Weekly Eleven ဂျာနယ်မှ သတင်းစာဆရာ ၃ ဦးကို သောကြာနေက ရန်ကုန်မြို့ တာမွေမြို့နယ် တရားရုံးက အာမခံဖြင့် ပြန်လွှတ်လိုက်သည်။ ၎င်းတို့သည် ရန်ကုန်တိုင်း အစိုးရအဖွဲ့ ၏ လုပ်ကိုင်ဆောင်ရွက်ပုံများကို ထောက်ပြဝေဖန်သော ဆောင်းပါးတပုဒ်ကို အပတ်စဉ်ထုတ် ဂျာနယ်တွင် ထည့်သွင်းဖော်ပြမိရုံဖြင့် အင်းစိန်ထောင်သို့ လက်ထိပ်တန်းလန်းဖြင့် အပို့ခံခဲ့ရသည်။
နိုင်ငံတော် အကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅(ခ)ဖြင့် အောက်တိုဘာ ၁၀ ရက်နေ့ ကတည်းက ဖမ်းဆီးခံထားရသူများ ဖြစ်သည့် အယ်ဒီတာချုပ် ဦးကျော်ဇောလင်း၊ တာဝန်ခံ အယ်ဒီတာ ဦးနရီမင်းနှင့် ဆောင်းပါးရှင် ကိုဖြိုးဝေဝင်းတို့သည် အင်းစိန်ထောင်တွင် ၁၆ ရက် နေ့ခဲ့ရပြီး အောက်တိုဘာ ၂၆ ရက်နေ့ ရုံးချိန်တွင် အာမခံရရှိခဲ့ပြီး ယင်းအမှုအား ဆက်လက် ရင်ဆိုင်ရမည် ဖြစ်သည်။
၎င်းတို့ကို အမှုဖွင့် အရေးယူရာတွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှာ အဓိက တာဝန်ခံဟု ဆိုရမည်။ “ကွီးဖြိုး”ဟု အများကခေါ်ကြသည်ကို ကြိုက်နှစ်သက်သူ ဦးဖြိုးမင်းသိန်းသည် နိုင်ငံရေး အကျဉ်းသားဟောင်း တဦး ဖြစ်သလို မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး တိုက်ပွဲတွင် နည်းလမ်းမျိုးစုံဖြင့် ပါဝင်ခဲ့သူ တဦး၊ NLD ပါတီ ဥက္ကဌ ဒေါ် အောင်ဆန်းစုကြည်ကိုလည်း အထူးကြည်ညို လေးစားသူတဦး ဖြစ်သည်။
၎င်းသည် ရန်ကုန်လူထု ထောက်ခံမှုနှင့် ဝေဖန်မှုကို တပြိုင်တည်း ရသည့် နိုင်ငံရေးသမားတဦး ဖြစ်ပြီး ဒီမိုကရေစီတိုက်ပွဲတွင် အနစ်နာခံခဲ့ရပုံများကိုလည်း မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိသူတဦး ဖြစ်သည်။ သို့သော် ဒီမိုကရေစီစနစ်တွင် အရေးကြီးသော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ်မူ သည်းညည်းမခံတတ်ပေ။
အထူးသဖြင့် Eleven Media Group ကို ၂ ကြိမ်တိုင် တရားစွဲခဲ့ပြီး ယခု နောက်ဆုံးအကြိမ်သည် အောက်တိုဘာ ၈ ရက်ထုတ် Weekly Eleven ဂျာနယ် စာမျက်နှာ ၂၆ တွင် ဖော်ပြသည့် ဆောင်းပါးရှင် ဖြိုးဝေ၏ “အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်း မသိတဲ့ ကျောင်းကားနဲ့ လူအမည် ပေါက် ပြည်သူ့ ရှယ်ယာ” ဟူသည့် ဆောင်းပါး ဖြစ်သည်။
ပိုဆိုးသည်မှာ မီဒီယာများ၏ ရေးသားချက်များနှင့် ပတ်သက်၍ နစ်နာမှု ရှိပါက ဖြေရှင်းနိုင်သည့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ၊ သတင်း မီဒီယာ ဥပဒေများ ရှိသော်လည်း အသုံးမပြုဘဲ စစ်အစိုးရလက်ထက် နိုင်ငံရေးသမားများကို ဖိနှိပ်ခဲ့သည့် နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ဦးဖြိုးမင်းသိန်းက ဖမ်းဆီး တရားစွဲသောအခါ ဒီမိုကရေစီရေး တိုက်ပွဲဝင်သူ ဆိုသည့် ပုံရိပ်နှင့် ရှေ့နောက်မညီ ဖြစ်သွားရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရက သတင်းစာဆရာ ၃ ဦးကို ဖမ်းဆီးမှုအား နေပြည်တော်က သဘောတူပုံ မရ။ ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်းက Eleven Media သတင်းစာဆရာများကို ရန်ကုန် တိုင်းအစိုးရက ၅ဝ၅ (ခ) နှင့် အမှုဖွင့် အရေးယူခဲ့ခြင်းသည် လက်ရှိအစိုးရအတွက်သာမက နိုင်ငံအတွက်ပါ များစွာ ထိခိုက်နစ်နာမှု ဖြစ်စေကြောင်း မီဒီယာတချို့သို့ ထုတ်ဖော်ပြောဆိုခဲ့သည်။ “သတင်းမီဒီယာတွေကို အမှုဖွင့် အရေးယူမယ်ဆိုရင် သတင်းမီဒီယာ ဥပဒေနဲ့သာ အရေးယူဆောင်ရွက်စေချင်သလို ချစ်ကြည်စွာနဲ့ ၂ ဖက် ညှိနှိုင်း ဆွေးနွေးဖြေရှင်းစေလိုတယ်”ဟု ပြောဆိုသည်။
ယင်းနောက် သမ္မတရုံးကပါ ဝင်ပါလာသည်။ သမ္မတဦးဝင်းမြင့်က ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့ ၏ လုပ်ဆောင်ချက်များကို လက်မခံဘဲ သတင်းမီဒီယာ ကောင်စီ Myanmar Press Council (MPC) သို့ ရှေ့ ဦးစွာ တိုင်ကြားရန်၊ သတင်းမီဒီယာ ဥပဒေဖြင့် ဖြေရှင်းရန် လမ်းညွှန်ခဲ့သည်။ ထိုလမ်းညွှန်ချက်အရ ဦးဖြိုးမင်းသိန်းသည် သောကြာနေ့ ရုံးချိန်းတွင် အမှုရုတ်သိမ်းပေးရမည် ဖြစ်သော်လည်း သွေးတိုးသည် အကြောင်းပြ၍ ၎င်း၏ ကိုယ်စားလှယ် ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင် လာရောက်ခဲ့ခြင်း မရှိခဲ့ပေ။
သမ္မတ၏ ညွန်ကြားချက်ကို လိုက်နာရန် ယခု ဆွဲဆိုထားသည့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ကို အရင်ရုတ်သိမ်းရမည် ဖြစ်သော်လည်း အမှုမရုတ်နိုင်ဘဲ တရားရုံးက အာမခံ ပေးလိုက်သည်မှာ သမ္မတ၏ ညွှန်ကြားချက်နှင့် ကွဲလွဲနေကြောင်း ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်သူ ဦးနေဘုန်းလတ်က ဧရာဝတီသို့ ပြောသည်။
၎င်းက “အာမခံနဲ့ လွှတ်လိုက်တာဟာ တရားရင်ဆိုင်ရမယ့် သဘောပဲ။ အဲဒါကြောင့် သမ္မတကြီး ညွှန်ကြားသလို ဖြစ်လာမှာ မဟုတ်ဘူး။ အစိုးရ အဖွဲ့ကလည်း သမ္မတကြီး ညွှန်ကြားတဲ့အတိုင်း လိုက်မလုပ်တဲ့သဘော ဖြစ်သွားတာပေါ့”ဟု ပြောသည်။
MPC သို့ ရန်ကုန်တိုင်းအစိုးရ အဖွဲ့ရုံး ညွန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်မှ အောက်တိုဘာ ၁၈ ရက် နေ့တွင် တိုင်ကြားစာပို့ခဲ့သော်လည်း ဥပဒေအရ MPC မှ ညှိနှိုင်း ဖြေရှင်းပေးနိုင်ရန် လိုအပ်သည့် အမှုရုတ်သိမ်းခြင်းအား ရန်ကုန်တိုင်း အစိုးရအဖွဲ့က ဆောင်ရွက်ခြင်း မရှိမှုကို တာဝန်ယူရမည်ဟု Weekly Eleven ဂျာနယ်၏ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ဧရာဝတီသို့ ပြောသည်။
“တာဝန်ယူမှု၊ တာဝန်ခံမှု မရှိလို့ မရတော့ဘူး။ သမ္မတကြီးရဲ့ ညွှန်ကြားချက်သည် အထွဋ်အထိပ်ပဲ။ ဒီတိုင်းပြည်ရဲ့ အထွဋ်အထိပ် ပုဂ္ဂိုလ်ရဲ့ ညွှန်ကြားချက်ကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ သေးသေးလေးက မလိုက်နာဘူး ဆိုတာဟာ သမိုင်းမှာလည်း တာဝန်ယူရမယ်။ သူတို့ကို သူတို့လည်းပဲ အုပ်ချုပ်ရေးအရ တာဝန်ယူရမယ်”ဟု ၎င်းက ပြောသည်။
သမ္မတ၏ ညွှန်ကြားချက်အရ ကြားဝင်ညှိနှိုင်းပေးမည့် သတင်းမီဒီယာ ကောင်စီဝင်များကလည်း
ရန်ကုန်တိုင်းအစိုးရအနေဖြင့် အမှုကို ဦးစွာ ရုတ်သိမ်းရမည် ဖြစ်ကာ MPC တွင် ညှိနှိုင်းရန်၊ ပြီးမှ အဆင်မပြေသည့်အခါ သတင်း မီဒီယာ ဥပဒေနှင့်အညီ တရားစွဲဆိုရန် ဖြစ်သော်လည်း အမှု မရုတ်သဖြင့် MPC က ကြားဝင်၍ မရကြောင်း ပြောသည်။
MPC မှ သတင်းစာဆရာ ဦးမြင့်ကျော်က “အပေါ်စီးနဲ့ ဖိအားပေးချင်လို့ ဒီလိုလုပ်တယ်လို့ပဲ မြင်တယ်၊ တောင်းပန်ချက်ရအောင် လုပ်တဲ့သဘောပေါ့၊ တခြားဖြေရှင်းတဲ့နည်းလမ်းတွေရှိလျက်နဲ့ သမ္မတရဲ့လမ်းညွန်ချက်ကို အပြည့်အဝ လိုက်နာခြင်းမရှိဘဲ လက်တလုံးခြား လုပ်နေတယ်။ သူတို့ ကပ်ပြီးပြောရင်တော့ ကောင်စီကို သွားတယ်ပေါ့၊ ဒါပေမယ့် ကောင်စီရဲ့ နည်းလမ်းတွေကို မလိုက်နာဘူး”ဟု ပြောသည်။
သတင်းစာဆရာ နောက်တဦးဖြစ်သည့် ဦးဇေယျာလှိုင်ကလည်း “သမ္မတက ကောင်စီကို အရင်သွားပါလို့ ညွန်ကြားတယ်၊ အဲ့ဒီ အဓိပ္ပါယ်က တရားရုံးကို အရင်မသွားနဲ့၊ ကောင်စီမှာ ဆုံးဖြတ်ပြီးမှ မကျေနပ်မှ တရားရုံးကို သွားလို့ ဆိုတာပဲ၊ အဲ့ဒါကို တိုင်းဒေသကြီးအစိုးရက အကောင်အထည်ဖော်ဖို့ တွန့်ဆုတ်နေတယ်ဆိုတာ ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ သမ္မတရဲ့ အမိန့်ကို အာဏာ ဖီဆန်တာလို့ပဲ မြင်တယ်၊ ပြည်ထောင်စုအစိုးရရဲ့ အမိန့်ကို မနာခံတာလို့ပဲမြင်တယ်” ဟု ပြောသည်။
ယင်းသို့ ဝေဖန်သုံးသပ်ချက်များကြောင့် ဧရာဝတီက သမ္မတ၏ အမိန့်ညွှန်ကြားချက်နှင့် ပတ်သက်၍ မည်သို့ ဆက်လက် ဆောင်ရွက်မည်ကို သိရှိလိုသဖြင့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦး ဖြိုးမင်းသိန်းနှင့် တိုင်းဝန်ကြီးတဦး ဖြစ်သူ ဦးမြသောင်းထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ကိုင်ဆောင်ခြင်း မရှိပေ။ သမ္မတ၏ ညွှန်ကြားချက် အသက်မဝင်သေးသည့်အပေါ် မေးမြန်းရန် နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးထံသို့ ဆက်သွယ်ခဲ့သော်လည်း တုန့်ပြန်ခြင်း မရှိပါ။
ရန်ကုန်တိုင်းအစိုးရ ဝန်ကြီးချုပ်ဖြစ်လာကတည်းက ဦးဖြိုးမင်းသိန်း လုပ်ပုံကိုင်ပုံများက လူအများ ငြင်းခုံစရာ ဖြစ်သည်။ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ) အဖွဲ့ကို အစောဆုံး ဗြောင် ဝေဖန်ခဲ့သည်။ နေပြည်တော်အစိုးရအနေဖြင့်လည်း မဘသကို ထိန်းချုပ်ရေး စိတ်ဆန္ဒရှိနေသဖြင့် ဦးဖြိုးမင်းသိန်း အမှတ်ရသွားသည်။
သို့ရာတွင် ဦးဖြိုးမင်းသိန်းက ဒီမိုကရေစီ နိုင်ငံများတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူးသည် ပရိုတိုကောအရ ညွှန်ချုပ်သာသာ ရှိသည်ဟု ပြောဆိုခဲ့ချိန် တပ်မတော်က လူလဲပေးရန်အထိ အစိုးရထံ တောင်းဆိုခဲ့ဖူးသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရနှင့် တပ်မတော်အကြား ဆက်ဆံရေး တင်းသွားပြီးနောက် ဦးဖြိုးမင်းသိန်း တောင်းပန်စာ ပြန်ပို့ခဲ့ရသည်။
ဝိုင်ဘီအက်စ်နှင့် ရန်ကုန်မြို့သစ် စီမံကိန်းတို့ကလည်း လူအများကြိုက် ပေါ်ပြူလာဖြစ်သည်။ သို့သော် ရည်ရွယ်ချက် ကြီးမားပုံရသော ဦးဖြိုးမင်းသိန်းတွင် အကန့်အသတ်များ ရှိနေသည်။
ယခု သတင်းစာဆရာများ ဖမ်းဆီးမှုကို ဦးတည်စေသည့် တိုင်းစာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာနှင့် တိုင်းလွှတ်တော်တို့၏ မေးခွန်းများ မပေါ်ထွက်မီကတည်းက ရန်ကုန်မြစ် အနောက်ဘက်ကမ်းတွင် အငြင်းပွားဖွယ်ရာ မြို့သစ် စီမံကိန်းတွင် ကျပ်ငွေ ၁၀ ဘီလီယံ(ဒေါ်လာ ၆.၅ သန်း) ရင်းနှီးမြှုပ်နှံနေသည့် ကိစ္စကို သမ္မတ ဦးဝင်းမြင့်က အလျင်စလို မလုပ်ရန် ရန်ကုန်မြို့သို့ ၎င်းလာရောက်စဉ် သတိပေးခဲ့သေးသည်။
ထို့သို့အခြေအနေမျိုးတွင် Eleven Media Group မှ သတင်းစာဆရာ ၃ ဦး အမှုအပေါ် သမ္မတရုံး၏ လမ်းညွှန်ချက်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ တုန့်ပြန်ဆောင်ရွက်မှု နှေးကွေးနေခြင်းက ပို စိတ်ဝင်စားစရာ ဖြစ်သည်။
သတင်းစာဆရာ ၃ ဦး၏ ရှေ့နေ ဦးကြီးမြင့်က“ရန်ကုန်တိုင်း ဝန်ကြီးချုပ်ရဲ့ အစိုးရ အဖွဲ့သည် သမ္မတရဲ့ အောက်ကလား၊ အပေါ်ကလား ဆိုတာကို နောက်တပတ် ရုံးချိန်း ကျရင် အဖြေပေးရမယ်။ အဲဒါဟာ သူတို့သမိုင်းပဲ။ အကုန်လုံးက စောင့်ကြည့်နေတာ။ မြန်မာပြည်ရဲ့ ဒီမိုကရေစီ ဘာလဲဆိုတာကို အဲဒီပေတံနဲ့ တိုင်းမှာပဲ။ သူတို့ အောင်မလား၊ ကျမလားဆိုတာ သူတို့ အနာဂတ်ကို ဆုံးဖြတ်ပေါ့”ဟု ပြောဆိုသည်။