ဆောင်းပါး

သီတင်းကျွတ်လ (အောက်တိုဘာလ) မီးထွန်းပွဲတော်

Want create site? Find Free WordPress Themes and plugins.

မြန်မာပြက္ခဒိန်မှ ခုနစ်လမြောက်ဖြစ်သော သီတင်းကျွတ်သည် ဝါတွင်းကာလ အဆုံးသတ် ကာလ ဖြစ်ပေသည်။

မိုးရိပ်တိမ်ရိပ်တို့ ဖယ်ခွာ၍ ကောင်းကင်ယံသည် ကြည်လင်ဝင်းပနေလေပြီ။ နေရောင်ခြည်သည် အခုပင် ချင်းနင်း ဝင်ရောက် လာချေပြီ။

တိုတောင်းစွာ သတ်မှတ်ထားသော တိကျသော အချိန်အပိုင်းအခြားဖြင့် ဝါတွင်းကာလသည် လေးလံထိုင်းမှိုင်းသည့် မိုးတွင်းကာလနှင့်အတူ ရှိနေရာမှ ပျော်ရွှင်စရာ ပွဲတော်များအဖြစ် ပြောင်းလဲလိုက်လေပြီ။ တားမြစ်ပိတ်ပင်ထာသော မင်္ဂလာပွဲတို့သည် ဘိသိတ်ပန်းနွယ်၊ ကြာပန်းကြာခိုင် ရနံ့တို့ သင်းထုံစွာဖြင့် ကျင်းပခွင့် ရလေပြီ ဖြစ်လေသည်။ ပလွေသံ၊ စောင်းသံတို့၏ နူးညံ့သိမ်မွေ့သော ဂီတသံတို့ဖြင့် ပျံ့လွင့်ကုန်လေပြီ။

မီးထွန်းပွဲတော်ဟူ၍ လပြည့်နေ့မတိုင်မီ တရက်၊ လပြည့်နေ့ တရက်နှင့် လပြည့်ကျော် တရက်ဟူ၍ ၃ ရက်တာ တေးဂီတ၊ အကများဖြင့် ပျော်ရွှင်ဖွယ် ကုန်လွန်ရပေသည်။ မြတ်စွာဘုရားသည် တရားဒေသနာတို့ကို ဝါတွင်းကာလတွင် နတ်ဒေဝါ သိကြားတို့ကို ဟောကြားလမ်းညွှန်ပြီး ကောင်းကင်ယံမှ ပြန်လည်ကြွမြန်းလာသော အမှတ်တရ နေ့ထူးနေ့မြတ်အဖြစ် မီးထွန်းညှိ ပူဇော်ကြခြင်း ဖြစ်ပေသည်။

မန္တလေး မဟာမြတ်မုနိ ဘုရားကြီးတွင် ဆီမီးများနှင့် ပူဇော်ထားစဉ် (ဓာတ်ပုံ – ဇော်ဇော်/ဧရာဝတီ)

ထိုနတ်သား နတ်သမီးတို့ထဲတွင် မြတ်စွာဘုရား၏ မယ်တော်ဟောင်းသည် နတ်ဘုံနတ်နန်းတွင် ပြန်လည် မွေးဖွားခဲ့သူ အဖြစ် ရှိနေပေသည်။ သီတင်းကျွတ်လပြည့်နေ့သည်ကား မြတ်စွာဘုရားက လူ့ပြည်လူ့ရွာသို့ ဆင်းလာခဲ့သော နေ့ထူး နေ့မြတ် ဖြစ်ပေသည်။ မြတ်စွာဘုရားနှင့် နောက်လိုက်နောက်ပါတို့ကို ကောင်းကင်ယံ၏ ဧည့်သည်တော်များအဖြစ် နတ်သား နတ်သမီးတို့က တောက်ပလင်းလက်သော ကြယ်တာရာတို့ဖြင့် လမ်းခင်းပေးခဲ့ကြလေသည်။ ကမ္ဘာ့လူသား တို့သည်လည်း မြတ်စွာဘုရားနှင့် ရဟန်းသံဃာတော်တို့ ပြန်လည် ကြွမြန်းလာသည်ကို မိမိတို့နေအိမ်၊ လမ်းများတွင် မီးရောင်ခြည်များ ထွန်းညှိ၍ ကြိုဆိုလိုက်ကြလေတော့သည်။

အမှတ်တရနေ့ကား လပြည့်နေ့ တရက်တည်းပင် ဖြစ်လင့်ကစား ထိုအဖြစ်အပျက်ကို ကျင်းပကြသော မြန်မာ့ရိုးရာ အားဖြင့် လပြည့်နေ့မတိုင်မီ ထိုနေ့ကို ကြိုဆိုလိုက်သော တရက်၊ တကယ့် တရားဝင်ရက် တရက်နှင့် ထိုရက်ပြီး နောက်တရက်တို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်ကို တွေ့ရပေသည်။ ထို့ကြောင့် ပွဲတော် ၃ ရက်သည် တရက်တည်းကို ကိုယ်စားပြုပေသည်။ ပျော်တတ်သူ မြန်မာလူမျိုးတွေအတွက် ရက်များသွားလေ ပိုပျော်စရာ ကောင်းလေ မဟုတ်ပါလား။

ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားတွင် ဘုရားဝတ်ပြုနေသူများနှင့် ဆီမီး ပူဇော်နေသူ (ဓာတ်ပုံ – မျိုးမင်းစိုး/ဧရာဝတီ)

လမ်းများ၊ အိမ်များ၊ အဆောက်အအုံများတွင် အရောင်အသွေး စုံသော လျှပ်စစ်မီးသီးလေးများကို ကြိုးများတွင် ချည်နှောင် အလှဆင်ထားကြ၍ မီးရောင်စုံ တောက်ပလျက် ရှိနေလေသည်။ မြို့ငယ်တောရွာတွင် မီးထွန်းပွဲကျင်းပကြ သော ပုံသဏ္ဌာန်ကား ချည်ထည်အဝတ်စတို့ကို နှမ်းဆီ အပြည့်ဖြည့်ထားသော မြေအိုးများတွင် နစ်ဝင်အောင် နှစ်ထား ပြီး မီးထွန်းညှိ ပူဇော်ထားသော “ဆီမီးပူဇော်ပွဲ” ဖြစ်လေသည်။

ထို ဆီမီးရောင် ဖြာလျက်ရှိသော မြေအိုးများကို ဘုရားစြင်္ကံအထစ်များတွင် ထားရှိကြလေသည်။ ထို ဆီမီးရောင် စွမ်း ပကား သည် ဖယောင်းတိုင်များထက် ကြာကြာခံလေသည်။ ပြန့်လွင့်တွန့်လူးနေသောာ ဆီမီးရောင်လျှံသည် ငွေသား ပမာရှိသော လပြည့်ဝန်း၏ ရုပ်ပုံကားချပ်ဆီသို့ သူ၏ ထူးခြားဆန်းကြယ်သော အလှဖြင့် ချင်းနင်းဝင်ရောက်လာလေ သည်။ ထိုကဲ့သို့သော ဆန်းပြားသည့် အလင်းရောင်တို့ကို တခါတရံတွင် ရန်ကုန်မြို့ကြီးက ဘုရားများပေါ်တွင် မြင် တွေ့ နိုင်ပါ သည်။

မြတ်စွာဘုရား နတ်ဘုံနတ်နန်းမှ ဆင်းသက်လာပုံကို ပန်းချီကားချပ်များ၊ ပိုစတာများ၊ ဆေးရောင်ခြယ် စာရွက်များဖြင့် ဖန်တီး၍ လမ်းများ၊ ဘုရားပရိဝုဏ်များတွင် ဝေေ၀ဆာဆာ ခင်းကျင်း သရုပ်ဖော် ပြထားကြ၏။

ဟုတ်ပေသည်။ ထိုသရုပ်ဖော်ပြမှုတွင် ဆီမီးပူဇော်ပွဲလည်း ပါပေသည်။ ထိုသီတင်းကျွတ်ပွဲတော်ကို တာဝတိံသာ ပွဲ ဟု လည်း ခေါ်ဝေါ်ကြ လေသည်။ တာဝတိံသာ ဟူသည်ကား မြတ်စွာဘုရား ဝါတွင်းကာလပတ်လုံး သီတင်းသုံးခဲ့ရာ နတ်ဘုံနတ်နန်းပင် ဖြစ်ပေ သည်။

မန္တလေးမြို့က သီတင်းကျွတ်ကာလ ဆီမီးပူဇော်နေသည့် မြင်ကွင်း တခု (ဓာတ်ပုံ – ဇော်ဇော်/ဧရာဝတီ)

သီတင်းကျွတ်လသည် ပျော်ပွဲရွှင်ပွဲ ရာသီ တခုတည်း မဟုတ်ဘဲ မိမိတို့၏ ကျေးဇူးရှင်များကို ကျေးဇူးဆပ်ဖို့ရာ၊ ရှိခိုး ပူဇော် ဖို့ရာ သတိရစေသော အချိန်အခါလည်း ဖြစ်ပေသည်။ မြတ်စွာဘုရား နတ်ဘုံနတ်နန်းသို့ ခြေချခြင်းသည် ဘ၀ ပေါင်းများစွာ ဆင်းရဲဒုက္ခခံ၍ ရှာဖွေခဲ့သော သစ္စာတရားကို မွေးမယ်တော်ဟောင်းအား ဟောကြားခြင်းအမှုကို ပြု၍ ကျေးဇူးဆပ်ခြင်းပင် ဖြစ်လေသည်။

ဤအမှုသည် ကျေးဇူးတရားကို ပေးဆပ်ခြင်းမည်၍ အလုံးစုံသော သူများအတွက် နမူနာပင် ဖြစ်ချေ၏။ မြတ်စွာဘုရား ပြုခဲ့သော ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူခဲ့သော အဘိဓမ္မာ တရားတော်မြတ်အား အဆုံးမထင်နိုင် မနှိုင်းယှဉ် နိုင် လောက်အောင် ကြီးမြတ်လှသည်ဖြစ်၍ ကုဋေပေါင်းရှစ်သောင်းသော နတ်ဗြဟ္မာအပေါင်းတို့ သစ္စာလေးပါး တရား သိမြင် ကျွတ်တမ်းဝင်ကြကုန်ပြီး မယ်တော် သန္တုသိတနတ်သားသည်လည်း သေတ္တာပတ္တိဖိုလ်၌ တည်လေသည်။

မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော တရားတော်အရ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တည်းဟူသော အနန္တော၊ အနန္တငါးပါးဟူ၍ ရှိလေသည်။

သီတင်းကျွတ်ရာသီတွင် ဗုဒ္ဓဘာသာဝင်များသည် မိဘ၊ ဆရာ၊ လူကြီးသူမ မိတ်ဆွေရင်းချာ တို့ထံ လှည့်လည်၍ ရိုသေ သမှု ပြုကြကုန်လေသည်။ (အုန်းပွဲ၊ ငှက်ပျောပွဲ၊ သစ်သီး၊ ပန်းမန် ပါဝင်သော မြန်မာ့ရိုးရာ ကန်တော့ပွဲသည်ကား ရိုသေ လေးမြတ် ပူဇော်ခြင်း၏ သင်္ကေတ တခုပင် ဖြစ်ပေတော့သည်။)

မိမိတို့ နေအိမ် တိုက်တာများတွင် နေထိုင်ရင်း လူငယ်လူရွယ်များ၏ ရှိခိုးကန်တော့ခြင်းကို လက်ခံကြရသော လူကြီး သူမ များအတွက် ဤသည်ကား သမားရိုးကျ ဖြစ်စဉ်ပင် ဖြစ်ပေသည်။ တခါတရံတွင် အဖွဲ့အစည်းလိုက် စုပေါင်း ကန်တော့ပွဲများ အဖြစ် ကျင်းပကြသော်ငြားလည်း ယင်းသည် လူကြီးသူမများ၏ အိမ်တိုင်ရာရောက် ကန်တော့ခြင်းကို ထိခိုက်ခြင်း မရှိပါ ချေ။ အိမ်တိုင်ရာရောက် ကန်တော့ခြင်းသည် မိသားစုဆန်ပြီး တရင်းတနှီး ရှိရုံမက ကျေနယ်စဖွယ် ကောင်းပေသည်။

သီတင်းကျွတ်ပွဲ တတိယမြောက်ရက်တွင် လူငယ်လူရွယ် ကလေးသူငယ်တို့က မိမိတို့ ကန်တော့လိုရာ နေအိမ်များထံ လှည့်လည်ရင်း တံခါးခေါက်ကုန်ကြလေသည်။ အိမ်များကလည်း ထိုသူတို့အတွက် “တံခါးမရှိ ဓားမရှိပင်” ဖြစ်ပေတော့ သည်။ လူကြီးသူမများက ငယ်ရွယ်သူတို့အတွက် စားစရာ သောက်စရာများဖြင့် အဆင်သင့် ကြိုနေပေတော့သည်။ ကလေးငယ်တို့အတွက် သကြားလုံးများ၊ မုန့်ဖိုးများ ပေးဝေကြလေသည်။ လူငယ်လူရွယ်များက ဖယောင်းတိုင်များ၊ မုန့်ပဲသရေစာများ၊ ကိတ်မုန့်များ ယူလာကြပြီး ထိုကန်တော့ပစ္စည်းများကား မပါမနေရ မဟုတ်ပါချေ။ ရိုသေ လေးမြတ် စွာ ဒူးတုပ်ကန်တော့ခြင်းဖြင့် ပြီးပြည့်စုံလေပြီ ဖြစ်သည်။

ကိုရင်ကလေးများလည်း ဆီမီး ပူဇော်ကြ (ဓာတ်ပုံ – မျိုးမင်းစိုး/ဧရာဝတီ)

“ကန်တော့” ဟူသော စကားလုံးသည် မြန်မာ့ လူနေမှုဘဝတွင် နေ့စဉ်သုံး စကားလုံးပင် ဖြစ်လေသည်။ မရိုမသေ မယဉ် မကျေး ပြောရတော့မည်ဆိုလျှင် “ကန်တော့” ဟူသော စကားလုံးနှင့် တွဲပြီး ပြောလိုက်ရလေသည်။ ထိုစကား လုံးကိုပင် တစုံတယောက်နှင့် ဝင်တိုက်မိသည့်အခါ၊ သူများခြေထောက်ပေါ် တက်နင်းမိသည့်အခါတို့တွင် တောင်းပန် စကား အဖြစ် အသုံးပြုကြလေသည်။ ထိုထိုသော အခြေအနေမျိုးအတွက် “ဆောရီး” ဟူသော အဓိပ္ပာယ်တူ စကားလုံး ရှိငြားလည်း ပို၍ လေးနက်သော ခံစားမှု ပါဝင်နေပေသည်။

တယောက်ယောက် ဆံပင်ပေါ်တွင် အမှိုက်များ တင်နေသည်ကို ဖယ်ပေးရတော့မည်ဆိုလျှင် “ကန်တော့” ဟူသော စကားလုံးကို အရင်မပြောဘဲ သူများ ဦးခေါင်းကို ထိလေ့ မရှိပေ။ ထိုသူသည် ကိုယ့်ထက်ကြီးသည် ဖြစ်စေ၊ ငယ်သည် ဖြစ်စေ တသဘောတည်းပင် ဖြစ်လေသည်။

လူနှင့် တခြားသော သက်ရှိသတ္တဝါတို့သည် မွေးဖွား၊ သေဆုံး၊ တွေ့ဆုံ ကြုံကွဲဖြစ်စဉ် သံသရာစက်ဝိုင်းထဲဝယ် နေထိုင် ကြရင်း တဦးနှင့် တဦး ချင်ခင်စွာ သို့မဟုတ် မုန်းတီးစွာ ဆက်ဆံနေကြရာဝယ် မြန်မာ ဗုဒ္ဓဘာသာဝင်တို့ လက်ခံ ယုံကြည် ကြသော ကန်တော့ခြင်း အလေ့အထသည် အမြစ်တွယ် ရှင်သန်လျက် ရှိနေပါသည်။ သို့ဖြစ်၍ ယခု မျက်မှောက် ဘဝတွင် တွေ့ဆုံ ကြုံတွေ့ကြရသော သူများကြားတွင် ချစ်ခင်သနား၊ ကြင်နာခြင်းများ ရှိနိုင်သလို ရန်လို မုန်းတီးမှုများ လည်း ရှိနိုင်ပေသည်။ မပြီးဆုံးနိုင်သည့် သံသရာစက်ဝိုင်း ခရီးစဉ်တွင်းဝယ် မှားယွင်းသော အပြုအမူ အတွက် တမင် တကာပင် ဖြစ်စေ၊ မရည်ရွယ်ဘဲ ဖြစ်စေ ပြုမူမိသွားနိုင်လေသည်။

ဗုဒ္ဓသာဘာဝင်တို့၏ မိဘ၊ ဆရာသမား၊ လူကြီးသူမတို့အား ကန်တော့လိုက်ခြင်းသည် ကျေးဇူးတရားကို ပေးဆပ်ခြင်း တည်း ဟူသော ရိုသေလေးစားမှု တခုတည်းသာမက ဟိုးအရင်ဘဝ၊ ဘဝပေါင်းများစွာက ပြုခဲ့မိသော မကောင်းမှုတို့ ကို တောင်းပန် အပ်ပါသည် ဟူသော သဘောတရားများပါ အကျွမ်းဝင်နေပေသည်။

ငယ်ရွယ်သူများထံမှ ကန်တော့ခြင်းကို ခံယူရသော လူကြီးသူမတို့သည်ပင် သူတို့ ပြုခဲ့မိသော မကောင်းမှု၊ သူတပါး ပေါ် ထိခိုက်နစ်နာသွားစေသော အမှုတို့အတွက် တောင်းပန်သမှု တပြန် ပြုကြရပြန်လေသည်။ ထိုကဲ့သို့သော တုံ့ပြန်၍ အပြန် အလှန် ပြုကြရသော အမှုကို “သင်ပုန်းချေ” သည်ဟု ခေါ်လေသည်။ သူနှင့် အဓိပ္ပာယ်တူ အင်္ဂလိပ် စကားလုံး မှာ ‘Burying the hatchet’ ဖြစ်၏။ “ခိုက်ရန်၊ ရန်ငြိုးဖွဲ့မှုများ ရပ်တန့်၍ မိတ်ဆွေကောင်းများ ဖြစ်ကြပါစို့” ဟု ဆိုရပေ မည်။ ထို “သင်ပုန်းချေ” သည့်အမှု ပြီးသွားပြီးနောက် မိတ်ဆွေရောင်းရင်း ဆွေမျိုးရင်းချာတို့သည် ချစ်ခြင်းတရားနှင့် သနားကြင်နာမှုတို့ဖြင့် ပြည့်စုံသော ဖြူစင်သန့်ရှင်းသည့်လမ်းကို စတင် လျှောက်လှမ်းကြပေတော့သည်။

ရိုသေ လေးမြတ်စွာ ရှိခိုးကန်တော့ခြင်းပွဲများကို ကျောင်းများတွင် စီမံကွပ်ကဲ၍ ကျင်းပကြလေသည်။ အနန္တော အနန္တ ငါးပါး တွင် တပါး အပါအဝင်ဖြစ်သော ဆရာသမားများကို ရိုသေ လေးစားခြင်းအမှုသည် ပြုမြဲဓမ္မတာ ဖြစ်ပေသည်။ မြတ်စွာ ဘုရား ၏ ပုံတိုပတ်စများကို ဖော်ကျူးပြသ လမ်းညွှန်ပြသော ဆရာ၊ ဆရာမများ၏ ကောင်းသောသြဇာ သက်ရောက်မှု သည် သူတို့၏ တပည့်များအပေါ် လွှမ်းမိုးလိုက်သည်မှာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သော ဘုရင်များ ဖြစ်လာသည့်တိုင်ပင် လျှင် ထိရောက်နေပေသည်။

မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက်ဝယ် အိန္ဒိယဘုရင်များသည် မြတ်စွာဘုရား၏ ဓာတ်တော်မွေတော်များကို ရထိုက် သည့် ဝေစုများ ခွဲဝေရေးအတွက် စည်းဝေကြကုန်လေသည်။ သရဖူရှင် ရွှေရှင်ဘုရင်များ ကျကျနန စည်းဝေး တက်ရောက် ကြပုံကား ခြေလျင်တပ်၊ မြင်းတပ်၊ လှည်းတပ်၊ ဆင်တပ်တည်း ဟူသော စစ်ရေးစစ်ရာ (၄) ပါးတို့ဖြင့် ဖြစ်လေသည်။ ဓား၊ လှံ၊ ဒိုင်းများ နေရောင်ခြည်အောက်ဝယ် လောင်ကျွမ်း တောက်ပနေပုံကား ကကြိုးတန်ဆာပလာ ဆင်ယင်ထားသည့် စစ်မြင်းများ ဆင်များက သူတို့ ခြေဖနောင့်များကို စိတ်မရှည်စွာ မြေကြီးကို ထိုးဆွနေဘိသကဲ့သို့ တိုက်ပွဲအတွက် ဆာလောင်စွာ စောင့်နေကြလေသည်။

မည်သူသည် မြတ်စွာဘုရား၏ ဓာတ်တော်မွေတော်တို့ မည်၍ မည်မျှ ရသင့်သည်ဟု ငြင်းခုံပွဲကြီး စလေပြီ။ စိတ်အား တက်ကြွမှုများ၊ ဒေါသသံများသည် လေလှိုင်းကြားဝယ် အုံကြွလာပြီး စစ်သူရဲကောင်းများ၏ သူတို့၏ စစ်လက်နက်သံ များကလည်း တချွင်ချွင် မြည်ကြေလေသည်။ စစ်မြင်းဟီသံ၊ ခြေဆွသံ၊ ဆင်များ၏ ကြောက်မက်ဖွယ် တွန်ကျူးသံတို့ လွှမ်းမိုးကုန်လေပြီ။ စစ်သွေးများ ဆူပွက်ကာ တလောကလုံး ဖရိုဖရဲ ဖြစ်ကုန်ကြလေပြီ။

ထိုကဲ့သို့သော ကြောက်စရာ လန့်စရာ အချိန်ဝယ် “အားလုံး တိတ်ကြလော့” ဟူသော သြဇာပြည့်ဝသော အသံတသံ သည် ဆူညံနေသော အသံများပေါ်ဝယ် ထွက်ပေါ်လာလေသည်။ ဘုရင်များသည် သူတို့အတွက် အလွန် ရင်းနှီး ကျွမ်း ဝင်နေ သော၊ သူတို့ကို အမိန့်ပေးဝံ့သော အသံပိုင်ရှင်ရှိရာသို့ ဦးခေါင်းများ လှည့်မိကြလေတော့သည်။ သူတို့ ကျောင်း သား ဘဝက မင်းသားအတတ်ပညာများကို သင်ကြားပေးခဲ့သူ၊ သူတို့၏ ဆရာသခင် ဒေါနပုဏ္ဏားပင် တကား။

တိတ်ဆိတ်မှုသည်သာ ရှိပေတော့သည်။ ဘုရင်များသည် သူတို့၏ ဆရာဖြစ်ခဲ့ဖူးသူ၏ ရှေ့ဝယ် ဦးခေါင်းတို့ကို ညွှတ် ကုန် ကြလေသည်။ မကျေမနပ်၊ မကျေမလည် စကားလုံးများ များစွာ မပါဘဲ ဒေါနပုဏ္ဏား ပေးဝေလိုက်သော မြတ်စွာ ဘုရား ၏ ဓာတ်တော် မွေတော် ဝေစုတော်တို့ကို လက်ခံ၍ ငြိမ်းချမ်းစွာ ထွက်ခွာသွားကြလေတော့သည်။

ဤသည်ကား ရိုသေထိုက်သောသူများကို ရိုသေခြင်းနှင့် ကျေးဇူးရှိသောသူများအပေါ် အောက်မေ့သတိရခြင်းတည်း ဟူသော သီတင်းကျွတ်ရာသီ၏ ဝိသေသပင် ဖြစ်ပါချေတော့သည်။  ။

ဤဆောင်းပါးကို ဂျူနီယာဝင်း မြန်မာပြန် “ဆယ့်နှစ်လ ရာသီ ပန်းများနှင့် ပွဲတော်များ”စာအုပ်မှ ကူးယူ ဖော်ပြပါသည်။ ဆရာမကြီး ခင်မျိုးချစ် အင်္ဂလိပ် ဘာသာဖြင့် ရေးသားသည့် Flower and Festivals round the Myanmar Year စာအုပ် ကို မြေးဖြစ်သူ စာရေးဆရာမ ဂျူနီယာဝင်း က မြန်မာ ဘာသာသို့ ပြန်ဆို ထားခြင်း ဖြစ်ပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading