်း ဘုန်းကြီးကျောင်း အတွင်းသို့ ခေါ်ထားပြီး စောင့်ကြည့်ခဲ့ရာ ခဲပစ်မှု ဆက်ဖြစ်ခဲ့သဖြင့် မွတ်စလင်များနှင့် မသက်ဆိုင်ကြောင်း သက်သေပြနိုင်ခဲ့သည်ဟု သိရသည်။
ပျဉ်းမနားမြို့ ဒေသခံ အသက် ၈၂ နှစ်အရွယ်ရှိသူ ဦးဘသန်းကလည်း“ပျဉ်းမနားလောက် ဘာသာပေါင်းစုံတာ မရှိဘူး။ သူ့ဘာသာ လုပ်ရင် ကိုယ့်ဘာသာကလည်း လိုက်ပျော်တာပဲ၊ ကိုယ့်ဘာသာက ပွဲလုပ်ရင် သူ့ဘာသာက လိုက်ပျော် တာ ပဲ။ ဘာသာ ခွဲထားတာ မရှိဘူး။ အကုန်လုံးက လည်ပင်းဖက် ပေါင်းလာကြတာပဲ”ဟု ပြောပြသည်။
ပျဉ်းမနားမြို့အတွင်းရှိ မင်္ဂလာကန်တော် (ရှမ်းကန်) တွင်လည်း ဈေးအရောင်း ပြခန်းများ အပါအဝင် မြန်မာ့ရိုးရာ ဆိုင်း ဝိုင်းများဖြင့် ကြိုတင်ပြင်ဆင်၍ ဖျော်ဖြေရေး ကဏ္ဍများ ထည့်သွင်း ပြင်ဆင်မှုများကို တွေ့ရသည်။
မြို့လုံခြုံရေးအတွက်လည်း ကြိုတင်ပြင်ဆင်မှုများ ရှိနေပြီး ထိုသို့ လူစည်ကားရာ လူအုပ်စုထဲသို့ ဗြောက်အိုးများ ပစ်ဖောက်ခြင်း၊ ဆိုင်ကယ် အိတ်ဇောများ ဖြုတ်၍ မောင်းနှင်ခြင်းများ မပြုရန်အတွက် ရပ်ကွက်အလိုက် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက အမိန့်စာ ထုတ်ထားကြောင်း ပျဉ်းမနား မြို့မ ရဲစခန်းမှ စခန်းမှူးအေးမြင့်နိုင်က ပြောသည်။
ပုံမှန်ကျင်းပသည့် နှစ်များတွင်ပင် ပျဉ်းမနား နှစ်ကျိပ်ရှစ်ဆူမှာ စည်ကားလျက်ရှိရာ ယခုနှစ်တွင် ကျရောက်မည့် ပွဲတော် က နှစ်တရာပြည့် ပွဲတော်ဖြစ်သဖြင့် ဝါတွင်းကာလကတည်းက လူစည်ကားရာ မြို့လယ်လမ်းမများတွင် နှစ်တရာပြည့် ဆိုင်းဘုတ် ကြီးများ စိုက်ထူထားခြင်း၊ မင်္ဂလာကန် (ရှမ်းကန်) ပတ်ပတ်လည်တွင် ရောင်စုံမီးအလှများ ဆင်မြန်းထား ခြင်း တို့ဖြင့် ရာပြည့်ပွဲတော်ကို ကြိုဆိုနေကြသည်။
နှစ် ၁၀၀ ပြည့် ပျဉ်းမနား နှစ်ကျိပ်ရှစ်ဆူ ပွဲတော်သည် ကြက်ပျံမကျ စည်ကားတော့မည်မှာ မြေကြီး လက်ခတ် မလွဲပင် ဟု ဆိုရ ပါလိမ့်မည်။ ။