ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း ဆိုသည်မှာ တကယ်ဖြစ်လာနိုင်ပါသလား။
သိန်းနှင့် ချီသော တရုတ်၊ အိန္ဒိယ၊ ရုရှားနှင့် အခြားသော အရှေ့တောင်အာရှမှ ဧည့်သည်များ ကျနော်တို့၏ ကမ်းခြေ အပန်းဖြေ စခန်းများ၊ သမိုင်းဝင်မြို့များနှင့် မြို့ကြီးများသို့ နေ့စဉ်ရောက်လာနေခြင်းနှင့်အတူ အဆိုပါ ကြီးမားသော ပမာဏကို စီမံခန့်ခွဲရေးက မဖြစ်နိုင်သည့် တာဝန်တခု အသွင်ရှိနေပါသည်။
၂၀၁၇ ခုနှစ်တွင် အရှေ့တောင်အာရှသို့ ကမ္ဘာလှည့် ခရီးသည် ၁၃၄ သန်း ရောက်လာသည်ကို မြင်တွေ့ခဲ့ရသည်။ ၂၀၁၆ ခု နှစ်တွင် ၁၁၃ သန်း ရောက်လာခဲ့ရာမှ တိုးတက်လာခြင်း ဖြစ်သလို အာဆီယံက ၂၀၂၀ ခုနှစ် မတိုင်မီအတွက် ရည်မှန်းထားသော ၁၂၃ သန်းထက် ကျော်လွန်သွားခြင်းလည်း ဖြစ်ပါသည်။ တရုတ်နိုင်ငံမှ ဧည့်သည် စုစုပေါင်း ၂၈ သန်း ခန့် ဖြစ်ရာ ဒေသအတွက် နံပါတ် ၁ ဧည့်သည် အရင်းအမြစ် ဖြစ်လာသည်။
သို့သော်လည်း အာဆီယံ၏ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက အကျိုးအမြတ် နည်းပါးခြင်းအတွက် ဆက်လက်၍ စောဒက တက်နေခဲ့ကြသည်။ တရုတ် ကမ္ဘာလှည့် ခရီးသည်များ အမြောက်အမြား ရောက်လာကြသည်။ သို့သော်လည်း ဒေသခံ အသိုင်းအဝိုင်းများအတွက် စီးပွားရေး အကျိုးအမြတ်က အကန့်အသတ်ဖြစ်နေသည် ဆိုသည့် အမြင်ရှိနေသည်။
အမှန်တကယ်တွင်လည်း တခါတရံ၌ ပေးဆပ်ရသည်က တိုးတက်မှုထက် ပို၍ များနေတတ်သည်။
ဥပမာပြရလျှင် တချိန်က သဘာဝအတိုင်း ရှိခဲ့သော ကျွန်းများနှင့် ကမ်းခြေများသည် အကယ်၍ အာဏာပိုင်များကသာ ဝင်ရောက် စွက်ဖက် တားဆီးခြင်း မပြုခဲ့လျှင် သဘာဝပတ်ဝန်းကျင် အလုံးစုံ ထိခိုက်ပျက်စီးမှုနှင့် ကောင်းကောင်းကြီး တွေ့ကောင်းတွေ့သွားရနိုင်ပါသည်။
ဒေသခံများအတွက် ခရီးသွားလုပ်ငန်းက ဝင်ငွေ ရရှိသည်ဆိုခြင်းက မှန်ပါသည်။ သန်းနှင့် ချီသော စားပွဲထိုးများ၊ ဟိုတယ်ဝန်ထမ်းများ၊ အငှားယာဉ်မောင်းသူများ၊ အရောင်းဝန်ထမ်းများ၊ ရေကူးကန် အလုပ်သမားများ အစရှိသဖြင့် အလုပ်အကိုင်နေရာများလည်း ဖန်တီးပေးသည်။ တိကျစွာဆိုရသော် ခရီးသွားလုပ်ငန်းက အလုပ်အကိုင်နေရာ ၁၄.၄ သန်း ပေးထားသည်။
သို့သော်လည်း ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှ နာမည်ကျော် ကျွန်းတခု ဖြစ်သည့် ဘိုရာကေး Boracay သည် ဆယ်စုနှစ်နှင့် ချီ၍ စောင့်ကြည့် စစ်ဆေးနိုင်မှုမရှိခြင်း၊ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနှင့် လိုအပ်သည့် အခြေခံအဆောက်အဦး မရှိသ လောက်နီးပါး ဖြစ်ခဲ့ခြင်းများကြောင့် အပန်းဖြေ စခန်းတခု အဖြစ်မှ (သမ္မတ ဒူတာတေး၏ စကားလုံး အတိုင်း ဆိုလျှင်) “မိလ္လာကန်” အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
Condé Nast Traveler က ၂၀၁၆ ခုနှစ်တွင် ကမ္ဘာ့ အကောင်းဆုံး ကျွန်းအဖြစ် ကင်ပွန်းတပ်ခဲ့သော ဘိုရာကေးကို ယခုနှစ် အစောပိုင်းတွင် သမ္မတ ဒူတာတေးက ယာယီ ပိတ်ပစ်ခဲ့သည်။ (မကြာမီ ပြန်လည် ဖွင့်လှစ်တော့မည် ဖြစ်သည်။)
ထိုသို့ ပြုလုပ်သည်မှာ ဖိလစ်ပိုင် တနိုင်ငံတည်း မဟုတ်ပါ။ ထိုင်း အာဏာပိုင်များကလည်း လျှင်လျှင်မြန်မြန် အရေးယူ ဆောင်ရွက်မှုများ ရှိခဲ့သည်။
ရုပ်ရှင်မင်းသား လီယိုနာဒို ဒီ ကာပရီယို၏ “The Beach” ဇာတ်ကား ရိုက်ကူးခဲ့သည့်နေရာအဖြစ် လူသိများသော Koh Phi Phi ဖိဖိ ကျွန်းပေါ်မှ Maya Bay မာယာကွေ့ ကမ်းခြေကို မတ်လအတွင်းတွင် အများပြည်သူ လာရောက်ခွင့် ပိတ်ပင်ခဲ့သည်။
နေ့စဉ် ဧည့်သည် ၄၀၀၀ ခန့် လာရောက်သည့် ထိုကမ်းခြေ ပတ်ဝန်းကျင်မှ သန္တာကျောက်တန်း ၈၀ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ ပြီး ဖြစ်သည်ဟု ယူဆရသောကြောင့် ဖြစ်သည်။ ပျက်စီးမှု အတိုင်းအတာကို သိရှိရခြင်းကြောင့် နောက်ပိုင်းတွင် ထိုင်း အာဏာပိုင်များက ပိတ်ပင်တားမြစ်မှုကို အချိန် အကန့်အသတ်မရှိ ထပ်မံတိုးချဲ့ ခဲ့သည်။
လေ့လာစောင့်ကြည့်သူ အများအပြားက အင်ဒိုနီးရှားနိုင်ငံမှ ရာဇာအမ်ပတ် Raja Ampat ကျွန်းများအတွက် အလွန်စိုးရိမ်နေကြသည်။
ပါပူးဝါး Papua ၏ အနောက်ဘက် အစွန်းဆုံးတွင် တည်ရှိသော ရာဇာအမ်ပတ်၏ ပင်လယ်ပြင် ကာကွယ်ရေးဧရိယာ ၉၁၀၀ စတုရန်း ကီလိုမီတာခန့်မှာ အထိန်းအချုပ်မရှိသော ခရီးသွားလုပ်ငန်း၏ အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ပြီးခဲ့သည့် နှစ်အတွင်း တွင် ဗြိတိန် ခရီးသည်တင်သင်္ဘော CaledonianSky က သန္တာကျောက်တန်း စတုရန်းမီတာ ၁၃၀၀၀ ကျော်ကို မတော်တဆ ဖျက်ဆီးပစ်ခဲ့သည်။
ပြီးခဲ့သည့် အပတ်အတွင်း Ceritalah အဖွဲ့က ဘိုရာကေး ကျွန်း ပြန်လည်ဖွင့်လှစ်ရေးနှင့် ပတ်သက်၍ ဖိလစ်ပိုင် ခရီးသွား လုပ်ငန်း ဝန်ကြီး Bernadette “Berna” Romulo-Puyat နှင့် တွေ့ဆုံ မေးမြန်းခဲ့ပါသည်။ လူကောင်သေးသော်လည်း ခိုင်မာ ပြတ်သားပုံရသော ဝန်ကြီးက ထင်ရှားသော ဖိလစ်ပိုင် မိသားစုတခုမှ ဆင်းသက်လာသူ ဖြစ်သည်။ သူ၏ ဖခင် ဖြစ်သူ Alberto Romulo သည် အများ၏ လေးစားခြင်းကို ခံရသော နိုင်ငံခြားရေးဝန်ကြီးဟောင်း တယောက်ဖြစ်သည်။
“ကျွန်းကို ပိတ်ပစ်ရတဲ့အတွက် ကျမ နောင်တမရပါဘူး။ ပြန်လည်ထူထောင်ရေး အတွက် ကျမတို့ အချိန် ၆ လ လိုတယ်။ ဟိုတယ် ၄၄၀ ကျော်နဲ့ အဲဒီက စီးပွားရေး လုပ်ငန်း ၂၆၀၀ ကို ပိတ်ပစ်ခဲ့ရပါတယ်” ဟု သူက ပြောသည်။
အားထုတ်မှုက ထိုက်တန်ခဲ့ပါသလား။
“အဲဒီရေတွေကို ကြည့်ပါ။ သန့်ရှင်းနေတယ်။ အဖြူရောင်သဲတွေကို ကြည့်။ အဲဒါက လွန်ခဲ့တဲ့ နှစ် ၃၀ က ဘိုရာကေးရဲ့ အနေအထားပဲ။ တခြား ခရီးသွားနေရာတွေကိုလည်း သေချာအောင် လုပ်ဖို့ ကျမ ဆုံးဖြတ်ထားတယ်။ Bohol နဲ့ Cebu မှာ ဒီတိုင်းပဲ လုပ်မယ်။”
ဝန်ကြီး Berna က အသေးစိတ် ဆက် ရှင်းပြ၏။
“ကျမတို့က ဘိုရာကေးမှာ လက်ခံမယ့် အရေအတွက်ကို တကြိမ်မှာ ကမ္ဘာလှည့် ခရီးသည် ၁၉၀၀၀ ကို ကန့်သတ်လိုက်မယ်။ ဒါမှလည်း ကျွန်းရဲ့ အရင်းအမြစ်တွေ ဝန်မပိတော့မှာ။ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေရေး မူဝါဒတွေက ရှိခဲ့တာ ကြာပါပြီ။ အဲဒါတွေက အသစ်အဆန်း မဟုတ်ပါဘူး။ လူတွေက လိုက်နာကြဖို့ပဲ လိုအပ်တာပါ။ သဘာဝပတ်ဝန်းကျင်က အရေးကြီးပါတယ်။ လူတွေရဲ့ အတွေးအခေါ်ကို ကျမတို့ ပြောင်းလဲဖို့ လိုပါတယ်။”
ဘိုရာကေး အခြေစိုက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရာရှိတဦးဖြစ်သည့် Richard Fabila ကလည်း သူနှင့် ဆိုင်သည့် အပိုင်းကို လုပ်ဆောင်နေသည်။ “နေ့တိုင်း တနေ့ကို ၃ ကြိမ် ရေကို ကျနော်တို့ စမ်းသပ်စစ်ဆေးပါတယ်။ မနက်တိုင်း ကမ်းခြေကို သန့်ရှင်းရေးလုပ်တဲ့နေရာမှာ ဒေသခံတွေ ပါဝင်ကြပါတယ်။”
ဥပဒေ စည်းကမ်းများကိုလည်း တင်းတင်းကျပ်ကျပ် အကောင်အထည်ဖော်နေသည်။
ဥပမာအားဖြင့် ကမ္ဘာလှည့် ခရီးသည်များကို အသစ်ပြဌာန်းထားသည့် စည်းကမ်းအတိုင်း ကမ်းစပ်မှ မီတာ ၃၀ အတွင်း ဖြစ်သည့် ကန့်သတ်ထားသည့် ဇုန်အတွင်း မည်သည့်နေရာတွင် မဆို အိပ်ရန် အခင်းခင်းခြင်း၊ စားပွဲကုလားထိုင်များ ချထား ခြင်း၊ ထီးများစိုက်ထူခြင်း ကဲ့သို့သော လုပ်ရပ်များ မပြုလုပ်ရန် တားမြစ်မည် ဖြစ်သည်။
ကမ်းခြေများတွင် အရက်ကို တားမြစ်ခြင်း အပါအဝင် ပါတီပေးခြင်းနှင့် ပတ်သက်၍ ပြင်းထန်သော ဥပဒေများလည်း ရှိလာမည် ဖြစ်သည်။ တချိန်တည်းမှာပင် ရေလွှာလျှောစီး ခြင်းကဲ့သို့သော အားကစားများကိုလည်း ကမ်းခြေမျဉ်းနှင့် မီတာ ၂၀၀ အတွင်းတွင်သာ ပြုလုပ်နိုင်တော့မည် ဖြစ်သည်။
အရှေ့တောင် အာရှတွင် ရေရှည်တည်တံ့သည့် ခရီးသွားလုပ်ငန်း ဖြစ်စေရေး အားထုတ်မှုတွင် ဖိလစ်ပိုင်နိုင်ငံက ရှေ့တန်းမှ ဦးဆောင်နေခြင်းနှင့် အတူ ဒေသအတွင်းမှ မူဝါဒ ချမှတ်သူများက ကိန်းဂဏန်းများထက်စာလျှင် အကျိုးဖြစ်ထွန်းမှု အပေါ်တွင် ပိုမို၍ အာရုံစိုက်ကြလိမ့်မည်ဟု မျှော်လင့်ရပါသည်။
ယခုဖြစ်စေ၊ အနာဂတ်တွင် ဖြစ်စေ လူတိုင်း အားလပ်ရက်ကို ခံစားနိုင်ခွင့် ရှိပါသည်။ သို့သော်လည်း အပန်းဖြေခြင်းကြောင့် ကျနော်တို့ဒေသ၏ ပြန်လည်အစားထိုး၍ မရနိုင်သည့် သဘာဝ ရတနာများ ပျက်စီးယိုယွင်းရသည့် အခြေအနေသို့ ဦးတည် မသွားစေရေး သေချာစေရန်ကလည်း အရေးကြီးပါသည်။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)