ပြိုင်တူတွန်းဖို့ လိုနေတဲ့ မြန်မာ့စီးပွားရေး အရွေ့
မြန်မာနိုင်ငံ၏ စီးပွားရေး ရှုမြင်သုံးသပ်ချက် အလွန်ပင် အုံ့မှိုင်းနေကြောင်း ဒေသတွင်း ကျွမ်းကျင်သူ အများအပြားက ပြောကြသည်။ ပြည်တွင်း စီးပွားရေး အမြင်သဘောထားများက အကျဘက်သို့ ဆက်လက် ဦးတည်နေသည်။ ပြီးခဲ့သည့် နှစ် အတွင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများအပြားကျဆင်းခဲ့ခြင်းနှင့် အတူ အနာဂတ် ဖွံ့ဖြိုးမှုက အစိုးရက ဦးတည်ချက် ထားသည်ထက် လျော့နည်းဖွယ်ရာ ရှိနေသည်။
ထိုကဲ့သော အနုတ်သဘောဆောင်သည့် အကြောင်းရင်းများ စုပေါင်းမှုက တိုင်းပြည်မှ စီးပွားရေး အသိုင်းအဝိုင်းနှင့် ဆယ် စုနှစ်များစွာ အတွင်းတွင် ပထမဆုံးသော ဒီမိုကရေစီရွေးကောက်ခံ အစိုးရတို့ကြားမှ ဆက်ဆံရေးတွင် ပွတ်တိုက်မှုများကို တိုးလာစေခဲ့သည်။
ယုံကြည်မှု နိမ့်ကျနေကြောင်း စီးပွားရေး အသိုင်းအဝိုင်းက အမြဲမပြတ် စောဒက တက်နေခဲ့သည်။ ၃ လပတ်တိုင်းတွင် ကျ ဆင်းနေသည်။ “လွန်ခဲ့တဲ့ ၂၅ နှစ်က ကျနော်မြန်မာနိုင်ငံကို ပြန်လာခဲ့ပြီးတဲ့ အချိန်ကစလို့ ကျနော်သိခဲ့သမျှထဲမှာ အဆိုး ဆုံးပဲ” ဟု စွန့်ဦးတည်ထွင် စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်သည့် ဦးမိုးကျော်ကပြောသည်။ သူက အင်္ဂလန် နိုင်ငံတွင် ကြီး ပြင်းခဲ့သူ ဖြစ်ပြီး စီးပွားရေးလုပ်ကိုင်ရန် ၁၉၉၀ နှစ်များအတွင်းက ပြန်လာခဲ့သူ ဖြစ်သည်။
“Teletubbies တင်သွင်းပြီးရောင်းဖို့ ကျနော်ကြိုးစားတာကို သူတို့ ပိတ်ပင်ခဲ့တာတောင် စစ်အစိုးရ လက်အောက်တုန်းက အခြေအနေ ပိုကောင်းနေသေးတယ်” ဟု သူက တွေးတွေးဆဆဖြင့် ပြောသည်။ ဗြိတိန်မှ လူကြိုက်များသည့် ကလေးများ အတွက် ရုပ်မြင်သံကြားအစီအစဉ်တခုမှ ဇာတ်ကောင်များကို ရည်ညွှန်းခြင်း ဖြစ်သည်။
“အန်တီ (ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းခြင်းဖြစ်သည်) ရွေးချယ်ခံရတဲ့ အချိန်က စပြီး ကျနော်တို့ မျှော်လင့်ချက် တွေ မြင့်တက်ခဲ့ရပေမယ့် ကျနော်တို့ အိပ်မက်တွေက တညအတွင်းနီးပါးမှာပဲ အသတ်ခံလိုက်ရတယ်” ဟု ဦးမိုးကျော်က ပြောသည်။ သူက မြန်မာနိုင်ငံ၏ ထိပ်တန်းဈေးကွက် သုတေသန ကုမ္ပဏီ ဖြစ်သည့် Myanmar Marketing Research and Development (MMRD) ကို ဦးဆောင်နေသူ ဖြစ်သည်။
“၂၀၂၀ ရွေးကောက်ပွဲ ပြီးတဲ့အချိန်အထိ ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူးဆိုတာ ကျနော်တို့သိတယ်။ ကျနော်တို့ အဲဒါကို သည်းခံပြီး စောင့်ရုံပဲ ရှိတယ်” ဟု သူက ပြောသည်။
သို့သော်လည်း ပြည်တွင်း စီးပွားရေး လုပ်ငန်းများကြားမှ ထိုသို့ သည်းမခံနိုင်အောင်ဖြစ်နေသည့် သဘောထားများက အခြေအနေများကို ပို၍ ဆိုးရွား သွားစေမည်ဟု လေ့လာစောင့်ကြည့်သူ အများအပြားက ယုံကြည်နေကြသည်။ မြန်မာနိုင်ငံမှ အခြေအနေများကို စောင့်ကြည့်လေ့လာနေကြသော ဒေသတွင်းမှ လေ့လာဆန်းစစ်သူများက စီးပွား ရေးလုပ်ငန်းများအနေဖြင့် ပိုမို၍ တက်ကြွသင့်ပြီး ဦးဆောင်မှုယူသင့်သည်ဟု ဆိုကြသည်။
“စီးပွားရေး အသိုင်းအဝိုင်း အနေနဲ့ သဘာဝကျတဲ့ လုပ်ခလစာ၊ ထိရောက်တဲ့ သဘာဝပတ်ဝန်းကျင် မူဝါဒတွေနဲ့ အင်အား ကောင်းတဲ့ လူမှုရေး အကာအကွယ်တခု ပါဝင်တဲ့ ဟန်ချက်ညီမျှတဲ့ စနစ်တခုကို မြှင့်တင်ဖို့ ကြိုးစားအားထုတ်မှု တခုကို ပြု လုပ်သင့်ပါတယ်” ဟု ဘန်ကောက် အခြေစိုက် ဒေသဆိုင်ရာ စီးပွားရေးနှင့် နိုင်ငံရေး စွန့်စားရမှုဆိုင်ရာ လေ့လာဆန်းစစ် သူတဦး ဖြစ်သည့် George McLeod ကပြောသည်။
တနည်းဆိုရသော် ရင်ဆိုင်နေရသည့် ခက်ခဲသော လုပ်ငန်းတာဝန်များကို အစိုးရက ဖြေရှင်းစီမံသည့် နေရာတွင် အကြံဉာဏ်ပေးခြင်း၊ မူဝါဒ ဖော်ဆောင်မှုများ အကြံပြုခြင်းနှင့် အပြုသဘောဆောင်သည့် သြဇာ လွှမ်းမိုးခြင်း တို့အားဖြင့် ကူညီရန် ဖြစ်သည်။
“အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လက်ထက်မှာ ရှေ့ကို ဆက်သွားဖို့နဲ့ သူတို့ကိုယ်သူတို့ တိုင်းပြည်မှာ အပေါင်းလက္ခဏာ ဆောင်တဲ့ အင်အားစုတရပ်အဖြစ် ပြောင်းလဲဖို့ ပြိုင်ဘက်ကင်းတဲ့ အခွင့်အရေးတရပ် သူတို့ ရရှိခဲ့ပါတယ်” ဟု George McLeod က ပြောသည်။
အခြားသော လေ့လာဆန်းစစ်သူများနှင့် စောင့်ကြည့်လေ့လာသူများကလည်း စီးပွားရေး အသွင်ကူးပြောင်းရာတွင် ပါဝင်ရန်နှင့် ပြုပြင်ပြောင်းလဲရေးတွင် ရှေ့တန်းမှ ဦးဆောင်ရန် ပုဂ္ဂလိက စီးပွားရေး ကဏ္ဍသည် အရေးပါသည်ဟု ယုံကြည်ကြသည်။ ထိုသို့ပြုလုပ်နိုင်ရေးအတွက် မရှိမဖြစ် လိုအပ်သည်မှာ မြန်မာ စီးပွားရေးလုပ်ငန်းများ ကိုယ်တိုင်က နိုင်ငံတကာ စံချိန် စံညွှန်းများကို လိုက်နာကျင့်သုံးရေး ဖြစ်သည်။
“ပုဂ္ဂလိက ကဏ္ဍက ပြုပြင်ပြောင်းလဲရေးကို မောင်းနှင်ဖို့ အကောင်းဆုံးနေရာမှာ ရှိပါတယ်” ဟု ရန်ကုန် အခြေစိုက် မြန်မာ့ စီးပွားရေး ကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ၏ ဒါရိုက်တာ Vicky Bowman က ပြောသည်။
ကော်ပိုရိတ် စီမံခန့်ခွဲရေး မူဝါဒများ၏ အရေးပါမှုကို ပြည်သူများ နားလည်အောင် အားပေးခြင်းနှင့် လေ့ကျင့်သင်တန်းပေး ခြင်းမှတဆင့် တိုင်းပြည်၏ လူသားအရင်းအမြစ်ကို ဖွံ့ဖြိုးတိုးတက်စေခြင်းက ပိုမို၍ တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်း များကို ထုတ်လုပ်ပေးလိမ့်မည်ဟု သူက ပြောသည်။ “မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးမှာ အလွန် အဓိကကျတဲ့ စီးပွားရေး လုပ်ငန်းတွေဆီ ဒီချဉ်းကပ်မှုကို တိုးတက်လာစေဖို့ ပုဂ္ဂလိကကဏ္ဍက နေရာကောင်းမှာ ရှိပါတယ်။”
နိုင်ငံ၏ အဓိကကျသည့် အလုပ်ရှင် အဖွဲ့အစည်းဖြစ်သော ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) က အမျိုးသား စီးပွားရေး မူဝါဒ ဖော်ထုတ်ရေးတွင် ၎င်းတို့က အရေးပါသည့် နေရာ တခုမှ ပါဝင်နေပြီး အလုပ်ရှင်များ၏ အမြင်ကို အစိုးရထံ ကိုယ်စားပြုတင်ပြပေးနေကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ စစ်အစိုးရ၏ စီးပွားရေး အစီအစဉ်များကို ဖော်ဆောင်ပေးရသည့် အစိုးရ၏ အဆွယ်အပွားတခု ဖြစ်ခဲ့သည့် ယခင် အတိတ် ကကဲ့သို့ မဟုတ်ဘဲ UMFCCI က ယခုအခါတွင် ဦးဆောင်တောင်းဆိုခြင်းနှင့် ပညာပေးခြင်း အခန်းကဏ္ဍတွင် ရှိနေပါ သည်။
၎င်း၏ လွတ်လပ်သော အခန်းကဏ္ဍသစ်၏ တစိတ်တပိုင်း အနေဖြင့် UMFCCI က Myanmar Business Initiative ကို တည်ထောင်ခဲ့သည်။ Myanmar Business Initiative ၏ လုပ်ငန်းများထဲမှ တခုမှာ စီးပွားရေးနှင့် ပတ်သက်၍ ၃ လ တကြိမ် အစီရင်ခံစာ ထုတ်ပြန်ပေးရန် ဖြစ်သည်။ နေပြည်တော်မှ လွှတ်တော်ကိုယ်စားလှယ်များ အားလုံးကို ဖြန့်ဝေ ပေးသည့် အဆိုပါ အစီရင်ခံစာတွင် အကြောင်းကိစ္စ ပြဿနာများကို မီးမောင်းထိုး ဖော်ပြထားပြီး အဖြေအချို့ကိုလည်း အကြံပြုထားသည်။ ၎င်း၏ အမှုဆောင်များက စီးပွားရေးနှင့် ပတ်သက်၍ တာဝန်ရှိသည့် လွှတ်တော်ကော်မတီ အမျိုးမျိုး နှင့် တွေ့ဆုံ၍ ရှင်းလင်းတင်ပြမှုများလည်း ပြုလုပ်ပေးသည်။
“ကျနော်တို့က ဒုတိယ သမ္မတ ဦးမြင့်ဆွေနဲ့ ပြည်ထောင်စု ဝန်ကြီးတွေနဲ့ တလတကြိမ် တွေ့ဆုံပြီး ပြဿနာတွေကို ပြောပြ ရှင်းပြပြီး ဆွေးနွေးကြပါတယ်”ဟု UMFCCI ဒုတိယ ဥက္ကဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။ တွေ့ဆုံမှုတိုင်းတွင် လုပ်ငန်း ကဏ္ဍတခုခုကို သတ်သတ်မှတ်မှတ် ဦးတည်ဆွေးနွေးကြသည်။ ပြဿနာ ၉၀ ကျော်ကို တင်ပြဆွေးနွေးခဲ့ပြီး ဖြစ်ပြီး ၆၀ ခန့်ကို ဖြေရှင်းပြီး ဖြစ်သည်ဟု သိရသည်။
UMFCCI က NLD အာဏာရရှိလာသည့် အချိန်မှစ၍ ပြည်တွင်း စီးပွားရေး ခေါင်းဆောင်များ၏ သဘောထားကို စောင့်ကြည့်လေ့လာခဲ့သည်။ ၎င်း၏ အဖွဲ့ဝင် ၃၁၀၀၀ ကို အွန်လိုင်းမှတဆင့် ၃ လ တကြိမ် စစ်တမ်းကောက်ယူခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ၂ နှစ် အတွင်းတွင် စီးပွားရေး စိတ်ချယုံကြည်မှု (business confidence) ခိုင်ခိုင်မာမာ ကျဆင်းခဲ့ကြောင်း နောက်ဆုံးကောက်ယူခဲ့သည့် စစ်တမ်းရလဒ်များက ဖော်ပြနေသည်။
ပြီးခဲ့သည့် ၃ လ အတွင်းတွင် အနာဂါတ်အတွက် အဆိုပါ ယုံကြည်စိတ်ချမှုက ၁၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး အနာ ဂါတ်နှင့် ပတ်သက်၍ စိတ်ချယုံကြည်ကြောင်း တုန့်ပြန် ဖြေကြားခဲ့သူက ၃ ပုံ ၂ ပုံ ထက် နည်းနေခဲ့သည်။ အဆိုပါ အချက် အလက်များက ၂၀၁၆ ခုနှစ်မှ စတင်၍ တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။ ယခုအခါ စီးပွားရေး လုပ်ငန်းများ၏ ၄၀ ရာ ခိုင် နှုန်းက အနာဂတ်နှင့် ပတ်သက်၍ အဆိုးမြင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေးဖြစ်သူ Sean Turnell က ၏ ပြုပြင် ပြောင်းလဲရေးနှင့် စီးပွားရေး ဖြေလျှော့မှု အရှိန်နှေးကွေးနေရခြင်းမှာ နိုင်ငံရေးဆန္ဒ မရှိသောကြောင့် မဟုတ်ကြောင်း ပြောသည်။
“ပြဿနာရဲ့ တစိတ်တပိုင်းက မြန်မာနိုင်ငံက အသွင်ကူးပြောင်းရေးတခု ထဲမှာ၊ ဗဟိုက ချုပ်ကိုင်ပြီး စီမံကိန်းချ စီးပွားရေး ဖြစ်ခဲ့တဲ့ အတိတ်နဲ့ စီးပွားရေးတိုးတက်မှုကို မောင်းနှင်ဖို့အတွက် ဈေးကွက်အင်အားစုတွေကို အားထားတဲ့ ခေတ်မီ လွတ်လပ်တဲ့ စီးပွားရေး ကြားထဲမှာ ရောက်နေတာကြောင့် ဖြစ်ပါတယ်” ဟု သူက မကြာသေးမီက ပြောကြားခဲ့သည်။ လက်ရှိ အချိန်တွင် စိတ်ထွေးမှုနှင့် မရေရာမှုကို ဖန်တီးပေးသည်ဟု သူက ယူဆထားသည်။
လေ့လာဆန်းစစ်သူ အများစုအတွက် ယခုအခြေအနေသည် ပြီးခဲ့သည့် ဆယ်စုနှစ်များမှ စစ်အာဏာရှင် အုပ်ချုပ်ရေးကြောင့် တိုင်းပြည်တွင် စွဲကပ်ကျန်နေသော အလေ့အထများနှင့် အတွေးအမြင်များကို မည်သို့ ဖယ်ရှားမည်နည်း ဆိုသည့် အစိုးရ ရင်ဆိုင်နေရသော ဒွိဟမှ ဖြေရှင်းရန် ခက်သော အနေအထားတွင် ရောက်နေခြင်းပင်။
“မြန်မာနိုင်ငံက အာဆီယံမှာ ပုံမှန်မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ၁၉၉၇ ခုနှစ် ပုံစံ စီးပွားရေး အကျပ်အတည်း တခု ဘယ်တုန်းကမှ မရှိခဲ့လို့ ဖြစ်ပါတယ်။ အဲဒီအကျပ်အတည်းရဲ့ ထိခိုက်ပျက်စီးမှုက စီးပွားရေးကို ချုပ်ကိုင်ထားတဲ့ လူနည်းစု အပေါ် သက်ရောက်မှု ရှိခဲ့ပေမယ့် ယှဉ်ပြိုင်မှုအတွက် နေရာတွေ ဖြစ်လာစေခဲ့ပါတယ်” George McLeod က ပြောသည်။
“အကျပ်အတည်းမတိုင်မီကာလက ထိုင်းနိုင်ငံနဲ့ အင်ဒိုနီးရှားမှာလိုပဲ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို မြေ၊ ကုန်ထုတ်လုပ်ရေးနဲ့ ဘဏ္ဍာရေးကို အကြီးအကျယ် ထိန်းချုပ်ထားတဲ့ အလွန်ချမ်းသာတဲ့သူ ရာဂဏန်း အနည်းငယ်က လွှမ်းမိုးထားပါတယ်။ အဲဒီ စီးပွားရေး အကျိုးစီးပွားတွေက စီးပွားရေး မူဝါဒ အပေါ်မှာ အချိုးအစား မမျှတစွာ ဆက်လက် ထိန်းချုပ်ထားတုန်းပါပဲ။”
နိုင်ကိုကိုက ပို၍ ပွင့်ပွင့်လင်းလင်း ပြောသည်။ မြန်မာနိုင်ငံမှ အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်၍ ပါရဂူဘွဲ့ယူစာတမ်းတခု သြစတြေးလျနိုင်ငံတွင် မကြာသေးမီကမှ အပြီးသတ်ခဲ့သော နိုင်ငံရေးသိပ္ပံနှင့် စီးပွားရေး ပညာရှင် နိုင်ကိုကိုက တိုင်းပြည် ကို လူလိမ်လူညစ်များ၊ ရာဇဝတ်သားများနှင့် ခရိုနီများက မောင်းနှင်နေကြသည်ဟု ပြောသည်။ “ဒီမာဖီးယားတွေက ဘဏ်တွေ လုပ်တယ်။ ဘောလုံး ကလပ်အသင်းတွေ ထောင်တယ်။ အရေးပါတဲ့ စက်မှုလုပ်ငန်းတွေ လုပ်တယ်။ တိုင်းပြည်ရဲ့ သဘာဝ အရင်းအမြစ်တွေအထိ လုပ်ခဲ့တယ်” ဟု သူက ပြောသည်။
သို့သော်လည်း NLD အစိုးရက ဒေသတွင်းတွင် ပြိုင်ဘက်ကင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ အရင်လူများနှင့် သိသိ သာသာ ကွဲပြားခြားနားပြီး တိုင်းပြည်၏ အရပ်သား ပြည်သူများနှင့် သူတို့၏ ပြင်းပြသော ဆန္ဒများကို အမှန်တကယ် ကိုယ်စားပြုပါသည်။ “အဲဒီအနေအထားက သူတို့ကို ကြားနေ ဒိုင်လူကြီး အနေနဲ့ ဆောင်ရွက်ဖို့ အခွင့်အရေး ပေးပါတယ်” ဟု George McLeod က ပြောသည်။
“NLD အနေနဲ့ ဂျပန်ကို အနီးကပ်ကြည့်သင့်ပါတယ်။ ဂျပန်နိုင်ငံက သူ့ရဲ့ မူဝါဒ ချမှတ်ရေးမှာ စီးပွားရေးလုပ်ငန်းနဲ့ အလုပ် သမားပိုင်းက သွင်းအားတွေကို ပေါင်းစပ်ထားတဲ့ ၃ ဦး ၃ ဖလှယ်ပါဝင်တဲ့ ပုံစံတခုကို ထူထောင်ထားတယ်။”
သို့သော်လည်း စည်းကမ်းဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် အခြားဆောင်ရွက်မှုများတွင် ပုဂ္ဂလိက ကဏ္ဍ၏ အသံကို ကြားရရန် သေချာစေရေး ဆောင်ရွက်ရန်မှာ စီးပွားရေး အသိုင်းအဝိုင်း၏ တာဝန် ဖြစ်သည်ဟု အခြားသူများက ယုံကြည်ကြသည်။
“ပုဂ္ဂလိက ကဏ္ဍက လူသားအရင်းအမြစ် တည်ဆောက်ရေးနဲ့ သူတို့ရဲ့ အလုပ်သမားတွေကို ဖန်တီးမှုရှိပြီး ပိုင်းခြားဝေဖန် တွေးခေါ်နိုင်သူတွေ၊ တာဝန်ယူမှုရှိတဲ့ ခေါင်းဆောင်တွေ၊ ကောင်းမွန်စွာ ကိုယ်စားပြုနိုင်သူတွေ၊ တန်းတူညီမျှမှုကို ထောက်ခံသူတွေ၊ ကွဲပြားခြားနားမှုကို လေးစားသူတွေ ဖြစ်လာအောင်မြှင့်တင်ပေးရေး တာဝန်ရှိပါတယ်” ဟု Vicky Bowman က ပြောသည်။
ပုဂ္ဂလိက ကဏ္ဍကို ဈေးကွက်ဖိအားများက မောင်းနှင်ခြင်း ဖြစ်သည့်အတွက် မြန်မာ စီးပွားရေးလုပ်ငန်းများ အနေဖြင့် ပြုပြင်ပြောင်းလဲရန်နှင့် ခေတ်ကို အမီလိုက်ရန်မှ အပ ရွေးချယ်စရာမရှိဟု သူက ပြောသည်။ “ဒီဈေးကွက် ဖိအားတွေက အရပ် ဘက်ဝန်ထမ်းတွေ၊ တပ်မတော်၊ နိုင်ငံရေး သို့မဟုတ် ဘာသာရေး ခေါင်းဆောင်တွေကြောင့် ခံစားရတာ မဟုတ်ပါဘူး။”
“အရေးကြီးဆုံး အချက်က စီးပွားရေးလုပ်ငန်း အောင်မြင်ဖို့ မရှိမဖြစ် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေးကာလ စီမံခန့်ခွဲရေးနဲ့ ခေါင်းဆောင်မှု စွမ်းရည်တွေဟာ လက်ရှိ ဖြစ်ပေါ်နေဆဲ၊ ခက်ခဲနေဆဲ ဖြစ်တဲ့ ငြိမ်းချမ်းရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး ၃ ပွင့်ဆိုင် အသွင်ကူးပြောင်းရေးတလျှောက် မြန်မာနိုင်ငံကို ဦးဆောင်ဖို့ လိုအပ်ချက်တွေနဲ့ တူတူပဲ ဆိုတာပါ။”
တိုင်းပြည်တည်ဆောက်ရေးတွင် စီးပွားရေးလုပ်ငန်းများက အဓိက အခန်းကဏ္ဍတခုတွင် ရှိနေပြီး အလုပ်သမားများကို ထိုကဲ့သို့သော စွမ်းရည်များ မြှင့်တင်ပေးခြင်းအားဖြင့် သူတို့သည် အောင်မြင်တိုးတက်၍ ဒီမိုကရေစီ ထွန်းကားသော မြန်မာ နိုင်ငံ ဖြစ်လာရေး လိုအပ်သော လူသားအရင်းအမြစ်နှင့် ခေါင်းဆောင်များကို တည်ဆောက်ပေး နိုင်သည်ဟု သူက ပြောသည်။
(ဘန်ကောက်ပို့စ် သတင်းစာပါ Larry Jagan ၏ Getting Myanmar moving ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)