ကမ္ဘာမြေကြီးကို အခြေပြု ရပ်တည်ကြသူ (ကျနော်ကဲ့သို့) အရှေ့တောင် အာရှသား အများစုအတွက် ပါလူတွင် ဖြစ်ပွားခဲ့သလို ကမ္ဘာမြေကြီးက သူ့ဖာသာ ရုတ်တရက် ထ၍ ငြီးငြူ လှုပ်ရှားခြင်းများနှင့် ချော်ရည်ပူများ အဖြစ်သို့ ပြောင်းလဲသွားပြီး အလွန် ပြင်းထန်စွာ တုန်ခါ ပေါက်ကွဲခြင်းများ ဖြစ်ပွားခြင်းကို နားလည်လက်ခံရန် အတော် အခက်ကြုံရသည်။
လွန်ခဲ့သော ၁၅ နှစ်ခန့်က ကျနော် အင်ဒိုနီးရှားနိုင်ငံသို့ ပြောင်းရွှေ့ခဲ့ပါသည်။ ထိုမတိုင်မီက ကျနော်၏ တခုတည်းသော မြေငလျင်အတွေ့အကြုံမှာ ကျနော် အသက် ၇ နှစ်အရွယ်က ကွာလာလမ်ပူတွင် ကြုံခဲ့ရသော ငလျင်အငယ်စားလေး တခုသာ ဖြစ်သည်။ ကျနော့် အမေ၏ အဆိုအရ ဘီးပါသည့် ကျနော်တို့ TV က အခန်းထဲတွင် ငြင်ငြင်သာသာ လိမ့်သွားနေသည့်တိုင် ကျနော်က တလျှောက်လုံး အိပ်ပျော်နေခဲ့သည်ဟု သိရသည်။ အသေအပျောက် လုံးဝ မရှိခဲ့ပါ။
ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားက အတော်လေးခြားနားပါသည်။ မီးကွင်း(Ring of Fire) သို့မဟုတ် ပစိဖိတ် သမုဒ္ဒရာ အတွင်းမှ ငလျင်များနှင့် မီးတောင်ပေါက်ကွဲမှုများ အများဆုံး ဖြစ်ပွားရာ ဧရိယာ ထိပ်တွင် တည်ရှိပြီး မတည်ငြိမ်သည့် tectonic plate (အလွှာ ၂ ထပ်ပါသည့် ကမ္ဘာ့ အပေါ်ယံလွှာ) များ ထိစပ်ရာတွင် တည်ရှိသည့် ကျွန်းစု နိုင်ငံများမှာ မြေ ငလျင် သို့မဟုတ် မြေလွှာ လှုပ်ရှားမှုများ၏ ဒဏ်ကို အမြဲခံစားကြရသည်။
အင်ဒိုနီးရှား နိုင်ငံအတွက် အာလမ် Alam သို့မဟုတ် သဘာဝတရားက ခြိမ်းခြောက်မှုတခု မဟုတ်လျှင်ပင် အမြဲတမ်းရှိနေသော အရာတခုဖြစ်သည်။ ပြီးခဲ့သည့် ဆယ်စုနှစ် တခုနှင့် တဝက်အတွင်းတွင် မရေတွက်နိုင်သော ငလျင်ငယ်များ၊ မီးတောင် ပေါက်ကွဲခြင်းနှင့် ဆူနာမီများ ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် ဂျကာတာရှိ ကျနော့်ရုံးမှ အုပ်ချုပ်ရေးမှူးက မြေညီၤထပ် မျက်နှာစာများကို ရွေးချယ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ငလျင်လှုပ်စဉ်အတွင်းတွင် အထပ်မြင့် အဆောက်အဦး တခုအတွင်းတွင် ပိတ်မိနေမည်ကို သူ အလွန်ကြောက်သောကြောင့် ဖြစ်သည်။
ကျနော်၏ မှတ်စုစာအုပ်များတွင် တိုက်ရိုက်တွေ့ကြုံ ခံစားရသူများ၏ အကြောင်းများ၊ ဆုံးရှုံးမှုများနှင့် ပြန်လည်တည်ဆောက်ရေး ဘဝကို မဖြစ်မနေ လက်ခံပြီး လိုအပ်ချက်များနှင့် ရင်ဆိုင်တိုက်ပွဲဝင်နေရသည့် သာမန်ပြည်သူတို့၏ ဇာတ်လမ်းများဖြင့် ပြည့်နေသည်။ အတွေ့အကြုံ တခုချင်းစီက ကွဲပြားခြားနားသည်။ ကိန်းသေ ဟူ၍ မရှိပါ။ ဘေးအန္တရာယ် သက်ရောက်သည့် အခိုက်အတန့်တွင် ခံစားရသော အလွန် ကြောက်လန့်စိုးရိမ်ခြင်းနှင့် ကူကယ်ရာမဲ့ခြင်းခြင်းများမှာ ခြွင်းချက် မရှိပါ။
အင်ဒိုနီးရှားနိုင်ငံတွင် သဘာဝက အလွန်ပင် ကြိုတင်ခန့်မှန်းရ ခက်ပါသည်။
သဘာဝတရားက လူသားတို့နှင့် ဖက်ပြိုင်ကစားသည့် အချိန်များ ရှိပါသည်။ နွားရိုင်းသတ်ပွဲတွင် နောက်ဆုံး အဆုံးသတ်လိုက်သည့် အခိုက်အတန့်မျိုးသို့ မရောက်မီအချိန်တွင် ကြောင်က ကြွက်ကို ကစားသလို လူသားမျိုးနွယ် နှင့် ကစားခဲ့သည်။
ဥပမာပြရလျှင် ၂၀၀၆ ခုနှစ်က အလယ်ဂျာဗား၏ အမှတ်တံဆိပ် ဖြစ်သော Gunung Merapi မီးတောင်က ပေါက်ကွဲတော့မလို ခြိမ်းခြောက်ခဲ့သည်။ အားလုံးက ချော်ရည်စီးဆင်းမှုနှင့် ပြာလွှင့်ထုတ်နေမှုကို အာရုံစိုက်နေခဲ့ကြချိန်တွင် tectonic plate များက ရုတ်တရက် လှုပ်ရှားခဲ့ပြီး ကြာပွတ်နှင့် တူသော မြေငလျင်တခုက တောင်ဘက်အစွန်း ဘန်တူ Bantul အထိ တည်ငြိမ်အေးချမ်းသော အသိုင်းအဝိုင်းများ တလျှောက် လှုပ်ခတ်သွားခဲ့သည်။ ကြိုတင်ပြင်ဆင်ထားနိုင်ခြင်း မရှိသည့် ကျေးရွာနေပြည်သူ ၅၀၀၀ ကျော် သေဆုံးခဲ့ရသည်။
အလားတူပင် ယခုနှစ် အစောပိုင်းက ဘာလီကျွန်းသားမျာသည် Gunung Agung မီးတောင် ပေါက်ကွဲမည့် အရေးအတွက် ကြိုတင်ပြင်ဆင်နေခဲ့ကြသည်။ တငွေ့ငွေ့လောင်ကျွမ်းနေသည့် မီးတောင်ပတ်လည်မှ ကျေးရွာများနှင့် စိုက်ခင်းများကို စွန့်ခွာခဲ့ကြသည်။
ပစိဖိတ်မီးကွင်း (Ring of Fire) က ကျနော်တို့ ကို နောက်တကြိမ် အံ့သြအောင် ပြုလုပ်ခဲ့ပြန်သည်။ အနီးအနားရှိ လမ်းဘော့ Lombok ကျွန်းတွင် ပြင်းထန်သော ငလျင်တခုကို လှုပ်ခတ်စေခဲ့ပြီး ကြိုတင် မျှော်လင့်မထားသည့် လယ်သမားများကို အကြီးအကျယ် ထိခိုက်စေခဲ့ကာ လူ ၅၆၄ ဦး သေဆုံးခဲ့ရသည်။
ဇာတ်လမ်းများက ကြက်သီးထစရာ၊ သွေးပျက်စရာ ဖြစ်သည်။ Aceh တွင် ကျနော်တွေ့ဆုံမေးမြန်းခဲ့သူ တဦးက ၂၀၀၄ ခုနှစ် ဆူနာမီ တွင် ညစ်ပတ်နေသော ဆားငံရေလှိုင်းလုံးက သူ့ကို မည်သို့ နစ်မြုပ်စေခဲ့သည့်အကြောင်း ကျနော့်ကို ပြောပြပါသည်။ ရေလှိုင်းက သူ့ကို အမှိုက်များ၊ ကြောင်များ၊ ခွေးများ၊ သစ်ပင်များ၊ ကားများ၊ အိမ်များနှင့် အတူ သယ် ဆောင်သွားခဲ့သည်။ ကသောင်းကနင်း အခြေအနေအတွင်းတွင် သူ၏ အငယ်ဆုံး သမီးကို ဆုံးရှုံးခဲ့ရသည်။
ဘန်တူ တွင် ၂၀၀၆ ခုနှစ်က ပြင်းအား ၆.၃ ရှိ ငလျင် လှုပ်ခတ်ပြီးနောက် ဒေသခံလယ်သမားများက မြေကြီးက ရှေ့တိုးနောက်ငယ် လှုပ်ရှားပြီး ပင်လယ်တွင်းတွင် မုန်တိုင်းမိသလို လှုပ်ခါသည့်အတွက် သူတို့ မအီမသာ ခံစားရကြောင်း ပြောကြသည်။
အမှန်တကယ်တွင် ကျနော်က (ခိုင်မာပြီး မပြောင်းလဲနိုင်သော အရာအဖြစ် ကျနော်တို့ ယုံကြည်ကြသော) မြေကြီးသည် ပိုးကောင်အစုအဝေးတခုလို တရွရွလှုပ်ခါသည့် အဖြစ်သို့ ပြောင်းလဲသွားချိန် မည်သို့ အလားသဏ္ဍန်တူသည်ကို နားလည်ရန် အထူးတလည် ကြိုးစားနေမိခြင်း ဖြစ်ပါသည်။ ငလျင် အပျော့စားများကိုသာ ကြုံခဲ့သည့်အတွက် ကျနော့်အနေဖြင့် အခြားသူများ၏ ဇာတ်လမ်းများကိုသာ ဆက်စပ်၍ ခံစား ကြည့်နိုင်ပါသည်။
ပျက်စီးမှု ပြင်းထန်သော ငလျင်များနှင့် မီးတောင်ပေါက်ကွဲမှုများအပြီး မြေသြဇာက သာမန်ထက် ပိုလွန်၍ ထူးကဲကောင်းမွန် သွားစေခြင်းနှင့် တိုက်ဆိုင်နေသည်။ လွန်ခဲ့သော ၄ နှစ် Gunung Kelud မီးတောင် ပေါက်ကွဲခဲ့ချိန် သြဇာဓာတ်ပြည့်ဝသည့် ပြာ ကုဗမီတာ သန်း ၁၆၀ က အရှေ့ဂျာဗား၏ ကောင်းကင်တွင် ပျံ့နှံသွားခဲ့ပြီး လေယာဉ်ခရီးစဉ်များနှင့် လေဆိပ်များကို ရက်သတ္တပတ်နှင့် ချီ၍ ပိတ်ထားခဲ့ရသည်။ ကီဒီရီ Kediri အနီးတွင် မိသားစုပိုင် လယ်များရှိသော ကျနော်၏ အလုပ်သင်ဝန်ထမ်း Destya Darmawan အဆိုအရ မီးတောင် ပြာများ လွှတ်ထုတ်ခဲ့ပြီး နောက်ပိုင်းနှစ်များတွင် သူတို့၏ နာနတ်ခင်းက အထွက် ၂ ဆတိုးခဲ့ပြီး စပါးခင်းများကလည်း ပုံမှန်ထက် ၅၀ ရာခိုင်နှုန်း ပို ထွက်ခဲ့သည်ဟု သိရသည်။
သို့သော်လည်း သဘာဝဘေးအန္တရယ်များနှင့် အသားကျမှု တိုးလာခြင်းက အသက်ဆုံးရှုံးခြင်း၊ မစွမ်းမသန် ဖြစ်ရခြင်း၊ ထိခိုက် ဒဏ်ရာရရှိခြင်းနှင့် ပိုင်ဆိုင်မှုများ ပျက်စီးဆုံးရှုံးရခြင်းတို့ကို အလွယ်တကူ လက်ခံလာအောင် မပြုလုပ်နိုင်ပါ။ အင်ဒိုနီးရှားနိုင်ငံတွင် အထူးသဖြင့် ဂျာဗားကျွန်းတွင် ကိုးကွယ်ယုံကြည်မှု၏ အရေးပါမှု အပေါ် ပိုမို၍ စိတ်အားထက်သန်လာခြင်းနှင့် ဘာသာရေး အလေ့အထများကို စွဲစွဲမြဲမြဲ ပြုလုပ်ခြင်းတို့ အားလုံးကို သင် နားလည်လာအောင် ပြုလုပ်ပေးပါသည်။ အသက်အန္တရာယ်က အမြဲတမ်း လက်တကမ်းတွင် ရှိနေခြင်းနှင့် အတူ ကျနော်တို့အနေဖြင့် ပူဇော်ပသခြင်း၊ ဆုတောင်းခြင်းနှင့် ရွတ်ဖတ်ခြင်းများကို အမြဲမပြတ် ပြုလုပ်နေရန် လိုအပ်ပါသည်။ ကျနော်တို့ ဘယ်တော့မှ ဒီအတိုင်း အရှုံး မပေးနိုင်ပါ။
သဘာဝ၏ နောက်လာမည့် ပေါက်ကွဲထွက်မှုက ပြီးခဲ့သည့် တကြိမ်ကအတိုင်း ဖြစ်လိမ့်မည်ဟု မည်သူမျှ သေချာ မသိ နိုင်ပါ။
လက်တွေ့တွင်လည်း ဆူလာဝေစီကျွန်း အလယ်ပိုင်းမှ မြေငလျင်နှင့် ဆူနာမီက နောက်တကြိမ် သက်သေပြခဲ့ပြီး ဖြစ်သည်။ သဘာဝ၏ အံ့အားသင့် အောင်၊ ထိတ်လန့်အောင် လုပ်နိုင်သည့် အစွမ်းက ပါလူတွင် ရပ်ရွာအသိုင်းအဝိုင်းများ၊ အိမ်များ၊ ဘုရားကျောင်းများနှင့် ဗလီများကို ရွှံ့နွံများဖြင့် ဖုံးလွှမ်းဝါးမျိုခဲ့သည်။
အခြေခံအားဖြင့် tectonic လှုပ်ရှားမှုက ကမ္ဘာ၏ မြေဆီလွှာကို လျော့လျဲစေပြီး အရည်ဖြစ်စေသည့် ဖိအားကို ပေးသည်။ ယခင်က တည်ငြိမ်နေသော မြေသည် ကုန်းတွင်း ဆူနာမီ တခုအဖြစ်သို့ ပြောင်းသွားသည်။ မြေကြီးက လှိုင်းများ ထသွားပြီး ကျေးရွာများကို လုံးလုံးလျားလျား စုပ်ယူသွားသည်။ ပိုမိုခြောက်သွေ့သော မြေများမှာ ကသောင်းကနင်း အခြေအနေဖြင့် ဆောင်ယူသွားခြင်း ခံရပြီး သူတို့၏ မူလနေရာနှင့် မီတာ ရာနှင့် ချီ၍ ဝေးသည့် နေရာသို့ ပို့ခြင်းခံကြရသည်။ အရည်ဖြစ်စေခြင်းက သဘာဝ၏ အသစ်ဆန်းဆုံးနှင့် အန္တရာယ်အများဆုံး လှည့်ကွက်ဖြစ်သည်။
အကယ်၍ သင်က မီးကွင်း (Ring of Fire) ၏ ထိပ်တွင်နေသည်ဆိုလျှင် သင်၏ ကိုးကွယ်ယုံကြည်မှုကို မည်သည့် အချိန်တွင်မှ မယိမ်းယိုင်စေသင့်ပါ။ အဘယ်ကြောင့်ဆိုသော် သဘာဝ၏ နောက်လာမည့် လှည့်ကွက် လက်နက်ကို မည်သူမျှ ကြိုတင် မမှန်းဆနိုင်သောကြောင့် ဖြစ်ပါသည်။ သို့သော်လည်း ကျနော်တို့က များစွာ လေ့လာသင်ယူသည် နှင့်အမျှ သဘာဝက ကျနော်တို့ကို သနားစရာ သတ္တဝါများ အဖြစ်သို့ အမြဲတမ်း လျှော့ချ နေဦးမည်သာ။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)